Transparency Myanmar
transparency.myanmar@gmail.com
EUသံတမန်များနှင့် NLDခေါင်းဆောင်များ တွေ့ဆုံ
By Mungpi
14th Oct 2009 Mizzima
        ဥရောပ သမဂ္ဂနိုင်ငံများ၏ သံတမန်များအဖွဲ့သည် မြန်မာ့အတိုက်အခံပါတီ NLD ခေါင်းဆောင်ပိုင်းနှင့် ဗုဒ္ဓဟူးနေ့ကတွေ့ဆုံခဲ့ပြီး လက်ရှိအစိုးရက ကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သော NLD ၏ သဘောထားရပ်တည်ချက်ကို သိရှိလိုခြင်း ဖြစ်သည်ဟု ဆိုသည်။
        NLD ၏ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးခင်မောင်ဆွေက "အနောက်ရွှေဂုံတိုင်က NLD ရုံးကို သံတမန် ၂၀ ပါဝင်တဲ့ အဖွဲ့လာရောက်ခဲ့ကြပြီး အရေးယူမှုတွေကို ဖြေလျှော့ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပူးပေါင်းကူညီမှုအပေါ် NLD ရဲ့ အမြင်နဲ့သဘောထား ဘယ်လိုရှိသလဲဆိုတာရယ်၊ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့တောင်းဆိုခြင်းအားဖြင့် စစ်အစိုးရနဲ့ အာဏာခွဲဝေဖို့ ကြိုးစားနေပါသလားစသည်ဖြင့် မေးမြန်းခဲ့တယ်" ဟု ပြောပါသည်။
        NLD အနေဖြင့် အာဏာခွဲဝေရန် ကြိုးစားမှု မရှိပါကြောင်း၊ သို့သော် ၂၀၀၈အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ရန် တောင်းဆိုထား ကြောင်း၊ သို့မှသာကျယ်ပြန့်၍ လူတိုင်းပါဝင်နိုင်သော နိုင်ငံရေးလမ်းစဉ် ဖြစ်ပေါ်လာ နိုင်မည်ဟုပြန်ကြားခဲ့သည်ဟု ဦးခင်မောင်ဆွေက ပြောပါသည်။
       "ကျွန်တော်တို့အာဏာ တောင်းနေတာ မဟုတ်ပါဘူး။ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို ဒီအခြေခံဥပဒေက အာမခံနိုင် တယ်ဆိုတာ သေချာရဲ့လားလို့ အစိုးရကိုမေးနေခြင်း ဖြစ်ပါတယ်" ဟု ဦးခင်မောင်ဆွေက မဇ္ဈိမသို့ ပြောသည်။ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ထားရှိမည့် ရပ်တည်ချက် သဘောထားကိုပုံဖော်ရာတွင် အထောက်အကူ ဖြစ်စေမည့် အချက်အလက်များ ရရှိရန်အတွက်ရန်ကုန်ရှိ ဗြိတိသျှ၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်သံရုံးများနှင့် ဘန်ကောက်ရှိဆွီဒင်သံရုံးမှ သံတမန်များ NLD ရုံးသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။
      အမေရိကန် ပြည်ထောင်စုကဲ့သို့ပင် ဥရောပသမဂ္ဂသည် လက်ရှိ မြန်မာအစိုးရအပေါ်ချမှတ်ထားသော အရေးယူမှုများကို ကျင့်သုံးနေဆဲ ဖြစ်ပြီး ဧပြီလက၎င်းအရေးယူမှုများကို နောက်နှစ်အတွက် သက်တမ်းတိုးခဲ့သည်။ယခုလာရောက်မှုသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရေးကို ကူညီရာတွင်အသုံးဝင်မည့် အချက်အလက်များ ရှာဖွေရန် ကြိုးပမ်းသည့် EU ၏ အစီအစဉ်တစ်ခုဖြစ် သည်ဟု ယုံကြည်မိပါကြောင်း NLD ခေါင်းဆောင်များက ပြောကြားသည်။
       ယခင် အပတ် သောကြာနေ့က အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ဩစတြေးလျသံတမန်များက အထိန်းသိမ်းခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှု၊ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး ရက်အနည်းငယ်အကြာ၌ EU သံတမန်ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
     ဦးခင်မောင်ဆွေက EU ကိုယ်စားလှယ် သံတမန်အဖွဲ့ကိုကိုဆိုနှုတ်ခွန်းက်ရာတွင် "မြန်မာနိုင်ငံ အရေးကိစ္စ၌ EU နှင့် နိုင်ငံတကာအသိုက်အဝန်းက စိတ်ဝင်တစား ပါဝင်ဆောင်ရွက်ခြင်းကို မိမိတို့ဝမ်းသာပါကြောင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရရှိရေးအတွက်ရှေ့ဆက်၍လည်း ကူညီလုပ်ဆောင်ပေးစေလိုပါကြောင်း" ပြောကြားခဲ့သည်ဟုဆိုပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.
-~----------~----~----~----~------~----~------~--~---
နေပြည်တော် ရှိ မြန်မာအစိုးရ ဒီဇယ်ဆီ ကိုလွတ်လပ်ရေး ပေး
eaglecentre.blogspot.com
Oct - 16 – 2009
နှစ်ပေါင်းများစွာ ချုပ်ကိုင်ထား ခဲ့ သော ဒီဇယ်ဆီ ကို ယနေ့ နေပြည်တော်
ရှိ မြန်မာအစိုးရ ကုန်သွယ်မှု မူဝါဒကောင်စီက လွတ်လပ်ရေး
ပေးလိုက်ပြီဖြစ်သည်။ နှစ်သက်သလို ရောင်းဝယ် ဖောက်ကား နိုင်သည်ဟု
နေပြည်တော် ကျေညာချက်ကဆိုသည်။
အရေအသွေးထိန်းသိမ်း မှုကိုမူဆက်လုပ်သွားမည်ဟုဆိုသည်။
ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် အင်အားကြီးလုပ်ငန်းရှင်ဖြစ်လာသော တရုတ်နိုင်ငံ
Oct - 10 – 2009
By Joe MeDonald
Associated Press
 အမေရိကန်ပြည်ထောင်စုကို ကမ္ဘာပေါ်တွင် အဓိကကားထုတ်လုပ်သောဒေသအဖြစ်
မြှင့်တင်စွမ်းဆောင်ပေးခဲ့သော မီချီဂန်ပြည်နယ်၏အလယ်ဗဟိုရှိ Troy တွင်
မော်တော်ကား အစိတ်အပိုင်းများ ထုတ်လုပ်သော Delphi ၏ ဌာနချုပ်တည်ရှိပါသည်။
 ယခုအခါ Delphi ၏ ဘရိတ်နှင့် ဆပ်စပင်းရှင်း အစိတ်အပိုင်းများ ထုတ်လုပ်သော
စက်ရုံ (Unit) ၏ အလုပ်သမား ၃၀၀၀ ကျော်အတွက် ပိုင်ရှင်အသစ်
ပေါ်ထွက်လာပြီဖြစ်သည်။ ရောင်းအား ကျဆင်းမှုကြောင့် ယိုယွင်းလာသည့် Delphi
သည် ၎င်း၏စက်ရုံခွဲအား Shougang ကော်ပရေးရှင်း ဦးဆောင်သည့်
ရင်းနှီးမြှုပ်နှံသူများကို ရောင်းချရန်စီစဉ်နေခြင်း ဖြစ်သည်။
လက်ရှိကွန်မြူနစ်ဟုခေါ်ဆိုနေသော်လည်း ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ်ကို
ကျင့်သုံးနေပြီး၊ အနာဂါတ်တွင်အရင်းရှင်စနစ်သို့ ရှေ့ရှုချီတက်နေသော
တရုတ်အစိုးရက သံမဏိထုတ်လုပ်သူ Shougang ကိုပိုင်ဆိုင်ပါသည်။
ဘီဂျင်းသုတေသနလုပ်ငန်း Dragonomics ၏ ဦးဆောင်ညွန်ကြားရေးမှူး Arthur
Kreober က "ဒီမှာက ငွေကို လူတိုင်းက အာသာငမ်းငမ်းဖြစ်နေတယ်၊ တရုတ်တွေဟာ
ချက်စာအုပ် (Check Book) တကိုင်ကိုင်နဲ့ ပေါ်လာတတ်ပြီး၊ "ဟုတ်ကဲ့၊
ကျေးဇူးပြုပြီး တော့" လို့ အစချီပြီးရင် ငွေရဖို့ကိစ္စကို
ဦးတည်တော့တာပါဘဲ" ဟု ပြောကြားလိုက်သည်။
ယခုရာစုနှစ်အတွင်းတိုးတက်မှုဖြစ်စဉ်များအရ ပေါက်ကွဲလုနီးနီးကြီးထွားလာသော
တရုတ်နှင့်အိန္ဒိယတို့ကို ကမ္ဘာ့နံပါတ် ၂ စီးပွားရေးအင်အားကြီး
ဂျပန်နှင့်တွဲပေးလိုက်ပါက စီးပွားရေးအင်အား ချိန်ခွင်လျှာသည်
အမေရိကန်ပြည်ထောင်စုထံမှ အာရှတိုက်ဆီသို့ ယိမ်းပါရွှေ့လျားလာနိုင်ပြီး၊
ငွေကြေးအကြပ်အတည်းများ၊ စီးပွားရေးဆုတ်ယုတ်မှုများက ၎င်းဖြစ်စဉ်ကို
အရှိန်မြှင့်တင်သွားလိမ့်မည်ဟု ယူဆမျှော်လင့်မှုများလည်း ရှိနေပါသည်။
 သေချာသည်မှာ တရုတ်နိုင်ငံသည် ယခုစီးပွားရေး အကြပ်အတည်းတွင် အင်အား
ချည့်နဲ့ မသွားဘဲ သန်သန်မာမာနှင့် လွတ်မြောက်လာကြောင်း၊
အမေရိကန်နှင့်ဆန့်ကျင်ဘက်ဖြစ်ကြောင်း Morgan Stanley Asia ၏ ဥက္ကဌ Stephen
Roach က ပြောကြားခဲ့သည်။
နိုင်ငံတကာဆက်ဆံရေးနှင့်ကမ္ဘာ့စီးပွားရေးနယ်ပယ်များတွင်
တရုတ်နိုင်ငံအင်အား ကြီး လာသည်ကို အချို့က စိုးရိမ်ပူပန်နေကြသော်လည်း
လက်တွေ့တွင်မူ ဤမျှမလွယ်ကူလှပါ။ ဘီဂျင်းသည် ၎င်း၏ဗရမ်းပတာပြန့်ကျဲနေသော
ဖွဲ့စည်းပုံကို အစီအစဉ်တကျပြန်လည် တည်ဆောက်နေရဆဲဖြစ်ပြီး မဝေးလှသော
အနာဂါတ်အတွင်း အမေရိကန် ပြည်ထောင်စု၏ ကမ္ဘာ့ဦးဆောင်နေရာကို အစားထိုး
လက်လွှဲယူနိုင်ရန် မဖြစ်နိုင်သေးပါ။
တချိန်ထဲမှာပင် ဘီဂျင်း၏ "ပါဝါ" ကို အကဲဖြတ်ရာတွင်
မရေရာမှုများရှိနေဆဲဖြစ်ပြီး၊ ၎င်းနှင့် မရင်းနှီးသေးသော ကမ္ဘာ့ဇာတ်ခုံပေါ်တွင်
မည်သည့်အခန်းကဏ္ဍမှ ပါဝင်လိုသည်ကို မည်သူမျှ သေချာမသိနိုင်ပါ။
ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံသည် "ပြည်ပသို့ခေါင်းထောင်
မကြည့် ရန်၊ မိမိ၏နိုင်ငံတွင်းဖွံ့ဖြိုးရေးများကို အာရုံစူးစိုက်ရန်"
စသော လွန်လေပြီးသော ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်၏
အမှာစကားများကိုလိုက်နာခဲ့သော်လည်း ယခုဆယ်စု နှစ်တွင်မူ
၎င်းတို့၏အောင်မြင်မှုများကြောင့် ခေါင်းမော့လာခဲ့ပြီး၊ တစ်ကမ္ဘာလုံးဖြန့်
ကျက်ထားသော စီးပွားရေးလုပ်ငန်းများတည်ငြိမ်မှုရှိရေးကို အရေးတယူ
သတိထားလာခြင်းဖြစ်ပါသည်။ ယခုအခါ ကွန်မြူနစ် ခေါင်းဆောင်များသည်
ကမ္ဘာနိုင်ငံများ အလယ်တွင် နိုင်ငံတကာရေးရာကိစ္စများကို
စီမံချယ်လှယ်နိုင်မည့် နေရာတခုကို စတင် ဖေါ်ဆောင်နေပြီဖြစ်သည်။
 တစထက်တစ အသံကျယ်လာသော ဘီဂျင်းသည် ယခုအချိန်တွင်မူ ဂျီ တွမ်တီး (G-20)
ကဲ့သို့သော ကမ္ဘာစီးပွားရေးဖိုရမ်များ၌ပင် ၎င်း၏သြဇာကို
ထူထောင်နေပြီဖြစ်ပြီး၊ အီရန်နှင့် မြန်မာနိုင်ငံများကို
ကာကွယ်ပေးနေသောလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် ကုလသမဂ္ဂအတွင်း နေရာယူလာသည့်
တရုတ်၏ သိသာသောပြောင်းလဲမှုများကို မြင်တွေ့နိုင်ပါသည်။ တရုတ်နိုင်ငံ၏
စစ်အသုံးစရိတ်သည် အမေရိကန် ပြည်ထောင်စု ပြီးလျှင် ကမ္ဘာပေါ်တွင်
ဒုတိယအများဆုံး ဖြစ်ပါသည်။
 တရုတ်သည်ကမ္ဘာ့ဒုတိယအင်အားကြီးနိုင်ငံတခုအဖြစ်သို့ ကြီးထွားလာနေပြီး၊ ယခု
မဖြစ်နိုင်သေးသော်လည်း ဆယ်စုနှစ်တစ်စုအတွင်းဖြစ်လာလိမ့်မည်ဟု ၀ါရှင်တန်
Brookings Institution's John L Thornton China Center မှ ဒါရိုက်တာ
Kenneth Lieberthal က ပြောကြားခဲ့ပါသည်။
တရုတ်အင်အားကြီးလာခြင်းသည် အမေရိကန်ပြည်ထောင်စုအတွက် ကောင်းကျိုး၊
ဆိုးကျိုးများရောထွေးနေပါသည်။ ၎င်းတို့နှစ်နိုင်ငံမှာ စီးပွားရေးကဏ္ဍတွင်
အမွှာညီနောင်သဖွယ် ယှက်နွယ်နေပြီး တဦး၏အောင်မြင်မှုသည် နောက်တဦး၏
အောင်မြင်မှုပေါ်တွင် အပြန်အလှန်မှီခို နေပါသည်။
အမေရိကန်ပြည်ထောင်စုသည်
တရုတ်နိုင်ငံ၏အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး၊ ယမန်နှစ်က ၃၃၈
ဘီလီယံဒေါ်လာတန်ဖိုးရှိ တရုတ်လူသုံးကုန်ပစ္စည်းများ ၀ယ်ယူတင်သွင်းခဲ့သည်။
တရုတ်သည် အမေရိကန်၏ အကြီးဆုံးကြွေးရှင်နိုင်ငံဖြစ်ပြီး၊ အမေရိကန်အစိုးရ
ငွေတိုက်စာချုပ်များတွင် ဒေါ်လာဘီလျံ ၈၀၀ ကျော် ရင်းနှီးမြှပ်နှံထားပါသည်။
အမေရိကန် ကားထုတ်လုပ်သူများကလည်း တရုတ်၏ ကြီးထွားလာသော ဈေးကွက်တွင်
အနာဂါတ် အရောင်း မြင့်တက်လာမည့်အရေး မျှော်တွေးလျက်ရှိကြသည်။
 တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးကျဆင်းမှု၏ ဆိုးကျိုးများကို
ရှောင်ရှားနိုင်ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၅၈၆ ဘီလျံ အထောက်အပံ့ရထားသော
၎င်း၏ဘဏ်များမှာလည်း အခြေအနေကောင်းနေပါသည်။ ယခုနှစ်စီးပွားရေးဖွံ့ဖြိုးမှုမှာ
တိုးတက်လျက်ရှိပြီး တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းသို့
ရောက်ရှိမည်ဟုဆိုပါသည်။
 တရုတ်နိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကြီးမားမှုသည် ရေနံဈေးနှုန်းများအပေါ်တွင်
သက်ရောက်မှုရှိခဲ့ပြီး တရုတ်ထုတ်ကုန်များ ကမ္ဘာတလွှားပြန့်နှံ့မှုနှင့်အတူ
၎င်း၏လွှမ်းမိုးမှု လည်း စတင်နေပြီဖြစ်သည်။
ဗြိတိန်ကားထုတ်လုပ်ရေးလုပ်ငန်းများမှသည် သြစတြေးလျ သံသတ္ထုမိုင်းများအထိ
ပါဝင်သော အနောက်နိုင်ငံ လုပ်ငန်းများသည် တရုတ်နိုင်ငံ၏ ၀ယ်လိုအား ပေါ်တွင်
မှီခိုရပ်တည်နေရပြီဖြစ်သည်။ ၀င်နီဇွဲလားမှသည် အာရှအလယ်ပိုင်း အထိ
ကျယ်ပြန့်သော ရေနံလုပ်ငန်းနယ်ပယ်တွင်လည်း တရုတ်နိုင်ငံ၏ ငွေကြေးရင်း
နှီးမြှပ်နှံမှုများ တိုးတက်လျက် ရှိပါသည်။
အနေအထားသည် နိုင်ငံများအကြားဆက်ဆံရေးပုံစံ၏ အရွေ့သစ်ကို ဖြစ်ပေါ်ပြောင်းလဲ
စေပါသည်။
 ဧပြီလက လန်ဒန်တွင် ကျင်းပသောအစည်းအဝေးတွင် သမ္မတအိုဘားမားက တရုတ်
ခေါင်းဆောင် ဟူကျင်းတောင်အား ၀ါရှင်တန်သည် ၎င်း၏ဘတ်ဂျက်လိုငွေပြမှုကို
လျှော့ချမည်ဟု အာမခံခဲ့ခြင်းသည် မည်သည့်အမေရိကန်ခေါင်းဆောင်မှမလုပ်ဘူးသော
"ကတိ" ကိုပေးလိုက်ခြင်း ဖြစ်ပါသည်။
 မည်သို့ပင်ဆိုစေကာမူ အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံတွင် မရှိသော
စွမ်းအားများစွာကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး၊ နေရာဒေသ အနှံ့အပြားမှ
အတွေးအခေါ်သစ်၊ နည်းပညာသစ်များ တင်သွင်းရာ ကမ္ဘာ့အချက်အချာဒေသတခု၊
ထူးချွန်ထက်မြက်ရန် ရည်မှန်းချက်ကြီးမားသူများ
ပြောင်းရွှေ့အခြေစိုက်ရန်ဆွဲဆောင်နိုင်သော ဒေသတခုအဖြစ်
ပန်းပန်နေဆဲပင်ဖြစ်ပါသည်။
စိမ်ခေါ်မှုများကို ရင်ဆိုင်ယှဉ်ပြိုင်အနိုင်ယူမည့် အမေရိကန်ပြည်သူများ၏
စွမ်းရည်ကို လုံးဝ လျှော့မတွက်လိုက်ပါနဲ့ဟု လန်ဒန် BCG Partners မှ
ဝါရင့်မဟာဗျူဟာ အကြံပေးပညာရှင် Howard Wheeldon ကပြောကြားခဲ့ပါသည်။
UMFCCI တရုတ်နိုင်ငံတွင်ရုံးခန်းဖွင့်မည်
Yangon Oct 12
Xinhua
 မြန်မာနိုင်ငံ၏ အကြီးဆုံးစီးပွားရေးအသင်းအဖွဲ့ဖြစ်သည့်
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်နှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်
(UMFCCI) သည် ၎င်း၏ကိုယ်စားလှယ်ရုံးခွဲကို တရုတ်နိုင်ငံ၌
ယခုလကုန်တွင်ဖွင့်လှစ်မည်ဖြစ်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ
တရုတ်နိုင်ငံ နှင့်လည်း နှစ်ဦးနှစ်ဖက် ကုန်သွယ်ဆက်ဆံမှုများ
တိုးတက်ခိုင်မာရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည်ဟု UMFCCI
သတင်းများအရ သိရှိရသည်။
 အထက်ပါကိုယ်စားလှယ်ရုံးခွဲကို Myanmar Liaison Office ဟု
အမည်ပေးထားပြီး၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guangxi Zhuang
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့တော် Nanning
တွင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ Nanning တွင် အောက်တိုဘာ ၂၀ မှ ၂၄ အတွင်း
ကျင်းပရန်စီစဉ်ထားသည့် ၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင်
၎င်းရုံးကို ဖွင့်လှစ်မည်ဟု သတင်းများက ဖော်ပြထားပါသည်။
 အဆိုပါကုန်စည်ပြပွဲတွင် မြန်မာထွက်ကုန်များပြသမည့် ဆိုင်ခန်း ၁၀၀
ပါဝင်သည်ဟု ဆိုပါသည်။
 နောက်ဆုံးကျင်းပခဲ့သော ၅ ကြိမ်မြောက် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံက
အကောင်းဆုံး ပြခန်းဆုရရှိခဲ့ပါသည်။ တရုတ် 'Nanning' နှင့် မြန်မာ
'Yangon' တို့၏မိတ်ဆွေအဆင့်မြို့တော်ဆက်ဆံရေးကို ယခုနှစ် ဂျူလိုင်လက
စတင်ခဲ့ခြင်းဖြစ်သည်။
 မြန်မာနိုင်ငံ၏အကြီးဆုံး ပဲတင်ပို့သည့်နိုင်ငံဖြစ်သော
အိန္ဒိယနိုင်ငံတွင်လည်း Business Center တခု
မကြာမှီအတောအတွင်းပေါ်ပေါက်လာမည်ဖြစ်ပြီး စီးပွားရေးဆက်ဆံမှုများ ကျယ်ပြန့်
လာခြင်းနှင့်အတူ အိမ်နီးချင်းနိုင်ငံများတွင် ကိုယ်စားလှယ်ရုံးခွဲများ
တိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်ရှိသည်ဟုဆိုပါသည်။
 တရုတ်နိုင်ငံ၏ တရားဝင်စာရင်းဇယားများအရ တရုတ်-မြန်မာ နှစ်နိုင်ငံ
ကုန်သွယ်မှုတန်ဖိုး မှာ ၂၀၀၈ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၂.၆
ဘီလျံရှိခဲ့ပြီး၊ ၂၆.၄ ရာခိုင်နှုန်းမြင့်တက်လာခြင်း ဖြစ်သည်။ ၎င်းအနက်
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့မှုမှာ ၁.၉
ဘီလျံဒေါ်လာတန်ဖိုးရှိသည် ဟု သိရပါသည်။
၂၀၀၉ ခုနှစ် မေလကုန်အထိ စာချုပ်ချုပ်ဆိုခဲ့သော တရုတ်နိုင်ငံ၏
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုများမှာ အမေရိကန်ဒေါ်လာ ၁.၃၃
ဘီလျံခန့်အထိရောက်ရှိခဲ့ပြီး၊ သတ္ထုတူးဖေါ်ရေး၊
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများမှ ၈၆၆
မီလျံဒေါ်လာ၊ ၂၈၁ မီလျံဒေါ်လာ၊ ၁၂၄ မီလျံဒေါ်လာ ခန့် စီးဝင် လာခဲ့ကြောင်း
ခန့်မှန်းသိရှိရပါသည်။
ယခုအခါ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏
စတုတ္ထအကြီးဆုံးနိုင်ငံခြားရင်းနှီးမြှပ်နှံသူအဖြစ် ရပ်တည်လျက်ရှိပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.
-~----------~----~----~----~------~----~------~--~---
KNU က ရှေ့တန်းစစ်မျက်နှာတွင် စစ်ဗျူဟာသစ်ချမှတ်ကျင့်သုံး
By. Don Talenywun
 12 - Oct – 2009
 Mizzima
      KNLA အထူးတိုက်ခိုက်ရေးတပ်ဖွဲ့သည် ညသန်းခေါင်ယံအချိန်တွင် တောင်ကုန်း များပေါ်သို့ တိတ်တဆိတ်ချီတက်လာခဲ့ပြီး၊ မြေထိုးစက်နှင့် မြေတူးစက်ကို ဖောက်ခွဲ ဖျက်ဆီး လိုက်ခြင်းကြောင့် ထွက်ပေါ်လာသော ပေါက်ကွဲသံများသည် အိပ်မောကျ နေသော DKBA တပ်ဖွဲ့များအား တုန် လှုပ်ချောက်ခြားသွားစေခဲ့ပါသည်။
      ညလယ်ယံတွင် ရုတ်တရက်လန့်နိုးလာသော DKBA ၉၉၉ ဘရီဂိတ်တပ်ရင်းမှ စစ်သားများသည် လျှင်မြန်စွာပြန်လည်စုစည်းခဲ့ပြီး၊ လက်မလျှော့စတမ်းပြန်လည် တိုက်ခိုက်ရန် တအယ်တားကျေးရွာမှ ထွက်လာသော ဒေါနတောင်ကြောထဲသို့ ထက်ချပ်မကွာ လိုက်ပါ ၀င်ရောက်သွားကြသည်။
      KNU ဒုတိယဥက္ကဌ ဒေးဗစ်သာကရာဘော ချမှတ်ပေးသော နည်းဗျူဟာများအတိုင်း လှုပ်ရှား နေသော KNLA တပ်ဖွဲ့များ၏နက်ရှိုင်းစွာထိုးဖောက်တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး၊ တန်ဖိုးကြီးမားလှသော စက်ယန္တရားကြီးများ ဖျက်ဆီးခံလိုက်ရခြင်းကြောင့် DKBA တာဝန်ခံများသည် ဒုက္ခများနှင့် ရင်ဆိုင်ရပါလိမ့်မည်။
      အထက်ပါအဖြစ်အပျက်သည် ပထမဆုံးအကြိမ်မဟုတ်သလို နောက်ဆုံးလည်းမဟုတ်ပါ။ အင်အားအနည်းငယ် (တပ်စိတ်တစိတ်ခန့်)သာ အသုံးပြု၍ မဟာဗျူဟာမြောက်အရေးကြီး ပစ်မှတ်များကို တိုက်ခိုက်သည့်စစ်ဆင်ရေးနည်းဗျူဟာသစ်များကြောင့် ယခုကဲ့သို့ အောင်ပွဲရလာဒ်များ ရရှိခြင်းဖြစ်သည်ဟု အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မှူးချုပ်စောဆာဂေးက ပြောကြားခဲ့သည်။
      ပစ်မှတ်၏တန်ဖိုး ကြီးမားသည်နှင့်အမျှ ပြင်းထန်စွာ လိုက်လံချေမှုန်းခံရမည်ကို နားလည်ထားသော အထူးတပ်ဖွဲ့သည် လိုက်လာမည့်ရန်သူများကို ထိခိုက်ဒဏ်ရာရစေမည့် မိုင်းကွင်းများကို အသေအချာပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။
      Claymore-Style, Directional Antipersonalmines, Bounding and Stake Mines စသည် တို့သည် KNLA သော့ချက်လက်နက်များပင်ဖြစ်ပါသည်။
      ထိတွေ့မှုဖြစ်စဉ် (တိုက်ပွဲ) စသည်နှင့်တပြိုင်နက် ၄င်းမိုင်းဗုံးများမှာဖောက်ခွဲရန် အဆင်သင့်ဖြစ်နေကြောင်း၊ အရပ်ဖက်ပြည်သူများကို ထိခိုက်မှုမရှိပါကြောင်းနှင့် နည်းပညာ အရလည်း ပေါက်ကွဲအားပြင်းထန်သည့် Landmines များမဟုတ်ကြောင်း ဗိုလ်မှူးချုပ် စောသာဂေးကဆိုသည်။
      အထက်ပါ 'မိုင်း' များသည် ချေမှုန်းရေးတပ်စိတ်ဆုတ်ခွာရာလမ်းကြောင်းတွင် ခံစစ် လက်နက် အဖြစ်၎င်း၊ မိမိ၏ လက်တဆုပ်စာတပ်ဖွဲ့ဝင်များဖြင့် ရန်သူစစ်ကြောင်း တခုလုံးကို ခဲယမ်းမီး ကျောက်မဖြုန်းတီးဘဲ တိုက်ခိုက်နိုင်သောလက်နက်အဖြစ်၎င်း အသုံး င်လှသည်ဟု ဆိုသည်။ မိမိတို့အတွက် ထိခိုက်ကျဆုံးမှုလျော့နည်းခြင်းသည် အကျိုးအမြတ်တခုဖြစ်၍ အဆိုပါနည်းဗျူဟာများသည် KNLA တပ်ရင်းတပ်ဖွဲ့များအတွင်း ဖြန့်ကျက်နိုင်ခဲ့ပြီဟုလည်း KNU တို့ကပြောသည်။
      အဆိုပါမိုင်းကွင်းများကို စနစ်တကျစံမှီစွာ ဖန်တီးနိုင်ရေးသည် အရေးကြီးကြောင်း၊ မည်သည့် နေရာတွင် ထုတ်လုပ်တပ်ဆင်သည်ဖြစ်စေ တပုံစံတည်းဖြစ်ကြောင်း၊ ၄င်းလုပ် ငန်းစဉ်မှာ မိမိတို့ အတွက် အသားကျနေပြီး လေ့ကျင့်မှုနှင့်အသုံးချပုံတွင် ခြားနားမှု မရှိကြောင်း၊ KNLA အထူးတပ်ဖွဲ့သည် တပ်မဟာနှင့်တပ်ရင်းများကြားတွင် လွယ်ကူစွာ ကူးလူးလှုပ်ရှားနိုင်ကြောင်း၊ လျှို့ဝှက်စွာဆက်သွယ်ခြင်း၊ ညတိုက်ပွဲဆင်နွှဲခြင်းသည်လည်း နည်းဗျူဟာသစ်၏ အစိတ်အပိုင်း တရပ်ဖြစ်ကြောင်း KNLA တပ်ရင်းများသည် တစ်ဖွဲ့ နှင့်တစ်ဖွဲ့မိုင်ပေါင်းများစွာကွာဝေးနေသည့်တိုင် စစ်ဆင်ရေးကို တပုံစံထဲ ညှိနှိုင်း ဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့၏နည်းဗျူဟာကိုလိုအပ်၍ ပြောင်းလဲခြင်းမဟုတ်ဘဲ ချို့ယွင်းချက်များကို အားသာချက်အဖြစ်ပြောင်းလဲခြင်းကြောင့် စသဖြင့် ဗိုလ်မှူးချုပ် စောဆာဂေးက ရှည်လျားစွာ ရှင်းလင်း ခဲ့သည်။
      KNLA ၏နည်းဗျူဟာသစ်သည် လက်နက်ခဲယမ်းများစွာ ဖြုန်းတီးသော ယခင်စနစ် နှင့်လုံး ခြားနားသွားပြီဖြစ်သည်။
      ယခုအစီအစဉ်ကို ၂၀၀၁ ခုနှစ်က စတင်၍ ကျင့်သုံးခဲ့ပြီး၊ စစ်မြေပြင်တပ်ရင်းများတွင် တိုးမြှင့်ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။
      တိုက်ပွဲစည်းနောက်ကွယ်မှစစ်ဆင်ရေးများ၊ ခြုံခိုတိုက်ခိုက်မှုများသည် ယေဘူယျအားဖြင့် လက်ခံနိုင်ဖွယ်မရှိသော နည်းဗျူဟာများဖြစ်လင့်ကစား သေနတ်မပစ်သောစစ်တပ် အသွင် ရည်ရွယ်၍ ရေးဆွဲ ထားခြင်းဖြစ်ပြီး၊ ဗီယက်နမ်စစ်ပွဲကာလက အမေရိကန်တပ်များ သုံးခဲ့ဖူးကြောင်းနှင့် အမေရိကန်တို့က ပြင်းထန်သောလက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများ၏ ရှေ့ပြေးအဖြစ် အသုံးပြုခဲ့သည် ဟုသိရ ပါသည်။
      ယခု ကရင်ပြည်နယ်တွင်မူ ၄င်းနည်းဗျူဟာကို KNLA ၏ အဓိကလက်နက်သဖွယ် အသုံးပြုနေပြီး၊ လက်နက်ငယ်များကို ခုခံကာကွယ်ရန်နှင့် အရေးပေါ်လိုအပ်သော အခြေအနေတွင်သာ အသုံးပြုမည် ဟုဆိုသည်။
      KNLA တပ်မဟာ ၂  နှင့် ၃ သည် Multiple Claymore နှင့် Booby Trap ခံစစ်မိုင်း များဆုံး၍ အထူးစစ်ဆင်ရေးဗျူဟာများ ကျင့်သုံးခဲ့သောကြောင့် အောင်မြင်မှု များရရှိနေပြီး၊ မြန်မာ့တပ်မတော်ဘက်တွင် ထိခိုက်ကျဆုံးမှု များပြားကြောင်း သိရှိရ ပါသည်။
      တပ်မဟာ ၆ နှင့် ၇ တွင်လည်း အလားတူနည်းဗျူဟာများ ကျင့်သုံးနေပြီး၊ ပြန်တမ်း ၀င်မဟုတ်သော အရာရှိများ (NCOs) နှင့် အထူးလက်ရွေးစင်တပ်သားများကို တပ်မဟာများမှ ရွေးထုတ်လေ့ကျင့်ပေးလျက်ရှိကာ တပ်မဟာမှူးများ နားလည်သဘော ပေါက် လာသည်နှင့်အမျှ ပိုမို လွယ်ကူထိရောက်လာမည်ဟု ဆိုသည်။
      တပ်ဖွဲ့ငယ်များကိုအသုံးပြုခဲ့သဖြင့် ထိခိုက်ကျဆုံးမှုလျော့နည်းလာခြင်း၊ မိုင်းဗုံးများ အသုံးပြုခြင်းဖြင့် တန်ဖိုးကြီးမားသောလက်နက်ခဲယမ်းများ ချွေတာနိုင်ခြင်း စသဖြင့် တွက်ချက်၍ရသော အကျိုးအမြတ် များ သိသာထင်ရှားစွာရရှိခဲ့ပြီး၊ တိုက်ရိုက်အကျိုးသက်ရောက်မှု အနေဖြင့် နိုင်ငံရေးအကျိုးအမြတ်လည်းရရှိကြောင်း တွေ့ရှိရသည်။
      ယခုနှစ်အစပိုင်းကဖြစ်ပွားသော နယ်စပ်တိုက်ပွဲများတွင် အမြောက်နှင့်လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသော ထိုင်းအာဏာပိုင်များက KNU နှင့် KNLA ခေါင်းဆောင်များအား ထိုင်းနယ်မြေပေါ်မှ ထွက်ခွါရန် ညွှန်ကြားခဲ့ပါသည်။ ထိန်း၍ မရဘဲ ယိမ်းယိုင်လာသော အခြေအနေကို သတိပြုမိသော KNU သည် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ကုန်သွယ်မှု ချောမွေ့စေရေးအတွက် အလျင်အမြန် လေ့လာသုံးသပ် ဖြေရှင်းခဲ့သည်။
      မြန်မာစစ်တပ်နှင့်မဟာမိတ်ဖွဲ့ထားသော DKBA သည် နယ်ခြားတလျှောက် စုန်ချည်  ဆန်ချည် လှုပ်ရှား၍ KNLA ကို တိုက်ခိုက်ခဲ့ပြီး KNU ကိုကူညီသော ထိုင်းကျေးရွာများကို ဖျက်ဆီးလေ့ရှိပါသည်။
      KNLA နည်းဗျူဟာတပ်ဖွဲ့ငယ်များသည် အဓိကပစ်မှတ်ကိုသာ ဦးတည်၍ ရက်ပေါင်းများစွာ တောနင်းချီတက်လေ့ရှိပြီး၊ နယ်ခြားစဉ်းမျဉ်းတလျောက် တိုက်ပွဲများကို ရှောင်ရှားခြင်းကြောင့် ထိုင်းနှင့် ပြေလည်စွာဆက်ဆံနိုင်ခဲ့သည်ဟုဆိုသည်။ နယ်စပ် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံက KNU အား ထောက်ပံ့နေသယောင် အထင်လွဲမှုများလည်း ပေါ်ထွက်ခဲ့ပါသည်။ ထိုင်းနိုင်ငံ၏လုံခြုံရေးကို ထိခိုက်မှုမရှိရန် အရေးကြီးသည်ဟု စောဆာဂေးက ပြောခဲ့ပြီး၊ မြန်မာ့တပ်မတော်က ထိန်းချုပ်ရန် ကြိုးစားနေသော ဒေသများ၏ အတွင်းပိုင်းအထိ ထိုးဖောက်တိုက်ခိုက်နိုင်သော KNLA စွမ်းရည်ကို ပြသနေခြင်းလည်း ဖြစ်သည်ဟုဆိုသည်။
      DKBA သည် ခရယာန်ခေါင်းဆောင်များလွှမ်းမိုးထားသော KNU နှင့် ဘာသာရေးသဘောထား ကွဲလွဲကာ ၁၉၉၀ ကျော်ခုနှစ်များက KNLA မှခွဲထွက်သွားခဲ့ခြင်းဖြစ်ပြီး၊ ထိုအချိန်ကစ၍ ကြောက်စရာကောင်းသောတပ်ဖွဲ့အဖြစ် အင်အားကြီးထွားလာခြင်းဖြစ်သည်။ အဆိုပါတပ်ဖွဲ့သည် ပြည်တွင်းဒေသအချို့ကို ထိန်းချုပ်ထားနိုင်သော စစ်တပ်အဖြစ်မှ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် မြန်မာတပ်မတော်အစိုးရနှင့် သဘော တူညီချက်ယူထားသော အဖွဲ့အနည်းငယ် အနက်မှတဖွဲ့ဖြစ်သည်။ သို့ရာတွင် DKBA သည် ကရင်လူများစု၏ ထောက်ခံယုံကြည်မှုကို ရရှိပုံမရပါ။
      မြန်မာအစိုးရ၏ဆန္ဒကို လိုက်လျောဆုံးဖြစ်ခြင်းသည် မြန်မာစစ်တပ်၏လက်ဝယ် ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခခံစားခဲ့ရသော ကရင်လူစုအတွက် ကောင်းသောနမိတ်ပုံအဖြစ် ကိုယ်စားပြုနိုင်မည်မဟုတ်ပါ။
      DKBA တပ်ခွဲတခု၏ လိုက်လံချေမှုန်းမှုမှ ထွက်ပြေးလာခဲ့သော KNLA လက်ရွေးစင်တပ်စိတ် တစိတ်သည် ၄င်း၏စစ်ဆင်ရေးလမ်းကြောင်းရှိ ဒေသခံရွာများမှ နယ်မြေသတင်းများကြားသိလာခဲ့ခြင်း ဖြစ်သည်။
      နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် ပြင်ဆင်နေသော DKBA တပ်ဖွဲ့တွင် ယူနီဖောင်း၌ချုပ်လုပ်တပ်ဆင်ရမည့် တံဆိပ်များ (Badges) များဖြန့်ဝေနေသည်ကို သိရှိရပြီး၊ ရာထူးအဆင့်ခွဲခြားမှုများအစပြုနေပြီဟု အငြိမ်းစား KNLA တပ်သားတစ်ဦးက ပြောကြားသည်။
      DKBA တပ်မဟာများသည် လွတ်လပ်စွာလှုပ်ရှားကြပြီး၊ ၎င်းတို့၏ကိုယ်ပိုင် နည်းဗျူဟာများကို စိတ်ကြိုက်ကျင့်သုံး၍ တပ်မဟာမှူးကို သစ္စာစောင့်သိသည့်တပ်များ ဖြစ်သည်ဟုဆိုသည်။
      ထိုင်းနိုင်ငံတွင်ပြုလုပ်သော လျှို့ဝှက်အစည်းအဝေးတွင် KNU မှ နောက်ထပ် ခွဲထွက်သွားခဲ့သော KNU / KNLA Peace Council မှ တပ်မှူးတစ်ဦးက DKBA နှင့် မြန်မာစစ်တပ်သည် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် မျက်နှာချင်းဆိုင် KNLA ခြေကုတ်ဒေသအား သံလွင်မြစ်ကို ဖြတ်ကျော်တိုက်ခိုက်မည့် အစီအစဉ်ရှိပြီး၊ ပွင့်လင်းရာသီတွင် ထိုးစစ် စတင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
      KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်မြ၏သားဖြစ်သူ KNLA မှ ခွဲထွက်ခဲ့သူ တေလေမြကလည်း DKBA နှင့်မြန်မာစစ်တပ်သည် လာမည့်လများအတွင်း KNLA တပ်မဟာ ၅ ဖက်သို့ သေနတ်ပြောင်း လှည့်လာမည်ဟုဆိုသည်။
      မြန်မာ့တပ်မတော်၏ ဓလေ့ထုံးစံတစ်ခုမှာ ၎င်း၏အဓိကထိုးစစ်ကြီးများကို နှစ်ကုန်ပိုင်း နိုဝင်ဘာမှ ဧပြီလအထိကြာမြင့်သော ခြောက်သွေ့ပွင့်လင်းရာသီတွင် ဆင်နွှဲလေ့ရှိခြင်းဖြစ်သည်။
      ယခုအချိန်တွင် နှစ်ဖက်စလုံးမှာ ပြင်းထန်သောတိုက်ပွဲများ ဆင်နွှဲရန် အဆင့်မြင့် ပြင်ဆင်မှုများ ကြိုတင်ပြုလုပ်လျက်ရှိကြပြီး၊ အထက်ပါစစ်ဆင်ရေးတွင်ပါဝင်သည့် KNLA တပ်မဟာမှူးတစ်ဦးက ခြောက်သွေ့ရာသီတိုက်ပွဲများစသည်နှင့် ကရင်စစ်ပြေးဒုက္ခသည် ၂၀၀၀ ကျော်ခန့် မြန်မာနိုင်ငံကို စွန့်ခွါထွက်ပြေးလိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.
-~----------~----~----~----~------~----~------~--~---
ရှော့ပင်ခရီး၊ ဖိနပ်ပျံ နှင့် အတိတ်မေ့သွားသော ချိုကုပ်ဒူးကြီး
ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြသည်။
Wednesday, 14 October 2009 18:51 ရန်ကုန်သားတာတေ
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နာမည်ကျော် ပုဂ္ဂိုလ်များ ရောက်ရှိနေကြသည်။ ချိုကုပ်ဒူးကြီး၊ ဒေါ်ကွိုင်ကွိုင်၊ သားသမီးများ နှင့် မြေးဖြစ်သူ ဖိုးလောက်လန်းတို့ ဖြစ်သည်။ ဗေဒင်ဆရာများက သူတို့ကို မြန်မာဘုရင်ခေတ်က သိမ်းပိုက်နိုင်ခဲ့သည့် ချင်းမိုင် ခေါ် ဇင်းမယ်တွင် အောင်မြေနင်းခြင်းဖြင့် ယတြာချေရန် တညီတညွတ်တည်း ညွှန်ကြားကြသဖြင့် ဤသို့ တပြုံတမကြီး ရောက်နေကြခြင်း ဖြစ်လေသည်။
မိသားစု တခုလုံး ချင်းမိုင်၏ အထင်ကရ နေရာတခုဖြစ်သည့် ဒွိုင်ဆူထေ့ တောင်ပေါ်ဘုရား ခြေရင်းသို့ သွားကြသည်။ တောင်ခြေရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်တန်းတွင် ရှော့ပင် ထွက်ပြီး တယောက်တပေါက် ပြောနေကြသော မြေးတော် နှင့် သမီးတော်များကို ဒေါ်ကွိုင်ကွိုင်က လိုအပ်သည်များ ညွှန်ကြားလျက်ရှိသည်။
ဒေါ်ကွိုင်ကွိုင်။     ။ ဟဲ့ ကောင်မ … ၊ ကြိုက်တာတွေ့ရင် မြန်မြန်ယူ။ ပိုက်ဆံတော့ ပေးနော်၊ မြန်မာပြည်မှာလို ပိုက်ဆံမပေးဘဲ ဆိုင်ထဲက ထွက်မသွားနဲ့။ တော်ကြာ နောက်က လိုက်တောင်းမှ ငါတို့ အရှက်ကွဲနေဦးမယ်။
သမီးတော်(၁)။     ။ ပစ္စည်းတွေကလည်း အပေါစားတွေချည်းပဲ။ ဈေးကြီးတာလည်း မရှိပါလား။ ဟွန့် … … ။
သမီးတော်(၂)။     ။ ဒီဈေးသည်တွေကလည်း မြန်မာလိုမတတ် ဘာမတတ်နဲ့၊ သင်ထားတာ မဟုတ်ဘူုး … ။
ဖိုးလောက်လန်း။     ။ ဘေ့စ်ဘောရိုက်တံ ဒီမှာ ဘာကြောင့် မရောင်းတာလဲ။ ခက်တာပဲ … ။
မြေးနှင့်သမီးများ တယောက်တပေါက် ပြောနေစဉ် ချိုကုပ်ဒူးကြီးက ဗေဒင်ဆရာတို့၏ ညွှန်ကြားချက်များအကြောင်းသာ စဉ်းစားနေသည်။
ချိုကုပ်ဒူးကြီး။     ။ ငါ့ဗေဒင်ဆရာတွေ အပြောအရဆိုရင် ဒီလမ်းခရီးက အစစ အရာရာ အဆင်ပြေမယ် တဲ့ ကွိုင်ကွိုင်ရေ …။
ဒေါ်ကွိုင်ကွိုင်။     ။ ရှူး  …  … ၊ တိုးတိုးပြောပါရှင်။ ဒီမြို့မှာ မြန်မာပြည်သားတွေ သိပ်များတယ် တဲ့၊ ဘုရားဖူးတွေထဲမှာလည်း မြန်မာတွေ ပါနိုင်တယ်နော်။ ကျမတို့လာတာ သိသွားရင် ခက်ရချည်ရဲ့။
ချိုကုပ်ဒူးကြီး။     ။ သြော် … ကွိုင်ကွိုင်ကလည်း ဘာကို စိုးရိမ်နေတာလဲ။ ငါကြောက်တဲ့လူ ကမ္ဘာပေါ်မှာ မမွေးသေးပါဘူးကွ။ ငါတို့လာတာလည်း ဘယ်သူမှ သိမယ် မထင်ပါဘူး။
ထိုသို့ ချိုကုပ်ဒူးကြီးက ယူဆနေသော်လည်း သူ၏ ခရီးစဉ်သတင်းကို အတိအကျ သိထားသည့် ဘလော်ဂါ မိုးသီးဇူလိုင် နှင့် ဆန္ဒပြသူတချို့က တောင်ခြေ တနေရာတွင် စောင့်ဆိုင်းနေကြသည်။ အနီးတွင် သတင်းသမားတချို့လည်း ရှိနေသည်။
သတင်းသမားများကြားထဲတွင် ရန်ကုန်အခြေစိုက် အသံတိတ်ဂျာနယ် ထုတ်ဝေသူကိုလည်း တွေ့ရသည်။ သူက ကျပ် ၅၀၀၀ ထောင်တန် ငွေစက္ကူကို အထူးကြိုဆိုကြောင်း သူ့ဂျာနယ်တွင် ရေးသားလိုက်ရသဖြင့် ယခုအချိန်အထိ ပီတိဖြစ်နေသည်။ ယခုလည်း ထူးခြားသော အယ်ဒီတာ့ အာဘော်များ ရေးသားနိုင်ရေးအတွက် ဆန္ဒပြသူများ၊ သတင်းသမားများကြားတွင် စနည်းနာနေခြင်းဖြစ်သည်။
မကြာမီ ချိုကုပ်ဒူးကြီးတို့မိသားစု နှင့် ဆန္ဒပြရန် စောင့်နေသူများ ထိပ်တိုက် တွေ့ကြလေသည်။ ဆန္ဒပြသူများက လက်သီးလက်မောင်းများ ဆန့်တန်းပြီး တခဲနက် အော်ဟစ်၊ ကန့်ကွက်ကြရာ ချိုကုပ်ဒူးကြီးတို့ အထိတ်တလန့် ဖြစ်သွားကြသည်။
ချိုကုပ်ဒူးကြီး။     ။ ဟိုက် … မြန်မာပြည်သားတွေကွ၊ ဒုက္ခပဲ။
ဒေါ်ကွိုင်ကွိုင်။     ။ အောင်မယ်လေးတော်၊ ဒီတခါတော့ ကိုယ်ကျိုးနည်းပါပေါ့လား။
သမီးတော်(၁)။     ။ ဖေဖေ … ၊ မေမေ … လုပ်ပါဦး။ သမီးတို့ကို အော်နေကြပြီ၊ အော်နေကြပြီ။
သမီးတော်(၂)။     ။ အဖေကြီး … စစ်သားတွေကို ခေါ်ပြီး ပစ်ခိုင်းလိုက်လေ … ။
ဖိုးလောက်လန်း။     ။ မကြောက်စမ်းပါနဲ့ မာမီရယ်၊ ဒီလူတွေက လေသမားတွေပါ … ။ တောက် … … လက်ထဲမှာ ဘေ့စ်ဘောရိုက်တံ ရှိလို့ကတော့ ဒီလူတွေ နာပြီသာမှတ် … ။
ဆန္ဒပြ ကန့်ကွက်နေသူများကလည်း "လူသတ်သမား အလိုမရှိ … ၊ အာဏာရှင် အလိုမရှိ … " စသည်ဖြင့် အဆက်မပြတ် အော်ဟစ်နေကြသည်။ ၎င်းတို့ထဲမှ ဦးဆောင်သူ ဖြစ်သည့် မိုးသီးဇူလိုင်က သူ၏ ဖိနပ်ကို ချွတ်လိုက်သည်။ ထို့နောက် ဖိနပ်ကို ဆုပ်ကိုင်ထားသည့် သူ၏ ညာဘက်လက်သို့ အတွင်းအားများ စုစည်းလိုက်ပြီး ဖိနပ်ကို ချိုကုပ်ဒူးကြီးထံ ပစ်လိုက်လေသည်။ သူက ဤဆန္ဒပြပွဲအတွက် ထူထဲ လေးလံသည့် ရှူးဖိနပ်တရံကို ကုန်တိုက်တကာ လှည့်လည်ရှာဖွေပြီး စိတ်ကြိုက် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
၇ ရက်ကြာ အချိန်ယူ ရှာဖွေ ၀ယ်ယူထားရသည့် သူ၏ ဖိနပ်က ၁ စက္ကန့်လျှင် ၇ မိုင်နှုန်းဖြင့် ပျံသန်းသွားသည်။ ချိုကုပ်ဒူးကြီး၏ ခေါင်းကို တည့်တည့် ထိမှန်လေသည်။ ချိုကုပ်ဒူးကြီး အရုပ်ကြိုးပြတ် လဲကျသွားသည်။ မိုးသီးဇူလိုင် ပြုံးလိုက်သည်။
မိုးသီးဇူလိုင်။     ။ ကဲ … ရဲဘော်တို့၊ ပြန်ကြမယ် … ။ တို့ရဲ့ ဆန္ဒပြပွဲ အောင်မြင်တယ်။ ရဲတွေ မလာခင် ငါတို့ ဒီနေရာကနေ ခွာမှ ဖြစ်မယ်။ တနာရီအတွင်း စုရရပ်မှာ ပြန်ဆုံမယ်။ ဒီပွဲကို လာကြတဲ့ သတင်းထောက်တွေကိုလည်း ကျေးဇူးတင်ပါတယ်။
ထိုသို့ အမိန့်ပေးပြီး လူစုခွဲလိုက်ကြသည်။ မိုးသီးဇူလိုင်က ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး သူ၏ ဘလော့ဂ်တွင် ရေးသားရန် အင်တာနက်ကဖေးတခုသို့ သွားသည်။ "ဆန္ဒပြပွဲ အောင်မြင်တယ်။ မိမိဘက်မှ အကျအဆုံး မရှိပါ။ လူနည်းသော်လည်း ညီညီညာညာ တိုက်ပွဲဝင်နိုင်သဖြင့် အကျိုးအမြတ် ကြီးလှပါတယ်" ဟု သူ၏ ဘလော့ဂ်တွင် ရေးသားရန် စိတ်ကူးထဲတွင် စာစီသွားသည်။
ရန်ကုန်အခြေစိုက် အသံတိတ်ဂျာနယ် ထုတ်ဝေသူကလည်း ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး အလွန့်အလွန် ၀မ်းနည်းကြောင်း ဂျာနယ်၏ အယ်ဒီတာ့အာဘော်တွင် ရေးခိုင်းမည်ဟု ဆုံးဖြတ်လိုက်သည်။ "ရိုင်းစိုင်းသော နိုင်ငံတခုမှ လာသည့် ဖိနပ်ပျံဗျူဟာကို ဆန့်ကျင်ကြ" ဟု ခေါင်းစဉ်ပေးသင့်သည်ဟုလည်း တွေးလိုက်သည်။
ထိုအချိန်တွင် ဖိနပ်ထိထားသော ချိုကုပ်ဒူးကြီးက သတိလစ်နေဆဲဖြစ်ပြီး ဘေးတွင် မိသားစုက ပျာယာခပ်နေသည်။ ဒဏ်ရာမှ သွေးထွက်ခြင်း မရှိသော်လည်း အာလူးသီးအလတ်စားအရွယ် ဘုကြီး ထွက်လာသည်။ ကွမ်းတရာညက်ခန့်အကြာတွင် ချိုကုပ်ဒူးကြီး မျက်လုံး တဖြည်းဖြည်း ပွင့်လာသည်။ တွေဝေနေသော မျက်လုံးများဖြင့် အားလုံးကို ကြည့်နေသည်။
ဒေါ်ကွိုင်ကွိုင်။     ။ ဟော … မောင်တော် … သတိရလာပြီ၊ သတိရလာပြီ … ။
သမီးတော်(၁)။     ။ အောင်မယ်လေး … ဖြစ်မှ ဖြစ်ရလေ ဖေဖေရယ် … ။
ဖိုးလောက်လန်း။     ။ အဘိုး၊ အဘိုး … ဘယ်နား နာသွားသေးလဲဟင်။
သမီးတော်(၂)။     ။ သြော် … ဖိုးလောက်လန်းရယ်၊ ဘယ်နား နာရမှာလဲဟဲ့ … ၊ နားထင်မှာ ဘုထွက်နေတာ နင် မတွေ့ဘူးလား … ။
ဒေါ်ကွိုင်ကွိုင်က သူတို့အားလုံးကို မာန်မဲလိုက်သဖြင့် အသံများ တိတ်သွားသည်။ သူတို့အားလုံး ချိုကုပ်ဒူးကြီးကို စိုက်ကြည့်နေကြသည်။ ချိုကုပ်ဒူးကြီးကလည်း သူတို့အားလုံးကို ကြည့်နေသည်။
ချိုကုပ်ဒူးကြီး။     ။ မင်း … မင်းတို့ ဘယ်သူတွေလဲ၊ ငါ့ကို ဘာကြောင့် လာကြည့်နေကြတာလဲ၊ ငါကရော ဘယ်သူလဲ … ။
ချိုကုပ်ဒူးကြီး၏ စကားကြောင့် အားလုံး အံ့သြသွားကြသည်။ ဒေါ်ကွိုင်ကွိုင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် ရှင်းပြသည်။ သို့သော်လည်း  ချိုကုပ်ဒူးကြီးက ဒေါ်ကွိုင်ကွိုင်ကို ခုမှ တွေ့ဖူးသည့်အလား စိုက်ကြည့်နေသည်။ နောက်ထပ် ကွမ်းတရာညက်ခန့် အကြာတွင် ဒေါ်ကွိုင်ကွိုင်က အခြေအနေမှန်ကို ရိပ်စားလိုက်မိသည်။ ထို့နောက် ရှိုက်ကြီးတငင် ငိုချလိုက်လေသည်။
ဒေါ်ကွိုင်ကွိုင်။     ။  အီး … ဟီး ဟီး … ၊ မောင်တော် အတိတ်မေ့သွားပြီ။
ဖိုးလောက်လန်း။     ။ ဟင် … ဘာလို့ငိုတာလဲ။ အတိတ်မေ့တယ်ဆိုတာ ဘာကို ပြောတာလဲ။
သမီးတော်(၁)။     ။ ဖိုးလောက်လန်းတကောင်နဲ့တော့ ခက်တော့တာပဲ၊ အတိတ်မေ့တယ်ဆိုတာ အတိတ်မေ့တာပေါ့ကွ။
ဖိုးလောက်လန်း။     ။ အဲဒါကြောင့် ပြောတာပေါ့ဗျ၊ ချင်းမိုင်ကို မသွားနဲ့၊ ပတ္တရားသွားမယ်လို့ ကျနော်ပြောတာကို နား မထောင်ကြဘူး။ ရန်ကုန်မှာ ကော်ဖီဆိုင်ဖွင့်ပြီးမှ သွားမယ် ဆိုတာကိုလည်း လက်မခံဘူး။ ခုတော့ ထိပြီပေါ့၊ ကဲ … ဘိုးဘိုးကြီး အားကိုးတဲ့ ဗေဒင်ဆရာတွေ၊ ဘိုးတော်တွေ ဘယ်မှာလဲ။
ဖိုးလောက်လန်း၏ စကားအဆုံးတွင် ၀ုန်းခနဲ မြည်သံနှင့်အတူ မီးခိုးလုံးကြီးထသွားသည်။ မီးခိုးများ စဲသွားသောအခါ သူတို့၏ ရှေ့တွင် တစိမ်းတယောက်ကို တွေ့လိုက်ကြသည်။ ထိုသူမှာ တခြားမဟုတ်၊ ချင်းမိုင်ရုက္ခစိုးကြီး ဖြစ်သည်။
သမီးတော်(၂)။     ။ ဖိုးလောက်လန်းရေ ဘိုးတော် ကြွလာပြီထင်တယ်၊ အဲဒါကြောင့် နင့်ကို ပြောတာ ဗေဒင်တို့ ဘိုးတော်တို့ကို ပစ်ထားလို့ မရဘူးဆိုတာ ခုတော့ နင် ယုံပြီ မဟုတ်လား။
ဒေါ်ကွိုင်ကွိုင်။     ။ အမိုက်အမဲလေးကို ဗွေမယူပါနဲ့ ဘိုးတော်ရယ် … ။ တပည့်တော်မ တောင်းပန်ပါတယ်။ ဟော … ဟောဒီမှာ မောင်တော်ရဲ့ ခေါင်းမှာ အာလူးသီးကြီး ထွက်ပြီး အတိတ်မေ့နေပါတယ်။ ပြန်ပြီး သတိရလာအောင် ဘိုးတော်က ကူညီ၊ စောင်မ၊ ကြည့်ရှု၊ စောင့်ရှောက်၊ ကုသပေးတော်မူပါဦး။
ဖိုးလောက်လန်း။     ။ ဟုတ်တယ်ဗျာ။ ကူနိုင်ရင် ကူပါဦးဗျ။ ကျနော်က ကမ္ဘာ့အကြီးဆုံး ကော်ဖီဆိုင်ကြီးကို ရန်ကုန်မှာ ဖွင့်ဖို့ ပြင်နေတာ။ ကျနော့်ဆိုင်ထက်ကြီးရင် အဲဒီဆိုင်ကိုသွားပြီး ရိုက်ခွဲလိုက်မယ်။ ဟဲဟဲ … ဆိုင် ဖွင့်ပြီးရင် ဘိုးတော် နေ့တိုင်းလာသောက်ဗျာ။
ရုက္ခစိုး။     ။ ဟေ့ … ငါက ဘိုးတော်မဟုတ်ဘူးကွ … ။ ဒါပေမယ့် ငါတတ်နိုင်သလောက် လုပ်ပေးပါ့မယ်ကွာ။ နေစမ်းပါဦး၊ နေစမ်းပါဦး … ၊ ဘယ်လိုဘယ်လို ဖြစ်ကြတာလဲ ပြောပြပါဦး။
အမှန်တကယ်တွင်မူ ရုက္ခစိုးကြီးက ဖြစ်ရပ် အစအဆုံးကို မြင်တွေ့ပြီး ဖြစ်သည်။ မသိချင်ယောင်ဆောင်ကာ မေးလိုက်ခြင်း ဖြစ်သည်။ ဒေါ်ကွိုင်ကွိုင်က ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။ အတိတ်မေ့နေသော ချိုကုပ်ဒူးကြီး သတိပြန်လည်ရေးအတွက် ထပ်မံ အကူအညီ တောင်းပြန်သည်။ ခြေဦးတည့်ရာ သွားမည့် ဟန်ပြင်နေသည့် ချိုကုပ်ဒူးကြီးကိုလည်း ၀ိုင်း၍ ဆွဲထားရသေးသည်။ ရုက္ခစိုးကြီးက နှုတ်ခမ်းမွေးကို လက်ဖြင့် သပ်ပြီး ခေတ္တမျှ စဉ်းစားခန်း ၀င်ကာ နောက်ဆုံးတွင် သူတို့အား အကြံကောင်းတခု ပေးလိုက်လေသည်။
ရုက္ခစိုး။     ။ ငါကြည့်ဖူးတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာတော့ အတိတ်မေ့တဲ့သူဆိုတာ ခေါင်းမှာ တခုခုနဲ့ ပြင်းပြင်း ထန်ထန် ထိခိုက်သွားတဲ့အခါ ပြန်ပြီး သတိရလာတတ်ကြတယ်။ အဲဒီတော့ … ဒီပုဂ္ဂိုလ်ရဲ့ ခေါင်းကိုလည်း ခပ်နာနာလေး နှက်လိုက်ရင် အားလုံးကို သတိပြန်ရလာနိုင်တယ်၊ ရုပ်ရှင်ထဲကလိုမျိုးပေါ့ကွာ။ ဘယ်လိုလဲ၊ စမ်းကြည့်ကြမလား။
ဖိုးလောက်လန်း။     ။ သိပ်ကောင်းတာပေါ့ ဘိုးတော်ရယ်၊ အဲ … ရုက္ခစိုးကြီးရယ်။ ကျနော် ကိုင်လိုက်ပါ့မယ်။ အတော်ပဲ လက်စွမ်းပြချင်နေတာနဲ့။
ဒေါ်ကွိုင်ကွိုင်။     ။ ဟဲ့ … ဟဲ့ … ဟဲ့ကောင်လေး … ၊ နေစမ်းပါဦးဟယ်။
သမီးတော်(၁)။     ။ ဟေ့ … ဟေ့ … ဖိုးလောက်လန်း မလုပ်နဲ့ … မလုပ်လိုက်နဲ့ … ။
သမီးတော်(၂)။     ။ သားရေ … မလုပ်နဲ့နော်၊ သတိထားနော် … ။
ဖိုးလောက်လန်းကို ၀ိုင်းဝန်း တားမြစ်ရန် ကြိုးပမ်းကြသော်လည်း နောက်ကြသွားလေပြီ။ ဖိုးလောက်လန်းက ဟိုဟို ဒီဒီ ကြည့်ပြီး အနားတွင် တွေ့ရသော တုတ်ကို ကောက်ကိုင်ကာ ချိုကုပ်ဒူးကြီး၏ ခေါင်းကို ခပ်ဆဆလေး နှက်လိုက်လေသည်။
ဖိုးလောက်လန်း၏ တုတ်ချက်ကြောင့် ချိုကုပ်ဒူးကြီး ဒုတိယအချီ မှောက်သွားလေသည်။ ခေါင်းတွင်လည်း ဒုတိယမြောက် အာလူးသီးတလုံး တဖြည်းဖြည်း ထွက်လာသည်ကို တွေ့လိုက်ရသည်။
ရုပ်ရှင်ထဲက ကဲ့သို့ အတိတ်မေ့သည့် ရောဂါ ပျောက်ကင်းသွားခြင်း ရှိမရှိကို သိနိုင်ရန် သူတို့ အားလုံး ချိုကုပ်ဒူးကြီး ဒုတိယအကြိမ် သတိပြန်ရလာသည်အထိ ထိုင်စောင့်နေကြရလေသည်။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.
-~----------~----~----~----~------~----~------~--~---