Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ မြန်မာနိုင်ငံ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် အောက်တွင် ရှိသော ဒေသများ၌ လုံခြုံရေး အထူး တင်းကြပ်ထားပြီး နေပြည်တော်သို့ စစ်ဒေသမှူးနှင့် တိုင်းမှူးများ လာရောက်ခြင်းကိုလည်း အထူးပင် တင်းကြပ်ထားလိုက်ပြီ ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားသည်။

Irrawaddy သတင်းဌာန၏ စုံစမ်း လေ့လာမှုအရ နေပြည်တော်ရှိ Asia World ကုမ္ပဏီပိုင် မြတ်တော်ဝင် ဟိုတယ်တွင် ဗုံးတစ်လုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း အဆိုပါဟိုတယ် ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ယခုအခါ နေပြည်တော်သို့ လာရောက်လိုသော ဗိုလ်ချုပ်များ၊ ဗိုလ်မှူးချုပ်များ အနေဖြင့် အထူး တောင်းဆိုချက် တင်ပြရန် လိုအပ်ပြီး တွေ့ဆုံလိုသည့် စီနီယာ စစ်ဘက် အရာရှိကြီးများ၏ ခွင့်ပြုချက် ရမှသာ လာရောက်ခွင့် ရနိုင်မည် ဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ အရာရှိ တစ်ဦးက Irrawaddy သို့ ပြောကြားသည်။

"ဒီစစ်ဘက် အမိန့်ကို ဒေသမှူးတွေနဲ့ တိုင်းမှူးတွေဆီကို ဧပြီလ ၁၇ ရက်နေ့မှာ ပို့လိုက်တာပါ။ ဘယ်တိုင်းမှူး၊ ဒေသမှူးမှ ခွင့်ပြုချက် မရဘဲ နေပြည်တော် စစ်ရေးရုံးကို လာခွင့် မရှိဘူးလို့ အမိန့်ထဲမှာ ပါတယ်" ဟု ၎င်းက ဆိုသည်။ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန် အကြတ်နေ့) တွင် ရန်ကုန်မြို့၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

စစ်ဒေသမှူးနှင့် တိုင်းမှူးများ အနေဖြင့် နေပြည်တော်သို့ လာရောက်မည် ဆိုပါက မည်သည့် နေရာတွင် တည်းခိုမည်ကို တင်ပြ လျှောက်ထားရန် လိုအပ်မည် ဖြစ်ပြီး စစ်ဌာနချုပ်များ၏ ခွင့်ပြုချက်လည်း လိုအပ်မည် ဖြစ်ကြောင်း အဆိုပါ အရာရှိက ဆက်လက် ပြောဆိုသည်။

ထုတ်ပြန်လိုက်သော စစ်ဘက် အမိန့်အရ  တိုင်းမှူး၊ ဒေသမှူးများသည် မိမိတို့ ခေါ်ဆောင်လာမည့် လုံခြုံရေး တပ်သားများ၊ အရာရှိများ၏ အမည်စာရင်းကို တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

"အဲဒီအမိန့်ရဲ့ အဓိက အချက်ကတော့ နေပြည်တော်ကို လာတဲ့ အခါမှာ သယ်ဆောင်လာမယ့် လက်နက် အရေအတွက်နဲ့ စစ်အင်အားကို ကန့်သတ်ချင်လို့ ဖြစ်ပါတယ်။ နေပြည်တော်ကို အကြောင်းမျိုးစုံနဲ့ လာကြမယ့် စစ်ဘက် အရာရှိကြီးတွေနဲ့ ပါလာမယ့် လက်နက်တွေကို ကန့်သတ်ချင်တာ ဖြစ်ပါတယ်" ဟု သတင်းရင်းမြစ်က ဆိုသည်။

ယခုလို ကန့်သတ်ရခြင်းသည် နေပြည်တော် စစ်ရေးရုံးတွင် လုံခြုံရေး အထူးတင်းကြပ် လိုသောကြောင့် ဖြစ်နိုင်ကြောင်း လေ့လာ အကဲခတ်များက ဆိုသည်။

မြန်မာနှစ်သစ်ကူး သင်္ကြန် အချိန် သမယတွင် မြို့တော်ရန်ကုန်၊ မင်္ဂလာ တောင်ညွန့် မြို့နယ် ကန်တော်ကြီး အနီးရှိ X2O အမည်ရ ရေပက် မဏ္ဍပ်တစ်ခု၌ ဗုံးသုံးလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် လူပေါင်း ၁၀ ဦး သေဆုံးပြီး ၁၇၀ သေဆုံးကြောင်း ပြည်တွင်း အခြေစိုက် သတင်း မီဒီယာများက ရေးသားတင်ပြ ခဲ့ကြသည်။

Irrawaddy သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုအခါ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၏ အဆိုးဆုံး အခြေအနေမှာ မျှော်မှန်းထားသည်ထက် လျင်မြန်စွာ ခေါင်းထောင်လာပြီ ဖြစ်ကြောင်း ကမ္ဘာစီးပွားရေး အင်အားကြီး နိုင်ငံများ (ဂျီ-၂၀ နိုင်ငံများ) မှ ဘဏ္ဍာရေး ဝန်ကြီးများက တူညီစွာ ပြောကြားသည်။

မြောက်မြားစွာသော အစိုးရ ငွေကြေးများ အမျိုးသား စီးပွားရေး လုပ်ငန်းများသို့ ထည့်ဝင်လိုက်မှုကြောင့် စီးပွားရေး နာလန်ထမှုများ ပိုမို လျင်မြန်လာသည်ကို တွေ့ရကြောင်း ဝါရှင်တန်တွင် ပြုလုပ်သော ဆွေးနွေးမှု အပြီးတွင် ဂျီ-၂၀ ဘဏ္ဍာရေး ဝန်ကြီးများက ပြောဆိုခြင်း ဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Thimothy Geithner က ဂရိနိုင်ငံတွင် ဖြစ်ပေါ်နေသော စီးပွားရေး အကျပ်အတည်းအတွက် အရေးပေါ်တုံ့ပြန်မှုများ ထုတ်ဖော် ပြသခြင်းကို ကြိုဆိုမိကြောင်း ပြောဆိုသည်။ ကြွေးမြီ ထူထပ်နေသော စီးပွားရေးကို ကယ်တင်ပေးရန် ဂရိနိုင်ငံက အီးယူနှင့် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) တို့ကို အကူအညီ တောင်းခံခဲ့သည်။

အဆိုပါ အရေးကိစ္စအတွက် ဂရိ ဘဏ္ဍာရေး ဝန်ကြီးသည် IMF နှင့် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားသည်။ ဧပြီ လဆန်းပိုင်းတွင် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ပထမ ဘဏ္ဍာရေးနှစ် အတွင်း ဂရိနိုင်ငံအား ယူရိုငွေ ၃၀ ဘီလီယံ ချေးမည်ဟု သဘော တူညီခဲ့သည်။ နောက်ထပ် ယူရိုငွေ ၁၀ ဘီလီယံကို IMF က ချေးမည် ဖြစ်သည်။

မတူညီသော မြန်နှုန်းများ

ဝါရှင်တန်တွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ ဂျီ-၂၀ နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးများက အစိုးရများ၏ စီးပွားရေး ပြန်လည် နာလန်ထူရေး ကြိုးပမ်းချက်များသည် အောင်မြင်ခဲ့ကြောင်း ပြောကြားသည်။

"ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး နာလန်ထူမှုသည် အစောပိုင်းက ကြိုတင် မျှော်မှန်း ထားသည်ထက် ကြီးမားစွာ တိုးတက်မှု ဖြစ်ထွန်းခဲ့သည်။ အကြောင်းမှာ ဂျီ-၂၀ နိုင်ငံများ၏ မကြုံစဖူး ထူးခြားသော၊ ပူးပေါင်းမှု ရှိသော မူဝါဒ (ပေါ်လစီ) များကြောင့် ဖြစ်သည်" ဟု ဂျီ-၂၀ နိုင်ငံများက
ကြေညာချက် ထုတ်ပြန်သည်။

သို့သော် အချို့သော ဖြစ်စဉ်များအတွက် ဂျီ-၂၀ နိုင်ငံများ စိုးရိမ် ပူပန်လျက် ရှိသည်။ "မတူညီသော မြန်နှုန်းများ ဒေသတစ်ခုလုံးတွင် တွေ့မြင်ရသည်" ဟု ဆိုသည်။

"ဤသို့သော အခြေအနေ၊ အနေအထားမျိုးထဲတွင် မတူညီသော မူဝါဒရေးရာ တုံ့ပြန်မှုများ လိုအပ်သည်ဟု ကျွန်ုပ်တို့ မှတ်ယူမိသည်" ဟု ကြေညာချက်က ဆိုသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Timothy Geithner က ဂျီ-၂၀ နိုင်ငံများ အကြား ပူးပေါင်းမှု ရှိသော၊ ဆုံးဖြတ်ချက် ချမှတ်ရဲသော လုပ်ဆောင်ချက် အတိုင်းအတာများ ရှိသည်ကို တွေ့ရကြောင်း၊ ဆိုလိုသည်မှာ ကမ္ဘာ့စီးပွားရေးသည် တိုးတက်မှု ရှိနေပြီး ဘဏ္ဍာရေး စနစ်ကိုလည်း ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည်ကို ဆိုလိုကြောင်း ပြောကြားသည်။

ကမ္ဘာ့ စီးပွားရေး ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်ရာတွင် နိုင်ငံများအနေဖြင့် ပြန်လည် နာလန်ထူရေးအတွက် အသုံးစရိတ်များ လျှော့ချနိုင်ရေးအတွက် ယုံကြည် စိတ်ချရသော မဟာဗျူဟာများ ချမှတ်သင့်ကြောင်း ကြေညာချက်က ဆိုသည်။

IMF အနေဖြင့် ဧရာမ ဘဏ်ကြီးများနှင့် အခြားသော ဘဏ္ဍာရေး အင်စတီကျူးရှင်းကြီးများ အပေါ် အခွန် စည်းကြပ်ရန် အဆိုပြုလွှာကို အသေးစိတ် သုံးသပ် စိစစ်ရန် ဘဏ္ဍာရေး ဝန်ကြီးများက တောင်းဆိုခဲ့ကြသည်။ ဘဏ္ဍာရေး ကဏ္ဍအနေဖြင့် ဘဏ်လုပ်ငန်း စနစ် ပြုပြင်ရေးအတွက် အစိုးရနှင့် ချိတ်ဆက်နေသော ကြားဝင် ဖြေရှင်းမှုများကို မည်သို့ မည်ပုံ ငွေကြေး ထည့်ဝင်သွားမည် ဟူသော အချက်ကို IMF က စိစစ်သုံးသပ်ရန် တောင်းဆိုခြင်း ဖြစ်သည်။

ဂရိအကျပ်အတည်း

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး တည်ငြိမ်မှုကို မည်သည့်အရာက ဖိအားပေး ခြိမ်းခြောက်ခဲ့သည် ဟူသော အချက်ကို ဂျီ-၂၀ နိုင်ငံများ ကြေညာချက်က ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။ ဂျီ-၂၀ ဆွေးနွေးပွဲတွင် ဂရိနိုင်ငံကိစ္စက အားလုံး၏ အာရုံကို ဖမ်းစားနိုင်ခဲ့ကြောင်း BBC သတင်းထောက် Andrew Walker က ပြောကြားသည်။

အီးယူနှင့် IMF အနေဖြင့် ဂရိနိုင်ငံအတွက် ခိုင်မာသော စီးပွားရေး ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ကမ်းလှမ်းချက်များနှင့် ဘဏ္ဍာရေး အကူအညီများ ပေးရန် မစ္စဆာ Timothy Geithner က တောင်းဆိုပေးသည်။

ကနေဒါ ဘဏ္ဍာရေး ဝန်ကြီး Jim Flaherty ကမူ ဂျီ-၂၀ နိုင်ငံများသည် စည်းလုံး ပူးပေါင်းမှု ရှိပြီး ဖြစ်ပေါ်နေသော အကျပ်အတည်းကို အနီးကပ် စောင့်ကြည့် လေ့လာနေကြောင်း ထုတ်ဖော် ပြောဆိုသည်။

"ဒီကိစ္စဟာ ကျွန်တော်တို့ အားလုံး စိုးရိမ်ပူပန်ရမယ့် ကိစ္စတစ်ခုပါ။ ဂရိနိုင်ငံရဲ့ အခြေအနေကို ကျွန်တော်တို့တတွေ အနီးကပ် စောင့်ကြည့်နေမှာပါ" ဟု ၎င်းက ဆိုသည်။ ဂရိနိုင်ငံ၏ အရေးကိစ္စသည် ဘဏ္ဍာရေး ဈေးကွက်အပေါ် ထားရှိသည့် ယုံကြည်စိတ်ချမှုကို အောက်ခြေမှ လှိုက်စားစေသလို ဖြစ်ခဲ့ကြောင်း၊ သို့အတွက်ကြောင့် ဂရိအနေဖြင့် အစိုးရဘဏ္ဍာကို ပြန်လည် ကောင်းမွန် လာစေရေးအတွက် ယုံကြည် စိတ်ချရသော အစီအစဉ်များ ချမှတ်သင့်ကြောင်း ကနေဒါ ဘဏ္ဍာရေး ဝန်ကြီးက ဆက်လက် ပြောဆိုသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုင်ငံရေး တင်းမာ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေခဲ့သော ဘန်ကောက် မြို့တော်တွင် ဧပြီလ ၂၃ ရက်နေ့က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာ ရရှိခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရမှာ မိမိ လုံခြုံရေးအတွက် ထိုင်းလက်နက်ကိုင် တပ်ဖွဲ့များနှင့် ပူးကပ်စွာ နေထိုင်လျက် ရှိကြောင်း ထိုင်းပြည်တွင်း မီဒီယာများက ရေးသား ဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ်သည် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အစိုးရ ထိပ်ပိုင်း အရာရှိကြီးများကို အရေးပေါ် အစည်းအဝေး ပြုလုပ်ရန် ဆင့်ခေါ်ခဲ့ရသည်။ မြို့တော် ဘန်ကောက်တွင် ဝန်ကြီးချုပ် အဘီဇစ် အစိုးရကို ဖြုတ်ချရန် အဓိက ဦးတည်သော လူထု ဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် ယင်းသို့ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုင်း ဒုတိယဝန်ကြီးချုပ် Suthep Thaugsuban က လက်ပစ်ဗုံး ပစ်ခတ် တိုက်ခိုက်မှုများသည် ထိုင်း အစိုးရကို ဆန့်ကျင်သော ရှပ်နီဝတ် ဆန္ဒပြသူများ စုဝေးရာ နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း CNN သတင်းဌာနသို့ ပြောဆိုသည်။ ရှပ်နီဝတ် ဆန္ဒပြသူ များသည် အဆိုပါ နေရာတွင် တစ်ပတ်ကျော်မျှ အခြေချ နေထိုင် ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး လက်ပစ်ဗုံး ဖောက်ခွဲမှုနှင့် ပတ်သက်၍ မိမိတို့တွင် တာဝန် မရှိကြောင်း ပြောဆိုသည်။

မစ္စတာ Suthep က အစပိုင်းတွင် လက်ပစ်ဗုံး တိုက်ခိုက်မှုကြောင့် လူသုံးဦး သေဆုံးခဲ့သည်ဟု Thai Television သို့ ပြောဆိုခဲ့သော်လည်း ဘန်ကောက် အခြေစိုက် Erawan အမည်ရ အရေးပေါ် အခြေအနေနှင့် ကယ်ဆယ်ရေး ဆိုင်ရာ စင်တာက လူတစ်ဦးသာ သေဆုံးကြောင်း ထပ်မံ အတည်ပြု ကြေညာသည်။ ဒဏ်ရာရရှိသူ စုစုပေါင်းမှာ ၈၇ ဦး ဖြစ်သည်ဟု ဆိုသည်။

အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့များနှင့် ရဟတ်ယာဉ်များကို ထိုင်းစစ်တပ်နှင့် ပူးပေါင်းပြီး ပဋိပက္ခ ဖြစ်ရာ နေရာတွင် တပ်ဖြန့်ထားကြောင်း၊ ဗုံးပေါက်ကွဲမှု ပြီးဆုံးပြီးသော်လည်း အဆိုပါ နေရာတွင် အပျက်အစီးများ အချိန် အတော် ကြာမြင့်စွာ ရှိနေသေးကြောင်း Suthep က ပြောကြားသည်။

မည်သို့ပင် အပိတ်အဆို့ အဟန့်အတားများ ရှိနေစေကာမူ ရှပ်နီဝတ် ဆန္ဒပြသူများမှာ တေးသီချင်းများ သီဆိုပြီး မိမိကိုယ်မိမိ စိတ်အား ထက်သန်အောင် ကြိုးပမ်းလျက်ပင် ရှိနေသည်ကို တွေ့ရသည်။

ရှပ်နီ ဆန္ဒပြသူများက မိမိတို့သည် ငြိမ်းချမ်းစွာ ဆန္ဒပြလျက် ရှိသည် ဟူသော အချက်ကို ထိုင်းနိုင်ငံအား သိစေလိုကြောင်း CNN သတင်းဌာနသို့ ပြောကြားသည်။ ပေါက်ကွဲမှုမှာ ရှပ်နီ ဆန္ဒပြသူများ စုဝေးရာ ဘန်ကောက်မြို့ မိုးပျံမီးရထား ဘူတာရုံတစ်ခု အနီးတွင် ဖြစ်ပွားခြင်း ဖြစ်သည်ဟု အရေးပေါ် အခြေအနေများ ဆိုင်ရာ စင်တာမှ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

လက်ပစ်ဗုံး သုံးခုကို ဘူတာရုံ ခေါင်မိုးပေါ်သို့ ပစ်တင် ဖောက်ခွဲခဲ့သော်လည်း တစ်လုံးမှာ အပြင်ဘက်သို့ စင်ထွက်ပြီး ဟိုတယ်တစ်ခု အနီးတွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ အရေးပေါ်ဌာန၏ အဆိုအရ ဘန်ကောက်မြို့ရှိ ဆေးရုံများတွင် ဒဏ်ရာရသူများကို လက်ခံ ကုသပေးလျက် ရှိကြောင်း၊ အချို့မှာ ဒဏ်ရာ အနည်းငယ်သာ ရသော်လည်း အချို့မှာ အလွန်အမင်း စိုးရိမ်ရသည့် အနေအထားတွင် ရှိကြောင်း သိရသည်။

ထိုင်းရှပ်နီ ဆန္ဒပြသူများသည် ၂၀၀၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် သွေးမြေ မကျသော စစ်တပ် အာဏာ သိမ်းပိုက်မှုကြောင့် ပြည်ပြေးဘဝ ရောက်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူများ ဖြစ်သည်။ ၎င်းတို့က လက်ရှိ ဝန်ကြီးချုပ် အဘီဇစ်အနေဖြင့် အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ်တစ်ရပ် ပြန်လည် ကျင်းပပေးကာ ထိုင်းနိုင်ငံမှ ထွက်သွားစေလိုသည်။

ဤအတောအတွင်းမှာပင် အဘီဇစ် အစိုးရ လိုလားသော ရှပ်ရောင်စုံဝတ် ဆန္ဒပြသူများ ကလည်း တည်ဆဲအစိုးရကို ထောက်ခံကြောင်း သဘောထား ဆန္ဒပြမှုများကို စည်းရုံး ပြုလုပ်ခဲ့ကြသေးသည်။ ဧပြီလ ၁၉ ရက်မှ စပြီး ဘန်ကောက်မြို့ ဧရာမ စီးပွားရေး ကုမ္ပဏီကြီးများနှင့် လုပ်ငန်းကြီးများ အခြေစိုက်ရာ ဒေသတွင် ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင် ၁၅၀၀ ခန့် အခြေစိုက် တပ်စွဲထားခဲ့သည်။ အဆိုပါ နေရာအနီးတွင် ရှပ်နီ ဆန္ဒပြသူများက စုဝေးနေသောကြောင့် ယင်းသို့ တပ်စွဲထားခြင်း ဖြစ်ဟန် ရှိသည်။

ဧပြီလ ၁၀ ရက်နေ့က နှစ်ဖက်သော ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားကြရာ လူပေါင်း ၂၄ ဦး သေဆုံးပြီး ရာနှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့ကြသည်။ ဧပြီလ ၇ ရက်နေ့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများက ပါလီမန် အဆောက်အအုံကို စီးနင်း ဝင်ရောက်မှု ပြုလုပ်ခဲ့ရာ ထိုင်းဝန်ကြီးချုပ် အဘီဇစ်က အရေးပေါ် အခြေအနေ ကြေညာခဲ့ရသည်။ မစ္စတာ အဘီဇစ်က အရေးပေါ် အခြေအနေ ကြေညာရခြင်းသည် နိုင်ငံတော် တည်ငြိမ် အေးချမ်းမှု ပြန်လည် ရရှိရေးနှင့် အများပြည်သူများ အကြား သတင်း အလွဲအမှားများ ပြန့်နှံ့နေမှု ရပ်တန့်ရေးအတွက် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုသည်။

ထိုင်းနိုင်ငံ၏ လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကာလအတွင်း အဘီဇစ်၏ ဒီမိုကရက်ပါတီ မဲဆွယ် စည်းရုံးရာတွင် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုက လှူဒါန်းသော ဒေါ်လာ ၈ သန်းကို လက်ခံခြင်း၊ ကော်မရှင်က သတ်မှတ်ပေးသော ရန်ပုံငွေများကို လွဲမှားစွာ ကိုင်တွယ် အသုံးပြုခဲ့ခြင်းတို့ကို စုံစမ်း တွေ့ရှိခဲ့ပြီးနောက် ဒီမိုကရက်ပါတီကို ဖျက်သိမ်းရန် ပြောဆိုခဲ့သည်။ သို့အတွက်ကြောင့် လက်ရှိ အာဏာရ ပါတီအား ထိုင်းတရားရုံးချုပ်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အထူး တရားရုံးတော်က ပြန်လည် စစ်ဆေးရတော့မည် ဖြစ်သည်။ အကယ်၍ အပြစ် ထင်ရှားပါက သက်တမ်း ၆၄ နှစ် ရှိပြီ ဖြစ်သော ဒီမိုကရက်တစ် ပါတီမှာ ဖျက်သိမ်းရမည် ဖြစ်သလို ဝန်ကြီးချုပ် အဘီဇစ်လည်း ငါးနှစ်တာမျှ နိုင်ငံရေး လုပ်ကိုင်ခွင့် ပိတ်ပင်ခံရမည် ဖြစ်သည်။

CNN သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, www.straitstimes.com , 24th April 2010

          စစ်တပ်က ရေးဆွဲသော အခြေခံ ဥပဒေသည် တည်ငြိမ် အေးချမ်းမှုကို လုံးဝ မပေးစွမ်းနိုင်ကြောင်း ထိုင်းနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းက သက်သေ ပြနေသည်ဟု မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သူမ၏ ပါတီမှ တစ်ဆင့် သိရှိရသည်။

          ရာစုနှစ်ဝက် နီးပါး အုပ်ချုပ်ခဲ့သော မြန်မာစစ်ဖက် အစိုးရသည် လာမည့် ရွေးကောက်ပွဲများ ပါဝင်သော ဒီမိုကရေစီ လမ်းညွှန်မြေပုံ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အခြေခံ ဥပဒေသစ်ကို ၂၀၀၈ က ထုတ်လုပ်ခဲ့သည်။

          အဆိုပါ ရွေးကောက်ပွဲ အစီအစဉ်များမှာ ကျယ်ပြန့်စွာ ပြစ်တင် ဝေဖန်ခြင်း ခံနေရပြီး NLD ပါတီ အနေဖြင့် ရွေးကောက်ပွဲ ဝင်မည် ဆိုပါက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရဖွယ် ရှိသောကြောင့် NLD က ရွေးကောက်ပွဲကို သပိတ် မှောက်ထားသည်။

          NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားရာတွင် စနေနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့စဉ် သူမက ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်ထရာကို ထုတ်ပယ်ခဲ့သည့် ၂၀၀၆ အာဏာ သိမ်းမှု နောက်ပိုင်း ပြဿနာများစွာဖြင့် အခြေအနေ ဆိုးလာသည့် ထိုင်းနိုင်ငံ၏ အနေအထားကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

          "စစ်တပ်က ရေးဆွဲတဲ့ အခြေခံ ဥပဒေအရ အာဏာရလာတဲ့ အစိုးရသစ်ဟာ လုံးဝ တည်ငြိမ်မှာ မဟုတ်ပါဘူး" ဟု ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကား၍ ပြောဆိုသည်။ "ကျွန်မတို့ အဝေးကြီး လှမ်းကြည့်ဖို့ မလိုပါဘူး။ ထိုင်းနိုင်ငံကိုပဲ ကြည့်ပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ သက်ဆင်က ရွေးကောက် တင်မြှောက်ခံ ပုဂ္ဂိုလ်ပါ။ ရွေးကောက်ခံ ပုဂ္ဂိုလ်ဆီကနေ စစ်တပ်က အာဏာ သိမ်းတာပါ။ ပြီးတော့ စစ်တပ်ကပဲ အခြေခံ ဥပဒေကို ရေးဆွဲခဲ့တယ်လေ" ဟု သူမဟာ ထိုင်းနိုင်ငံကို သုံးသပ်သည်။

          "ဒီနောက်တော့ အစိုးရက ဘာဖြစ်လာသလဲ၊ မတည်ငြိမ်တော့ဘူးလေ၊ ဒီကိစ္စတွေက စစ်တပ်က ရေးဆွဲတဲ့ အခြေခံ ဥပဒေရဲ့ ရလဒ်ပဲ"ဟု သူမက ဆိုသည်။

          သက်ဆင်အပေါ် သစ္စာကြီးမားသည့် ရှပ်နီအုပ်စုများက လက်ရှိဝန်ကြီးချုပ် အဘီဆစ်ပဲ့ ဂျာဂျီဗား နုတ်ထွက်ပေးရန် တောင်းဆိုနေသော ထိုင်းနိုင်ငံ၏ နိုင်ငံရေး ပြဿနာများအပေါ် ဒေါ်အောင်ဆန်းစုကြည်က မှန်ကြောင်း၊ မှားကြောင်း ထင်မြင်ချက် မပေးခဲ့ဟု ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Lawi Weng, 23rd April 2010

          ငြိမ်းချမ်းရေး ယူထားသော မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သော မွန်ပြည်သစ်ပါတီ NMSP သည် သောကြာနေ့ ညနေပိုင်းက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ အစိုးရ၏ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် အသွင်ပြောင်းရေး အဆိုပြုချက်ကို ပယ်ချကြောင်း ကြေညာခဲ့သည်။

          ထိုင်းနိုင်ငံ အနောက်ပိုင်း Sangkhalaburi တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် NMSP ပြောခွင့်ရ ပုဂ္ဂိုလ် နိုင်ချေမွန်က ပြောကြားရာတွင် မိမိတို့သည် ဧပြီလ ၂၂ ရက်နေ့က အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ အစိုးရ၏ အဆိုပြုချက်ကို လက်မခံကြောင်း စာရေးသား ပေးပို့ခဲ့သည်ဟု ဆိုသည်။ "ဒီအချိန်ဟာ ကျွန်တော်တို့ တပ်တွေကို အသွင်ပြောင်းဖို့ အချိန် မဟုတ်သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်လူတွေ ဘာရပိုင်ခွင့်မှ မရသေးပါဘူး" ဟု ၎င်းက ပြောသည်။

          "အကယ်၍ ဗမာစစ်တပ်က အင်အားသုံး လာရင်တော့၊ ကျွန်တော်တို့က ကိုယ့်ကိုကိုယ် ကာကွယ်ရမှာပဲ" ဟု ၎င်းကပင် ပြောသည်။

          "ကျွန်တော်တို့ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းသွားမှပါ။ အနာဂတ်မှာ ပြည်သူတွေ ရွေးကောက် တင်မြှောက်တဲ့ ဒီမိုကရက်တစ် အစိုးရ ရှိလာရင် ကျွန်တော်တို့တပ်တွေ အသွင် ပြောင်းနိုင်အောင် ဆွေးနွေးပွဲတွေကို လမ်းဖွင့်ထားမှာပါ" ဟု သူက ပြောသည်။

          NMSP ဗဟို အလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့က တောတွင်းရှိ ၎င်းတို့ ဌာနချုပ်တွင် ပြုလုပ်ရာ ခေါင်းဆောင်များသည် ၎င်းတို့၏ စစ်တပ်များကို မြို့ပေါ်မှ တောထဲသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့သည်ဟု သတင်း တစ်ရပ်က ဆိုသည်။

          အစိုးရ ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ဧပြီလ ၇ ရက်နေ့က ကျင်းပသော အစည်းအဝေးတွင် NMSP ခေါင်းဆောင်များအား ပြောကြားရာတွင် အကယ်၍ အစိုးရက အဆိုပြုချက်ကို လက်မခံပါက ၁၉၈၉ ခုနှစ်ကကဲ့သို့ စစ်ဆင်ရေးများ ပြုလုပ်ရလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

NMSP ခေါင်းဆောင်များက ၎င်းတို့၏ တပ်ဖွဲ့များကို မိမိတို့မှ စတင် ပစ်ခတ်ခြင်း မပြုရန်နှင့်၊ အစိုးရ တပ်များမှ စတင် တိုက်ခိုက်လာမှသာ ပြန်လည် ခုခံရန် ပြောကြားခဲ့သည်။

          "ကျွန်တော်တို့ တော်လှန်ရေးဟာ ဘယ်တော့မှ အားလျော့သွားမှာ မဟုတ်ပါဘူး။ အစိုးရနဲ့ ပဋိပက္ခ ဖြစ်ခဲ့ရင်တော့ ပြောက်ကျား စစ်ဆင်ရေး ဆင်နွှဲသွားပါမယ်" ဟု NMSP အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

          "မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တိုင်းရင်းသား ရပိုင်ခွင့်များ မရှိရင်၊ သူတို့ နိုင်ငံရေးအရ ရှေ့ကို ခြေလှမ်း လှမ်းနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ ပင်မအကြောင်း တရားတွေပါပဲ" ဟု ၎င်းက ပြောသည်။

          အချို့ လေ့လာ သုံးသပ်သူများက ပြောကြားရာတွင် မြန်မာ စစ်တပ်သည် မွန်များကို အလွယ်တကူ ချေမှုန်းနိုင်မည် ဖြစ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် မွန်တွင် ပုံမှန်စစ်သား ၇၀၀ သာရှိပြီး၊ မြန်မာ စစ်တပ်သည် အင်အားလေးသိန်းရှိသောကြောင့် ဟု ဆိုသည်။

          "NMSP ကို ကျွန်တော် အကြံပေးခဲ့ပါတယ်။ ရင်ဆိုင် မတိုက်ဖို့ရယ်။ ဘယ်မှာမှ အခြေမချထားဖို့ရယ်။ တကယ်လို့ အစိုးရတပ်တွေ ကျွန်တော်တို့ ဧရိယာထဲ ဝင်လာရင် အဝင်ခံလိုက်ဖို့။ ကျွန်တော်တို့က သူတို့ တပ်ရင်းတွေ ရှိတဲ့ မြို့အပြင်ကနေ တိုက်ခိုက်ဖို့ အကြံပေးခဲ့ပါတယ်" ဟု မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒုတိယ ခေါင်းဆောင်ဟောင်း Nai Kao Rot က ပြောကြားခဲ့သည်။

          "မွန်ပြည်သူတွေ အသက် ရှိနေသရွေ့၊ ကျွန်တော်တို့ တော်လှန်ရေးက ပြီးဆုံးသွားမှာ မဟုတ် ပါဘူး။ အကယ်၍ NMSP က ဒီပွဲမှာ ရှုံးသွားခဲ့ရင်တောင်၊ မွန်ပြည်သူတွေက တစ်စခန်း ထလာမှာပါ" ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

          သုံးသပ်သူ အများစုက ပြောကြားရာတွင် မွန်စစ်သားများသည် လွန်ခဲ့သော ၁၅ နှစ် ငြိမ်းချမ်းရေး မယူမီကလောက် စစ်ပွဲကို ခံနိုင်ရည်ရှိ၊ မာကျောမည့်ပုံ မရှိကြောင်း ဆိုသည်။

          တရားဝင် စာရင်းဇယားများအရ NMSP တွင် အဖွဲ့ဝင် ၃၅၀၀ ခန့်နှင့် ၇၀၀ ခန့်သည် စစ်သား အဖြစ် တာဝန် ထမ်းဆောက်လျက် ရှိနေသည်။ ပါတီ ခေါင်းဆောင်များက ပြောကြားရာတွင် စစ်ဖြစ်လာလျှင် ၎င်းတို့ အဖွဲ့ဝင်များသည် စစ်တပ်ထဲသို့ ပြန်လည် ဝင်ရောက်လာရန် မျှော်လင့်သည်ဟု ဆိုသည်။

          ရာပေါင်း များစွာသော မွန်ပါတီ တာဝန်ခံများနှင့် စစ်သားများသည် နေအိမ်များကို စွန့်၍ တောတွင်းသို့ ပြန်ရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။ သို့သော် လေ့လာသူများက ခန့်မှန်းရာတွင် NMSP အဖွဲ့ဝင် အတော်များများသည် ၎င်းတို့၏ ပစ္စည်းများနှင့် ဘဝကို စွန့်နိုင်လိမ့်မည်ဟု မထင်ကြောင်း ခန့်မှန်းကြသည်။ သို့သော် ထိုင်းနိုင်ငံရှိ မွန်ဒုက္ခသည်များကမူ မွန်စစ်တပ်ကို ထောက်ခံ ဝင်ရောက်လာနိုင်ကြောင်း ၎င်းတို့က ခန့်မှန်းသည်။

          အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံး သတ်မှတ်ထားပြီး၊ မဟုတ်ပါက တရားမဝင် အဖွဲ့အစည်းများအဖြစ် ကြေညာမည်ဟု ဆိုသည်။

          NMSP အနေဖြင့် အစိုးရ၏ အစီအစဉ်ကို ပယ်ချကတည်းက အစိုးရနှင့် ဆက်ဆံရေး တင်းမာ လာခဲ့သည်။

          ပြီးခဲ့သည့် မတ်လက NMSP သည် ၎င်း၏ အုပ်ချုပ်ရေးနှင့် လက်နက်များကို လူမသိသော နေရာသစ်သို့ ရွှေ့ပြောင်းခဲ့ကြောင်း အဆိုပါအဖွဲ့နှင့် နီးစပ်သော သတင်းတစ်ရပ်က ဆိုသည်။

          မကြာသေးမီက မြန်မာစစ်တပ်သည် NMSP ဌာနချုပ်ရှိရာ ရေးမြို့နယ်တွင် တပ်ရင်း ၃ ခု ချထား ခဲ့သေးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

24 April 2010, Irrawaddy News

          မြန်မာ စစ်ဖက်အစိုးရ၏ နယ်ခြားစောင့်တပ် အဆိုပြုချက်ကို ကရင် ငြိမ်းချမ်းရေး ကောင်စီ KPC က ထပ်မံ ပယ်ချလိုက်သည်ဟု သိရှိရသည်။

          ၎င်း အဆိုပြုချက်ကို အဘယ်ကြောင့် ပယ်ချခဲ့သည် ဆိုသည်ကို အကျဉ်းချုပ် ဖော်ပြထားသော စာမျက်နှာ ၇ မျက်နှာပါ ပေးစာကို ဗိုလ်ချုပ် ထိန်မောင်နှင့် အခြား ကရင် KPC ခေါင်းဆောင်များက မြန်မာစစ်တပ် ထောက်လှမ်းရေး အကြီးအကဲထံ ပေးပို့ခဲ့သည်။

          "မြန်မာ အစိုးရကို ထိုးနှက်ဖို့ ဒီစာကို ရေးခဲ့တာ မဟုတ်ပါဘူး" ဟု KPC ခေါင်းဆောင် ဒေါက်တာ တင်မိုသီက ဧရာဝတီသို့ ပြောကြားသည်။ "ကရင်ပြည်သူတွေရဲ့ သဘောထားကို သိစေချင်တာရယ်။ ပြည်သူတွေအပေါ် ဒီပြည်သူ့စစ် အစီအစဉ်တွေရဲ့ သက်ရောက်မှုကို အစိုးရကို ဖော်ပြချင်တာရယ် ကြောင့်ပါ။ ကျွန်တော်တို့ရဲ့ စာကို ပို့လိုက်ပါပြီ၊ ကျွန်တော်တို့ရဲ့ အနေအထားကို သူတို့နားလည် သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ဟာ အစိုးရကို အမှန်တကယ် ပွင့်ပွင့်လင်းလင်း ရှင်းပြတဲ့ ပထမဆုံး တိုင်းရင်းသား အဖွဲ့ပါ" ဟု ၎င်းက ဆိုသည်။

          ဧပြီလ ၇ ရက်က မော်လမြိုင်တွင် စစ်ဖက်ရေးရာ လုံခြုံရေး ဌာနအကြီးအကဲ  ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် KPC အလုပ် အမှုဆောင် ကော်မတီဝင်များ အကြား ပြုလုပ်သော အစည်းအဝေးတွင် နယ်ခြားစောင့်တပ်သို့ ပူးပေါင်းမည့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွက် အစိုးရက နောက်ဆုံး နာမည်ပေးထားသော မြန်မာ့တပ်မတော် ပြည်သူ့စစ် တပ်ဖွဲ့သို့ အသွင်ပြောင်းရန် KPC မှာ ဖိအားပေး ခံခဲ့ရသည်ဟု ပေးစာတွင် ဖော်ပြထားသည်။

          နယ်ခြားစောင့်တပ်ကို အစိုးရက မည်သည့်နာမည် ပေးသည် ဖြစ်စေ၊ ထိုအဆိုပြုချက်ကို မိမိတို့ ဆက်လက် ငြင်းပယ်ထားဆဲ ဖြစ်သည်ဟု KPC က ပေးစာတွင် ပြန်ကြား ပြောဆိုခဲ့သည်။

          နယ်ခြားစောင့်တပ် အစီအစဉ်ကြောင့် ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပြဿနာများကို KPC က ကိုးကား၍ အဆိုပြုချက်ကို ငြင်းပယ်ရသည့် အကြောင်းအရင်း ဖြစ်ကြောင်း KPC က တင်ပြခဲ့သည်။

          သင်တို့၏ နယ်ခြားစောင့်တပ် အစီအစဉ်သည် ပြည်သူ၏ ငြိမ်းချမ်းသော ဘဝများကို နှောင့်ယှက်နေပြီး ကျေးလက်ပြည်သူများ အကြား ဆင်းရဲ မွဲတေမှု၊ ကြောက်ရွံ့မှု၊ မလုံခြုံမှု၊ ထိတ်လန့်မှုတို့ကို ဖန်တီးနေသည်ဟု ပေးစာတွင် ဖော်ပြထားသည်။

          KPC ၏ အဆိုအရ နယ်ခြားစောင့်တပ် အဆိုပြုချက်ကို လက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် အစိုးရက ကျေးရွာများမှ အမျိုးသားများကို စတင် စုဆောင်းကြောင်း၊ နယ်ခြားစောင့် တပ်သားသစ် အဖြစ် တစ်ရွာလျှင် လူ ၅ ယောက်မှ ၁၀၆ ယောက် အထိ တောင်းခံကြောင်း၊ မလိုက်နာသော မိသားစုများ မှာ ဒဏ်ငွေများစွာ ပေးရကြောင်း သိရှိရသည်။

          KPC နှင့် အစည်းအဝေးတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် အလွန် မောက်မာစွာ ပြောဆို ဆက်ဆံကြောင်း၊ ၎င်းက KPC အား စစ်အင်အား တိုးချဲ့ခြင်း မပြုရန်၊ အခြား တိုင်းရင်းသား အဖွဲ့များနှင့် မဆက်သွယ်ရန်၊ KNU နှင့် တွေ့ဆုံခြင်း မပြုရန် ထိုင်းနိုင်ငံနှင့် ဆက်ဆံခြင်း မပြုရန် (သို့) ယုံကြည်ခြင်း မပြုရန် ပြောကြားခဲ့ကြောင်းနှင့် အထက်ပါ အချက်များသည်လည်း KPC ၏ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှု ရှိခဲ့ကြောင်း ဒေါက်တာတင်မိုသီက ပြောကြားခဲ့သည်။

          "ကျွန်တော်တို့ကို သူပြောတဲ့ ပုံစံက ရိုးသားမှု မရှိဘဲ အဓမ္မ ဖိအားပေးတာပါ။ ညှိနှိုင်းတဲ့သူနဲ့ မတူဘဲ စစ်သားတစ်ယောက်နဲ့ ပိုတူနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးကနေ ကရင်ပြည်သူတွေ အကျိုးရှိအောင် မှန်မှန်ကန်ကန် ဆောင်ရွက်သွားမှာပါ" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

          နယ်ခြားစောင့်တပ် အဆိုပြုချက်ကို လက်မခံသော အပစ်ရပ် အဖွဲ့အားလုံးကို ဧပြီလ ၂၂ ရက်နောက်ပိုင်း တရားမဝင် အဖွဲ့များအဖြစ် သတ်မှတ်မည်ဟု စစ်ဖက် အစိုးရကလည်း ပြောကြားထားသည်။

          အကယ်၍ KPC အနေဖြင့် တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာ ခံရပါက ငြိမ်းချမ်းစွာ တုန့်ပြန်ရန် ကြိုးစားမည် ဖြစ်သော်လည်း နောက်ဆုံး မတတ်သာပါက ကိုယ့်ကိုကိုယ် ကာကွယ်သွားမည် ဖြစ်ကြောင်း ဒေါက်တာ တင်မိုသီက ပြောကြားခဲ့ပြီး အစိုးရ စစ်တပ်သည် KPC ထိန်းချုပ်နယ်မြေအတွင်း စစ်စခန်းများ တည်ဆောက်နေပြီး လက်နက်ခဲယမ်း ကြီးမားစွာ စုဆောင်းနေသည် ဟုလည်း ၎င်းက သတင်း ပေးသည်။

          KNU ၏ စစ်ဖက်ဌာနခွဲ KNLA ၏ တပ်မဟာ ၇ နယ်မြေမှ တပ်မှူးများသည် KNLA မှ ခွဲထွက်ကာ ၎င်းတို့ နယ်မြေအတွင်း အပစ်အခတ် ရပ်စဲရန် အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပြီးနောက် ၂၀၀၇ ဖေဖော်ဝါရီတွင် KPC ကို ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။

          တပ်ဖွဲ့ဝင် ၂၀၀၀ ခန့် ရှိသော KPC သည် ကရင်ပြည်နယ် ဖားအံခရိုင် ထို့ကော်ကိုး ကျေးရွာတွင် အခြေစိုက်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By William Boot, 24th April 2010

          တရုတ်နိုင်ငံ ကဲ့သို့သော သစ်ဈေးကွက်ကို ဖြည့်ဆည်းရန် တရားမဝင်သစ်လုံးများခိုးထုတ်မှု ကြောင့် လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်အတွင်း မြန်မာနိုင်ငံ သစ်တော ဧရိယာ၏ ၁၄ % ခန့် လျော့နည်း ပျက်စီးခဲ့ရကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO က ပြောသည်။

          သစ် အဆက်မပြတ် ထုတ်ယူမှုကြောင့် ၁၉၇၅ ခုနှစ်က မြန်မာနိုင်ငံ ဧရိယာ၏ ၆၀ % ကို သစ်တောများ ဖုံးလွှမ်းနေရာမှ ယခုအခါ ၄၀ % သာ သစ်တောများ ကျန်ရှိတော့သည်။

          ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း သစ်တော ဧရိယာ ကျဆင်း ပျောက်ဆုံးမှုနှုန်းမှာ အရှိန်မြင့်လာခဲ့သည်။ လွန်ခဲ့သော ငါးနှစ်အတွင်း သစ်တော ဧရိယာ ၄၆၆၀၀၀ ဟက်တာ ပျောက်ဆုံး သွားခဲ့မှုကြောင့် ကမ္ဘာပေါ်တွင် သစ်တော ပြုန်းတီးမှု အဆိုးဆုံး လေးနိုင်ငံတွင် မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်လာခဲ့သည်ဟု ကုလသမဂ္ဂက ပြောသည်။

         မြန်မာနိုင်ငံတွင် ကာကွယ် ထိန်းသိမ်းထားသော သစ်တော ကြိုးဝိုင်း ဧရိယာ ၁၅၅၀၀၀ စတုရန်း ကီလိုမီတာ ရှိပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး ထိန်းသမ်းထားမှု ဧရိယာ ရှိနေသော်လည်း သစ်လုံး ထုတ်ယူမှုများကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်နိုင်ငံတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံကြသော နိုင်ငံများတွင် ထိုင်းနိုင်ငံသည် ထိပ်ဆုံးဖြစ်ပြီး ဗြိတိနှ်နှင့် စင်ကာပူတို့က ဒုတိယနှင့် တတိယနေရာတွင်ရှိကြောင်း ထိုင်းသတင်းဌာန (TNA) က ထိုင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့ (BoI) က ထုတ်ပြန်သော စာရင်းဇယားများကို ကိုးကား၍ ရေးသားဖော်ပြသည်။

BoI ၏ အကြံပေးအရာရှိ Wassana Mututanond က မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုပြုစရာ နေရာအလွန် ပေါများသော နိုင်ငံတစ်ခုဖြစ်ကြောင်း ပြောဆိုသည်။ ၁၉၈၈ နှင့် ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဒဿမ ၄၁ ဘီလီယံ ရှိခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဟူသော ကိစ္စဖြင့် ပြောမည်ဆိုပါက ထိုင်းသည် မြန်မာနိုင်ငံတွင်ထိပ်တန်း ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ တန်ဖိုးစုစုပေါင်း၏ ၈၁ ဒဿမ ၇ ရာခိုင်နှုန်းမှာ စွမ်းအင် စီးပွားရေးတွင်ဖြစ်ပြီး ၈ ဒဿမ ၃၃ ရာခိုင်နှုန်းမှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင်ဖြစ်ကာ ၃ ဒဿမ ၁ ရာခိုင်နှုန်းကို ဟိုတယ်နှင့်ခရီးသွား အခန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေး၊ စားသောက်ကုန် ထုတ်လုပ်ရေး၊ သားရေလုပ်ငန်း၊ ကျောက်မျက် ရတနာလုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်းနှင့် ခရီးသွား လုပ်ငန်းတို့သည် ထိုင်းရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းကောင်းများ ဖြစ်သည်ဟု Wassana Mututanond က ပြောသည်။

BoI သည် ၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ချက်များကို မြှင့်တင်ရန် စီစဉ်လျက်ရှိရာ ပြည်တွင်းနှင့် ပြည်ပ၌ပါ တိုးချဲ့ လုပ်ကိုင်သွားမည်ဟုဆိုသည်။

Bernama သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မင်းသက် | သောကြာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၀၂ မိနစ်

ရန်ကုန် (မဇ္ဈိမ)။      ။ ပြည်ထောင်စု ဒီမိုကရေစီပါတီသာ ရွေးကောက်ပွဲဝင်ခွင့် ရမည်ဆိုပါက ပြိုင်ဘက်ပါတီမှာ လက်ရှိ စစ်အစိုးရက ထူထောင်လာမည့် ပါတီများ ဖြစ်လာလိမ့်မည်ဟု ပါတီဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်းက ဟောကိန်းထုတ်လိုက်သည်။

ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းခွင့် လျှောက်ထားသော ပဒမတ ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်း၌ ယနေ့ကျင်းပရာတွင် ပြောသွားခြင်း ဖြစ်သည်။

တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးပြီး ဘက်စုံပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်အောင် စီစဉ်ခြင်း၊ မီဒီယာလွတ်လပ်ခွင့်ပေးခြင်းနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများကို ခွင့်ပြုခြင်းတို့ လုပ်ပေးသင့်သည်ဟုလည်း နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ဦးဖြိုးမင်းသိမ်းက ပြောသည်။

စစ်အစိုးရမှာမူ ၎င်း၏ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် အစီအစဉ်နှင့် ပတ်သက်၍ သတင်းမပေါက်အောင် လုပ်ဆောင်လျက် ရှိသည်။ သို့သော် ခြင်္သေ့တံဆိပ်ကိုပင် အသုံးပြုသွားမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားကြီးပွားတိုးတက်ရေးပါတီတို့ အပါအဝင် ပါတီ ၃ ခုကို တိုက်ရိုက်ထူထောင်မည်ဟု ကြံ့ဖွံ့ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ၏ သြဇာမကင်းသောသူများကို ပါတီများ မှတ်ပုံတင်ခြင်း ပြုလုပ်ခိုင်းပြီး စောင့်ကြည့်သွားမည်ဟုလည်း တိုင်းအဆင့်ရှိ ကြံ့ဖွံ့ခေါင်းဆောင်က ပြောသည်။

ကြံ့ဖွံ့အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟု အဖွဲ့ခေါင်းဆောင်များအကြား ကျယ်ပြန့်စွာ ယုံကြည်နေကြသည်။

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုသားနိုင်ငံရေးအဖွဲ့ချုပ်တို့ကို ပါတီမှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

အဓိက အတိုက်အခံပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားမျှတမှုမရှိသော ရွေးကောက်ပွဲဥပဒေကို လက်မခံနိုင်သဖြင့် ပါတီမှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်ထားသည်။ ပြည်ပရောက် အတိုက်အခံအဖွဲ့များက ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်းမှု ပြုလာနေကြသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ရည်ရွယ်၍ မှတ်ပုံတင်လျှောက်ထားသော ပါတီသစ် ၁၆ ဖွဲ့နှင့် ပါတီဟောင်း ၃ ပါတီ ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.