Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၄.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြည်သူပါဝင်မှ အောင်မြင်မည့် “မ” သုံးလုံး ပညာရေး

*****************************************

ဆောင်းပါးကဏ္ဍ

ပြည်သူပါဝင်မှ အောင်မြင်မည့် “မ” သုံးလုံး ပညာရေး

ဒေါက်တာမောင်သင်း

(ဇူလိုင် ၁၂ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ-၂၊ အမှတ်-၁၀၂ မှ ထုတ်ယူဖော်ပြချက်။)

 “မ”သုံးလုံး ပညာရေးဆိုတာ “မ” သင် “မ” နေရ “မူ” လတန်း ပညာရေးပါ၊ နိုင်ငံတော်ရဲ့ အမျိုးသားပညာရေး ရည်မှန်းချက်ပါ။ ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှု ပြီးသွားပါပြီ။ သတင်းစာနဲ့ မီဒီယာမျိုးစုံမှာ ကျောင်းအပ်နှံတဲ့ သတင်းတွေအပြည့်ပါ။ ထို့အတူ ကျောင်းနေအရွယ်ကလေးတွေ (အသက် ၅ နှစ်ပြည့်ပြီးသူ) ကျောင်းကိုလာပြီး စအပ်တဲ့နှုန်းဟာလည်း အားရစရာပါ၊ ဝမ်းသာမိပါတယ်။ ဒါပေမဲ့ ဒီအလုပ်ဟာ “စ” (ကျောင်းအပ်နှံခြင်း)၊ “လယ်” (ကျောင်းတက်မှန်၍ ကျောင်းမြဲနှုန်းမြင့်မားခြင်း)၊ “အဆုံး” (စာတတ်မြောက်ပြီး လူသားရဲ့ အခြေခံစွမ်းရည်များ ပိုင်ဆိုင်အောင် လေ့ကျင့်မွေး ထုတ်ခြင်း) အောင်မြင်အောင်လုပ်ရမယ့် အလုပ်ပါ။

ကျောင်းအပ်တာဟာ “မ”သုံးလုံးပညာရေးရဲ့ ပထမခြေလှမ်းသာ ဖြစ်ပါတယ်။ ကျောင်းသားတစ်နှစ်လုံး ကျောင်းမြဲပြီး သင်တန်းပြီးဖို့ လိုပါတယ်။ အဲဒီကိစ္စဟာ ဆရာ၊ ဆရာမတွေရဲ့ လုပ်ငန်းလို့သာ ကျွန်တော်တို့ ယူဆခဲ့ကြပါတယ်။ သူတို့နဲ့တင် ပြီးမည့်လုပ်ငန်း မဟုတ်ပါ။ ပညာရေးဝန်ကြီးဌာန တစ်ခုတည်းအနေဖြင့်လည်း စွမ်းဆောင်နိုင်ခြင်းမရှိပါ။ ပြည်သူအားလုံးပါဝင်ပါမှ အောင်မြင်မည့် အမျိုးသားရေးလုပ်ငန်းပါ။

နှစ်စဉ် ကျောင်းအပ်ရာသီမှာ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းလာအပ်ပေမယ့် (၂၀၁၁-၁၂ ပညာသင်နှစ်မှာ သူငယ်တန်းကို ၉၈.၄၇ ရာခိုင်နှုန်း လာအပ်ခဲ့ပါသည်)  အကြောင်းအမျိုးမျိုးကြောင့် စာသင်နှစ်မကုန်မီ ကျောင်းထွက်ရတဲ့ကလေးတွ အတော်များပါတယ်။ ပညာရေယိုပေါက် (ပညာရေး အဟောသိကံ) လို့ ခေါ်ပါတယ်။ မိဘတွေ စီးပွားရေးမပြေလည်လို့ တစ်ဖက်တစ်လမ်းက ဝင်ငွေ ရှာရတာမို့၊ ကောက်ရိတ်သိမ်းချိန်မို့၊ မိဘကူ ရတာတို့၊ အိမ်မှာ ကလေးဝိုင်းထိန်းမယ့်သူ မရှိတာတို့ စတဲ့အခက်အခဲတွေကြောင့် ကလေးတွေ ပညာသင်နှစ်ဆုံးအောင် မတက်နိုင်ဘဲ ကျောင်းထွက်ခဲ့ ကြရပါတယ်။ ဒီပညာရေး အဟောသိကံဖြစ်စဉ် အမြစ်တွယ်နေတာ နှစ်တွေကြာခဲ့ပါပြီ။ မိဘပြည်သူများ သတိမထားမိကြပါ။

ကျောင်းမြဲပြီး မူလတန်းအောင်မြင်တဲ့ ကလေးတစ်ယောက်အနေနှင့် လူသားတစ်ဦးရဲ့ အခြေခံအရည်အသွေးတွေကို ပိုင်ဆိုင်ပါတယ်။ အဲဒီ အရည်အသွေးတွေပိုင်ဆိုင်ဖို့ မူလတန်းပညာရေးကို အဓိကရည်မှန်းချက် ၂ချက်ထားပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဆောင်ရွက်နေကြပါတယ်။

အဲဒီ ရည်မှန်းချက် ၂ ချက်ကတော့-

၁။ မိသားစု၊ မိမိပတ်ဝန်းကျင်နှင့် အလုပ်ခွင်တို့တွင် ရင်ဆိုင်ကြုံတွေ့ရသည့် ပြဿနာများကို စနစ်တကျ ရင်ဆိုင်ဖြေရှင်းပေးနိုင်မည့် စာပေတတ် မြောက်မှု (အရေး၊ အဖတ်၊ အတွက်နှင့် အခြေခံဝိဇ္ဇာ၊ သိပံ္ပပညာရပ်များ)နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသည့် ပြည်သူပြည်သားကောင်းများ မွေးထုတ်ပေးရန်။

၂။     စဉ်ဆက်လေ့လာ ပညာသင်ယူနိုင်ရေးအတွက် အခြေခံအုတ်မြစ် ချပေးရန်တို့ ဖြစ်ပါတယ်။

အထက်ပါ အရည်အသွေးတွေကို ပိုင်ဆိုင်ပြီဆိုလျှင် လူသားတစ်ဦးစီမှာ

(က)        လူနေမှု အဆင့်အတန်း ပိုမိုမြင့်မားလာစေရန် လက်ရှိ အခြေအနေမှန်များနှင့် လျော်ညီစွာ ကြိုးပမ်း အားထုတ်နိုင်စွမ်း ရှိစေခြင်း၊

(ခ)        အသိပညာနှင့် နားလည်သဘောပေါက်မှု မြင့်မားစေခြင်း

(ဂ)        စိတ်ဓာတ်နှင့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းစေခြင်း

၁။ စူးစမ်းလေ့လာလိုစိတ် ပွားများခြင်း

၂။ ကိုယ်ကျင့်တရားခိုင်မာမှုကို တန်ဖိုးထားခြင်း

၃။ အမြင်ကျယ်ခြင်းနှင့် ရှေ့ရေးကို ကြိုတင် မြော်မြင်တတ်ခြင်း၊

၎။ အစပျိုး တီထွင်ဆောင်ရွက်တတ်ခြင်း - (Initiative ability)

ဥပမာ - ဒေသတွင်း အခြားသူများ လူမှုစီးပွားဆုတ်ယုတ်နေချိန်တွင် သမားရိုးကျလမ်းဟောင်းမှ ဖည်ခွာ၍ သမ္မာအာဇီဝကျစွာ နည်းလမ်းသစ်များ ရှာကြံ စီးပွားရှာနိုင်ခြင်း၊

၅။ လိုအပ်လျှင် အလုပ်ကို ပြင်းပြင်းထန်ထန်လုပ်ရန် အစွမ်းရှိခြင်း၊

၆။ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဘုံရည်မှန်းချက်အတွက် ရပ်ရွာအကျိုး ဆောင်ရွက်နိုင်စွမ်းရှိခြင်းတို့ ဖြစ်ပါတယ်။

မူလတန်း ပညာရေးဆိုတာ စာသက်သက် သင်ဖို့မဟုတ်ပါ၊ စာပေတတ်မြောက်တာနှင့်အပြိုင် အထက်ရည်ညွှန်းပါ လူသားတိုင်းမှာ ပိုင်ဆိုင်ရ မယ့် အနိမ့်ဆုံးဉာဏ်ပညာ အရည်အသွေးတွေကို ပိုင်ဆိုင်သွားအောင် လေ့ကျင့်ခြင်းပါ။ အဲဒီတန်ဖိုးတွေ ဖြည့်ဆည်းနိုင်တာကြောင့် လူ့အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ မူလအစ မူလတန်းပညာရေးဆိုတာကို သိမြင်လာကြပြီး မြန်မာနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက မသင်မနေရဆိုပြီး ချမှတ် အကောင် အထည် ဖော်နေကြတာပါ။

အားလုံးပါဝင် အကောင်အထည်ဖော်ကြစို့

၁။ ကျွန်တော်တို့ ကျောင်းဆရာ၊ ဆရာမများ

အစဉ်အလာအားဖြင့် ကျေးလက်နှင့် ဆင်ခြေဖုံးမှာရှိတဲ့ မူလတန်း ကျောင်းတွေက ဆရာ၊ ဆရာမတွေဟာ ကလေးတွေကျောင်းမတက်ရင် နေမ ကောင်းလို့လား၊ ဘာအဆင်မပြေလို့လဲဆိုပြီး အိမ်တိုင်ရာရောက် လိုက်မေးတယ်၊ ဆွေးနွေးတယ်၊ မိဘတွေကို နှစ်သိမ့်တယ်၊ ကလေးထိန်းဖို့ဆိုရင် ကျောင်းခေါ်လာလို့ရတဲ့အရွယ်ဆို ခေါ်လာစေတယ်၊ အလုပ်ကူလုပ်ဖို့ (နွားကျောင်း၊ ကျွဲကျောင်း၊ ထမင်းပို့)၊ ဝင်ငွေ အဆင်မပြေလို့ ပိုက်ဆံရှာရတာတို့ ကျတော့လည်း ဆရာ၊ ဆရာမတို့ မတတ်နိုင်ခဲ့ပါ။ ရွာတွေမှာတော့ အဲဒီကလေးတွေကို ညဘက်အိမ်ခေါ်ပြီး သင်ပေးတယ် (ငွေပေးရတဲ့ ကျူရှင်မျိုး လုံးဝ မဟုတ်ပါ)။ ရွာပြင်လယ်တဲနေသူအတွက်တော့ မတတ်နိုင်ရှာခဲ့ပါ။ ကျောင်းဆရာဆိုတာ မိမိကျောင်းသားတွေကို ပညာမျက်စိ ဖွင့်ပေးရေးမှာသာ တာဝန် ရှိတာမဟုတ်ပါ။ ကျောင်းတည်ရှိရာ ၀န်းကျင်မှာရှိတဲ့ လူ့အဖွဲ့အစည်း ဉာဏ်ပညာ ထွန်းတောက်ရေးကိုပါ ဆောင်ရွက်ပေးရမှာမို့ မိဘများ၏ ပညာရေး အမြင်ကျယ်အောင်လည်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ရပ်မိရပ်ဖ၊ ကျေးရွာ အာဏာပိုင်တွေနဲ့ ပူးပေါင်း အသိဉာဏ် ဖွင့်ပေးနိုင်ပါမှသာ ပညာရေး ယိုပေါက်ကို ပိတ်နိုင်မှာ။

၂။ ကျောင်းအကျိုးတော်ဆောင် အဖွဲ့

ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဆိုတာ “မိဘဆရာပူးပေါင်း ကလေးပညာကောင်း” ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်နေကြသူတွေပါ။ ကျောင်းမှာလိုအပ်တဲ့ သင်ထောက်ကူပစ္စည်း၊ သောက်ရေ၊ အဆောက်အဦ၊ လမ်းတွေတိုးဖို့ ပြင်ဖို့သာ အစဉ်အလာ အားဖြင့် ဆောင်ရွက်ခဲ့ပါတယ်။ အဓိကအလုပ်က ကလေးတွေရဲ့ ပညာရေးကောင်းဖို့ ဝိုင်းဝန်းကူညီရမှာပါ။ အဲဒါကို သတိပြုပြီး ကိုယ့်ကျောင်းက ကျောင်းသားတွေ ကျောင်းထွက်တဲ့ ယိုပေါက်ကိုလည်းကို ဂရုပြုရပါလိမ့်မယ်။ ပညာရေး ခြံစည်းရိုးရဲ့ အပေါက်ကို ပိတ်နိုင်စွမ်းရှိရပါလိမ့်မယ်။ ပြီးတော့ ကလေးတွေ မဖြစ်မနေ ကျောင်းပြန်တက်နိုင်အောင် မိဘတွေနဲ့ဆွေးနွေး၊ နှစ်သိမ့်၊ အကြံပြု၊ လိုတာကူညီ ဖြည့်ဆည်းပေးပြီး ကျောင်းကို မရောက်ရောက် အောင် ပြန်ပို့တဲ့အလုပ်ကိုလည်း လုပ်သင့်ပါတယ်။ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်တွေဟာ ရပ်ရွာအပေါ်မှာ စေတနာ အလွန်ကြီးမားကြသူတွေပါ။ လူမှုရေး ဆောင်ရွက်တတ်ပြီး ရပ်ရွာအပေါ်မှာ သြဇာတိက္ကမကြီးသူများမို့ ပညာရေးယိုပေါက်ကို ပိတ်နိုင်ကြပါတယ်။ ကလေးပညာကောင်းဖို့ တို့တာဝန် ဆိုတာရယ်၊ ကလေးတစ်ယောက် ကျောင်းထွက်တာဟာ တို့ရပ်၊ တို့ရွာမှာ ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်စေတာမို့ တို့ရပ်၊ တို့ရွာ ဖွံ့ဖြိုးစေရန် ကလေးအားလုံး ကျောင်းတက်ကာ မူလတန်းပြီးဖို့  လိုပါတယ်ဆိုတဲ့ သတိအမြဲချပ်ပြီး ဆောင်ရွက်နေရပါမယ်။

၃။ ရပ်မိ၊ ရပ်ဖများ

တိုင်းပြည် ဆင်းရဲနွမ်းပါးမှုရဲ့ တရားခံဟာ ရုပ်ဝတ္ထု ရှားပါးခြင်းမဟုတ်ပါ။ ပြည်သူတွေရဲ့ အသိဉာဏ်ပညာ ဆင်းရဲမွဲတေမှုပါ။ ဆင်းရဲမှု သံသရာ ကို ယနေ့ ကလေးငယ်တွေဆီကနေ သူတို့ရဲ့ နောက်မျိုးဆက်ဆီမရောက်အောင် အပြီးတိုင် အမြစ်ဖြတ်ရပါလိမ့်မယ်။ ဖြတ်ဖို့နည်းကတော့ သူတို့တစ်တွေ မူလတန်းပညာ ဆုံးခန်းတိုင်အောင် အနည်းဆုံး သင်ကြားပေးရဖို့ပါပဲ။ ရှေးရိုးစွဲ ကျောင်းအပ်ပြီးရင် ပြီးရော၊ ကျောင်းရောက်ရင် စာတတ်ဖို့က ဆရာ ဆရာမတွေတာဝန်၊ မိဘနဲ့မဆိုင်၊ ရပ်ရွာနဲ့မဆိုင်၊ ကျေးရွာ၊ ရပ်ကွက်အာဏာပိုင်တွေနဲ့ မဆိုင်ဆိုတဲ့ အစွဲပျောက်ဖို့ပါ။

ပြီးတော့ တို့ရပ်၊ တို့ရွာ ဖွံ့ဖြိုးရေးဟာ ကလေးတွေရဲ့ ပညာဉာဏ်မြင့်မားမှု တစ်နည်းအားဖြင့် အခြေခံပညာမူလတန်း  ပြီးမြောက်မှုပေါ် မူတည် နေတယ် ဆိုတာပါပဲ။ တစ်ယောက်၊ နှစ်ယောက် တတ်ရုံနှင့် မပြီးသေးပါ၊ တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံးမှသည် တစ်နိုင်ငံလုံး မူလတန်းပညာရေးပြီးမှ ဖြစ်မှာမို့ပါ။ ဒါ့ကြောင့် တို့ဝိုင်းကူရမယ်ဆိုတဲ့ သဘောထားက ရပ်မိရပ်ဖတွေ ကျေးရွာ ရပ်ကွက် အာဏာပိုင်အဖွဲ့အစည်း အားလုံးမှာ ရှိဖို့ လိုပါတယ်။

မိတ်္ထီလာနားက တပည့်တစ်ဦး ရှင်ပြုပွဲအတွက် အနီးဆုံးမြို့က ဆိုင်းငှားရင် ၂ သိန်းခွဲလောက်သာ ကုန်မှာပါ၊ ဒါပေမဲ့ ရပ်ရွာ (တစ်ရွာလုံးက သူ့အမျိုးတွေ) က မန္တလေးက ဆိုင်းမှဆိုင်းဆိုတော့ ကြိုပို့တာအပါအဝင် ၁၇ သိန်းကုန်ပါတယ်၊ မဏ္ဍပ်နဲ့ ပြင်ဆင်စရိတ် ၈ သိန်း ပေါင်းလိုက်တော့ ၂၅ သိန်းပါတဲ့၊ ၂၅ သိန်း ရေထဲကျသလိုပါပဲ။ ပန်ကြားချင်တာကတော့ မိမိရပ်ရွာမှာ လှူတဲ့တန်းတဲ့နေရာမှာ ဆိုင်း၊ မဏ္ဍပ် စတဲ့ ပကာသနတွေအတွက်  ကုန် ကျမယ့် ခုနလို ၂၅ သိန်းမျိုးကို ကျောင်းမနေနိုင်တဲ့ ရွာကလေးတွေ ကျောင်းနေနိုင်အောင် ဝိုင်းဝန်းပံ့ပိုးတဲ့နေရာမျိုးမှာ ပညာဒါနအဖြစ် လှူဒါန်းကြဖို့ ရပ်မိ ရပ်ဖများက ဝိုင်းဝန်း တိုက်တွန်းပေးစေချင်ပါတယ်။

၎။ NGO အဖွဲ့များ

မြန်မာ့ပညာရေး ကောင်းမွန်ဖို့ ပြည်တွင်း အင်န်ဂျီအိုအဖွဲ့ပေါင်းစုံက မိမိတို့နိုင်သမျှ အားနဲ့ဟောကြ၊ ပြောကြ၊ ဆော်သြကြပြီး မျိုးစုံဝိုင်းဝန်း ထောက်ပံ့ကြပါတယ်။ ကျောင်းအဆောက်အဦ၊ သင်ထောက်ကူပစ္စည်း၊ စာရေးကိရိယာအစုံပါ။ တချို့ဆို ရန်ပုံငွေအဖွဲ့ထောင်ပြီး ရေရှည်ဖြစ်ဖို့ ကြိုးပမ်း နေပါတယ်၊ ဘုန်းတော်ကြီးနှင့် သီလရှင် မူလတန်းကျောင်းတွေအတွက်ဆိုရင် ဆရာ/မ လစာတွေပါ ဝိုင်းဝန်း ထောက်ပံ့ပေးပါတယ်။ ကျောင်းသားတစ်ဦး ချင်း တစ်နှစ်စာ ထောက်ပံ့တာလည်း ရှိပါတယ်၊ အစုံစုံပါ၊ ဘုန်းတော်ကြီး၊ သီလရှင်တွေ ဦးစီးတဲ့ မူလတန်းကျောင်းတွေဆိုရင် ကျောင်းသားတွေကို အစား အစာပါ ကြိုးစားပြီးကျွေးပါတယ်၊ အားရစရာပါ၊ အင်န်ဂျီအိုအဖွဲ့မျိုးစုံက ထောက်ပံ့ကူညီတဲ့အထဲမှာ ကျောင်းအပ်ပြီး ကျောင်းထွက်သွား၊ အလုပ်လိုက် လုပ်နေသူ မိဘကူနေသူ စတဲ့ “ပညာရေးယိုပေါက်” ကနေ စာသင်ကျောင်းအပြင် ရောက်နေသူတွေ အားလုံးကို ကျောင်းဆရာများ၊ မိဘများ၊ ကျောင်း အကျိုးတော်ဆောင်၊ ရပ်မိရပ်ဖ၊ ကျေးရွာအာဏာပိုင်၊ ဆရာတော်၊ သံဃာတော်၊ သီလရှင်ဆရာကြီး၊ ဆရာလေးတို့နှင့် ပူးပေါင်းညှိနှိုင်း ကူညီဖြည့်ဆည်း ပေးပြီး ကျောင်းအတွင်း ပြန်လည်ရောက်ရှိကာ ကျောင်းမြဲတဲ့ ကလေးတွေ ဖြစ်အောင် ကူညီပံ့ပိုးပေးဖို့ကိုလည်း မေတ္တာရပ်ခံလိုပါတယ်။

၅။ မီဒီယာ သမားများ၊ စာရေးဆရာများ၊ အနုပညာရှင်များ

မီဒီယာသမားများသည် လူထု၏ အသိဉာဏ်ပွင့်လင်းရေးကို ရှုထောင့်မျိုးစုံမှ တာဝန်ယူနေကြသူများပါ။ ယနေ့ မြန်မာ့လူ့ဘောင်ဖွံ့ဖြိုးဖို့၊ တိုးတက်ဖို့ရေးသားချက်၊ ထုတ်လွှင့်ချက်တွေအားလုံးဟာ လှည်းနေလှေအောင်း မြင်းဇောင်းမှာရှိတဲ့လူတွေဆီ ရောက်ရမှာပါ။ ဒါပေမဲ့ မနက်စာ၊ ညစာ အတွက် လက်လှုပ်မှ ပါးစပ်လှုပ်နိုင်တဲ့ “ဘဝသမား” တွေဆီကို ယနေ့ထုတ်နေတဲ့           “အသိဉာဏ်ပွင့်လင်းရေး” သတင်းစာ၊ ပညာပေးဂျာနယ်၊ မဂ္ဂဇင်း တွေ မရောက်ပါ။ ဟိုဝေးလံတဲ့အရပ်တွေ မပြောပါနှင့်၊ ရန်ကုန်မြို့အစွန်က ရွှေပြည်သာ၊ လှိုင်သာယာတို့ပဲ ဆင်းလေ့လာရင်တောင် ဒီစာတွေ မဖတ်ကြ တာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ ဝယ်ဖတ်နိုင်စွမ်းလည်း မရှိပါ။ “မသုံးလုံး”ပညာရေး ပြီးအောင်သင်ခဲ့ရင် သူတို့ကလေးတွေရမယ့် ကောင်းကျိုးနဲ့ မသင်ခဲ့ရရင် တွေ့ကြုံရမယ့် ဆိုးကျိုးတွေလည်း သူတို့မသိပါ။ အဲဒါထက် သူတို့ကလေးတွေရဲ့ ဝမ်းတစ်ထွာပြည့်ရေးက အရေးကြီးနေပါတယ်၊ သူတို့မှာ ဆရာကြီးမြို့မငြိမ်းရဲ့ “ကမ္ဘာကြည့် ကြည့်မြင်” နိုင်ဖို့နေနေသာသာ “ရွာကြည့် ကြည့်မြင်” နိုင်အောင်တောင် မနည်းကြိုးပမ်းရပါတယ်။ မိသားစုစားဝတ် နေရေးက ခက်ခဲတာကိုး။ စာရေးဆရာများနှင့် မီဒီယာသမားများအနေဖြင့် ဘဝမှာ ဓနရော၊ အသိရော ချို့တဲ့မိဘတွေကို မူလတန်းပညာရေးရဲ့ အနှစ် သာရကိုသိပြီး သားသမီးတွေကို ကျောင်းထားနိုင်အောင် ကျေးရွာ၊ ရပ်ကွက်တွေအထိဆင်းပြီး ရပ်မိရပ်ဖ၊ ကျေးရွာဆရာတော်များ၊ ကျေးရွာအာဏာ ပိုင်များနှင့် တိုင်ပင်ကာ ဟောပြောပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဇာတ်သဘင်၊ ရုပ်ရှင်၊ ဂီတအနုပညာရှင်များအနေဖြင့်လည်း ဆရာကြီး ဦးသုခ ရဲ့ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” လို “အ” သုံးလုံးပညာပေးရုပ်ရှင်လိုမျိုး “မ သုံးလုံး ပညာရေး” အောင်မြင်ရေးအတွက် လှုံ့ဆော်ရေး ဇာတ်ကား၊ ဇာတ်လမ်း၊ သီချင်းတွေ ပြည်သူတွေဆီရောက်မယ့် မီဒီယာအမျိုးမျိုးကနေတစ်ဆင့် ထုတ်လွှင့်ပေးနိုင်အောင်လည်း ဝိုင်းဝန်း ကြိုးပမ်းပေးကြပါလို့ မေတ္တာ ရပ်ခံလိုပါတယ်။

၆။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ

လွှတ်တော်အသီးသီး (ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်) ကို တက်ရောက်ရန် ပြည်သူက ရွေးချယ်ပေးလိုက်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို အထူးပန်ကြားလိုပါတယ်။ မိမိအရပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထင်သာမြင်သာတဲ့ လမ်း၊ တံတား၊ ကျောင်း၊ ဆည်မြောင်း၊ ဆေးပေးခန်းစတဲ့ အခြေခံအဆောက်အအုံတွေ ပြည့်အောင် စွမ်းဆောင်ပေးနေတာတွေ့ရလို့ ဝမ်းသာပါတယ်။ အဲဒါတွေကို ထိန်းသိမ်းနိုင်စွမ်းရှိပြီး မိမိရပ်ရွာဒေသကို ပိုမိုဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကိုလည်း ဖွံ့ဖြိုးပြီး ပွားများစည်ပင် အောင် အားကြိုးမာန်တက် ဆောင်ရွက်ပေးကြပါ။ စွမ်းအားမြင့် ပြည်သူတွေပေါမှ လူကြီးမင်းတို့ဆောင်ရွက်နေတဲ့ နိုင်ငံဖွံ့ဖြိုးမှုအရှိန်နှုန်းလည်း မြင့်တက် လာမှာမို့ပါ။ ထိုသို့ဆောင်ရွက်ရာမှာ အခြေခံပညာကျောင်းတွေမှာ ကျောင်းမြဲနှုန်းမြင့်မားအောင် ပညာရေးယိုပေါက်တွေကို ဝိုင်းပိတ်ခြင်းက အဓိကလို့ ထင်ပါတယ်။ သို့ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိဘ၊ ဆရာ၊ ကျောင်း အကျိုးတော်ဆောင်အဖွဲ့များ၊ ဆရာတော်သံဃာတော်များ၊ အင်န်ဂျီအိုအဖွဲ့များ၊ မီဒီယာသမားများနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ၊ ရပ်ကွက်အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ပြီး လူသားအရင်း အမြစ် ညံ့သွားစေမယ့် အခြေခံပညာရေး ယိုပေါက်ကိုပိတ်ပြီး ကျောင်းမြဲနှုန်းမြင့်မားပြီး ဉာဏ်ပညာမြင့်မားသူ ပွားများလာအောင် မိမိတို့ရပ်ရွာ၊ ဒေသ တွေမှာ စွမ်းဆောင်ပေးကြပါရန် မေတ္တာရပ်ခံလိုပါတယ်။

အားလုံးကို ခြုံပြောရလျင် နိုင်ငံတော်ကမျှော်မှန်းတဲ့ “မသင်မနေရ မူလတန်းပညာရေး” (“မ” သုံးလုံးပညာရေး) ဟာ “စ” (ကျောင်းအပ်နှံခြင်း) “လယ်” (ကျောင်းမှန်မှန်တက်ကာ ကျောင်းမြဲနှုန်း မြင့်မားခြင်း) “အဆုံး” (စာပေတတ်မြောက်ကာ လူသားရဲ့ အခြေခံစွမ်းရည်ပိုင်ဆိုင်သူများ လေ့ကျင့်မွေး ထုတ်ခြင်း) ဆိုတဲ့ သုံးပါးစလုံးကောင်းမွန်ဖို့တော့ ပြည်သူ့အားနဲ့ ဝိုင်းဝန်းအကောင်အထည်ဖော်မှ အောင်မြင်မှာပါ။ ကျောင်းအပ်ပြီးရင် ပြီးရောဆိုတဲ့ ခေတ်ဟောင်းအမြင်ကို ကျွန်တော်တို့အားလုံး ပစ်ပယ်ရပါလိမ့်မယ်။ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းမြဲပြီး အခြေခံပညာမူလတန်း ပြီးမြောက်နှုန်း မြင့်မားစေရန် ဆက်လက် ဝိုင်းဝန်းပံ့ပိုးမှုတွေ လုပ်ရပါမယ်။ ဒါမှသာ သူတို့မိဘတွေရဲ့ “ရွာကြည့် ကြည့်မြင်” ဘဝထက်သာတဲ့ “ခေတ်မီ ကမ္ဘာကြည့် ကြည့်မြင်” နိုင်စွမ်းရှိတဲ့ မျိုးဆက်သစ်တွေဘဝ ရောက်ကြကာ ဆင်းရဲနွမ်းပါးမှုသံသရာ (အသိဉာဏ်အပါအဝင်) ကို သူတို့တစ်တွေရဲ့ နောက်မျိုးဆက်ထိ မရောက်အောင် အမြစ်ဖြတ် သုတ်သင်နိုင်မှာ။

*****************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၁၄.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြေအခွန်နှင့်ပတ်သက်၍ ဥပဒေ(၁၇)ခု ရေးဆွဲပြင်ဆင်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အမေရိကန်-အာဆီယံ စီးပွားရေးညီလာခံ၌ ကလင်တန်နှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံ
  1. ဇူလိုင်လအတွင်း ပြည်ထောင်စုဝန်ကြီးငါးဦး အပြောင်းအလဲဖြစ်ဖွယ်ရှိ
  2. မြန်မာနိုင်ငံအုပ်ချုပ်ရေးကဏ္ဍတွင် စစ်တပ်ပါဝင်တော့မည်မပာုတ်ကြောင်း သမ္မတပြောကြား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

မြေအခွန်နှင့်ပတ်သက်၍ ဥပဒေ(၁၇)ခု ရေးဆွဲပြင်ဆင်မည်

လက်ရှိ မြန်မာနိုင်ငံအတွင်း မြေ၊ အခွန်ဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေ(၁၇)ခုအား သက်ဆိုင်ရာတာဝန်ရှိသူများက လေ့လာ သုံးသပ်၍ ခေတ်နှင့်အညီ ပြန်လည်ပြင်ရေးဆွဲတင်ပြနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြေ၊ အခွန်ဆိုင်ရာ ကိစ္စတွေနဲ့ပတ်သတ်ပြီး ဥပဒေတွေ ပြင်ဆင်ရေးဆွဲနိုင်ဖို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ နယ်ပယ်ကလူတွေနဲ့ မြေယာခွဲဝေအသုံးချမှုစိစစ်ရေးကော်မတီဆိုပြီး ဖွဲ့စည်း ထားပါတယ်။ ဒီပုဂ္ဂိုလ်တွေနဲ့ မြေအခွန်ဥပဒေတွေကို ခေတ်နဲ့အညီပြန် ပြင်ဆင်ဆောင်ရွက်နိုင်ဖို့အတွက် ရေးဆွဲသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ခေတ်နှင့်လျော်ညီမှုရှိစေရန် ပြန်လည်ပြင်ဆင်ရေးဆွဲရမည့် ဥပဒေ(၁၇)မှာ ၁၈၇၆ ခုနှစ် ပြဋ္ဌာန်းခဲ့သည့် မြေနှင့် အခွန်ဥပဒေနှင့် နည်းဥပဒေ များ၊ ၁၈၈၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်းဥပဒေနှင့် နည်းဥပဒေများ၊ ၁၈၉၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အောက် မြန်မာနိုင်ငံမြို့နှင့် မြေသိမ်းအက်ဥပဒေနှင့် နည်းဥပဒေများ၊ ၁၉၉၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများဥပဒေ၊ ၁၉၀၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများနည်းဥပဒေများ၊ ၁၈၉၀ တွင် ပြဋ္ဌာန်းခဲ့သည့် အခွန်တော်ကောက်ခံမှုဥပဒေ၊ ၁၉၂၂ တွင် ပြဋ္ဌာန်းခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဘုတ်အဖွဲ့မြေယာနည်းဥပဒေများ၊ ၁၈၈၀ တွင် ပြဋ္ဌာန်းခဲ့သည့် ခရိုင်ခိုင်ကြေးဥပဒေ၊ ၁၉၅၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်ပြည်သူ့အိုးအိမ်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ဥပဒေ၊ ၁၉၂၀ တွင် ပြဋ္ဌာန်းခဲ့သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြေယာဌာနမှ ကျင့်သုံးဆောင်ရွက်နေသော ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊ နေပြည်တော်စည်ပင်သာယာရေးဥပဒေ၊ ရန်ကုန်မြို့ကို စည်ပင်သာယာ တိုးတက်ဖြစ်ထွန်းအောင် စီမံရန် ယုံမှတ်အပ်နှံခြင်းအက်ဥပဒေ၊  ၁၉၅၁ တွင် ပြဋ္ဌာန်းခဲ့သည့် ရှမ်းပြည်နယ် မြေကာကွယ် ပြုစုရေးအက်ဥပဒေ၊ ၁၉၈၇ တွင် ပြဋ္ဌာန်းခဲ့သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ၊ ၁၉၉၂ တွင် ပြဋ္ဌာန်းခဲ့သည့် သစ်တောဥပဒေ၊ ၁၉၉၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် သစ်တောနည်းဥပဒေနှင့် ၁၉၉၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များနှင့် မြေစာရင်းလက်စွဲဥပဒေတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယင်းကဲ့သို့ ခေတ်နှင့်လျော်ညီမှုမရှိတော့သည့် ဥပဒေများကြောင့် လယ်ယာမြေသိမ်းဆည်းမှုများ၊ မြေကွက်ပြန်လည် ရယူမှု များကို ပြည်သူများခံစားရလျက်ရှိပြီး တောင်သူများမှာလည်း လယ်ယာမြေသိမ်းဆည်းမှုများကြောင့် အခက်အခဲအကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိ ကြောင်း သိရသည်။

Ref:Bi Weekly Eleven

*************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

အမေရိကန်-အာဆီယံ စီးပွားရေးညီလာခံ၌ ကလင်တန်နှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံ

ဇူလိုင်လ ၁၃ ရက်နေ့ နေ့လည်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရီယမ်ရိပ်မြို&