The Korea Times, By Nehginpao Kipgen, 23rd May 2010
မြန်မာ အစိုးရ အပေါ် ထားရှိသော အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေး မူဝါဒကို မြန်မာလူထုကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုများ ထွက်ပေါ်လာလေမလားဟု သေချာစွာ စောင့်ကြည့်နေကြသည်။
အဆင့်မြင့် ပုဂ္ဂိုလ်များကြား ဆက်ဆံရေးများ ရှိနေသော်လည်း သမ္မတ Obama သည် မေလ ၁၄ ရက်နေ့က ထိပ်တန်းအမိန့် (Executive Order) ဖြင့် အရေးပေါ် သက်တမ်း တိုးခဲ့သည်။ မေလ ၂၀ ရက်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်၍ သက်တမ်းတိုးခြင်း ဖြစ်သည်။
အမေရိကန် ကွန်ဂရက်သို့ ပေးပို့သော သတင်းတွင် Obama က ပြောကြားရာတွင် ယခု အရေးယူမှုများနှင့် မူဝါဒများသည် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒနှင့် အမျိုးသား လုံခြုံရေးကို သမရိုးကျ မဟုတ်ဘဲ အထူးခြိမ်းခြောက်မှုများ ရှိလာပြီး အမေရိကန်တို့၏ အကျိုးစီးပွားကို ဆန့်ကျင်လာသောကြောင့် ချမှတ်ရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
မူလအစ ကြေညာစဉ်က မြန်မာအစိုးရ၏ ဒီမိုကရေစီ အတိုက်အခံကို ဖိနှိပ်ခြင်းများ အပါအဝင်၊ လုပ်ဆောင်မှုများနှင့် မူဝါဒများ၏ အကျိုးဆက်များ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ပထမဆုံး အမိန့်ကို ၁၉၉၇ ခုနှစ် မေလ ၂၀ ရက်နေ့က ကြေညာခဲ့ပြီး၊ ၎င်းကို ပြန်လည် မွမ်းမံပြီး ချဲ့ထွင်ကာ ထိပ်တန်း အုပ်ချုပ်ရေး အမိန့် အမှတ် ၁၃၃၁၀ ဖြင့် ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် ၁၃၄၄၈ ကို ၂၀၀၇ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် လည်းကောင်း၊ အမိန့်အမှတ် ၁၃၄၆၄ ကို ၂၀၀၈ ခုနှစ် ဧပြီလ ၃၀ ရက်တွင်လည်းကောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပိတ်ဆို့ အရေးယူမှုများတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် ပြုလုပ်ခြင်း မပြုရန်နှင့် မြန်မာပို့ကုန်များ အမေရိကန်သို့ တင်ပို့ခြင်း မပြုနိုင်အောင် တားမြစ်ထားသည်။ စစ်အစိုးရနှင့် ပတ်သက်နေသော ပုဂ္ဂိုလ်တစ်ဦးချင်းကိုလည်း ချမှတ်ထားသည်။
ပြီးခဲ့သည့် မေလ ၉ - ၁၀ ရက်နေ့များက အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ၏ မြန်မာပြည် ခရီးစဉ်သည် Obama အစိုးရ၏ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်သူများနှင့် အတိုက်အခံ အုပ်စုများ အားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး ဝန်းကျင်တစ်ခု ဖန်တီးရန် ဆက်လက် ကြိုးစားနေမှုကို ပြသလိုက်ခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရှုပ်ထွေးနေသော နိုင်ငံရေး အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေမှု အပေါ် မြန်မာနိုင်ငံသားများက သာမက အမေရိကန် ပြည်ထောင်စုကပါ စိတ်ပျက်လက်ပျက် ဖြစ်နေခြင်းကို ခံစား သိရှိနိုင်သည်။
မြန်မာနိုင်ငံသို့ ခရီးစဉ် အပြီးတွင် Campbell က ပြောကြားရာ၌ "ကျွန်တော့်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အဓိက ဦးတည်ချက်ကတော့ ကျွန်တော်တို့ ဆက်ဆံရေး မူဝါဒရဲ့ ရည်ရွယ်ချက်တွေနဲ့ မူတွေကို အလေးအနက်ထား ရှင်းပြလိုတာရယ်။ ဒီနေ့အထိ မြင်တွေ့ရတာတွေက ကျွန်တော်တို့ အထူးစိတ်ပျက်ရခြင်း အတွက် အကြောင်းပြချက်တွေ ချပြချင်တာရယ်ပါပဲ" ဟု ပြောခဲ့သည်။
စစ်အစိုးရ၏ အပြောင်းအလဲ မလုပ်လိုသော သဘာဝကို စိတ်ပျက်သော စကားလုံးများ ဖော်ပြရုံ၊ ဖိအားပေးရုံဖြင့် စစ်ခေါင်းဆောင်များကို ပြောင်းလဲအောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။ အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုဖြင့် ဗိုလ်ချုပ်များ၏ အကြွင်းမဲ့အာဏာနှင့် လက်ရှိ ၎င်းတို့ ခံစားနေသော အခွင့်ထူးများကို လဲလှယ်ရန် ကြိုးစားမှုကို ဗိုလ်ချုပ်များ စိတ်မဝင်စားလှပေ။
အမေရိကန်၏ အရေးယူမှုများသည် မြန်မာနိုင်ငံအပေါ် ကြီးမားသော သက်ရောက်မှုများ မရှိပေ။ အဘယ်ကြောင့်ဆိုသော် တရုတ်၊ အိန္ဒိယနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေခြင်းကြောင့် ဖြစ်သည်။
ယခု ကိစ္စမှာ နိုင်ငံတကာမှ ပူးပေါင်း၍ ချဉ်းကပ်မှု တည်ဆောက်ရန် အရေးကြီးသည်။ Obama အစိုးရသည် မြောက်ကိုရီးယားကို ခြောက်နိုင်ငံ ဆွေးနွေးပွဲဖြင့် စဉ်းစားလျက် ရှိနေသည်။ အဆိုပါ ခြောက်နိုင်ငံတွင် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ အာဆီယံ၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ ပါဝင်သင့်သည်။
အိမ်ဖြူတော် အနေဖြင့် ယခု အရေးယူမှု တစ်ခုတည်းဖြင့်တော့ မြန်မာနိုင်ငံတွင် အောင်မြင်မှု ရရှိလိမ့်မည် မဟုတ်ပေ။ စစ်အစိုးရ အနေဖြင့် ဖိအားပေးမှုများကို အလေးဂရုပြုလာစေရန်
(၁) ဆွေးနွေးမှု မအောင်မြင်လျှင် အမေရိကန်က စစ်အင်အား အသုံးပြုမည်ဟု အားလုံးက ဆုံးဖြတ်လျှင်
(၂) ကုလသမဂ္ဂ ချာတာ အခန်း (၇) တွင် စုပေါင်း ဆုံးဖြတ်ချက်အရ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များကို ဝင်ရောက် စွက်ဖက် ခွင့်ပြုရန် ကုလသမဂ္ဂကို အမေရိကန်က ပြောနိုင်လျှင်
(၃) မြန်မာ စစ်ဗိုလ်ချုပ်များကို နိုင်ငံတကာ တရားရုံး (ICC) တွင် ရုံးတင် စစ်ဆေးနိုင်ခဲ့လျှင် ဂရုပြုလာနိုင်သည်။ သို့သော် အထက်ပါ အတိုင်း ဖြစ်လာစေရန် အခွင့်အလမ်း အတော် နည်းပါးသည်။ အနာဂတ်ကို စောင့်ကြည့်လျှင်တောင် မဖြစ်နိုင်ကြောင်း တွေ့ရလိမ့်မည်။
ခိုင်မာသော အပေါင်းလက္ခဏာ ဆောင်သည့် ရလဒ်များ ထွက်ပေါ်လာခြင်း မရှိသည့်တိုင် အမေရိကန်၏ ဆက်ဆံရေး မူဝါဒမှ ကြိုဆိုသင့်သော ချဉ်းကပ်မှု တစ်ခု ဖြစ်သည်။ အဆိုပါ မူဝါဒအား မြန်မာလူမျိုးများ အပါအဝင် စစ်အစိုးရကရော တိုင်းရင်းသားများ အပါအဝင် အတိုက်အခံများကပါ ထောက်ခံကြသည်။
နှစ်ပေါင်းများစွာ ဖိအားပေးမှုများ ဝေဖန်မှုများနှင့် ရင်ဆိုင်နေသည့် ကြားမှ စစ်အစိုးရသည် နိုင်ငံတကာတွင် ၎င်းတို့ တရားဝင်စေရေး ကြိုးစားမှု အနေဖြင့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်လျက် ရှိသည်။
၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် သင်ခန်းစာ ရခဲ့ပြီး ဖြစ်၍ စစ်တပ်သည် ထိုကဲ့သို့ ပြန်မဖြစ်ရန် ပြင်ဆင်လျက် ရှိသည်။ ၎င်းတို့၏ အာဏာဆုပ်ကိုင်မှု တည်မြဲရေး အတွက်၊ အစိုးရသည် အခြေခံ ဥပဒေတွင် ပါလီမန်၏ ၂၅ % ကို စစ်တပ် အတွက် နေရာပေးရန် ထည့်သွင်းရေးဆွဲခဲ့သည်။
တဖန် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ ဥပဒေဖြင့် မပါဝင်နိုင်ရန် ပြုလုပ်ခဲ့သည်။ ထို့ကြောင့်ပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ကဲ့သို့ ပါတီများ ဖျက်သိမ်းသွားခဲ့သည်။ ၎င်းတို့ပါတီကြီး နှစ်ခုသည် ၁၉၉၀ ရွေးကောက်ပွဲ၌ အမတ်နေရာ အများဆုံးနှင့် ဒုတိယ အများဆုံး ရရှိထားသော ပါတီကြီးများ ဖြစ်သည်။
အဆိုပါ ပါတီကြီးများ ယခုလာမည့် ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုသည့် အတွက် စစ်အစိုးရအဖို့ ဝမ်းသာနေသည့် နည်းတူ စိတ်ကသိကအောက် ခံစားရသည်။ ၎င်းတို့ မပါဝင်သည့် အတွက် စစ်တပ်မှ ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ပေသည်။
အကယ်၍ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ အပါအဝင် နိုင်ငံတကာက ကန့်သတ်မှုများသော ရွေးကောက်ပွဲ ဥပဒေအရ ကျင်းပမည့် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုရန် ဆုံးဖြတ်ခဲ့လျှင် အစိုးရ လိုလားသော နိုင်ငံတကာတွင် တရားဝင်မှုကို ရရှိလိမ့်မည် မဟုတ်ပေ။
အမေရိကန်၏ ဆက်ဆံရေး မူဝါဒသည် အစိုးရကိုသာ အာရုံထားရုံမက တိုင်းရင်းသားများ အပေါ်တွင်ပါ အာရုံပြုထားသဖြင့် အားရမိသေးတော့သည်။ ဆယ်စုနှစ်များစွာ ကြာနေသော မြန်မာနိုင်ငံ၏ ပြဿနာများတွင် သဘာဝအရ တိုင်းရင်းသားများနှင့် ပတ်သက်သော နိုင်ငံရေး ပါဝင်နေသည်ဖြစ်ရာ၊ တိုင်းရင်းသားများ၏ အရေးကိစ္စကို ထည့်သွင်း စဉ်းစားခြင်း မပြုပါက ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.