Source: http://www.padaukmyay.blogspot.com/
မောင်စူးစမ်း
(စက်တင်ဘာလ ၂၈ရက်နေ့ထုတ် Favourite News ဂျာနယ် မှာဖော်ပြထားတဲ့ ဆရာ မောင်စူးစမ်း၏ ဆောင်းပါး ဖြစ်ပါ တယ်။အခုတစ်လောခေတ်စားနေတဲ့ တတိယအုပ်စုဆိုတဲ့အယူအဆအပေါ် သုံးသပ်ချက်ဖြစ်ပါတယ်။ )
အလယ်ဗဟိုရွှေ့
နိုင်ငံရေးပါတီတို့ကို လက်ဝဲယိမ်း၊ လက်ယာယိမ်။ စသည်ဖြင့် ခွဲခြားလေ့ ရှိသည်။ လက်ဝဲယိမ်းနှင့် လက်ယာယိမ်းတို့ ခေတ်စားခဲ့ပြီးသည့် နောက် လက်ဝဲယိမ်းကလည်း အလယ်ဗဟိုသို့ ရွှေ့သည်။ လက်ယာယိမ်းကလည်း အလယ်ဗဟိုသို့ ရွှေ့သည်။ အလယ်ဗဟိုသို့ မရွှေ့ဘဲ၊ အစွန်းဘက်ရွှေ့ သွားသော ပါတီတို့လည်း ပေါ်လာတတ်သည်။ လက်ဝဲ အစွန်းရောက် လက်ယာ အစွန်းရောက် ဆိုပြီး ပေါ်တတ်သည်။ မြန်မာ့နိုင်ငံရေး သမိုင်းတွင် အခြား ထူးခြားချက် နှစ်မျိုး ပေါ်ခဲ့သည်။
ပထမ ထူးခြားချက်မှာ ဝိုင်အမ်ဘီအေလို၊ ဂျီစီဘီအေလို၊ ဖဆပလလို အမျိုးသား အဖွဲ့အစည်းများ ပေါ်ခြင်းဖြစ်သည်။ ဒုတိယ ထူးခြားချက်သည် ပါတီချင်း၊ ဖွဲ့ခြင်းဖြစ်သည်။ ပါတီစနစ်၊ အမျိုးသား ညီညွတ်ရေး စနစ်စသည်ဖြင့် ပေါ်သည်။ လူမျိုးစုတို့ ကလည်း လူမျိုးစုချင်း စုဖွဲ့ကြသည်။ ရွေးကောက်ပွဲဝင်လျှင် ပါတီလိုက် ဝင်ခြင်းလည်း ရှိသည်။ ပါတီတွေ မဟာမိတ် ဖွဲ့၍ ဝင်ခြင်းလည်း ရှိသည်။
နိုင်ငံရေးယဉ်ကျေးမှု
ပါတီစနစ်တို့ဖြင့် ပါတီနိုင်ငံရေး လုပ်ကြရင်း စစ်ဘက် အာဏာသိမ်းမှု တို့လည်း ပေါ်ခဲ့သည်။ လက်တင်အမေရိက နိုင်ငံရေးနှင့် ခပ်ဆင်ဆင်တူသည်။ ထို့ကြောင့် နိုင်ငံရေး သိပ္ပံပညာရှင်တို့က နိုင်ငံရေးယဉ်ကျေးမှု အကြောင်းကို သုံးသပ်ကြရာတွင် -
(၁) လူထု၏ပါဝင်မှု၊
(၂) နိုင်ငံရေးပါတီတို့ ပါဝင်မှု၊
(၃) မဟာမိတ် စုဖွဲ့၍ ပါဝင်မှုနှင့်
(၄) အာဏာသိမ်းမှုတို့ကို ထည့်သွင်း တွက်ချက်သည်။ အာဏာသိမ်းမှု coup ကို နိုင်ငံရေး ယဉ်ကျေးမှုထဲ ထည့်သွင်း သည်မှာ သဘာဝကျသည်။
ပါဝင်ပုံ နှစ်မျိုး
နိုင်ငံရေး သိပ္ပံပညာရှင်တို့က လူထု၏ ပါဝင် ပတ်သက်မှုကို နှစ်မျိုးခွဲသည်။ သမားရိုးကျ ပါဝင်ပတ်သက်မှုနှင့် သမားရိုးကျ မဟုတ်သော ပါဝင်ပတ်သက်မှုတို့ ဟူ၍ ဖြစ်သည်။ သမားရိုးကျ ပါဝင် ပတ်သက်မှုသည် ရွေးကောက်ပွဲဖြစ်၍ သမားရိုးကျ မဟုတ်သော ပါဝင်ပတ်သက်မှု နိုင်ငံရေး ထိပ်လွှာ Political elite တို့က ကြီးမှူး ကျင်းပသော ဆန္ဒပြပွဲတို့တွင် ပါဝင်ခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး သိပ္ပံပညာရှင်တို့က နိုင်ငံရေး ယဉ်ကျေးမှုကို သုံးသပ်ရာတွင် လမ်းပေါ် နိုင်ငံရေးတို့ကိုလည်း ထည့်သွင်း စဉ်းစားသည်။
အချို့ နိုင်ငံရေး သိပ္ပံပညာရှင်တို့က အိုင်ဒီအိုလိုဂျီခေါ် နိုင်ငံရေး ဝါဒတို့ကိုလည်း နိုင်ငံရေး ယဉ်ကျေးမှုထဲ ထည့်သွင်း စဉ်းစား သည်။ နိုင်ငံရေး ပါတီတို့၏ ဝါဒစွဲ၊ လူထု၏ ဝါဒစွဲတို့ကို ထည့်သွင်း သုံးသပ်သည်။ အထက်တွင် ဖော်ပြသည့် လက်ယာယိမ်း၊ လက်ဝဲယိမ်း ဆိုပြီး ခွဲကြည့်သည်မှာ ဝါဒအပေါ် အခြေခံခွဲခြင်း ဖြစ်သည်။ တစ်ချိန်တစ်ခါက ဝါဒစွဲတွေ သိပ်ပြင်းထန်ခဲ့သည်။ ဝါစွဲ ပြင်ထန်သလို ပါတီစွဲတို့လည်း အတော် ပြင်းထန်ခဲ့သည်။ သို့သော် နိုင်ငံရေး ရင့်ကျက်လာလျှင် အလယ်ဗဟိုသို့ ရွှေ့ကြ သည်။
လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ဝါဒ အခြေခံဖြင့် ပါတီတွေ ကွဲပြားမှာလား သို့မဟုတ် ခေါင်းဆောင်မှု အခြေခံပြီး ကွဲပြားမှာလား မသိနိုင်သေးပေ။ ဤအချက်သည် ရွေးကောက်ပွဲ ဥပဒေနှင့် ပါတီများ ဥပဒေတွေ ထွက်လာပြီးမှ အကဲခတ်နိုင် လိမ့်မည်ဟု ထင်သည်။
ထိမ်းမြား
မည်သို့ပင် ဖြစ်စေ၊ အလယ်ဗဟိုသို့ ဦးတည်စေမည့် အိုင်ဒီယာ တစ်မျိုးတော့ ပေါ်လာသည် ဤအိုင်ဒီယာကို တတိယလမ်း third way ဟု ခေါ်သည်။ ဤ တတိယလမ်းကို ဥရောပမှ စသည်။ ဈေးကွက် စီးပွားရေးနှင့် နိုင်ငံရေးဝါဒ အတွဲအစပ်ကို အခြေခံ ကြည့်ခြင်းဖြစ်သည်။ ပထမလမ်း၌ ဈေးကွက် စီးပွားရေးသည် လစ်ဘရယ်ဝါဒနှင့် တွဲစပ်သည်။ အမေရိကန် ပုံစံ ဖြစ်သည်။ ဒုတိယလမ်းသည် ဈေးကွက်စီးပွားရေးနှင့် အာဏာရှင် စနစ်တို့ တွဲစပ်သည့် တရုတ်ပုံစံ ဖြစ်သည်။ ယခု တတိယ လမ်း တို့ ပေါ်ထွက်လာသည်။ ယင်းမှာ ဈေးကွက်စီးပွားရေးကို ဆိုရှယ်ဒီမိုကရေစီနှင့် ဖက်စပ်ခြင်း၊ ထိမ်းမြားခြင်း ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီသည် ပဲ့ကိုင် ဒီမိုကရေစီ ဖြစ်မည် ဖြစ်လေရာ အကယ်၍ တတိယလမ်း လိုက်ရမည်ဟု ဆိုလျှင် ဈေးကွက် စီးပွားရေးနှင့် ပဲ့ကိုင် ဒီမိုကရေစီကို ထိမ်းမြားပေးရမည်။ ဆိုရှယ် ဒီမိုကရေစီ ဆိုသည်မှာ ဈေးကွက်၏ ဒိုင်းနမစ်ပါဝါ ဖြစ်စဉ်ကို ဖန်တီးပြီးလျှင် ဓနကို တရားမျှတစွာ ခွဲဝေပေးရန်ဟု ဟောခြင်းဖြစ်သည်။
ယခု တတိယလမ်း ဆိုသော လေသံကြားရသည်။ ဤတတိယလမ်းသည် ဈေးကွက် စီးပွားရေးနှင့် ဆိုရှယ်ဒီမိုကရေစီကို ပေါင်းစပ်ပေးသော တတိယလမ်းလား၊ သို့တည်းမဟုတ် လက်ဝဲလည်း မဟုတ် လက်ယာလည်း မဟုတ် အလယ်ဗဟို အနေအထားကို ညွှန်းသော တတိယလမ်းလား ဟူ၍ သဲကွဲစွာ မသိရသေးပေ။ မည်သို့ပင် ဖြစ်စေ ဗြိတိန် ရွေးကောက်ပွဲ၌ ဈေးကွက် စီးပွားရေးသည် လစ်ဘရယ်ဝါဒနှင့် ပေါင်းစပ် ခဲ့ပြီးသည့်နောက် ယခု ဈေးကွက် စီးပွားရေးနှင့် ဆိုရှယ် ဒီမိုကရေစီကို ထိမ်းမြား ပေးရမည် ဟု ဟောနေကြသည်။ ဤ ထိမ်းမြားမှုကိုပင် တတိယလမ်းဟု ခေါ်နေသည်။
Blog Archive
- ► 2024 (317)
- ► 2013 (1051)
- ► 2012 (1188)
- ► 2011 (1025)
- ► 2010 (2008)
Labels
- Op-Ed (4)
Posted by
Transparency Myanmar 2010
Wednesday, October 7, 2009
Subscribe to:
Post Comments (Atom)