Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2010.googlegroups.com

Burma Polls 2010 Sans Suu Kyi!

၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဘေးဖယ်ထားမည်လော!

တပ်မတော်အစိုးရက အဆိုပြုထားသော ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည် နှင့်အခြားနိုင်ငံရေးခေါင်းဆောင်များကို ပါဝင်ခွင့်မပေးဘဲ ထိန်းသိမ်းထားခဲ့လျှင် အဓိပ္ပါယ်ကောရှိပါသေးရဲ့ လား! ဟု ဆောင်းပါးရှင်က မေးခွန်းထုတ်လိုက်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူ ပြည်ပရောက်မြန်မာများ သာမက ထင်ရှားသော နိုင်ငံတကာလူ့အခွင့်အရေးအုပ်စုကြီးများက လက်ရှိအစိုးရသည်ဒေါ်အောင်ဆန်းစုကြည် ကို ဘေးဖယ်ထားပါက နိုင်ငံတွင်း တိုးတက်ကောင်းမွန်သောပြောင်းလဲမှုများ ဖော်ဆောင်ရန်အလွန်ခက်ခဲ လိမ့်မည်ဖြစ်ကြောင်း ပြောဆိုထားပါသည်။

ကန္ဒီဂျာယမ်တီ နေ့ထူးနေ့မြတ်တွင် များပြားလှစွာသော ဒီမိုကရေစီဘက်တော်သား အိန္ဒိယလူမျိုးများ နှင့် ပြည်ပရောက် မြန်မာဒီမိုကရေစီအဖွဲ့များသည် ထက်မြက်စူးရှသည့် အယူအဆများဖြစ်သည့် “စုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ပါဝင်ခွင့်ရရန် အချိန်မီလွှတ်မပေးပါက လာမည့် ၂၀၁၀ရွေးကောက်ပွဲသည် အဓိပ္ပါယ်ကင်းမဲ့နေပေလိမ့်မည်။ ၎င်းရွေးကောက်ပွဲသည် လက်ရှိတပ်မတော်ခေါင်းဆောင်များအာဏာကို ဆက်လက်ချုပ်ကိုင်ရန်ခင်းပေးသောလမ်းသာဖြစ်လိမ့်မည်” အစရှိသောအချက်များကို ကိုင်စွဲရန်ထွက်ပေါ်လာခဲ့ ကြသည်။

အောက်တိုဘာ၂ရက်နေ့က နယူးဒေလီတွင် အိန္ဒိယနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၅၀ကျော်ကို ကိုယ်စားပြုသည့် ဘားမားစင်တာဒေလီက အိန္ဒိယနိုင်ငံလုံးဆိုင်ရာကွန်ဂရက်ကော်မတီဥက္ကဌ ဆိုနီယာဂန္ဒီထံ အယူခံလွှာတင်သွင်းခဲ့ကြပြီး ၎င်းစာထဲတွင် “ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား၂၁၀၀ကျော်ကို လွှတ်မပေးပါက မည်သူမဆို ပါဝင်နိုင်သော နိုင်ငံရေးဖြစ်တည်မှုလမ်းစဉ်တစ်ခု ပိုလာမည်မဟုတ်သလို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲလည်း မဖြစ်နိုင်ကြောင်း၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေးစံနှုန်းဆိုင်ရာ ချိုးဖောက်မှုများလည်း ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြထားသည်။

၎င်းစာတွင် ဆက်လက်၍ ၂၀၁၀ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ စည်းမျဉ်းစည်းကမ်း များကို ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီအောင် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ စောင့်ကြည့်လေ့လာရေးနှင့် ပါဝင်ပတ်သက်ခွင့်ပြုရေးတို့ကို ဖော်ဆောင်မည်မဟုတ်ဘဲ တပ်မတော်အစိုးရအာဏာ ဆက်လက်ချုပ်ကိုင်ထားနိုင်ရေးကိုသာ ဖော်ဆောင်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါဒီမိုကရေစီအဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီဆိုင်ရာ စံနှုန်းများ ဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး စသောအချက်များ ထောက်ခံတောင်းဆိုခဲ့ကြသည်။

ယနေ့ ၂၀၀၉ ခုနှစ် အောက်တိုဘာ(၂)ရက်သည် နိုင်ငံတကာအကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပြီး မဟတ္တမဂန္ဒီကြီး၏ အကြိမ်၁၄၀မြောက် မွေးနေ့ဖြစ်ပါသဖြင့် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်လည်းဖြစ်ပါကြောင်း၊ သင်၏သနားကြင်နာသော အလေးဂရုထားမှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား အမှတ်ရစေခြင်းအလို့ငှာ ယခုကောင်းချီးမင်္ဂလာများကို ကျွန်ုပ်တို့ဆောင်ကြည်းခဲ့ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခြင်း ခံရသော ငြိမ်းချမ်းရေးနိုဗယ်ဆု အပါအ၀င် အခြားသောနိုင်ငံတကာမှ ဆုများအကြောင်းကို ၎င်းစာထဲတွင် ရေးသားဖော်ပြထားပါသည်။

၁၉၉၀ ရွေးကောက်ပွဲကာလကတည်းကပင် တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအစိုးရပေါ်ထွန်းရေးစသည့် အချက်များကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သော မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူများသည် ထောင်သွင်းအကျဉ်းချခြင်း၊ ခြိမ်းခြောက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့်အသက်ဆုံးရှုံးခြင်း များကို ခံစားခဲ့ကြရသည်။ လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ကျော်ကို ဖမ်းဆီးထားပြီး ၎င်းတို့အနက် အများစုမှာ နှစ်ပေါင်းများစွာ ထောင်ဒဏ်ကျခံနေရပြီး အချို့မှာ ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ထောင်ဒဏ်၁၀၆နှစ်ခန့် ချမှတ်ခံရသူများဖြစ်သည်။

“မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ စစ်မှန်သော ဒီမိုကရေစီခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြောင်း၊သူမနှင့် သူမ၏ NLD ပါတီတို့သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင် ရရှိခဲ့သော်လည်း တိုင်းပြည်ကို အုပ်ချုပ်ခွင့်မရခဲ့ကြောင်း၊ တပ်မတော်အစိုးရသည် ပြည်သူလူထု၏ ရပိုင်ခွင့် များကို ကြိတ်ခြေပစ်ခဲ့ပြီး သူမအား ၁၄နှစ်နေအိမ်တွင် အကျယ်ချုပ်ချထားခဲ့ခြင်းဖြစ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

၁၉၈၈ခုနှစ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆန္ဒပြလှုပ်ရှားမှုများဖြစ်ပွားခဲ့စဉ်ကပင်ထိုစဉ်က အိန္ဒိယ ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီက ထောက်ခံအားပေးခဲ့ပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူများကိုလည်း လက်ခံ ကာကွယ်ခဲ့ ကြောင်းနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးကပင်လျှင် ဒီမိုကရေစီဝါဒီများ အိန္ဒိယသို့ ထွက်ပြေးလွတ်မြောက်နိုင်ရန် ငွေကြေးကူညီပံ့ပိုးခဲ့ကြောင်း နယူးဒေလီအခြေစိုက်ပြည်ပရောက် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှု အဖွဲ့သား တစ်ဦးက သတိတရပြန်လည်ပြောပြခဲ့သည်။

အထက်ဖော်ပြပါ အယူခံစာလွှာကို နိုင်ငံတကာ NGO နှင့် Advocacy အဖွဲ့အစည်းပေါင်း ၅၈ဖွဲ့က ထောက်ခံလက်မှတ်ထိုးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မြန်မာ နိုင်ငံတွင် ဒီမိုကရေစီဖြစ်ပေါ်ထွန်းကားရေးစသော ကိစ္စရပ်များတွင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားရန် နယူးဒေလီကို တိုက်တွန်းထားသည်။

ယခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသော တရားရုံးဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင် တရားမျှတမှုပျောက်ဆုံးနေခြင်းကို ညွှန်ပြရုံသာမကဘဲ ၂၀၁၀ ရွေးကောက်ပွဲတွင် သူမပါဝင်နိုင် ခြင်းမရှိစေရန် တားမြစ်ထားသော တပ်မတော်အစိုးရ၏ ကြိုးပမ်းမှုပင်ဖြစ်ကြောင်း နယူးဒေလီအခြေစိုက် ဘားမားစင်တာဒေလီမှ ဒေါက်တာ အလာနာဂိုလ်မီးက ပြောကြားခဲ့ပါသည်။

သူမကဆက်လက်၍ ယခုကိစ္စသည် မြန်မာနိုင်ငံတွင်း အမျိုးသားရင်ကြားစေ့ရေး ဖြစ်တည်မှုလမ်းစဉ် တွင် တားဆီးပိတ်ဆို့မှုတစ်ခုဖြစ်ပြီး နိုင်ငံတကာ၏ သဘောထားကို လျစ်လျူရှုကာ ဒီမိုကရေစီဝါဒကို ဖိနှိပ်သော ၎င်းတို့၏ စိတ်ရင်းကိုပြသခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတွင်းစစ်ဖက်အုပ်ချုပ်ရေးကို အမြစ်တွယ်စေမည့် အတုအယောင် အခြေခံဥပဒေနှင့် အယောင်ဆောင်ရွေးကောက်ပွဲကို ထောက်ခံခြင်းမပြုရန် အိန္ဒိယအစိုးရအား အလေးအနက်တိုက်တွန်းအပ်ပါကြောင်း စသဖြင့် ပြောကြားကာ သူမ၏ စကားကို အဆုံးသတ်ခဲ့ပါသည်။

Source: http://eaglecentre.blogspot.com/

အစိုးရမဟုတ်သောအဖွဲ့အစည်းများရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြတာနဲ့ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးကနေ ပြောဆိုတင်ပြကြတာတွေကို စုစည်းထားခြင်းဖြစ်ပါတယ်။ လူထုစိန်ဝင်းရေးတဲ့ အတ္တပရဟိတလုပ်ငန်း၊ အဲဒါကို ပြန်ပြောထားတဲ့ ကိုအောင်သူငြိမ်းရဲ့ counter perspective နဲ့ ခေတ်ပြိုင်မှာ ဖော်ပြထားတဲ့ အင်ဂျီအိုဆိုတဲ့ အစိုးမရ တို့ကို ဖော်ပြခြင်းဖြစ်ပါတယ်။



အတ္တပရဟိတလုပ်ငန်း

လူထုစိန်ဝင်း

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းလို့ခေါ်ကြတဲ့ “အင်ဂျီအို” တွေ “အိုင်အင် ဂျီအို” တွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းလို့ဆိုတဲ့ အဖွဲ့တွေအကြောင်း မ ကြာခဏဆိုသလို ရေးခဲ့ပါတယ်။ အခုတလောတော့ ခပ်စိပ်စိပ်ကလေး ကို ရေးဖြစ်ပါတယ်။ အင်တာဗျူးတွေလည်း ဖြေခဲ့ပြောခဲ့ပါတယ်။ အ ကြောင်းမသိသူတချို့က ဘာကြောင့် ဒါလောက်မျက် မုန်းကျိုးနေတာ လဲလို့ မေးကြပါတယ်။ “မြန်မာတွေ မျောက်ဖြစ်ကုန်မှာစိုးလို့” လို့ပဲ လို တိုရှင်းဖြေလေ့ရှိပါတယ်။

အတုမြင် အတတ်သင်မှာစိုး

ဟုတ်ပါတယ်ခင်ဗျ။ မျောက်ပြဆန်တောင်းသူတွေကြောင့် ကျနော်တို့ လူမျိုး မသိမသာနဲ့ မျောက်ဖြစ်နေကြတာတော့ အတော်လေးကြာနေ ပါပြီ။ ဒါပေမယ့် ဘာမှမပြောခဲ့ပါဘူး။ အခုတော့ ကျနော်တို့ မြန်မာလူမျိုးတွေ ကိုယ်တိုင်က ကိုယ့်လူမျိုးကို မျောက်အဖြစ်လက်ညှိုးထိုးပြပြီး မျောက်ပြဆန်တောင်းသူ ဖြစ်လာကြတာမျိုးတွေ တနေ့တခြား များသထက် များလာနေတာကြောင့် ခပ်စိပ်စိပ်လေး ပြောနေရေးနေရတာဖြစ်တယ်။ စေတနာရှင်းသန့်တဲ့ လူငယ်လေးတွေ “အတုမြင် အတတ်သင်” ဖြစ်ကုန်ကြမှာစိုးလို့ပါ။ တနှစ်ကို တကြိမ်လောက်၊ နှစ်ကြိမ်လောက် သတိပေး ရေး သားနေရင်းကတောင် တန့်သွားမယ့်အစား ပိုပိုပြီး ကျယ်ပြန့်လာတာကြောင့် ခုလို ခပ်စိပ်စိပ် ပြောရရေးရတာ ဖြစ်တယ်။

ဘယ်သူ့မှ အားမကိုးနဲ့

ဘယ်ထိ အခြေအနေဆိုးတယ်ဆိုတာ ပြောပြပါမယ်။ မှတ်မှတ်ရရပြောရရင် ဒီလိုအဖွဲ့အစည်းတွေ အကြောင်းစ ပြီး ဝေဖန်ရေးသားခဲ့တာ ပထမအကြိမ်က ကုလသမဂ္ဂနဲ့ပတ်သက်တာဖြစ်ပြီး နောက်တကြိမ်ကတော့ အိုင်အင် ဂျီအိုတခုနဲ့ ပတ်သက်တာဖြစ်တယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က “ဂမ်ဘာရီ” ဆိုတဲ့ ပုဂ္ဂိုလ်ကြီး မြန်မာ့နိုင် ငံရေးကိစ္စ ကြားဝင် ဖြေရှင်းဖို့ မြန်မာနိုင်ငံကို လာမယ်ဆိုတုန်းက ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသူတွေနဲ့ နိုင်ငံရေးဂုရုတွေ၊ နိုင်ငံရေးပါတီကြီးတွေက ဂမ်ဘာရီလာမှာကိုပဲ သိကြားမင်းကြီး ဆင်းလာသလို အူမြူးနေကြ တာတွေကို မြင်တွေ့နေရတဲ့အတွက် မြန်မာ့ကိစ္စကို မြန်မာတွေ ကိုယ်တိုင်ရှင်းမှရမယ်။ ကုလသမဂ္ဂလည်း မ ကယ်နိုင်ဘူး။ အမေရိကန်လည်း မကယ်နိုင်ဘူး။ အီးယူလည်း မကယ်နိုင်ဘူး။ ဘယ်သူ့မှ အားမကိုးနဲ့၊ ကိုယ့် အားကိုယ်ကိုးပြီး ကိုယ်ဟာကိုယ် ဖြေရှင်းကြလို့ ရေးလိုက်ပါတယ်။

အဲဒီတုန်းကလည်း စာဖတ်ပရိသတ်နဲ့ လူငယ်တွေက သဘောကျ ထောက်ခံကြပါတယ်။

ဆရာကောင်း တပည့်တွေ

အဲဒီတုန်းက “ဆရာရေးတာ သိပ်မှန်တာပဲ” တို့၊ “ရေးတာ နည်းတောင်နည်းသေးတယ်” တို့ ပြောခဲ့ကြတဲ့ လူ ငယ်တချို့တောင် အခုတော့ အင်ဂျီအို ဆိုင်းဘုတ်ကိုယ်စီနဲ့ ဖြစ်နေတာကို တွေ့မြင်နေရပါတယ်။ ဒါကြောင့် ရေး ရပြောရပြန်တာပါ။ ဒီလူငယ်တွေဟာ အစကတော့ သန့်ရှင်းတဲ့ အဖြူထည်တွေပါ။ နောက်ကျမှ ဟိုနိုင်ငံ ဒီနိုင်ငံ တွေမှာ ဟိုသင်တန်း ဒီသင်တန်း ဆိုတာမျိုးတွေ တပတ်လောက်၊ နှစ်ပတ်လောက် သွားတက်ခဲ့ကြပြီး ပြန် ရောက်လာတော့ သူတို့ကိုယ်တိုင် ဆိုင်းဘုတ်ထောင်ကုန်ကြတော့တာပါပဲ။ တပတ်နှစ်ပတ် သင်တန်းတက်ပြီး ဘာတွေတတ်လာတယ်ဆိုတာတော့ မသိဘူး။ လက်တွေ့မြင်ရတာကတော့ သူတို့ကိုယ်တိုင် “အင်ဂျီအို” ကုန် ကြတာပဲဖြစ်တယ်။ မဖြစ်ဘဲနေရိုးလား၊ သူတို့ကိုခေါ်ပြီး သင်တန်းပေးသူတွေကိုယ်တိုင်က သူတို့ကို မျောက်အ ဖြစ် လက်ညှိုးထိုးပြပြီး ဆန်လည်းတောင်းသူတွေ ဖြစ်နေကြတာကိုး။ အတုမြင် အတတ်သင်ပဲ ပြောမလား။ “ဆ ရာကောင်း တပည့်ပဲ” ပြောမလား မသိတော့ပါဘူး။

ဂိုရင်းအဘရော့ဒ်

ဆရာကောင်း တပည့်တွေ ပန်းကောင်းပန်နေကြတာတွေကတော့ မမြင်ချင်အဆုံးပါပဲ။ တချို့က အေ့ဒ်စ်ဆိုင်း ဘုတ် ကိုင်ကြတယ်။ တချို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်းဘုတ်ထောင်ကြတယ်။ တချို့က တောရိုင်းတိရစ္ဆာန်ဆိုင်းဘုတ်၊ တချို့က မိကျောင်းထိန်းသိမ်းရေးဆိုင်းဘုတ်၊ တချို့က ဒီရေတောဆိုင်းဘုတ်၊ တချို့က ပလတ်စတစ်ဆိုင်းဘုတ် စသဖြင့် ... စသဖြင့် ဆိုင်းဘုတ်တွေကတော့ စုံသလား မမေးနဲ့။ အမယ် ... ဆိုင်းဘုတ် ဘယ်လောက်များများ အားလုံးပဲ “လန်း” ကြသဗျ။ “ဝပ်ရှော့” ဆိုတာတွေ တက်ဖို့ “ဂိုးရင်းအဘ ရော့ဒ်” ဆိုတာတွေလည်း ခဏခဏ မြင်နေရ၊ တွေ့နေရ၊ ကြားနေရသဗျ။ နောက်တက်လာတဲ့ ကလေးတွေ ဆက်ပြီး ဆရာကောင်းတပည့် ဖြစ်ကုန်ကြမှာတောင် စိုးရိမ်ရတဲ့ အခြေအနေလို့ပြောရင် မလွန်လှဘူးလို့ ထင် ပါတယ်ခင်ဗျ။

စံပြပုဂ္ဂိုလ်လိုတယ်

ကလေးတွေအတွက် မေတ္တာအပို့ခံပြီး ဒီလို ရေးနေပြောနေရတာပါ။ အင်ဂျီအိုအားလုံး မကောင်းဘူးလို့ ဆိုတာ မဟုတ်ပါဘူး။ စေတနာအစစ်၊ မေတ္တာအစစ်၊ ကရုဏာအစစ်နဲ့ လုပ်နေကြတဲ့ အင်ဂျီအိုတွေနဲ့ ရှင်းသန့်တဲ့ လူ ငယ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အစစ်အမှန်သမားတွေက မျောက်ပြဆန်တောင်းသူတွေလို “ပြေ (ပြည်) ပေါ်မှာ ရွှေကြော်ငြာထုတ်” တဲ့အလုပ်မျိုးတွေ လုပ်လေ့မရှိတော့ သူတို့အကြောင်း ကလေးတွေက မသိကြဘူး။ ကလေးတို့၊ လူငယ်တို့ဆိုတာ သူတို့အားကျ အတုယူရတဲ့ “စံပြုပုဂ္ဂိုလ်” (Role Model) တွေ ရှိဖို့လိုပါတယ်။ ဒါ ကြောင့် ကွယ်လွန်ရှာပြီဖြစ်တဲ့ လူရိုးလူကောင်းကြီး မြန်မာ့အလင်း ဦးတင် အကြောင်းကို နှစ်ကြိမ် သုံးကြိမ် လောက် ရေးပြခဲ့ဖူးပါတယ်။ မြန်မာ့အလင်းသတင်းစာ တိုက်အုပ် ဦးတင်က ဘိုးဘွားရိပ်သာကို မူလနေရာ နှင်း ဆီကုန်းကနေ စစ်ပြီးတော့ လက်ရှိနေရာကို ရွှေ့ပြောင်းနိုင်ဖို့ ကြိုးစားအားထုတ်ခဲ့သူ ဖြစ်ပါတယ်။ ရွှေ့ပြီးတဲ့ ဘိုးဘွားရိပ်သာမှာ မနက်တိုင်း ရုံးလာထိုင်ပါတယ်။ ပြီးမှ မြန်မာ့အလင်းတိုက်ကို သွားပါတယ်။

ပရဟိတသမားစစ်စစ်

ဦးလေးတင် ဘိုးဘွားရိပ်သာ ရုံးခန်းရောက်တော့ ဝန်ထမ်းတွေက ကော်ဖီတို့၊ မုန့်တို့ ယူလာပြီး ဧည့်ခံပါတယ်။ အဲဒီအခါ ဦးလေးတင်က သူ့ခြင်းထဲ အမြဲပါနေကျ ကော်ဖီ ဓာတ်ဘူးနဲ့ ရေနွေးကြမ်းဘူးကို ထုတ်ပြီး “ငါ့မှာ အ ကုန်ပါတယ်။ ဧည့်ခံစရာ မလိုဘူး။ အလှူရှင်တွေ လှူတာက ဘိုးဘွားတွေအတွက် လှူတာ၊ တို့အတွက်မပါဘူး။ ဒါကြောင့် ငါလည်း မစားဘူး။ မင်းတို့လည်း မစားကြနဲ့” လို့ ဆုံးမပါတယ်။ ဦးလေးတင်ဟာ သူ့ကော်ဖီလေး သူ ထည့်သောက်၊ သူ့ရေနွေးကြမ်းလေး သူ ထည့်သောက်တာပါ။ ဦးလေးတင်ရဲ့ စည်းကမ်းတိကျမှုနဲ့ သမာဓိကို သိတာကြောင့် ဖဆပလအမှုဆောင် ရွေးတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေး ဘယ်တုန်းကမှ မလုပ်ခဲ့ တဲ့ ဦးတင်ကို မရရအောင်ခေါ်ပြီး ငွေကိုင်ရတဲ့ ဘဏ္ဍာရေးမှူး ခန့်ခဲ့တာဖြစ်တယ်။ နောက်တော့ ဦးနုက သူ့ကိုပဲ ဘဏ္ဍာရေးဝန်ကြီး ခန့်ပါတယ်။ နောက်ဆုံး လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ပရဟိတသမား ဆိုတာ အဲဒီလိုပုဂ္ဂိုလ်မျိုးကိုမှ ခေါ်နိုင်တာပါ။ ကိုယ်ကျိုးတစုံတရာ ရယူခံစားပြီး လုပ်တယ်ဆိုကတည်းက ပရဟိ တသမား မစစ်တော့ပါဘူး။ (အတ္တဟိတ+ ပရဟိတ) နှစ်ခုပေါင်းပြီး “အတ္တပရဟိတ” သမား “အတ္တပရဟိတ လုပ်ငန်း” လို့ပဲ ခေါ်သင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အတ္တဟိတအတွက် ပရဟိတလုပ်ငန်း လုပ်တာမဟုတ်လား။

လူထုစိန်ဝင်း

(Weekly Eleven Journal - September 9 - 2009 ထုတ်မှ ...)

................................................

လမ်းသစ် (တုံ့ပြန်ချေပချက်ဆောင်းပါး)

အောင်သူငြိမ်း

ဆရာဇော်ဂျီ ဘာသာပြန်ထားတဲ့ “မိုးကြယ်မို့လားနဲ့ လမ်းသစ်ဝတ္ထုတို များ” ထဲက ‘လမ်းသစ်’ ဆိုတဲ့ ၀တ္ထုကလေးကို တခါတလေ သတိရမိ သေးတယ်။ အသေးစိတ်တော့ မမှတ်မိပေမယ့် မျိုးဆက်ကွာခြားလာ တဲ့ သူတွေအကြားက ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖော်ပြတာလို့ အ မှတ်ရနေမိတယ်။ ဒီ ‘လမ်းသစ်’ ဆိုတဲ့ ဇာတ်လမ်းလေးက တရုတ်ပြည် ဆိုရှယ်လစ်ခေတ်ပြောင်းကာလ ၁၉၅၀ ကာလများကို အခြေခံထား တာပါ။ မြို့ကလေးတခုမှာ လမ်းသစ်ကြီးတခု ဖြတ်ဖောက်ဖို့လုပ်တော့ ပြဿနာရှိလာပါတယ်။ အဖိုးအိုတယောက်ရဲ့ ရိုးရာစဉ်ဆက် အသက် မွေးဝမ်းကျောင်းလုပ်စားလာတဲ့ (ရေနွေးဆိုင်လို့ထင်တယ်) လုပ်ငန်းပါ လမ်းဖောက်လို့ ဖျက်ရမယ့်အထဲပါလာတယ်။ ဒါပေမယ့် ဒီအဖိုးရဲ့သား လို့ထင်တယ်၊ လူငယ်ကလေးကတော့ လမ်းဖောက်တာကို ထောက်ခံ တယ်။ သူ့အိမ်တစိတ်တပိုင်း ဖျက်ပေးလိုက်ရမှာကိုတောင် စွန့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ သူကတော့ ဒီလမ်းမကြီးဟာ ခေတ်မီရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆောင်ကြဉ်းလာ မယ့်အရာလို့ မြင်ထားသလို သူ့ဘ၀အနာဂတ်နဲ့လည်း ယှဉ်မြင်ထားပါတယ်။ အဖိုးအိုကတော့ မြေကြီးထဲမှာ နှစ် ရှည်ကြာ အမြစ်စွဲနေတဲ့ သူ့ရေနွေးအိုးကြီးနဲ့ ဆိုင်ကို မဖျက်ချင်ဘဲ ခင်တွယ်နေတဲ့ ဇာတ်လမ်းပါ။

ခြုံပြောရရင် မျိုးဆက်တွေ ကွာခြားလာတဲ့အလျောက် ရှုမြင်ပုံ၊ သုံးသပ်ပုံ၊ တွေးခေါ်ပုံတွေ ကွာခြားလာတာပါပဲ။

ကျနော် ဒီလိုအစချီရေးရတာက ဆရာလူထုဦးစိန်ဝင်း ဝေဖန်ရေးသားတဲ့ အဲန်ဂျီအို၊ နိုင်ငံတကာ အဲန်ဂျီအိုအ ပေါ် အမြင်မကောင်းတဲ့ကိစ္စ ဆောင်းပါး “အတ္တပရဟိတလုပ်ငန်း” အပေါ် တုံ့ပြန်ရေးသားချင်လို့ပါ။ ယေဘု ယျ သူ့ဆောင်းပါးအပေါ် ကောက်ချက်ချရရင် ...

(၁) မြန်မာတွေ မျောက်ဖြစ်ကုန်မှာ စိုးတယ်။ အဲန်ဂျီအိုတွေက မျောက်ပြဆန်တောင်းနေကြတယ်။

(၂) ဘယ်သူ့အားမှမကိုးနဲ့။ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းကြ။

(၃) အဲန်ဂျီအိုတွေ ဆိုင်းဘုတ်စုံလာတယ်။ ပြောနေရင်းနဲ့ များလာတယ်။ နိုင်ငံခြားခဏသွား၊ ခဏ သင်တန်း တက်ပြီး အဲန်ဂျီအို ဖြစ်လာကြတယ်။

(၄) ပရဟိတသမားအစစ် မြန်မာ့အလင်း ဦးတင်လို ရိုးသားသမာဓိရှိတာကို အတုယူကြလို့ ကောက်ချက်ချမိပါ တယ်။

ဒီနေရာမှာ ကျနော် ပြန်လည်ဖြေရှင်းစရာ၊ ထောက်ပြဆွေးနွေးစရာတွေ အများကြီးရှိလာပါတယ်။ ခင်ဗျားက အဲန်ဂျီအိုကို ကိုယ်စားပြုလို့ ဖြေရတာလားဆိုရင်တော့ မဟုတ်ပါဘူး။ မိတ်ဆွေတဦးက ဒီဆောင်းပါးနဲ့ ပတ် သက်လို့ အဲန်ဂျီအိုလူငယ်တွေအကြား ပြောဆိုပွဲဆူဖြစ်ကြရတာလေးတွေကို ပေးပို့လာတော့ ကျနော်အတွက် စဉ်းစားစရာ အများကြီး အထောက်အကူဖြစ်ရပါတယ်။ ပြန်လည်ဖြေရှင်းသင့်တယ် ထင်လို့လည်း ရေးရတာပါ။

ဒီဆောင်းပါးမှာ လူမှုရေးကို အကြောင်းပြလို့ လုပ်စားနေကြတာတွေ သဘောမတွေ့လို့ ထောက်ပြတာဆိုရင် တော့၊ ကြံ့ဖွံ့တို့၊ မြန်မာအမျိုးသမီးအဖွဲ့ချုပ်တို့၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေး စသဖြင့်တို့ရဲ့ လူမှုရေးလုပ်ငန်း တွေကိုလည်း ထောက်ပြဖို့သင့်တာပေါ့၊ ဒါမှ မျှမျှတတဖြစ်မယ်လို့ ထင်မြင်မိပါတယ်။ အဲန်ဂျီအိုတွေကို တင်း တင်းကျပ်ကျပ် ကိုင်တွယ်ရမယ်ဆိုတဲ့ စစ်အစိုးရရဲ့မူအပေါ်မှာလည်း ထောက်ခံရာရောက်နေသလားလို့လည်း အတွေးပွားစရာပါ။

ကျနော်တင်ပြချင်တဲ့ အချက်တွေကတော့ ဒါတွေပါ။

(၁) ဂလိုဘယ်လိုက်ဇေးရှင်း

ဆရာလူထုဦးစိန်ဝင်းက အဲန်ဂျီအိုလို့ ယေဘုယျသမုတ်တဲ့၊ နိုင်ငံတကာစာပေတွေမှာ civil society အရပ်ဖက် လူမှုအဖွဲ့အစည်းလို့ ခေါ်ကြတဲ့ အင်အားစုတွေက ကမ္ဘာလွှမ်းပတ်ဆက်သွယ်မှုမှာ အင်အားကြီးတခုလို ဖြစ်လာ ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းကို မောင်းနှင်နေတဲ့ တွန်းအားတခုလို့ ပြောကြသလို ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့် ထွက်ပေါ်လာခဲ့တဲ့ ရလဒ်လည်းဖြစ်ပါတယ်။

အခုအခါ အရင်းရှင်စီးပွားရေးအင်အားစုနဲ့ အစိုးရတွေအကြား ထိန်းညှိပေးနိုင်မယ့် အင်အားစုအဖြစ် အရပ်ဖက် လူထုထူထောင် အဖွဲ့အစည်းတွေကို အင်အားကြီးတရပ်အဖြစ် အသိအမှတ်ပြု လက်ခံလာကြရပါပြီ။ Global civil society လို့ ခေါ်ဆိုလက်ခံကြရတဲ့ အဆင့်ထိတောင် ရှိလာခဲ့ပါပြီ။

ဒီအဖွဲ့တွေက ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေသာမက အခြား အခွင့်အရေးလှုပ်ရှားမှု ခေါင်းစဉ်ပေါင်းစုံ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ပတ်သက်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က မရှိ ဘူးတဲ့ နိုင်ငံတကာစာချုပ်စာတမ်းအများက (လက်တွေ့အားကိုးမရသည်ထားဦး) ကမ္ဘာပေါ်မှာ ရှိလာပါတယ်။ အဲဒါအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ ကိုယ်နှိုက်ကလည်း အဲန်ဂျီအိုတွေကို နေရာပေးဆက်ဆံနေကြရပါပြီ။ နောက်ဆုံး ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်မှာတောင် သူတို့စီမံကိန်း၊ ပရောဂျက်တွေအတွက် ဒေသခံလူထု၊ အဲန် ဂျီအိုတွေ၊ စိတ်ဝင်စားသူ အုပ်စုတွေ (concerned groups) တွေရဲ့ အသံကို နားထောင်ရမယ်လို့ နေရာပေး လာတာ၊ သူတို့ကို စင်မြင့်ပေးလာရတာတွေ ဖြစ်လာပါတယ်။ နောက်ဆုံး အာဆီယံပဋိညာဉ်စာတမ်းကိုယ်နှိုက် မှာက အဖွဲ့ဝင်အစိုးရတွေက အဲန်ဂျီအိုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသိအမှတ်ပြုထားကြပါပြီ။ ဒါကို မျောက်ပြ ဆန်တောင်းနေကြတဲ့အဖွဲ့တွေ၊ ဆိုင်းဘုတ်စုံလွန်းတယ်လို့ မြင်ရင်တော့ မသင့်လျော်လှပါလို့ ထင်ပါတယ်။

(၂) ပြဿနာများက နိုင်ငံနယ်နိမိတ်ကို ဂရုမစိုက်ကြပါ။

အချို့ပြဿနာတွေက နိုင်ငံအစိုးရတွေတောင် သူတို့ချည်းသက်သက် မဖြေရှင်းနိုင်ကြဘူး ဖြစ်လာပါတယ်။ အ ခု ကြက်ငှက်တုပ်ကွေးရောဂါ၊ ၀က်တုပ်ကွေးရောဂါ အပါအ၀င်၊ လူကုန်ကူးရောင်းချမှု၊ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီ အက်စ်ပြဿနာတွေ၊ သဘာ၀၀န်းကျင်ပြဿနာတွေက နိုင်ငံအစိုးရတခုတည်း ဖြေရှင်းရလို့ ရနိုင်တာမဟုတ် တော့ပါဘူး။ နိုင်ငံစုံပူးပေါင်းဖြေရှင်းကြရသလို၊ နိုင်ငံအစိုးရမဟုတ်တဲ့ ကျွမ်းကျင်သူအဖွဲ့တွေ၊ အဲန်ဂျီအိုတွေနဲ့ပါ ပူးပေါင်းဖြေရှင်းနေကြရတာတွေ ဖြစ်နေပါတယ်။

နိုင်ငံတကာဆက်ဆံရေးဆိုတာ အစိုးရတွေရဲ့ တာဝန်ပဲ၊ သူတို့လက်ထဲမှာချည်း ထားမှာလား၊ အဲန်ဂျီအိုလို့ခေါ် တဲ့ အဖွဲ့တွေအချင်းချင်းရော နိုင်ငံတကာပူးပေါင်းဆက်ဆံမှုတွေ မလုပ်ရတော့ဘူးလားလို့ ဆရာဦးစိန်ဝင်း ဆောင်းပါးကို ဖတ်ကြည့်ရင် မေးခွန်းပွားစရာပါပဲ။ ကမ္ဘာကြီးမှာ ပြဿနာတွေ များလာတာနဲ့အမျှ အဲန်ဂျီတွေ ပူးပေါင်းဆောင်ရွက်ရေးလည်း တိုးများလာစရာရှိပါတယ်။ နောက်ထပ် ဆိုင်းဘုတ်စုံလာစရာလည်းရှိပါတယ်။

(၃) မြန်မာနိုင်ငံ ပြဿနာဟာ ပြည်တွင်းက ဖြေရုံနဲ့ လုံလောက်နိုင်ပါသလား

အချက်အလက်တွေအရ မြန်မာနိုင်ငံပြဿနာက သူ့ဘာသာ မဖြေရှင်းနိုင်တော့တာ အသေအချာပါပဲ။ အခု ထိုင်းနိုင်ငံထဲမှာတင် နိုင်ငံရေးဒုက္ခသည်တွေ သိန်းချီရှိနေသလို၊ စီးပွားရေးအရ ခိုးဝင်ရွှေ့ပြောင်း အလုပ်လုပ် ကြသူတွေလည်း (၄) သန်းလောက် ရှိနေပါတယ်။ အရင်က ကျနော်တို့က ဗီယက်နမ်လှေစီးပြေး ဒုက္ခသည်ဆို တာမျိုး၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည် ဆိုတာတွေလည်း နိုင်ငံတကာ အစည်းအဝေးတွေမှာ ဆွေးနွေးရတဲ့အဆင့် ဖြစ်လာပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းမှာတင် လူတသိန်းလေးသောင်းကျော် အသက်ဆုံးရပြီး၊ (၂.၄) သန်းကျော် အိုးအိမ် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုကပ်ဘေးဒုက္ခတွေကို မြန်မာ့အလင်းဦးတင်လို တပိုင်တနိုင် စေတနာရှင်တွေ လောက်နဲ့တော့ ဖြေရှင်းလို့ မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ ဒါတင်မကသေးပါဘူး။ လေ့လာချက်တွေအရ လူပေါင်း ၂၄၀,၀၀၀ လောက်က အိပ်ခ်ျအိုင်ဗွီ ကိုယ်ခံအားကျရောဂါပိုး ရှိနေတယ်။ HIV ရောဂါရှင် ၇၆,၀၀၀ လောက် ဆေးသောက်ဖို့ လိုအပ်နေတယ်။ အဲဒါအပြင် တီဘီ၊ ငှက်ဖျား၊ အာဟာရချို့တဲ့မှု၊ အခြားကူးစက်ရော ဂါတွေအတွက် အခြေအနေ အစီရင်ခံစာတွေကလည်း စိုးရိမ်စရာချည်းပါပဲ။ ဒီလိုအစီရင်ခံစာတွေကလည်း မ ဟုတ်မဟတ်လုပ်ဇာတ်ခင်းပြီး မြန်မာလူမျိုးတွေကို မျောက်အဖြစ်ပြနေကြတာလားလို့ စောကြောဖွယ်ရှိလာ တော့တာပေါ့။

(၄) မြန်မာနိုင်ငံမှာ အဲန်ဂျီအိုတွေ သိပ်များနေပြီလား

မြန်မာနိုင်ငံက ဒေသအတွင်းမှာ နိုင်ငံတကာ အကူအညီရတာ အနည်းဆုံးပါ။ စာရင်းတွေအရ မြန်မာနိုင်ငံက ရတဲ့ နိုင်ငံတကာအကူအညီဟာ လူတဦးကို တနှစ်မှာ (၃) ဒေါ်လာပဲရပါတယ်။ တချိန်တည်းမှာပဲ ဗီယက်နမ် နိုင်ငံက လူတဦးချင်းကို (၂၃) ဒေါ်လာရပြီး၊ လာအိုနိုင်ငံကတော့ လူတဦးကို ဒေါ်လာ (၅၀) ရပါတယ်။ တနှစ် ကို (၃) ဒေါ်လာရတာနဲ့တောင် အဲန်ဂျီအိုတွေ သိပ်များလာပြီ၊ စိုးရိမ်စရာဖြစ်နေပြီလို့ ထင်ရင်တော့ နောက်ထပ် ပွင့်လင်းလာလို့ နိုင်ငံတကာအကူအညီတွေ ပိုမိုရရှိလာတဲ့အခါ ဘယ်လို ကျနော်တို့ ခန့်မှန်းထားရမှန်းတောင် မသိတော့ပါဘူး။

တကယ်တော့ နိုင်ငံတကာအဲန်ဂျီအိုတွေ၊ အဲန်ဂျီအိုတွေ၊ အကူအညီတွေနဲ့အတူ နည်းပညာပိုင်းဆိုင်ရာ၊ အခြား ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္စတွေလည်း အတူကပ်ပါလာလေ့ရှိပါတယ်။ နိုင်ငံတကာဆက်ဆံရေး အတွေ့အကြုံ ကစလို့၊ အရည်အသွေးမြှင့် သင်တန်းတွေကတဆင့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှု စသဖြင့် ကျွမ်းကျင်မှုအရည်အ သွေးတွေကိုလည်း ရလာလေ့ရှိကြပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက စီးပွားရေးကဏ္ဍကလည်း မပွင့်လင်း၊ ပညာရေးကလည်း ခက်ခဲ၊ အစိုးရလုပ်ငန်းတွေ မှာလည်း နေရာနည်းနေတဲ့ကာလမှာ လူငယ်တွေက အဲန်ဂျီအိုကဏ္ဍမှာ ပြုံတိုးနေတာ၊ အခွင့်အလမ်းတခုလို မြင်နေကြတာကတော့ နားလည်မှုပေးနိုင်ပါတယ်။ သိပ်များနေပြီလို့ မဆိုလောက်သေးဘူး ထင်ပါတယ်။

(၅) လူမှုအရင်းအနှီး

လူမှုအရင်းအနှီး (social capital) ဆိုတဲ့ အမြင်နဲ့ အချို့သောသူတွေက ကျနော်တို့နိုင်ငံမှာ အဲန်ဂျီအိုပဲခေါ်ခေါ်၊ လူထုထူထောင်အဖွဲ့အစည်းပဲခေါ်ခေါ် တိုးပွားစေဖို့ ကြိုးစားနေကြပါတယ်။ လူဆိုတာက တဦးတည်းနေရင် အားမရှိလှပါ။ ဒီလူတွေကို ပေါင်းကူးဆက်စပ်ပြီး စုစည်းပေးတဲ့အခါ Bridging and bonding အားဖြစ်လာပါ တယ်။ ဒီအားဟာ အခုကာလ လူမှုရေး၊ ကယ်ဆယ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေအတွက်သာမက တချိန်ပြန် လည် နိုင်ငံထူထောင်ရေးကာလတွေအတွက်ပါ အားဖြစ်စေပါလိမ့်မယ်။

လူမှုအရင်းအနှီးအားကောင်းတဲ့ နိုင်ငံတွေက ပဋိပက္ခဖြေရှင်းဖို့ လွယ်သလို၊ ဒီမိုကရေစီအမြစ်ခိုင်ဖို့၊ တိုးတက်မှု ရစေဖို့လည်း မြန်စေပါတယ်။

"ခဏ သင်တန်းလေးတက်ပြီးတော့ ပြန်လာတဲ့အခါ အဲန်ဂျီအို ဖြစ်ကုန်ကြတယ်" ဆိုတဲ့ ဝေဖန်ချက်ကလည်း မသင့်လှဘူးထင်ပါတယ်။ တကယ်တော့ ဒီသင်တန်းတွေမှာ အဖွဲ့အစည်းတခု လည်ပတ်စီမံပုံ၊ ခေါင်းဆောင်မှု၊ ပွင့်လင်းမြင်သာမှု၊ စီမံချက်တခုကို ဘယ်လိုရလဒ်ရှိရှိ အကောင်အထည်ဖော်ရမယ်ဆိုတဲ့ Logical framework ဆိုတာမျိုး အနည်းနဲ့အများ ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် ယခင် ကျနော်တို့နဲ့ ဝေးနေခဲ့တဲ့ gender လိင်ကွဲပြားမှုအ ပေါ် အမြင်ကိစ္စတွေ၊ ပဋိပက္ခဖြေရှင်းနည်းတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘောတရားတွေကိုလည်း သူ တို့ လေ့လာရရှိခဲ့နိုင်ပါတယ်။ ဒီသင်တန်းတွေက ဘာမှတတ်လာမှာ မဟုတ်ပါဘူးဆိုတာမျိုးကတော့ အထင်အ မြင်သေးရာကျပါတယ်။

(၆) ခေတ်ပြောင်းခဲ့တယ်

ပထမအချက်ကတော့ ကျနော်တို့က ကိုယ့်ဘာသာ တံခါးပိတ်နေလို့ မရနိုင်တော့ပါဘူး။ ကျနော်တို့က ဘာဖြစ် လို့ မျောက်လို့ အထင်မခံချင်ရတာလဲဆိုတာလည်း မေးခွန်းဖြစ်မိပါတယ်။ နိုင်ငံ့သိက္ခာကျစေတယ်၊ လူမျိုး သိက္ခာကျစေတယ်၊ အရှက်ရစေတယ်လို့ ပြန်ဖြေမယ်ထင်မိပါတယ်။ မြန်မာစစ်အစိုးရလည်း မြန်မာနိုင်ငံမှာ အ လားတူ မကောင်းတာ၊ ဆင်းရဲနေတာ၊ ဆိုးရွားနေတာတွေ နိုင်ငံတကာက မမြင်စေချင်ပါဘူး။ တခါက နိုင်ငံတ ကာအစည်းအဝေးတခုမှာ မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲလုပ်မယ်ဆိုရင် အကူအညီ (၁) ဘီလီယံဒေါ် လာပေးမယ် ကမ်းလှမ်းတော့ မြန်မာတွေက မျောက်တွေမဟုတ်ဘူးလို့ အဲသည်အချိန်က နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူက ပြန်ပြောတာ အမှတ်ရမိပါသေးတယ်။ တကယ်တော့ ဆင်းရဲတယ်ဆိုတာ ရှက်စရာမဟုတ်ပါ။ တရုတ် နိုင်ငံကြီးကတောင် သူ့ဆီမှာ လူမှုရေးမညီမျှတာ၊ အချို့ဆင်းရဲကျန်နေတဲ့ ဒေသက ပြဿနာတွေကို ဦးစားပေး ဖြေရှင်းရမယ်ပြောနေတာ ဖတ်ရပါတယ်။ အိန္ဒိယကလည်း သူတို့ကိုယ်သူတို့ ဆင်းရဲတဲ့ နိုင်ငံကြီးလို့ ပြောနေ တုန်းပါ။ အရှက်နဲ့ လူလုပ်ပြီး ကိုယ်ဆင်းရဲနေတာ ဖုံးဖိနေ၊ ကိုယ့်ပြဿနာတွေ လူများမသိစေနဲ့ဆိုတဲ့ ခေတ်က တော့ ကုန်ပြီထင်ပါတယ်။

မြန်မာ့အလင်း ဦးတင်လို ပရဟိတ ကိုယ်ကျိုးစွန့် လူမှုရေးဆောင်ရွက်သူတွေကတော့ လေးစားစရာပါ။ သို့ သော်လည်း ခေတ်မီဖွံ့ဖြိုးရေးသဘောတရားနဲ့ ကြည့်တဲ့အခါ သူ့လုပ်ငန်းက အလှူပေးရေး (charity) အဆင့်မျှ သာပဲရှိပါတယ်။ အကယ်၍ မြန်မာပြည်ထဲမှာ သူ့လိုလူတွေပေါ်လာ အဖွဲ့အစည်းတွေ ထူထောင်ကူညီကြတယ် ပဲထားဦး၊ Gender လို့ခေါ်တဲ့ လိင်ကွဲပြားမှုကိစ္စတွေ စဉ်းစားမိဖို့ မဖြစ်နိုင်ပါဘူး။ သဘာဝပတ်ဝန်းကျင်ကိစ္စ တွေလည်း လုပ်ဆောင်မိကြပါ့မလား။ Empowerment လို့ခေါ်တဲ့ လူထုအင်အားဖွံ့ဖြိုးလာစေရေး ကိစ္စတွေ ကိုလည်း စဉ်းစားမိကြဖို့ရှိသလား။ ဒီလိုပြည်တွင်းက အဖွဲ့အစည်းတွေမှာ ခေတ်သစ်ခေါင်းဆောင်မှု၊ စီမံခန့်ခွဲ ရေးပညာတွေကို ဘယ်သူတွေက ပေးမှာလဲ။ ဒီလို ပြည်တွင်းစေတနာရှင်အဖွဲ့တွေက ပညာရေးကို ဘယ်ပုံနဲ့ သစ်ကြမှာလဲ။ နာဂစ်မုန်တိုင်းအပြီး ဆောင်ရွက်ကြသလို စစ်တမ်းကောက်ယူတာတွေ၊ စီမံချက် သေချာဆွဲပြီး ဆောင်ရွက်တာတွေ ရှိမှာလား။ ပြည်တွင်းက အရင်းအမြစ်တွေကရော တချိန်ပြန်လည်စုစည်းလိုက်ရင် လုပ် ငန်းကြီးတွေ လုပ်လောက်အောင် လောက်လောက်လားလားကျန်သေးရဲ့လား။ နိုင်ငံတကာက စာချုပ်စာတန်း တွေ၊ ပဋိညာဉ်တွေ၊ ကမ္ဘာ့အဖွဲ့အစည်းတွေက နေရာပေးထားတဲ့ အဲန်ဂျီအိုတွေအတွက် စင်မြင့်တွေကို ပြည် တွင်းအဲန်ဂျီအိုတွေက ၀င်ယူကြမှာလား။ တို့နဲ့ မဆိုင်ဘူးဆိုပြီး ထားကြမှာလား … ကျနော်ကတော့ ဦးတင်တို့ ခေတ် အခြေအနေနဲ့ အခုအခြေအနေ ကွာခဲ့ပြီလို့ မြင်မိပါတယ်။ သူတို့ရဲ့ သမာဓိကို အတုယူစရာဖြစ်ပေမယ့် အလှူပေးလုပ်ငန်းလောက်နဲ့ မလုံလောက်တော့ဘူးလို့ထင်ပါတယ်။

အဲန်ဂျီအိုတွေမှာ မူမမှန်တာ၊ ခြစားနေတာ၊ ပျံ့ကျဲလွန်းနေတာ အားမရစရာတွေရှိကောင်းရှိနေနိုင်ပါတယ်။ တ ကယ်လိုအပ်နေတဲ့ ပြည်သူတွေအတွက် မထိရောက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကိုလည်း ထောက် ပြဖို့လိုသလို သူတို့ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ် (code of conduct) တွေကိုလည်း ပြန်လည် ထောက်ပြဖို့ လိုပါတယ်။ ဝေဖန်စရာရှိရင်လည်း ဝေဖန်ဖို့လိုပါတယ်။ အခုကာလမှာ လူငယ်တွေက တယောက်ပြီးတ ယောက် အဲန်ဂျီအိုဆိုင်းဘုတ်တွေ ထောင်လာကြတယ်ဆိုတာ မကောင်းတဲ့ကိစ္စလို့ မမြင်မိပါ။ မုဒိတာပွားသင့်ပါ ကြောင်း တင်ပြလိုပါတယ်ခင်ဗျား။

အောင်သူငြိမ်း

.................................................................--

မိမိကိုယ်ကို နှိမ့်ချပြီး ရိုးသားကြိုးစားမှုအစွမ်းဖြင့် အမိမြန်မာပြည်သာယာဝပြောအောင်စွမ်းဆောင်နိုင်ပါစေ။

စိုးမိုးသူ



အန်ဂျီအို ဆိုတဲ့ အစိုးမရ

ဂါမဏိ

၅ အောက်တိုဘာ ၂၀၀၉

ဆောင်းရာသီရောက်ရင် မဲဆောက်မြို့ကို နိုင်ငံခြားသားပညာရှင်တွေ၊ အလွတ်သတင်းထောက်တွေ၊ သာသနာပြုတွေ၊ ရန်ပုံငွေရှာသူတွေ ဖုံးလွှမ်းသွားတတ်ပါတယ်။ တည်းခိုခန်းတွေ၊ ဟိုတယ်ခန်းတွေ မအားတော့သလို အနောက်တိုင်း စားသောက်ဆိုင်တွေ၊ အနောက်တိုင်း ကော်ဖီဆိုင်တွေ ဘားဆိုင်တွေလည်း ပြည့်ကုန်ပါတယ်။ ဒုက္ခသည်စခန်း၊ မယ်တော်ဆေးခန်း၊ (အကျဉ်းသားကူညီရေးအဖွဲ့တို့လို) တက်ကြွလှုပ်ရှားသူတွေဆီ မဖြစ်မနေသွားကြလို့ ချောင်းပေါက်မတတ် ဖြစ်ရပါတယ်။ တိုင်းတပါးသား ကူညီကယ်ဆယ်ရေးအဖွဲ့သားတွေ၊ မြန်မာ့အရေး သို့မဟုတ် လူသားချင်းစာနာရေး တက်ကြွလှုပ်ရှားသူတွေ၊ စေတနာ့ဝန်ထမ်းသမားတွေ၊ စွန့်စွန့်စားစား ကြမ်းကြမ်းတမ်းတမ်း ဝါသနာပါသူတွေဟာ အနောက်တိုင်းအကြိုက် ကော်ဖီဆိုင် ဘားဆိုင်တွေထိုင်ရင်း ခေါင်းဖြတ်လူသတ်မှုတွေအကြောင်း၊ ဒုက္ခသည်စခန်းရန်ပုံငွေတွေ ဘုံးခံရတဲ့အကြောင်း၊ နအဖ-ထိုင်း-စီအိုင်အေ ထောက်လှမ်းရေးတွေအကြောင်း၊ မိုက်ကြေးခွဲငွေညှစ်မှု၊ လောင်းကစားမှု၊ လက်နက်ခဲယမ်း မူးယစ်ဆေးဝါး ပြည့်တန်ဆာနဲ့ လိင်မှုကိစ္စ အကြံအဖန်ရိုက် ခြစားမှုတွေအကြောင်း တယောက်ထက် တယောက်သာအောင် ကြောက်စရာအကောင်းဆုံး အဆိုးဆုံးဖြစ်ရပ်တွေကို ဖောက်သည်ချကြပါတယ်။

ဒါပေမယ့် တကယ်တော့ ဒီအန်ဂျီအိုတွေ၊ အနောက်တိုင်းသားတွေမှာ ဘာမှကြောက်စရာမရှိပါဘူး။ နအဖနဲ့ ထိုင်းထောက်လှမ်းရေး နှစ်ဖက်စလုံးက ဘယ်အနောက်နိုင်ငံသားဟာ ဘာအဖွဲ့အတွက် လုပ်တယ်ဆိုတာ သိနေပါတယ်။ ဒုက္ခသည်တွေကို စာသင်ပေး၊ ဆေးကုပေး၊ ထမင်းကျွေးတဲ့အတွက် ဒီအန်ဂျီအိုတွေကို ရန်သူလို့ ဘယ်သူမှ မသတ်မှတ်ပါဘူး။ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို ငွေကြေးထောက်ပံ့နေတဲ့ ဘန်ကောက်အခြေစိုက် အနောက်တိုင်း အန်ဂျီအိုအဖွဲ့ကြီးတဖွဲ့က ဆေးခန်းရဲ့ ငွေကြေးသုံးစွဲပုံကို လာရောက်စစ်ဆေးရာမှာ ရုံးခန်းထဲထိုင်ပြီး ဆရာမကြီးကို လုပ်ငန်းတာဝန် ကြေညာစာတမ်း (Mission Statement)၊ ဦးတည်ချက် (Objectives)၊ မဟာဗျူဟာ (Strategy) တွေအကြောင်း နှိုက်နှိုက်ချွတ်ချွတ် အချိန်အများကြီးယူ မေးမြန်းစစ်ဆေးခဲ့ပေမယ့် ဆေးခန်းထဲကိုတော့ ဒါလောက်အချိန်ယူ လှည့်လည်စစ်ဆေးတာ မလုပ်ခဲ့ပါဘူး။ ငွေကြေးသုံးစွဲမှု ထိရောက်ရေးအတွက် လာစစ်ဆေးကြပ်မတ်တဲ့ အဲဒီအန်ဂျီအို ကိုယ်စားလှယ် မိန်းမ (၄) ယောက်ဟာ မဲဆောက်မြို့က ဈေးအကြီးဆုံးဟိုတယ်မှာ တည်းသွားခဲ့ပါတယ်။ အန်ဂျီအို ရုံးချုပ်တွေကနေ နယ်စပ်ကို အချက်အလက်ရှာဖွေရေး ခရီးထွက်လာတဲ့အခါ (၂) ရက်လောက်ပဲ အချိန်ပေးပါတယ်။ သံရုံးတခုကဆိုရင် မယ်လဒုက္ခသည်စခန်းထဲ နာရီပိုင်းလောက် လာ