Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(Reuters မှ 6 Nov 2013 ရက်စွဲပါ Myanmar economy to grow at 6.8% next year; inflation a risk – World Bank ကိုဘာသာပြန်ဆိုသည်)

(International Business Times မှ 5 Nov 2013 ရက်စွဲပါ Myanmar Thilawa Special Economic Zone: Mitsubishi and other Japanese Companies Set to begin Infrastructure Development ကိုဘာသာပြန်ဆိုသည်)


မြန်မာစီးပွားရေးတိုးတက်မှုနှုန်း ၂၀၁၄ တွင် ၆ ဒသမ ၈ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ် ပြောကြား

(Reuters မှ 6 Nov 2013 ရက်စွဲပါ Myanmar economy to grow at 6.8% next year; inflation a risk – World Bank ကိုဘာသာပြန်ဆိုသည်)

 မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုများက ဆင်းရဲနွမ်းပါးသူများကို ခြိမ်းခြောက်မှုပြုနေသည့်တိုင် မြန်မာ့ စီးပွားရေးသည် လာမည့် ၂၀၁၄ ခုနှစ်တွင် ခန့်မှန်းခြေ ၆ ဒသမ ၈ ရာခိုင်နှုန်းခန့်မြင့်တက်မည်ဖြစ်ရာ အာရှ၏ စီးပွားရေး တိုးတက်မှု အမြန်ဆုံးနိုင်ငံများတွင် ပါဝင်တော့မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

စွမ်းအင်နှင့် ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ နှင့် ဆောက်လုပ် ရေးလုပ်ငန်းတို့ကြောင့် စီးပွားရေးအရွယ်အစားကြီးမားလာမည်ဖြစ်ပြီး စီးရေးတိုးတက်မှုမှာ လာမည့် ဘဏ္ဍာရေး နှစ်ကုန် ဆုံးချိန် မတ်လ ၃၁ ရက်နေ့တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းထက်ကျော်လွန်သွားလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ကဆိုသည်။

 “ဒါဟာ သမိုင်းတွင်မယ့် Trend ဖြစ်ရုံတင်မကပါဘူး၊ ဒီစီးပွားရေးတိုးတက်မှုက ပြုပြင်ပြောင်း လဲရေးလိုင်း သစ်တွေကို ကောင်းစွာအကျိုးပြုပေးနိုင်မှာဖြစ်ပါတယ်” ဟု ကမ္ဘာ့ဘဏ်မှာ စီနီယာ စီးပွားရေးပညာရှင် Khwima Nthara က မြန်မာ့စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်နှင့်ပတ်သက်၍ ပြောပြသည်။

မြန်မာနိုင်ငံတွင် ရင်းမြစ်များ အလွန်အမင်းပေါကြွယ်ဝခြင်း၊ လူဦးရေသန်း ၆၀ ခန့်၊ ဗြိတိန်နှင့် ပြင်သစ်နှစ်နိုင်ငံ ပေါင်းပါ မှရှိမည့် မြေအကျယ်အဝန်းရှိသော်လည်း မြန်မာ့စီးပွားရေးသည် အာရှတွင် အသေးငယ်ဆုံးဖြစ်ပြီး ဖွံ့ဖြိုးမှု အနည်းဆုံး ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊ အနောက်ကမ္ဘာ၏ ပိတ်ဆို့အရေးယူမှု ခံရခြင်း တို့ကြောင့် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ၊ မြန်မာနိုင်ငံ၌ အရပ်သားအစိုးရတစ်ရပ်ပေါ်ထွက်လာပြီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များဝင်ရောက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရေး၊ အခြေခံအဆောက် အအုံများမြှင့် တင်ရေး အစရှိသည် တို့ကို အဓိကအာရုံစိုက်လုပ်ကိုင်လာသည်။ ယင်းအခန်းကဏ္ဍများသည် စစ်အာဏာရှင်အစိုးရ အုပ်ချုပ်စဉ် ဆယ်စုနှစ် ငါးခုတာကာလက လုံးလုံးလျားလျား လျစ်လျူရှုခြင်းခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၁၁-၁၂ ခုနှစ်များတွင် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံရှိခဲ့ရာမှာ ၂၀၁၂-၁၃ ခုနှစ်တွင် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံထိမြင့်တက်လာခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ပြီးခဲ့သည့် ဇန်နဝါရီလ၊ မြန်မာနိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင်လာပြီးနောက် ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြသည်။

ရင်းနှီးမြှုပ်နှံမှုအများစုမှာ စွမ်းအင်၊ အထည်ချုပ်၊ သတင်းအချက်အလက်နည်းပညာ၊ အစားအစာနှင့် အဖျော်ယ မကာ အခန်းကဏ္ဍမျာသို့ ဝင်ရောက်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ကဆိုသည်။

မြန်မာနိုင်ငံတွင် ပြက္ခဒိန်နှစ်များအတွက် ကိန်းဂဏန်းများ အသေအချာစုစည်းထားခြင်းမရှိပေ။ လွတ်လပ်သော စီးပွားရေး ပညာရှင်များက စစ်အစိုးရ တရားဝင်ထုတ်ပြန်သော အချက်အလက်များသည် ဆပွားကိန်းဂဏန်းများ သာဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဆိုအရ ပြီးခဲ့သည့် စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၄ သန်းခန့်ဝင်ရောက်လာသည်ဟုသိရသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုများမှာ ကုန်ထုတ်လုပ်မှု၊ လယ်ယာ စိုက်ပျိုးရေး၊ သတ္တုတူး ဖော်ရေး၊ ဟိုတယ်နှင့် ခရီးသွားအခန်းကဏ္ဍများသို့ဝင်ရောက်လာကြခြင်းဖြစ်ပြီး စီးပွားရေး တိုးတက်မှုများ ဖြစ်ပေါ်လာ အောင် လုပ်ဆောင်လိမ့်မည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင်း ငွေကြေးဖောင်းပွမှုကိစ္စနှင့်ပတ်သက်၍ အထူးစိုးရိမ်ပူပန်လျက်ရှိသည်။ ပြီးခဲ့ သည့် သြဂုတ်လတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၃ ရာခိုင်နှုန်းထိမြင့်တက်ခဲ့သည်။ ယင်းဖြစ်ရပ်မှာ အိမ်ယာ၊ အစားအသောက်၊ အထူးသဖြင့် ဆန် ဈေးနှုန်းများမြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ငွေးကြေးဖောင်းပွမှုကြောင့် မြန်မာနိုင်ငံရှိ လူဦးရေအများစု ထိခိုက်နစ်နာနိုင်သည်ဖြစ်ရာ ယင်းဖြစ်ရပ်ကို အသေအချာထိန်းချုပ်ရန်လိုအပ်သည်ဟု Nthara ကပြောကြားသည်။ “ဒါဟာ စိုးရိမ်စရာကောင်းတဲ့ Trend တစ်ခု ဖြစ်တယ်ဆိုတာ အသေအချာပါပဲ။ ငွေကြေးဖောင်းပွမှုက ဆင်းရဲသားတွေကို ပိုမိုထိခိုက်စေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။


သီလဝါအထူးစီးပွားရေးဇုန် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ဆောင်ရန် ဂျပန်ကုမ္ပဏီကြီးသုံးခု ပူးပေါင်း

(International Business Times မှ 5 Nov 2013 ရက်စွဲပါ Myanmar Thilawa Special Economic Zone: Mitsubishi and other Japanese Companies Set to begin Infrastructure Development ကိုဘာသာပြန်ဆိုသည်)

အာရှဒေသတွင် ဆင်းရဲနွမ်းပါးဆုံးသော နိုင်ငံများစာရင်းတွင် တစ်နိုင်ငံဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်လုပ်ကိုင် နိုင်ရေးအတွက် နောက်ဆုံးနယ်မြေဒေသတစ်ခုဖြစ်သော မြန်မာနိုင်ငံတွင်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ဂျပန်ဖက်စက်ကုမ္ပဏီလုပ်ငန်းကြီးတစ်ခုကတာဝန်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ယခုနှစ်အစောပိုင်းကာလအတွင်း လာရောက်လည်ပတ်ခဲ့စဉ်က ဂျပန်အစိုးရ သည် မြန်မာပြည်ကို စိတ်ဝင်စားမှုရှိကြောင်း ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း မြန်မာနိုင်ငံက ဂျပန်ကို ပေးရန်ရှိသည့် ကြွေးမြီ ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံကို လျှော်ပေးရန် မစ္စတာရှင်ဇိုအာဘေးက သဘောတူညီခဲ့သလို မြန်မာနိုင်ငံ၌ အခြေခံအဆောက်အအုံနှင့် စွမ်းအင်စီမံကိန်းများ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၁ ဘီလီယံဝက်ကျော်ခန့် ပေးအပ်သွားရန်လည်း ကတိကဝတ်ပြုခဲ့သည်။ ယခုနောက်ဆုံး ကြွေးမြီလျှော်ပေးမှုသည် အစောပိုင်းက မြန်မာက ပေးရန်ရှိသော ကြွေးမြီဒေါ်လာ ၃ ဒဿမ ၅ ဘီလီယံအား လျှော်ပေးခဲ့ပြီးနောက်ထွက်ပေါ် လာခြင်းဖြစ်သည်။

ဂျပန်ကုမ္ပဏီကြီးများဖြစ်သော Mitsubishi Corp၊ Sumitomo Corp နှင့် Marubeni Corp တို့သည် ရန်ကုန်မြို့ အနီး၌ သီလဝါအထူးစီးပွားရေးဇုန်ကြီးတစ်ခုကို တည်ဆောက်နိုင်ရေးအတွက် ပြီးခဲ့သည့်သတင်းပတ်အတွင်း အကျိုးတူ ပူးပေါင်းမှု ပြုခဲ့ကြသည်ဟု Wall Street Journal ကအင်္ဂါနေ့တွင်ရေးသားဖော်ပြသည်။ ယင်းအထူးစီးပွားရေးဇုန်သည် မြန်မာ နိုင်ငံတွင်း ဂျပန်၏ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ကိုယ်စားပြုပြီး မြန်မာပြည်တွင်း ဂျပန်တို့ ဝင်ရောက် အခြေချ လုပ်ကိုင်မှုများကိုလည်း ပိုမိုများပြားလာစေမည်ဖြစ်သည်။

ယင်းကုမ္ပဏီကြီးသုံးခု၏ ဖက်စပ်လုပ်ငန်းသစ်က လမ်းများ၊ အညစ်အကြေးစွန့်ထုတ်သည့်စနစ်များ၊ ရေကောင်း ရေသန့် ဖြန့်ဝေရေးစနစ်များ၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေရေးကွန်ယက်များပါဝင်သည့် ဒေါ်လာ ၁၇ ဘီလီယံတန် စီးပွားရေး အကွက် အကွင်းကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားမည်ဖြစ်သည်။

စီမံကိန်းတည်ဆောက်မှုကို လာမည့် ယခုနှစ်ကုန်ပိုင်းတွင် စတင်မည်ဖြစ်ပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် ပြီးဆုံး မည်ဟု မျှော်လင့်ရသည်။

အဆိုပါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးမှုသည် သမ္မတဦးသိန်းစိန် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြန်လည်ရွေးကောက်တင် မြှောက်ခံ ရရေးအတွက် အရေးကြီးသည်စီမံကိန်းတစ်ခုအဖြစ်ရှုမြင်ခံထားရသည်။

သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် လုပ်အားခချိုသာသော မြန်မာလုပ်သားအင်အားထုကို အသုံးချကာ ရေတို ကာလတွင် ဖိနပ်၊ အဝတ်အထည်ချုပ်လုပ်ရေးလုပ်ငန်းများကဲ့သို့သော တရုတ်၊ ဂျပန်နှင့် အာရှနိုင်ငံများနိုင်ငံကို ကုန်ပစ္စည်းတင်ပို့ရန် ဦးတည်ချက်ရှိသည့် အပေါ့စားလုပ်ငန်းများကို ဆွဲဆောင်သွားလိမ့်မည်ဖြစ်သည်ဟု Marubeni Corp မှ အခြေခံ အဆောက်အအုံ စီမံကိန်းမန်နေဂျာ Toru Kabeya ကပြောကြားသည်။

မြန်မာနိုင်ငံသည် အာရှတွင် စက်မှုလုပ်ငန်းများ၌ နှစ်စဉ်လုပ်အားခ အနိမ့်ကျဆုံးသောနိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် ဒေါ်လာ ၁၁၀၀ ခန့်သာရှိသည်။ အဆိုပါပမာဏသည် အိမ်နီးချင်းထိုင်းနိုင်ငံထက် ခြောက်ပုံတစ်ပုံကျော်ခန့် လျော့နည်း သည်။ ဂျပန်တို့ အစွမ်းကုန်ရင်းနှီးမြှုပ်နှံထားသည့် ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းများ၏ နှစ်စဉ်လုပ်အားခမှာ တစ်ဦးလျှင် ဒေါ်လာ ၆၇၀၄ ခန့်ရှိသည်။

ယင်း သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ရေရှည်ကာလတွင် မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီကြီးများကို ဆွဲဆောင်နိုင် လိမ့်မည်ဟု မျှော်လင့်ရသည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် တစ်ဦးချင်းစီဝင်ငွေနှင့်အတူ ဝယ်လိုအား များမှာလည်း စတင်ကြီးထွားလျက်ရှိနေပြီဖြစ်၍ပင်။ လက်ရှိ နှစ်စဉ် တစ်ဦးချင်းဝင်ငွေမှာ ဒေါ်လာ ၈၀၀ ခန့်ဖြစ်သည်။ ကျွမ်းကျင်သူပညာရှင်များအဆိုအရ နှစ်စဉ် တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၂၀၀၀မှ ၃၀၀၀ ထိရောက်ရှိလာချိန်တွင် ရေရှည်အသုံးခံသည့်ပစ္စည်းများအပေါ် ဝယ်လိုအားမှာ စတင်ခုန်တက်လာလိမ့်မည်ဖြစ်ကြောင်း Wall Street Journal ကရေးသားဖော်ပြသည်။

ယင်းဂျပန်ကုမ္ပဏီကြီးသုံးခု အကျိုးတူဖက်စပ်လုပ်ငန်းသစ်တစ်ရပ် စတင်ပေါ်ပေါက်လာသည်မှာမှန်သော်လည်း စီးပွားရေး ဇုန် အမှန်တကယ်ပေါ်ထွန်းရန် အကောင်အထည်ဖော်ရာတွင် အဟန့်အတားများရှိနေဆဲဖြစ်သည်။ စီးပွားရေး ဇုန် တည်ဆောက် မည့်နေရာမှ လယ်မြေများ သိမ်းယူထားမှုနှင့်ပတ်သက်၍ လယ်ယာမြေဆုံးရှုံးသွားသော လယ်သမား များကို လျော်ကြေးငွေပေးအပ်နိုင်ရေးအတွက် မြန်မာအစိုးရနှင့်  တောင်သူလယ်သမားများအကြား သဘောတူညီမှု ရရှိသေးပေ။

စီမံကိန်းကိုအကောင်အထည်ဖော်ရာတွင် အထူးစီးပွားရေးဇုန်ထဲသို့ လျှပ်စစ်စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း နှင့် ရေ အစရှိသည်တို့ ရောက်ရှိနိုင်ရေးအတွက် အထူးဦးစားပေးရန်လည်းလိုအပ်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(Reuters မှ 6 Nov 2013 ရက်စွဲပါ “Myanmar said set to release dozens of political prisoners” သတင်းကို ဘာသာပြန်ဆိုသည်)

(VOA News မှ 7 Nov 2013 ရက်စွဲပါ “Burma protests force NGOs to Leave” သတင်းကို ဘာသာပြန် ဆိုသည်)


နိုင်ငံရေးအကျဉ်းသားများ ဒါဇင်ချီ လွှတ်ပေးရန် မြန်မာစီစဉ်

(Reuters မှ 6 Nov 2013 ရက်စွဲပါ “Myanmar said set to release dozens of political prisoners” သတင်းကို ဘာသာပြန်ဆိုသည်)

ယခု နှစ်ကုန် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား မရှိတော့ ဟူသော သမ္မတ၏ ကတိစကားကို အကောင် အထည်ဖော်ရန် ယခုလအတွင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးသွားမည်ဟု နိုင်ငံရေး အကျဉ်းသား စီစစ်ရေးကော်မ တီဝင် တစ်ဦးက နိုဝင်ဘာ ၆ ရက်တွင် ပြောကြားသည်။

အဖွဲ့ဝင် ၁၉ ဦးပါ ကော်မတီက နိုင်ငံရေးအကျဉ်းသား ၆၃ ဦး လွှတ်ပေးရန် အကြံပြု တင်ပြထားပြီး မကြာမှီ လွတ်မြောက်လာဖွယ်ရှိသည်ဟု ကော်မတီဝင် တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသား ဦးဥာဏ်ဝင်းက ပြောကြားသည်။

ယင်းကဲ့သို့ လွှတ်ပေးခြင်းသည် ဇူလိုင်လက ဗြိတိန် ခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန် ပေးသည့် ကတိ နှင့် ကိုက်ညီမှု ရှိပြီး မြန်မာနိုင်ငံရေး ပြောင်းလဲမှုသည် အပေါ်ယံ မဟုတ်ပဲ အစစ်အမှန် ဖြစ်သည်ဟူသော စကားကို အလေးချိန် စီးစေ မည်ဖြစ်သည်။

ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေး အဆုံးသတ်ချိန် ၂ဝ၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ခန့်မှန်းခြေ နိုင်ငံရေး အကျဉ်းသား ၂၅ဝဝ ဝန်းကျင်ခန့် ရှိခဲ့ပြီး နိုင်ငံရေးသမားများ ၊ တက်ကြွလှုပ်ရှားသူများ ၊ သတင်းထောက်များ နှင့် လူရွှင်တော်များ ၊ အနုပညာရှင်များပင် ပါဝင်ခဲ့သည်။

“ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား မရှိတော့ဘူးလို့ သမ္မတကြီးက အကြိမ်ကြိမ် ပြောထားပြီးသားပါ။ ဒီတော့ သူတို့ အချိန်မရွေး လွှတ်လာတော့မယ်လို့ ကျွန်တော်တို့ မျှော်လင့်နိုင်ပါပြီ” ဟု ဒေါ်အောင်ဆန်းစုကြည် ၏ အနီစကပ် လက်ထောက် ဦးဥာဏ်ဝင်းက ဆိုပါသည်။

သို့ရာတွင် ပြည်ထဲရေးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက အကျဉ်းသားများ လွှတ်ပေးရန် သမ္မတ၏ ညွှန်ကြား ချက်ကို မရရှိသေးကြောင်း Reuters သို့ ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသား ဟူ၍ မရှိကြောင်း နှစ်ပေါင်း ၂ဝ ဘူးကွယ်ခဲ့သော တပ်မတော် အစိုးရ အဖွဲ့တွင် နံပါတ်လေး အဆင့် ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်ခဲ့သူ လက်ရှိသမ္မတ ဦးသိန်းစိန်အတွက် အနောက်အုပ်စု၏ ထောက်ခံမှု ရရှိရန် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းသည် သော့ချက်ကျ အရေးပါသည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများကို အကြိမ်များစွာ ခွဲ၍ လွှတ်ပေး ခဲ့ရာ အနောက်အုပ်စု ဒီမိုကရေစီ နိုင်ငံကြီးများ ကျေနပ်မှုရကာ sanctions များကို ရုပ်သိမ်းပေးခဲ့ပြီး စီးပွားရေး ယိုယွင်း ပြိုဆင်း နေသော နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု နှင့် ဖွံ့ဖြိုးရေး ရန်ပုံငွေများ ပြန်လည် ခွင့်ပြုပေးခဲ့ကြသည်။

သို့သော် မြန်မာနိုင်ငံ အနေဖြင့် အများကြီး လုပ်ဖို့ လိုသေးသည်ဟု အကဲခတ်များကရော ၊ ကုလသမဂ္ဂ ကပါ မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား ၁၅ဝ ခန့် ကျန်ရှိနေပြီး နောက်ထပ် ၂၃ဝ ခန့်မှာ လည်း နိုင်ငံရေး ၊ လူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် အမှု ရင်ဆိုင်နေရသည်ဟု နိုင်ငံရေး အကျဉ်းသား များ အကူအ ညီပေးရေး အဖွဲ့ AAPP က ပြောကြားထားပါသည်။


ရခိုင်တွင် အင်ဂျီအိုများ မြို့မှ ထွက်ခွာရန် ဆန္ဒပြသူများ ဖိအားပေး

(VOA News မှ 7 Nov 2013 ရက်စွဲပါ “Burma protests force NGOs to Leave” သတင်းကို ဘာသာပြန် ဆိုသည်)

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း ကယ်ဆယ်ရေး အေဂျင်စီက ရိုဟင်ဂျာတို့ဖက်မှ ဘက်လိုက်ရပ်တည်ခဲ့သည် ဟူသော စွပ်စွဲချက်များ ပေါ်ထွက် လာပြီးနောက်တွင် နိုင်ငံတကာ အင်ဂျီအို နှစ်ဖွဲ့ကို မြို့မှ ထွက်ခွာသွားရန် ဆန္ဒပြသူများက ဖိအားပေးခဲ့ကြသည်။              

ပေါက်တောမြို့အနီး ရုန်းရင်းဆန်ခတ်မှုများအပြီး ယခု သီတင်းပတ် အစောပိုင်းတွင် ဆန္ဒပြမှုများ စတင် ခဲ့ခြင်းဖြစ် သည်။

ပြင်သစ် အတိုကောက် နာမည် MSI ဟုလည်း လူသိများသော နယ်စည်းမထား ဆရာဝန်များ အဖွဲ့သည် ဒဏ်ရာရ မွတ်ဆလင် ၃ ဦးကိုသာ အကူအညီ ပေးခဲ့ပြီး ဒဏ်ရာရ ရခိုင် အမျိုးသမီးကို ပစ်ထားခဲ့ရာ တစ်ဦးမှာ ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်ဟု ဒေသခံ ဗုဒ္ဓဘာသာဝင်များက ပြောကြားသည်။

သို့ရာတွင် ရခိုင် အခြေစိုက် MSF တာဝန်ရှိသူ Michele Trinite က ၎င်း၏ အဖွဲ့သည် မွတ်ဆလင် အမျိုးသားများ ဒဏ်ရာရထားသည်ဟူသော သတင်းရခဲ့ကြောင်း ရှင်းလင်းပြောဆိုသည်။

“ရပ်ရွာထဲမှာ အရေးပေါ် ကုသဖို့ လိုအပ်နေတဲ့ ဒီလို လူနာတွေ ရှိတယ်လို့ ကျွန်တော်တို့ သတင်း ရတဲ့ အချိန်မှာ နောက်ကျနေပါပြီ။ ကျွန်တော်တို့ ကြိုသိတယ်ဆိုရင် ဆေးရုံကို ပို့ပေးဖို့ သေချာပေါက် အကူအညီ ပေးမှာပါ။ ဆေးကုသမှု အဖွဲ့အစည်းအနေနဲ့ လူမျိုး (သို့) ဘာသာ အပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာမျိုး မလုပ်ပါဘူး။ အရေးပေါ်ကုသဖို့ လိုအပ်နေတဲ့ လူတိုင်းကို ကျွန်တော်တို့က ကူညီပေးရုံပါပဲ”ဟု ၎င်းက ပြောကြားသည်။

လတ်တလော ဆန္ဒပြမှုများကြောင့် နိုင်ငံတကာ အင်န်ဂျီအို နှစ်ဖွဲ့ Save the children နှင့် Red cross တို့ ယင်းဒေ သမှ ထွက်ခွာသွားကြပြီး ၎င်းတို့ ပြန်လာမည့် ကာလကို မသိရသေးပေ။

နိုင်ငံတကာ အင်န်ဂျီအိုများသည် လွန်ခဲ့သော ဆယ်စုနှစ်များ ကတည်းက ရခိုင်ပြည်နယ်သို့ ရောက်ရှိ လာခဲ့ကြပြီး ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ UNHCR စီမံချက် အရ ဘင်္ဂလားဒေ့ရှ် ဖက်မှ ပြန်ဝင်လာသော မွတ်ဆလင်များ ပြန်လည် အခြေချ နေထိုင်မှုကို အကူအညီပေးနေကြခြင်း ဖြစ်သည်။ သို့ရာတွင် လက်ရှိ နှစ်များအတွင်း အထူးသဖြင့် သဘာဝ ဘေးအန္တရာယ်နှင့် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်တွင် ပိုမို ခွဲဖြန့် ကူညီပေးမှုကို စတင်ခဲ့ကြသည်။

မနှစ်က ရခိုင်ပြည်နယ်တွင် မွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားကာ လူ ၂ဝဝ ခန့် သေဆုံး၍ ၁၄ဝ,ဝဝဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီးနောက်ပိုင်း လူမျိုးရေးအကြမ်းဖက်မှု ပြဿနာသည် ယခုအချိန်အထိ စိုးရိမ်နေရဆဲ ကိစ္စတစ်ခု ဖြစ်နေသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive