Transparency Myanmar

transparency.myanmar@gmail.com

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၊ ၁၉၉၀ ပြည့်နှစ် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရရှိခဲ့သည့် အထိမ်းအမှတ် အခမ်းအနားကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက မေလ ၂၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ၁၀၀ ကျော် တက်ရောက်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ မေလ ၂၇ ရက်နေ့တွင် ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းရွေးကောက်ပွဲတွင် NLD အနိုင် ရရှိခဲ့သော်လည်း ၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ထိန်းချုပ်ခဲ့သည့် စစ်ဗိုလ်ချုပ်များက အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နှစ်ပေါင်းများစွာ ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။

ယခု စစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်သော်လည်း ၎င်း၏ ရွေးကောက်ပွဲ ဥပဒေများမှာ မျှတမှု မရှိသောကြောင့် NLD ပါတီက သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဥပဒေများအရ NLD အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ရမည် ဖြစ်သည်။ သို့အတွက်ကြောင့် NLD က ရွေးကောက်ပွဲ မှတ်ပုံတင်ရန် နောက်ဆုံးနေ့ ဖြစ်သော မေလ ၆ ရက် အထိ ဝင်ရောက် ယှဉ်ပြိုင်မှု မပြုဟု ငြင်းပယ်နေခဲ့သည်။ ယခုအခါ NLD သည် မှတ်ပုံတင်ခြင်း မရှိသောကြောင့် တရားဝင်ပါတီ အဖြစ်မှ ပယ်ပျက်သွားပြီ ဖြစ်သည်။

ယခု ၉၀ ရွေးကောက်ပွဲ နှစ် ၂၀ ပြည့်နှစ် အခမ်းအနားတွင် ပါတီဝင်ဟောင်းများက ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများအတွက် ပညာရေး အထောက်အပံ့များ ပေးအပ်သွားမည်ဟု ကတိကဝတ်များ ပြုခဲ့သည်။ ထို့ပြင် ၉၀ ရွေးကောက်ပွဲတွင် NLD ပါတီ၏ အနိုင်ရရှိခဲ့မှုကို ဂုဏ်ပြုသောအားဖြင့် ဦးတင်ဦး၏ နေအိမ် ခြံဝင်းအတွင်း သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

မြန်မာစစ်အစိုးရက မတ်လတွင် ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေများအရ ဖမ်းဆီး အကျဉ်းချ ခံထားရသူ မည်သူမဆို နိုင်ငံရေး ပါတီဝင်အဖြစ် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိပေ။ အဆိုပါ ဥပဒေကို မလိုက်နာသော နိုင်ငံရေး ပါတီများသည် ပယ်ဖျက်ခံရမည် ဖြစ်သည်။

သို့သော် ယခုအခါ NLD ပါတီဝင်ဟောင်း အချို့က အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) ဟူသော အမည်ဖြစ့် နိုင်ငံရေး ပါတီသစ် တစ်ရပ် ထူထောင်ကာ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားသည်။ ယင်းသို့ နိုင်ငံရေး ပါတီသစ် ထူထောင်ရခြင်းမှာ NLD ပါတီအတွင်း သက်ကြီးပိုင်း ခေါင်းဆောင်များနှင့် သက်ငယ်ပိုင်း အဖွဲ့ဝင်တို့ အကြား ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိစ္စနှင့် ပတ်သက်၍ သဘောထား ကွဲလွဲခဲ့သောကြောင့် ဖြစ်သည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment