Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၅.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ရပ်နေတဲ့နေရာက ကျွန်တော်တို့ နည်းနည်းလေး ရွှေ့ကြည့်ကြရအောင်လားဗျာ

*****************************************

ဆောင်းပါးကဏ္ဍ

ရပ်နေတဲ့နေရာက ကျွန်တော်တို့ နည်းနည်းလေး ရွှေ့ကြည့်ကြရအောင်လားဗျာ

ဉာဏ်လင်းအောင်

ပေါ်ပြူလာဂျာနယ်မှ ကူးယူဖော်ပြချက်

ရိုးရိုးရှင်းရှင်းလေး ဆိုပေမယ့် တစ်ခါတစ်ရံတွင် တစ်စုံတစ်ရာကို အသေ ဆုပ်ကိုင်ထားမှုဟာ ကျွန်တော်တို့အတူ ယှဉ်တွဲရေးမူကို ပျက်ပြားစေခဲ့ကြ သည် မဟုတ်လား။ ကျွန်တော်တို့အားလုံး တစ်နေရာရာအတွက် ဘာကြောင့်များ အတူတူ မယှဉ်တွဲနိုင်ခဲ့ရသလဲ။ နှစ်ဦးနှစ်ဖက်စလုံးက လိုချင်ပြီး အားလုံး အတွက်လည်း လိုအပ်နေသော ကိစ္စရပ်တစ်ခုအပေါ်မှာ ကျွန်တော်တို့ ထို့ထက် ပိုမို သူစိမ်းဆန်နေကြဦးမည်ဆိုလျှင် အရာရာ အခွံချည်းသာကျန်တော့ သည့် ရုပ်ဝတ္ထုတစ်ခုလိုပင် ကျွန်တော်တို့ ရှေးရှုသော မြင်ကွင်းတွေကို တွေ့မြင်ရလိမ့်မည်ထင်၏။

”အဓိကလူတိုင်းမှာ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး ပါးစပ်ပဲပြောတယ်။ လက်တွေ့အကောင်အထည် မရှိဘူး၊ ဒါနဲ့မို့ ငြိမ်းချမ်းရေးလိုချင်လို့ရှိရင် လက်တွေ့ပြသက အဲဒီမှာ ငြိမ်းချမ်းရေးရမယ်”ဟု မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးထားသည့် ကလိုထူးဘောကရင် အစည်းအရုံး အဖွဲ့နာယက၊ ကရင်အကျိုးပြု ဒီမိုကရက်တစ်တပ်မတော် (ယခင်တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA) ၏စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလား ပွယ်(ခ) ဦးနှုတ်ခမ်းမွေးက ပြောသည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်မှ ထုတ်ပြန်သည့် မူးယစ်ရာဇာ၂၅ ဦးစာရင်းတွင် သူ၏ အမည်ပါဝင်မှုအတွက် ငြင်းဆိုသည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ဗိုလ်ချုပ်စောလားပွယ်က သူ၏ စစ်စခန်းအခြေစိုက်ရာ မြဝတီမြို့ ဆုံဆည်းမြိုင်ကျေးရွာ ကော်သူးမွဲခီစခန်းတွင် မေလ ၁ဝ ရက်က ပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲသို့ တက်ရောက် သတင်းယူနိုင်ဖို့ ရန်ကုန်အခြေစိုက် သတင်းမီဒီယာများအား ဖိတ်ကြားခဲ့သည့်အတွက် သတင်းရယူနိုင်ဖို့ ထိုခရီး စဉ်ကို သွားရောက်ဖြစ်ခဲ့၏။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ပေါ်မှ တောင်လေးလုံးကို ကျော်ဖြတ်ပြီး တောလမ်းခရီးကြမ်းအတိုင်း ၄ နာရီကျော် သွားရောက် ရသည့် ဆုံဆည်းမြိုင်ကျေးရွာသည် နှစ်ပေါင်းများစွာငြိမ်းချမ်းမှုမရရှိခဲ့သည့် ဆိုးကျိုးအဖြစ် အထက်တန်းကျောင်းမရှိ၊ ဆေးရုံ၊ ဆေးပေးခန်းမရှိ၊ ယင်လုံ အိမ်သာမရှိ၊ လျှပ်စစ်မီးမရှိ၊ စသည့် မရှိများစွာဖြင့် အိုမင်းနေသည့် သစ်ခြောက်ပင်ကဲ့သို့ ဖြစ်သည်။  သို့ပေမယ့် ကော်သူးမွဲခီ စခန်းမှ ၁ဝ မိနစ်ခန့် လမ်းလျှောက်သွားလျှင် သောင်ရင်းမြစ် တစ်ဖက်ကမ်း ထိုင်းနိုင်ငံသို့ ကူးသန်းသွားလာ၍ရသည့် နေရာတစ်ခုရှိသည်။ ထိုနေရာမှ ဆုံဆည်းမြိုင်ကျေးရွာ အတွင်း ဝင်ရောက်လာသည့် အရာများသည် ဘီယာ၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် အခြားသော အရာများဖြစ်ပြီး ထိုအရာများသည် ကျေးရွာဒေသ ခံပြည်သူများထက် လူအနည်းငယ်သာ သုံးစွဲနိုင်သည့်အရာများအဖြစ်သာ တွေ့ရသည်။ ဒေသခံပြည်သူအများစုသည် တောတိုးရတုန်း၊ တွင်းရေကို (ရေခဲ ချောင်းရောင်းသည့် ရေခဲပုံးထဲထည့်ပြီး) ယိုးဒယားဘက်မှ ဝင်လာသော ရေခဲထည့်ပြီး ရေခဲရေအဖြစ် ဖန်တီးသောက်သုံးနေရတုန်း၊ ပေါလွန်းလှသည့် ယိုးဒ ယားဖုန်းကို မြင်ရုံသာမြင်ခွင့်ရတုန်း အခြေအနေပင်ဖြစ်သည်။

”ဖွံ့ဖြိုးရေးမရှိတဲ့ ပြဿနာရဲ့ နောက်ဆက်တွဲက အဲဒါပါပဲ။ ကျွန်မတို့ဆီမှာ ဖွံ့ဖြိုးရေးလုပ်ဖို့ အများကြီး လိုအပ်နေပါသေးတယ်။ ကျွန်မတို့ကျောင်း တွေ လုပ်ရမယ်။ ဆေးရုံလုပ်ရမယ်။ အဓိက နံပါတ်တစ်လုပ်ရမှာ ကျွန်မတို့ ရေရရှိရေးပေါ့။ နောက်ပတ်ဝန်းကျင် ထိန်းသိမ်းရေးကအစ လုပ်ရမှာတွေ အများ ကြီးပါပဲ” ဟု ကလိုထူးဘော ကရင်အစည်းအရုံး၏ နိုင်ငံရေးအကြံပေး ဒေါ်စီမင်းနိုင် ကပြောသည်။

ထိုအရာတွေသည် အပြောလွယ်ကူသလောက် လက်တွေ့အကောင်အထည်ဖော်ရန် မည်ရွေ့မည်မျှ အချိန်ယူရမည်နည်း။ ဒေသတွင်း သစ်တော များသည် တောင်ကတုံးချည်းသာ ရှိတော့သည့် လွင်တီးခေါင် ဖြစ်နေပြီ ဖြစ်သည်။ အထက်တန်းကျောင်းမရှိသည့်အတွက် အရွယ်မတိုင်ခင်ကပင် သေနတ် ကိုင်ခဲ့ကြသည့် လူငယ်များနှင့် တစ်ဖက်နိုင်ငံထဲ အလုပ်သွားရောက် လုပ်ကိုင်ခြင်းကို ရွေးချယ်လိုက်ရသည့် လုံမငယ်များ များပြားစွာ ရှိနေပြီဖြစ်သည်။

”သမီးတို့ သူနာပြုလုပ်ချင်တယ်။ ဒါပေမဲ့ ဒီမှာ ကျောင်းမရှိဘူး။ တခြားနေရာမှာ သွားတက်ဖို့ ပိုက်ဆံမရှိဘူး။ အဲဒီတော့ ဒီ (ကေကေအို) ကဖွင့်ပေး တဲ့ ဆေးသင်တန်းကို တက်ရတယ်။ သင်တန်း ၆ လပြီးရင် ၃နှစ် တာဝန်ပေးတဲ့နေရာမှာ အလုပ်လုပ်ရမယ်။ ပြီးမှ ကိုယ့်ရွာကိုယ်ပြန်ပြီး (သူနာပြု) ဆရာမ လုပ်ပေါ့”ဟု ဆုံဆည်းမြိုင်ကျေးရွာတွင် ဖွင့်လှစ်သင်ကြားနေသော ‘စစ်ဆေးသင်တန်း’ တက်ရောက်နေသူတစ်ဦးဖြစ်သည့် အသက် ၁၈နှစ်အရွယ် မခူရှီဝါ (ခ)မနန်းသူသူအောင်က ပြောသည်။

သူတို့ စစ်ဆေးသင်တန်းတွင် သင်တန်းသူ ၂၇ ဦး သင်တန်းသား၂၅ ဦး ရှိသည်။ အများစုသည် ရွေးချယ်စရာမရှိသော အခြေအနေတွင် အကောင်း ဆုံး ရွေးချယ်မှုအဖြစ် စစ်ဆေး သင်တန်းသူသင်တန်းသားများ ဖြစ်လာကြခြင်း ဖြစ်၏။ သူတို့ထဲမှ အများစုသည် ထိုဆုံဆည်းမြိုင်ရွာမှ မဟုတ်ကြပေ။ တချို့ သံဖြူဇရပ်၊ တချို့ မြဝတီ၊ တချို့ဘားအံ နယ်စုံကဖြစ်ကြသည်။ သူတို့၏ အဆုံးစွန်သော မျှော်လင့်ချက်သည် သင်တန်းပြီးဆုံးလျှင် ၃နှစ်တာဝန်ထမ်းမည်၊ ပြီး လျှင် ကရင်ပြည်နယ်တွင်းရှိ မြို့တစ်မြို့တွင် သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းတစ်ခုခုကို လုပ်ကိုင်မည်ဟူသည်ပင် ဖြစ်၏။ သူတို့ အများစုသည် သေနတ်ကို မကိုင်ချင်ကြတော့ပေ။ ရင်ဆိုင်တိုက်ပွဲများအား ကိုယ်တိုင်မကြုံခဲ့ဖူးသော်လည်း ပြေးလွှားရွှေ့ ပြောင်းရသည့် မငြိမ်းချမ်းသော ဘဝတွေကို သူတို့ ကြုံခဲ့ကြဖူးပြီဖြစ်သည်။ သူတို့သည် အခြားသော မြို့ရွာများမှ သူတို့အရွယ် လူငယ်များလိုပင်  ပညာသင်ကြားမှု ပြုချင်ကြသည်။ ပေါ့ပါး လွတ်လပ်စွာ ပြေးလွှားဆော့ကစားချင်ကြသည်။ သို့ပေမယ့် ထိုအရာတွေသည် ဒေသတွင်းမဖွံ့ဖြိုးခြင်းမှာ သူတို့ခံစားနေရသည့် ပိတ်လှောင်မှု ရလဒ်များသာ ဖြစ်၏။

နှစ်ပေါင်းများစွာ အဖွဲ့ပေါင်းများစွာ၏ ပဋိပက္ခများစွာကြောင့် ဖြစ်ပျက်ခဲ့သည့် တိုက်ပွဲများစွာကို ကြုံဖူးသည့်သူတို့အတွက် လက်ရှိ အပစ်အခတ် ရပ်စဲထားသော အခြေအနေ၌ပင် ရင်တထိတ်ထိတ် ရှိနေတုန်းဖြစ်၏။ ဖြစ်လည်းဖြစ်သင့်ပါသည်။ သေနတ်သံ မကြားရတော့သော်လည်း ထိုဒေသများသည် အညိုရောင်နယ်မြေ အဆင့်တွင် ခုထိ ရှိနေတုန်းပင်ဖြစ်၏။ လက်နက်ကိုင်ဆောင်ထားသည့် နယ်ခြားစောင့်တပ်ဖွဲ့၊ ကေအင်ယူတပ်ဖွဲ့၊ မြန်မာ့တပ်မတော် တပ်ရင်းအဖွဲ့၊ ကလိုထူးဘော ကရင်အစည်းအရုံးတပ်ဖွဲ့၊ ကေအင်အယ်လ်အေတပ်ဖွဲ့၊ နယ်စပ်မျဉ်းပေါ်က ယိုးဒယား လက်နက်ကိုင်တပ်ဖွဲ့၊ အဖွဲ့ပေါင်း များစွာ ၏ နယ်မြေပြဿနာများစွာအကြား မည်သည့်အချိန်တွင် အပစ်အခတ်ရပ်စဲမှု ချုပ်ငြိမ်းသွားမည်လဲဆိုသည်က မြေဇာပင်ပမာ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံ များအရ ထိုအဖွဲ့အစည်းများအကြား နေထိုင်နေရသည့် ဒေသခံပြည်သူများ၏ စိုးတထိတ်ထိတ်ကိစ္စ ဖြစ်၏။

”ကိုယ့်အချင်းချင်း သတ်ဖြတ်ရတာတွေလည်း မလုပ်ချင်တော့ပါဘူးဗျာ။ ဒီနေရာမှာ တာဝန်ကျတိုင်း ကိုယ့်ကိုယ့်ကို သေလူလို့သတ်မှတ် ထားခဲ့ရ တာ။ အခုအိမ်က မိသားစုကတော့ ပျော်နေတာပေါ့”ဟု ယင်းဒေသတွင်းရှိ ဆုအိလဲစစ်စခန်းမှ တာဝန်ပြီးဆုံး၍ မိသားစုများရှိရာ သံဖြူဇရပ်မြို့သို့ တပ်ပြန် ပြောင်းရွှေ့လာသည့် မြန်မာစစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦးက မေလ ၁၁ ရက် တပ်ပြောင်းရွှေ့ခရီးစဉ်တွင် တွေ့ဆုံခွင့်ခဏ ရခဲ့စဉ်က ပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ မဲဆောင်မြို့အခြေစိုက် ကရင့်အရေး သုံးသပ်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ”အပစ်အခတ် ရပ်စဲထားပေမယ့် ဒီအဖွဲ့အစည်းတွေကြား အမှန်တကယ် ငြိမ်းချမ်းရေးရနိုင်ဖို့ဆိုတာက လက်နက်ကိုင်ပြဿနာ တစ်ခုတည်းတင်မကဘူး၊ ဒေသတွင်း စီးပွားရေး ပြဿနာတွေ လည်း အများကြီး ရှိနေသေးတယ်။ အကျိုးအမြတ်တွေ ခွဲဝေမှုမှာပါ ပီပီပြင်ပြင် ဆွေးနွေးနိုင်မှ မှန်ကန်တဲ့ ငြိမ်းချမ်းမှုကို ရနိုင်လိမ့်မယ်”ဟု ဆိုသည်။

အကျိုးအမြတ်ခွဲဝေမှုများ၊ စိတ်အစွဲအခံများ၊ လူမျိုးရေးပြင်းထန်မှုများ၊ အစွန်းတစ်ဖက် ရောက်လွန်းမှုများသည် နှစ်ပေါင်းများစွာ ဒေသတွင်း ဖွံ့ဖြိုး မှုကို နှေးကွေးစေခဲ့သည့် အရာများဟု ဆိုချင်သည်။ နိုင်ငံတကာနှင့်နှိုင်းယှဉ်လျှင် အစစအရာရာ နိမ့်ကျလွန်းလှသည့် နိုင်ငံတွင်းမှ ထပ်မံပြီး အထက် တန်းပညာရေးမရှိ၊ ဆေးရုံ၊ ဆေးပေးခန်းမရှိ၊ ယင်လုံအိမ်သာမရှိ၊ ကလေးကစားကွင်းမရှိ၊ သန့်ရှင်းသောသောက်သုံးရေမရှိ၊ ဘာသာစကား သင်တန်း ကျောင်းမရှိ၊ ကွန်ပျူတာမရှိ၊ အင်တာနက်မရှိ၊ မရှိများစွာကြားထဲ ဘဝကို နေထိုင်ဖြတ်သန်းရရုံမက  လက်နက်ကိုင်တိုက်ပွဲနှင့် မငြိမ်းချမ်းမှုတွေကြား အမြဲလို မြေဇာပင်ဖြစ်ရသည့် ဒေသခံပြည်သူတွေ၏ ဘဝတိုးတက်ဖွံ့ဖြိုးမှု၊ ဒေသတွင်း တိုးတက်ဖွံ့ဖြိုးမှုတို့သည် မည်သည့်အခြေအနေပေါ်တွင် ရှိနေသနည်း။ သေချာ သည်က အကျိုးအမြတ်တွေကို ခွဲဝေသုံးစွဲမှုနှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်မှုအပေါ် အစစ်အမှန် ငြိမ်းချမ်းရေး တည်ဆောက်ရန်တို့ထက် ပိုမို အားထုတ်ပါမှ ဘဝတစ်လျှောက်လုံး မိမိတို့ကြောင့် မြေဇာပင်ဖြစ်ကြရရှာသည့် မိမိဒေသခံပြည်သူတွေ၏ လူမှုဘဝများစွာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ် ဆောင်နိုင်မည် ဖြစ်ပေသည်။ ထို့ထက်ပြောရလျှင် ကျွန်တော်တို့ ရပ်နေကြသည့် အကျိုးအမြတ်ခွဲဝေမှုများ၊ စိတ်အစွဲအခံများ၊ လူမျိုးရေးပြင်းထန်မှုများ၊ အစွန်းတစ်ဖက် ရောက်လွန်းမှုနေရာများမှ နည်းနည်းလေး ဖယ်ခွာရွှေ့ပြောင်းပြီး ကြည့်မည်ဆိုလျှင် ကျွန်တော်တို့ ရှေးရှုသောနေရာအား အခြားသော မြင် ကွင်းတစ်ခု အခြားသော ပုံသဏ္ဌာန်တစ်ခုအနေဖြင့် လှပစွာတွေ့မြင်ရလိမ့်မည် ထင်ပါသည်။

*****************************************

Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

ညဏ်လင်းအောင်