Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ မြန်မာနိုင်ငံ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် အောက်တွင် ရှိသော ဒေသများ၌ လုံခြုံရေး အထူး တင်းကြပ်ထားပြီး နေပြည်တော်သို့ စစ်ဒေသမှူးနှင့် တိုင်းမှူးများ လာရောက်ခြင်းကိုလည်း အထူးပင် တင်းကြပ်ထားလိုက်ပြီ ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားသည်။

Irrawaddy သတင်းဌာန၏ စုံစမ်း လေ့လာမှုအရ နေပြည်တော်ရှိ Asia World ကုမ္ပဏီပိုင် မြတ်တော်ဝင် ဟိုတယ်တွင် ဗုံးတစ်လုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း အဆိုပါဟိုတယ် ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ယခုအခါ နေပြည်တော်သို့ လာရောက်လိုသော ဗိုလ်ချုပ်များ၊ ဗိုလ်မှူးချုပ်များ အနေဖြင့် အထူး တောင်းဆိုချက် တင်ပြရန် လိုအပ်ပြီး တွေ့ဆုံလိုသည့် စီနီယာ စစ်ဘက် အရာရှိကြီးများ၏ ခွင့်ပြုချက် ရမှသာ လာရောက်ခွင့် ရနိုင်မည် ဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ အရာရှိ တစ်ဦးက Irrawaddy သို့ ပြောကြားသည်။

"ဒီစစ်ဘက် အမိန့်ကို ဒေသမှူးတွေနဲ့ တိုင်းမှူးတွေဆီကို ဧပြီလ ၁၇ ရက်နေ့မှာ ပို့လိုက်တာပါ။ ဘယ်တိုင်းမှူး၊ ဒေသမှူးမှ ခွင့်ပြုချက် မရဘဲ နေပြည်တော် စစ်ရေးရုံးကို လာခွင့် မရှိဘူးလို့ အမိန့်ထဲမှာ ပါတယ်" ဟု ၎င်းက ဆိုသည်။ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန် အကြတ်နေ့) တွင် ရန်ကုန်မြို့၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

စစ်ဒေသမှူးနှင့် တိုင်းမှူးများ အနေဖြင့် နေပြည်တော်သို့ လာရောက်မည် ဆိုပါက မည်သည့် နေရာတွင် တည်းခိုမည်ကို တင်ပြ လျှောက်ထားရန် လိုအပ်မည် ဖြစ်ပြီး စစ်ဌာနချုပ်များ၏ ခွင့်ပြုချက်လည်း လိုအပ်မည် ဖြစ်ကြောင်း အဆိုပါ အရာရှိက ဆက်လက် ပြောဆိုသည်။

ထုတ်ပြန်လိုက်သော စစ်ဘက် အမိန့်အရ  တိုင်းမှူး၊ ဒေသမှူးများသည် မိမိတို့ ခေါ်ဆောင်လာမည့် လုံခြုံရေး တပ်သားများ၊ အရာရှိများ၏ အမည်စာရင်းကို တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

"အဲဒီအမိန့်ရဲ့ အဓိက အချက်ကတော့ နေပြည်တော်ကို လာတဲ့ အခါမှာ သယ်ဆောင်လာမယ့် လက်နက် အရေအတွက်နဲ့ စစ်အင်အားကို ကန့်သတ်ချင်လို့ ဖြစ်ပါတယ်။ နေပြည်တော်ကို အကြောင်းမျိုးစုံနဲ့ လာကြမယ့် စစ်ဘက် အရာရှိကြီးတွေနဲ့ ပါလာမယ့် လက်နက်တွေကို ကန့်သတ်ချင်တာ ဖြစ်ပါတယ်" ဟု သတင်းရင်းမြစ်က ဆိုသည်။

ယခုလို ကန့်သတ်ရခြင်းသည် နေပြည်တော် စစ်ရေးရုံးတွင် လုံခြုံရေး အထူးတင်းကြပ် လိုသောကြောင့် ဖြစ်နိုင်ကြောင်း လေ့လာ အကဲခတ်များက ဆိုသည်။

မြန်မာနှစ်သစ်ကူး သင်္ကြန် အချိန် သမယတွင် မြို့တော်ရန်ကုန်၊ မင်္ဂလာ တောင်ညွန့် မြို့နယ် ကန်တော်ကြီး အနီးရှိ X2O အမည်ရ ရေပက် မဏ္ဍပ်တစ်ခု၌ ဗုံးသုံးလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် လူပေါင်း ၁၀ ဦး သေဆုံးပြီး ၁၇၀ သေဆုံးကြောင်း ပြည်တွင်း အခြေစိုက် သတင်း မီဒီယာများက ရေးသားတင်ပြ ခဲ့ကြသည်။

Irrawaddy သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment