Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၅.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ့စီးပွားရေး ခေါင်းထောင်စပြုလာ

(The Straits Times သတင်းစာမှ 2 Feb 2012 ရက်စွဲပါ ခေါင်းကြီးဖြစ်သော Burma's economic coming out ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

  1. အိမ်အပြန်လမ်းကိုမျှော်ကြည့်နေသည့် မြန်မာဒုက္ခသည် တစ်သန်း

(The Scotsman မှ 2 Feb 2012 ရက်စွဲပါ Burma's 1 m exiles look homewards ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ အမည် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပြောင်းလဲခေါ်ဆို

(The Age မှ 4 Feb 2012 ရက်စွဲပါ Rudd eases on name ကို ဘာသာပြန်ဆိုသည်)

****************************************************************************************

မြန်မာ့စီးပွားရေး ခေါင်းထောင်စပြုလာ

(The Straits Times သတင်းစာမှ 2 Feb 2012 ရက်စွဲပါ ခေါင်းကြီးဖြစ်သော Burma's economic coming out ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

ဒီမိုကရေစီ ရွေးကောက်ပွဲများမှတစ်ဆင့် အရပ်သားအစိုးရတစ်ရပ်ကိုဖွဲ့စည်းထူထောင်နိုင်ခဲ့သည့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် ယခုအခါ နိုင်ငံတကာအသိုင်းအဝိုင်း၏ စိတ်အာရုံကိုများစွာဖမ်းစားထားနိုင်ပြီဖြစ်သည်။ အဆိုပါပြုပြင်ပြောင်းလဲမှုများတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်၏ ခေါင်းဆောင်ပိုင်းများ ပြန်ပေါင်းထုတ်မှုလည်းပါဝင်လေသည်။

ထို့အတူ ယင်းပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို ပြည်တွင်းနှင့် ပြည်ပမှ ထောက်ပံ့မှုများနှင့် အကူအညီပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာသည် မှာလည်း သဘာဝကျသည်။ အကြောင်းမှာ မြန်မာစစ်အစိုးရသည် ခေတ်နောက်ပြန်ဆွဲသော နိုင်ငံရေးစနစ်ကို ကာလကြာရှည်စွာကျင့်သုံးခဲ့ရာမှ ထင်သာမြင်သာရှိသည့် ပြုပြင်ပြောင်းလဲမှုများကို ပြတ်ပြတ်သားသားလုပ်ကိုင်ပြလာသောကြောင့်ပင်ဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် တံခါးပိတ်ပြီး မျိုးချစ်ဝါဒလွန်ကဲလွန်းကာ ပြည်ပနိုင်ငံများအပေါ် လွန်စွာသံသယဖြစ်လွန်းလှသည့် စီးပွားရေးစနစ်မျိုးကို အပြီးအပိုင်မစွန့်လွှတ်သေးသရွေ့ တိုင်းပြည်၏ နိုင်ငံရေးဖွံ့ဖြိုးမှုမှာလည်း ဆိုးဆိုးရွားရွားပင် ပြီးပြည့်စုံမှုမရှိဘဲ ဖြစ်နေပေလိမ့်မည်။

မြန်မာသည်ယခုအခါ နိုင်ငံရေးအရရော စီးပွားရေးအရပါ အထီးကျန်ဖြစ်ခဲ့သည့်အနေအထားမှ ရုန်းထွက်လာနိုင်ပြီဖြစ်ရာ မြန်မာ့အကျိုးစီးပွားနှင့် အာဆီယံ အကျိုးစီးပွားဟူသော အကြောင်းပြချက်နှစ်မျိုးစလုံးဖြင့် အားလုံးက အားပေးအားမြှောက်ပြုလုပ်ပေးရန် လိုအပ်ပေသည်။ မြန်မာသည် အင်ဒိုနီးရှားပြီးလျှင် အာဆီယံ၌ ဒုတိယအကြီးဆုံးသော အဖွဲ့ဝင်နိုင်ငံကြီးတစ်ခုမဟုတ်ပါလော။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) က မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့စဉ် ပြီးပြည့်စုံမှုရှိပြီး ရေရှည်တည်တံ့နိုင်မည့် တိုးတက်ဖွံ့ဖြိုးမှုများဆောင်ကြဉ်းနိုင်ရေးအတွက် လုပ်သင့် လုပ်ထိုက်သည်များကို အလေးပေးပြောဆိုခဲ့သည်။ မြန်မာအနေဖြင့် ဗွေဆော်ဦးလုပ်ကိုင်ရမည့်အလုပ်မှာ မက်ခရို စီးပွားရေးတည်ငြိမ်မှုပင်ဖြစ်ကြောင်း၊ နိုင်ငံတကာငွေပေးချေမှုများနှင့် ငွေလွဲပြောင်းမှုများအပေါ် ငွေကြေးလဲလှယ်မှုနှုန်း ကန့်သတ်ထားမှုများဖယ်ရှားကာ နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းထားများ တစ်စည်းတစ်လုံးတည်းဖြစ်စေမည့် အစီအစဉ်များ စတင်လုပ်ဆောင်ရန် IMF ကအကြံပေးပြောဆိုသွားသည်ကိုတွေ့ရသည်။

သို့အတွက်ကြောင့် ပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်ကို ငွေကြေးနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုများ၌ တိုးတက်ကောင်းမွန်မှုများရှိလာအောင် မဖြစ်မနေ ကဏ္ဍခွဲ၌ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်သည်။ တိုးတက်မှုအတွက် အဟန့်အတား၊ အနှောက်အယှက်ဖြစ်စေမည့် အရာများအားလုံးကို ဖယ်ရှားပစ်ရန်လည်း လိုအပ်လေသည်။ မြန်မာအာဏာပိုင်များအနေဖြင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်း၊ ဘဏ္ဍာရေးအခန်းကဏ္ဍ ခေတ်မီတိုးတက်မှုရှိအောင် လုပ်ဆောင်ခြင်းအစရှိသည်တို့သာမက ကုန်သွယ်ရေးနှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံရေး တို့တွင်ပါ လွတ်လပ်မှုရှိအောင် လုပ်ကိုင်ဖန်တီးပေးသင့်သည်။ မြန်မာပြည်အတွက် သတင်းကောင်းတစ်ခုမှာ မိတ်သင်္ဂဟဖွဲ့ လုပ်ကိုင်နိုင်သော မိတ်ဆွေအပေါင်းအသင်းနိုင်ငံရှားပါးမှု မရှိသည့်အချက်ပင် ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဟူသည် သမိုင်းအစဉ်အလာအရကိုယ်၌က မြန်မာနှင့် နက်နက်နဲနဲသဘောဖြင့် ပေါင်းစပ်မှုများပြုလုပ်ခဲ့ကြသည်။ အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများ တဖြည်းဖြည်း လျှော့ချလာချိန်တွင် အမေရိကန်ပြည် ထောင်စု၊ ဂျာမနီ နှင့် ဂျပန်အစရှိသည့်နိုင်ငံများက မြန်မာနှင့် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် များစွာစိတ်ဝင်စားကြောင်းထုတ်ဖော်ပြသလာကြသည်။ စင်ကာပူမှ လုပ်ငန်းကြီးများကလည်း မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုမှ စ၍ ပညာရေးနယ်ပယ်အထိ ရှိနှင့်အပ်သော လုပ်ငန်းအသီးသီးတွင်ဝင်ရောက်လုပ်ကိုင်ရန် နည်းလမ်း ရှာဖွေလျက်ရှိသည်။ ထိုသို့လုပ်ကိုင်မည်ဆိုပါက စင်ကာပူလုပ်ငန်းများ၏ ကျွမ်းကျင်မှုနှင့်အတွေ့အကြုံများကြောင့် မြန်မာနိုင်ငံအတွက်လည်း အကျိုးအမြတ်ဖြစ်ထွန်းစေမည်သာပင် ဖြစ်သည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း စင်ကာပူသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက် လည်ပတ်စဉ် နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုးနိုင်ခဲ့သည်မှာ အထက်ဖော်ပြပါနယ်ပယ်များ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အရေးပါပုံကို ဖော်ကျူးပြသရာ ရောက်ပေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေး၊ လူသားရင်းမြစ်ဖွံ့ဖြိုးရေး နှင့် အများပြည်သူဆိုင်ရာစီမံခန့်ခွဲရေး အစရှိသော နယ်ပယ်များတွင် စင်ကာပူအနေဖြင့် မိမိ၏တတ်စွမ်းမှုများနှင့် ကျွမ်းကျင်ပိုင်နိုင်မှုများကို မျှဝေပေးသွားနိုင်ကြောင်း အဆိုပါ MoU ကညွှန်းဆိုလျက်ရှိသည်။ အကယ်၍ နေပြည်တော်အစိုးရကသာ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ် အလေးအနက်ထားရှိသည်ဆိုပါက အဆိုပါ ချစ်ကြည်ရင်းနှီးမှုများကို မဖြစ်မနေ ဂရုတစိုက် ထားရှိရမည်ဖြစ်သလို တိုင်းပြည်အနာဂတ်အတွက် လွန်စွာအခရာကျသည့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ချစ်ကြည် ရင်းနှီးမှုများ ဖြစ်ပေါ်လာရန် မဖြစ်မနေလုပ်ကိုင်ဆောင်ရွက်ရမည်သာပင်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုအတွက် လွန်စွာ အသုံးဝင်မည့် အိုင်ဒီယာကောင်းများကို ရနိုင်သလောက် ရရှိနိုင်အောင်လည်း တံခါးဖွင့် ပြင်ဆင်ထားရန်လိုအပ်ပေသည်။

မြန်မာ့စီးပွားရေးအသွင်ကူးပြောင်းမှုအား သည်းကြီးမည်းကြီးစတင်လုပ်ကိုင်တော့မည်ဆိုပါက အဆိုပါ အချက်သည်သာ လွန်စွာအခရာ ကျပေလိမ့်မည်။

************************************************************************

အိမ်အပြန်လမ်းကိုမျှော်ကြည့်နေသည့် မြန်မာဒုက္ခသည် တစ်သန်း

(The Scotsman မှ 2 Feb 2012 ရက်စွဲပါ Burma's 1 m exiles look homewards ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

တောအုပ်တစ်ခုတွင်းမှ အရောင်အဝါမှေးမှိန်နေသော ခရစ်ယာန်ဘုရားရှိခိုကျောင်းတစ်ကျောင်း၌ မြန်မာဒုက္ခသည် ၃၀၀ ကျော် ဝတ်ပြု ဆုတောင်းရန် နံနက်ခင်းတစ်ခုတွင် စုဝေးလျက်ရှိသည်။

ဆုတောင်းသူများရှေ့ဆုံး၌ ရပ်နေသူ သင်းအုပ်ဆရာကယခုလို ပြောပြီးဆုမွန်ကောင်းတောင်းသည်။ "စစ်မက် ဖြစ်ပွားဖို့အတွက် အချိန်ရှိသလို၊ ငြိမ်းချမ်းရေးအတွက်လည်း အချိန်ဆိုတာရှိတယ်။ နှစ်ပေါင်း ၆၃ နှစ်လောက် ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ခဲ့တာ တော်လောက်ပါပြီ။ ကျွန်ုပ်တို့ရဲ့လှပတဲ့ နိုင်ငံမှာ သင်တို့အားလုံးကို မကြာခင် တွေ့ရမယ်လို့မျှော်လင့်မိပါတယ်"

သင်းအုပ်ဆရာ Simon Htoo(ဆိုင်မွန်ထူး) အနေဖြင့် ယခုလိုပြောင်မြောက်လှသည့် စကားလုံးများကို လွန်ခဲ့သည့် လများအတွင်း ထုတ်ဖော်ပြောဆိုရန်မှာ ဖြစ်နိုင်ခြေမရှိသောကိစ္စတစ်ခု ဖြစ်သည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပြုပြင်ပြောင်းလဲမှုများနှင့် အပစ်အခတ်ရပ်စဲရန် ကြိုးပမ်းမှုများက ကမ္ဘာပေါ်တွင်လူဦးရေအများဆုံးသောဒုက္ခသည်စာရင်းတွင်ပါရှိသည့် မြန်မာဒုက္ခသည်များ အမိမြေသို့ ပြန်လည်ခြေချခွင့်ရရှိမည့် အလားအလာများကိုဖြစ်ပေါ်စေသည်။ ခန့်မှန်းချက်များအရ တိုင်းရင်းသားလူနည်းစုများနှင့် အတိုက်အခံများအပေါ် ရက်စက်ကြမ်းတမ်းစွာဖိနှိပ်ညှဉ်းပန်းမှုများကြောင့် အိုးအိမ်စွန့်ပစ်ကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည့် မြန်မာဒုက္ခသည်ပေါင်း တစ်သန်းခန့်မှာ နိုင်ငံ ၅ နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်လျက် ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်များအနက် ကရင်တိုင်းရင်းသားလက်နက်ကိုင်သူပုန်များမှာ စစ်အစိုးရထံမှ ကရင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် နှစ်ပေါင်း ၆၃ နှစ်တာကြာမျှ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြသည်။ အခြားသော ကချင်တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့မှာလည်း ထိုနည်းလည်းကောင်းပင်တိုက်ပွဲဝင်ခဲ့သည်။

"အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးတယ်ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုပါပဲ၊ အချိန်အားဖြင့် ငါးမိနစ်အတွင်းလုပ်လို့ရတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်ဆောင်ရွက်တယ်ဆိုတာကတော့ မတူညီတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ အဲဒီကိစ္စဟာ သူတို့ရဲ့မျက်နှာပေါ်ကအပြုံးတွေပေါ်မှာ မမူတည်ပါဘူး။သူတို့ရဲ့နှလုံးသားနဲ့ပဲသက်ဆိုင်ပါတယ်။ ဒါဟာနောက်ထပ်လှည့်ကွက်တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်" ဟု ကရင်နှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာ Simon Htoo က ပြောသည်။

အကယ်၍ ဒုက္ခသည်များမြန်မာပြည်သို့ပြန်မည်ဆိုလျှင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှားနှင့် တရုတ် အစရှိသည့် နိုင်ငံများမှ ပြန်လာကြရမည် ဖြစ်သည်။ ယင်းဒုက္ခသည်များ၏ နေထိုင်မှုအခြေအနေမှာ အလွန်အမင်းပင် အမျိုးမျိုးအဖုံဖုံ ကွဲပြားသည်။ ဘင်္ဂလားဒေ့ရှ်တွင်မူ မွတ်စလင်တိုင်းရင်းသားလူနည်းစုများဖြစ်သည့် ရိုဟင်ဂျာလူမျိုး လေးသိန်းခန့် တရားမဝင်နေထိုင်လျက်ရှိသည်။ ထိုင်းနယ်စပ်ဒေသတစ်လျှောက်ရှိ ကုလသမဂ္ဂဒုက္ခသည်စခန်းများတွင် အနာဂတ်မျှော်လင့်ချက်ကင်းမဲ့လျက်ရှိသော မြန်မာဒုက္ခသည်များနေထိုင်လျက်ရှိသည်မှာ မျိုးဆက်သုံးဆက်လောက် ရှိသွားပြီဖြစ်သည်။

"ဒုက္ခသည်စခန်းထဲက ပြည်သူတွေကို ရွေးချယ်ခွင့်မဖြစ်မနေပေးသင့်ပါတယ်။ အမိမြေကိုပြန်မလား၊ ထိုင်းနိုင်ငံထဲမှာပဲ ဆက်နေသွားမလား၊ အခြားနိုင်ငံတစ်ခုခုမှာ သွားရောက်အခြေချနေထိုင်မလားဆိုတဲ့ရွေးချယ်ခွင့်ပါ။ မြန်မာ့နိုင်ငံရေးကို ကျွန်မတို့အယုံအကြည်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရာအားလုံးဟာအခုအချိန်အထိ ရှင်းရှင်းလင်းလင်းမဖြစ်သေးလို့ပါပဲ" ဟု မြန်မာနိုင်ငံ၏ မာသာထရီဇာ ဟုတင်စားခေါ်ဆိုခြင်းခံရသော "မယ်တော်" ဆေးခန်းမှ ဒေါက်တာစင်သီယာမောင်က ပြောသည်။ သူမ၏ ဆေးခန်းသည်ဒုက္ခသည်ထောင်ပေါင်းများစွာကို ဆေးဝါးကုသပေးခဲ့သည်။ "အခုအချိန်မှာ ဘယ်ဒုက္ခသည်မှ မပြန်ကြသေးပါဘူး" ။

ဒုက္ခသည်များအား နိုင်ငံရင်းသို့ပြန်ပို့ရေးအတွက် ပဏာမဆွေးနွေးမှုများလုပ်ကိုင်ဆောင်ရွက်လျက်ရှိချိန်တွင် ထိုင်းဒုက္ခသည် စခန်းများသို့ လစဉ်ဝင်ရောက်လာသူ ဒုက္ခသည်ဦးရေမှာ ခန့်မှန်းခြေ ၁၀၀၀ ခန့်ရှိကြောင်း ထိုင်းဒုက္ခသည်စခန်းများအတွက် အစားအသောက်နှင့် အခြားသော အထောက်အပံ့များထောက်ပံ့ပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Thai Burma Border Consortium(TBBC) မှအကြီးအကဲ Jack Dunford က ပြောကြားသည်။

ထိုင်းနိုင်ငံအနေဖြင့်မူ အခြေအနေအရပ်ရပ် လုံခြုံစိတ်ချမှုမရှိသေးသရွေ့ ဒုက္ခသည်များကို ဖိအားပေး ပြန်လွှတ်ခြင်းမျိုး လုပ်ဆောင်မည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ ဒုက္ခသည် တစ်သောင်းခန့်အား မိခင်နိုင်ငံသို့ ပြန်လွှတ်ရန် စီစဉ်ထားပြီးဖြစ်ပြီး ကျန်ရှိသူများပါ လိုက်ပါသွားရေးအတွက် ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။

"လူ့အခွင့်အရေးအခြေအနေတိုးတက်ကောင်းမွန်လာပြီလို့ ယုံကြည်ရတဲ့အချိန်ကတည်းက ဒုက္ခသည်တွေကို မိခင်နိုင်ငံပြန်ကြဖို့ ကျွန်တော်တို့ လှုံ့ဆော်လျက်ရှိပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေဟာ ယခုအချိန်အထိ စိုးရွံ့ထိတ်လန့်နေကြပြီး အိမ်ပြန်ဖို့တိုက်တွန်းမှုတွေ၊ အားပေးအားမြှောက်ပြုမှုတွေ လိုအပ်နေပါတယ်" ဟု ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတစ်ဦးဖြစ်ပြီ ဒုက္ခသည်များ မိခင်နိုင်ငံပြန်ပို့ရေးလုပ်ငန်းစဉ်အတွက် တာဝန်ရှိသူ Firoz Salahuddin ကပြောကြားသည်။

ထိုင်းနိုင်ငံ၊ မယ်လ ကဲ့သို့သော ဒုက္ခသည်စခန်းမှ တဲငယ်လေးများတွင်နေထိုင်သူအားလုံးမှာ ယခုအခါ မြန်မာနိုင်ငံတွင်းမှ ဖွံ့ဖြိုးတိုးတက်မှုများကို မျှော်လင့်ခြင်း၊ စိုးရွံ့ခြင်း၊ သံသယဖြစ်ခြင်းအစရှိသည့်စိတ်တို့ဖြင့် စောင့်ကြည့်လျက်ရှိကြသည်။ "ကျွန်မနိုင်ငံဆီကိုကျွန်မပြန်ချင်ပါတယ်။ အပြောင်းအလဲတွေ ဖြစ်တယ်ဆိုတာ မြို့ကြ