Transparency Myanmar

transparency.myanmar@gmail.com

      ပြီးခဲ့သည့် ဂျပန် ရွေးကောက်ပွဲတွင် အိုကီနာဝါကျွန်းရှိ အမေရိကန် စစ်အခြေစိုက် စခန်းကို ရွှေ့ပြောင်းပေးမည်ဟု ကတိပြုခဲ့သော်လည်း အဆိုပါ ကတိ ပျက်ကွက်ခဲ့သည့် အတွက်ကြောင့် ဝန်ကြီးချုပ် Yukio Hatoyama က မေလ ၂၃ ရက်နေ့တွင် တောင်းပန်လိုက်ကြောင်း သတင်း ရရှိသည်။

      ဝန်ကြီးချုပ် Hatoyama သည် အဆိုပါ အိုကီနာဝါကျွန်းသို့ သွားရောက် လည်ပတ်ခဲ့ပြီး ဒေသ အုပ်ချုပ်ရေးမှူး Hirokazu Nakaima နှင့်လည်း တွေ့ဆုံခဲ့သည်။ အိုကီနာဝါ အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံများက အမေရိကန် စစ်အခြေစိုက် စခန်း တပ်စွဲထားသည့် ကိစ္စကို ဆန့်ကျင်ကြပြီး ဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်ကို လက်ခံရန် ခက်ခဲမည် ဖြစ်ကြောင်း ပြောကြားသည်။

      ဒုတိယ ကမ္ဘာစစ် ပြီးဆုံးချိန်ကတည်းက မဟာမိတ်များ ဖြစ်ခဲ့ကြသော ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုတို့က အဆိုပါ အိုကီနာဝါကျွန်းရှိ စစ်အခြေစိုက် စခန်းသည် ဒေသတွင်း လုံခြုံရေး အတွက် လိုအပ်ချက် တစ်ခု ဖြစ်ကြောင်း အာမခံ ပြောဆိုထားသည်။

      ဝန်ကြီးချုပ် Hatoyama သည် ရွေးကောက်ပွဲကာလ မဲဆွယ်ရာတွင် အိုကီနာဝါကျွန်းရှိ အမေရိကန် စစ်အခြေစိုက် စခန်းကို ဖယ်ရှား ပြောင်းလဲပေးမည် ဖြစ်ကြောင်း ကတိကဝတ်ပြု ပြောဆိုခဲ့ဖူးသည်။

      သို့သော် အဆိုပါ ကိစ္စအတွက် အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်နှစ်နိုင်ငံ ဆွေးနွေးပြီးနောက် ဝန်ကြီးချုပ်က အကယ်၍ လူသူ ထူထပ်မှု နည်းပါးသော ဟီနိုကို ကမ်းခြေဒေသသို့ စစ်အခြေစိုက် စခန်း ပြောင်းရွှေ့သည့်တိုင် အိုကီနာဝါတွင် ယင်းစစ်အခြေစိုက် စခန်းကို ဆက်လက် ထားရှိရမည် ဖြစ်ကြောင်း ပြောဆိုသည်။ ယင်းသို့ ထားရှိရခြင်းမှာ ၂၀၀၆ ခုနှစ်တွင် ကြေညာခဲ့သော  အစီအစဉ်အရ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

      ဤသို့ အိုကီနာဝါ ကျွန်းတွင် အမေရိကန် စစ်အခြေစိုက် စခန်း ဆက်လက် ထားရှိရန် ဆုံးဖြတ်ရသည့် အကြောင်းမှာ အရှေ့အာရှ ဒေသ လုံခြုံရေး အခြေအနေမှာ ကောင်းမွန်မှု မရှိသောကြောင့် ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

      "ကျွန်တော် ကတိပေးခဲ့တဲ့ အတိုင်း မလုပ်ပေးနိုင်ခဲ့တဲ့ အတွက် အိုကီနာဝါ ပြည်သူ ပြည်သားတွေကို တောင်းပန်ပါတယ်။ ခင်ဗျားတို့ အားလုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ပေးဖို့ အင်မတန် ခက်ခဲတယ် ဆိုတာကို ပြောလိုပါတယ်" ဟု ဝန်ကြီးချုပ်က စိတ်မကောင်း ဖြစ်သည့် မျက်နှာထားဖြင့် ပြောဆိုသည်။

      ဝန်ကြီးချုပ် Hatoyama မိန့်ခွန်း ပြောဆိုနေသည့် အဆောက်အအုံ ပြင်ပတွင် ဆန္ဒပြ သမားများက "Hatoyama အိမ်ပဲပြန်ပါတော့" ဟု အော်ဟစ် ပြောဆိုကြသည်။

      ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း တောင်ပိုင်းဒေသမှ လူပေါင်း တစ်သိန်းခန့် ဆန္ဒပြခဲ့ကြသည်။ အမေရိကန် စစ်အခြေစိုက်စခန်း ရွှေ့ပြောင်းပေးရန် ဆန္ဒပြခြင်း ဖြစ်သည်ဟု သိရသည်။

      အမေရိကန် စစ်အခြေစိုက် စခန်း ရှိခြင်းကြောင့် အိုကီနာဝါကျွန်းတွင် နေထိုင်သူများမှာ လွန်စွာ ဒေါသ ထွက်လျက် ရှိသည်။ ၁၉၉၅ ခုနှစ်တွင် အဆိုပါကျွန်းမှ ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အမေရိကန် စစ်သား တစ်ဦးက မုဒိမ်းပြုကျင့်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင်လည်း ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ဖူးသောကြောင့် ကန် စစ်အခြေစိုက် စခန်းကို ဒေသခံများက ရွှေ့ပြောင်း စေလိုကြခြင်း ဖြစ်သည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment