yangonchronicle2011 Op-Ed |
၃.၇.၂၀၁၂
ဆောင်းပါးကဏ္ဍ
- ရွေးကောက်ပွဲဒီမိုကရေစီနှင့် လစ်ဘရယ်ဒီမိုကရေစီ
*****************************************
ဆောင်းပါးကဏ္ဍ
ရွေးကောက်ပွဲဒီမိုကရေစီနှင့် လစ်ဘရယ်ဒီမိုကရေစီ
ဖေမြင့်
(ဇွန်လ ၂၈ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂)၊ အမှတ်(၁၀၀)မှ ထုတ်ယူဖော်ပြသည်။)
ဒီမိုကရေစီစနစ်ကို ရွေးကောက်ပွဲများနှင့် တွဲဖက်မှတ်သားလေ့ရှိကြသည်။ သို့သော် ရွေးကောက်ပွဲများ ကျင်းပပေးရုံဖြင့် ဒီမိုကရေစီကို မည်ကာ မတ္တအဆင့်မှ တင်းပြည့်ကျပ်ပြည့်အဆင့်အထိ ဒီဂရီအနိမ့်အမြင့်အရ အမျိုးမျိးအပြားပြား ခွဲခြားပြောဆိုကြသည်။
ဒီမိုကရေစီစနစ်တွင် အများဆန္ဒသည် ပဓာနဖြစ်သည်။ တိုင်းပြည်အတွက် မူဝါဒများချမှတ်သည့်အခါ လူထုအများဆုံး ထောက်ခံသည့်မူဝါဒကို ရွေးချယ် အကောင်အထည်ဖော်ရမည်ဟု ယုံကြည်သူတို့က အနိမ့်ဆုံးအားဖြင့် ရွေးကောက်ပွဲစနစ် ရှိရလိမ့်မည်။ နိုင်ငံသားတို့သည် သတ်မှတ်သက်တမ်း ကာလ တစ်ခုအတွင်း တိုင်းပြည်ရေးရာများကို စီမံခန့်ခွဲမည့် ပြည်သူ့ကိုယ်စားလှယ်များ သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်များကို ဆန္ဒမဲပေးရွေးချယ်နိုင် သည့် အနေအထားမျိုး ရှိရလိမ့်မည်ဟု ဆိုကြသည်။
ထို့နောက် ဆန္ဒမဲပေးခွင့်၊ ရွေးကောက်ခံပိုင်ခွင့် စသည်တို့ အပါအဝင် ရွေးကောက်ပွဲစနစ် သင့်တော်မျှတမှု ရှိမရှိကို အကဲခတ်ကာ လွတ်လပ်၍ တရားမျှတသောစနစ်ဟု ဆိုနိုင်လျှင် အခြေခံအဖို့ လုံလောက်သည်ဟု မှတ်ယူကြသည်။
တနည်းပြောရသော် တိုင်းပြည်အတွက် နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်များကို ပြည်သူတို့ကိုယ်စား ချမှတ်မည့်သူများအား ပြည်သူတို့ကိုယ်တိုင် ဆန္ဒမဲပေး ရွေးချယ်နိုင်မည်။ ရွေးကောက်ပွဲတွင် ပြည်သူထဲမှ တရားနည်းလမ်းကျသော ချွင်းချက်အချို့မှအပ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံ နိုင်မည်ဆိုလျှင် ဒီမိုကရေစီ (လူထုအုပ်စိုးမှု) ကျင့်သုံးသော နိုင်ငံစာရင်းတွင် ထည့်သွင်းခွင့်ရပြီဟု ဆိုလိုသောသဘော ဖြစ်သည်။
အများအုပ်စိုးမှု ပြည့်ဝမှန်ကန်စွာဖြစ်ပေါ်ဖို့
ရွေးကောက်ပွဲတွင် လူတိုင်း ဆန္ဒမဲပေးနိုင်မည်။
ရွေးကောက်ပွဲတွင် မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်။
အဲဒါဆိုရင် တကယ်ပြည့်စုံပြီလား။
ဒီမိုကရေစီ သုတေသီတို့ကတော့ အထက်က အချက်နှစ်ချက်သည် စာထဲတွင်ပါရုံ (အခြေခံဥပဒေတွင် ရေးသားပြဋ္ဌာန်းထားရုံ) သက်သက်မ ဟုတ်ပဲ တကယ်လက်တွေ့ဖြစ်ရန်အတွက် နောက်ထပ်အချက်တစ်ရပ် လိုအပ်သည်ဟု ဆိုသည်။
အဲဒါ ပြည်သူ့လွတ်လပ်ခွင့်များပဲ ဖြစ်ရမည်ဟု ဆိုသည်။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ အရည်အသွေးမီဖြစ်ပေါ်စေရန်နှင့် မဲဆန္ဒရှင်တို့အနေနှင့် အကောင်းဆုံး အသင့်တော်ဆုံးကို နားလည်သိရှိစွာ ရွေးချယ်နိုင်ကြရန်အတွက် အများပြည်သူအကြားတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံဆော်သြခွင့်များ ရှိဖို့လိုသည်။ တစ်ဦးတစ်ဖွဲ့က မိမိ၏ နိုင်ငံရေးအယူအဆကို ဟောပြောခွင့်၊ ရေးသားပြောဟောခွင့် ရှိနေချိန်တွင် ၎င်းတို့နှင့် အမြင်မတူသူတို့ကလည်း ၎င်းတို့၏ အယူ အဆကို လွတ်လပ်စွာပင် ဟောပြောခွင့် ရေးသားဖြန့်ချိခွင့် ရှိဖို့လိုသည်။ ထို့ပြင် အယူအဆနီးစပ်တူညီသူများ အချင်းချင်း ဆက်သွယ်စုစည်း၍ အသင်း အဖွဲ့များ ဖွဲ့စည်းကာ မိမိတို့အယူအဆ ပြန့်ပွားရေးအတွက် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ခွင့်ရှိဖို့ လိုသည်။
အဲသည် ပြည်သူ့လွတ်လပ်ခွင့်များ တည်ရှိပြီး ၎င်းအား လက်တွေ့ခံစား ကျင့်သုံးကြသည့်အခါ နိုင်ငံလူထုအတွင်း အယူအဆ စိတ်ကူးစိတ်သန်းစုံ တိုင်းပြည်နှင့် စပ်လျဉ်းသည့် အကြံဉာဏ်စုံ၊ မူဝါဒစုံပြန့်နှံ့သဖြင့် အများပြည်သူသည် မိမိတို့တိုင်းပြည်အတွက် အကောင်ဆုံးဟု မိမိတို့နှင့် မိမိယုံကြည် သည့်အရာကို ကိုယ်တိုင်စဉ်းစားရွေးချယ်ကာ ရွေးကောက်ပွဲကျင်းပသည့်အခါ၌ မိမိနှင့်ယုံကြည်မှုချင်း အများဆုံးနီးစပ်တူညီသူကို မိမိကိုယ်စားလှယ် အဖြစ် ဆန္ဒမဲပေး ရွေးချယ်နိုင်လိမ့်မည်။ ပြည်သူအများစုကြီးက အဲသည်လို နားလည်သိရှိစွာ ရွေးချယ်ပေးလိုက်သူတို့ နိုင်ငံရေးအာဏာရရှိကာ တိုင်း ပြည်ကို စီမံအုပ်ချုပ်နိုင်မှသာလျှင် လူထုအုပ်စိုးမှု အနီးစပ်ဆုံး အမှန်ကန်ဆုံးဖြစ်မည်ဟူ၍ ရှုမြင်ကြပါသည်။
ရွေးကောက်ပွဲဒီမိုကရေစီတွင် သတိပြုစရာအချို့
ရွေးကောက်ပွဲကျင်းပရခြင်းကို အကြောင်းပြု၍ ဒီမိုကရေစီဟု ဆိုကြသည့်အခါ ပထမဆုံးသတိပြုရန်က အာဏာတရားဝင် ကိုင်တွယ်ကျင့်သုံး မည့် အဓိက ရာထူးများအားလုံးအတွက် ရွေးကောက်ပွဲဖြင့် ရွေးချယ်ခန့်အပ်ခြင်း ဟုတ်မဟုတ်ဟူသော အချက်ဖြစ်သည်။
ထုံးစံအားဖြင့်တော့ တိုင်းပြည်နှင့်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒအရပ်ရပ်ကို ရွေးချယ်ချမှတ်မည့် ဥပဒေပြု လွှတ်တော်အမတ်များကို ရွေးကောက်ပွဲများမှသာ တင်မြှောက်ရသည်။
ထို့အပြင် အုပ်ချုပ်ရေးမဏ္ဍိုင်၏ အကြီးအကဲဖြစ်သည့် သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်တို့အားလည်း ပြည်သူတို့က တိုက်ရိုက် ရွေးကောက်တင် မြှောက်ခြင်း ပြုရသည်။
ထို့ကြောင့် ရွေးကောက်တင်မြှောက်ရာတွင် ဒီမိုကရေစီစံချိန် မပြည့်ဝသော အနေအထားများ မဖြစ်ပေါ်စေရန်နှင့် အကယ်၍ ဖြစ်ပေါ်လာပါက ယင်းတို့ကို ထောက်ပြခြင်း၊ ဝေဖန်ခြင်း၊ ကန့်ကွက်ခြင်း၊ ပြောင်းလဲပြင်ဆင် တွန်းအားပေးခြင်းများ၊ ပြုလုပ်နိုင်ရန်အတွက် လွတ်လပ်စွာပြောဆိုခြင်း အပါ အဝင် ပြည်သူ့လွတ်လပ်ခွင့်များ ပြည့်ဝဖို့လိုသည်ဟု ဆိုကြခြင်း ဖြစ်သည်။
လစ်ဘရယ်ဒီမိုကရေစီ
ရွေးကောက်ပွဲဒီမိုကရေစီထက် ပို၍ အနှစ်သာရပြည့်ဝသည့် လစ်ဘရယ်ဒီမိုကရေစီမှာ အဘယ်လက္ခဏာများ ပါရှိပါသနည်း။
၁။ နိုင်ငံတော်အာဏာကို အသုံးပြုကာ တိုင်းပြည်အတွက် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်လုပ်ဆောင်ပိုင်ခွင့်သည် ရွေးကောက်ခံ ကိုယ်စားလှယ်တို့၌သာ ရှိပြီး ရွေးကောက်ခံမဟုတ်သူတို့ကို မြင့်မားသော အခွင့်အာဏာများကို သုံးစွဲခွင့်မရှိစေမည့် ကန့်သတ်ချက်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းထားသကဲ့သို့ တကယ်လက်တွေ့ ကျင့်သုံးရာ၌လည်း ၎င်းအတိုင်း ဖြစ်သည်။
၂။ အုပ်ချုပ်မှုအာဏာကို အခြားသီးခြားရပ်တည်သည့် နိုင်ငံတော်အဆောက်အအုံများဖြစ်သည့် ပါလီမန်လွှတ်တော် လွတ်လပ်သော တရားစီ ရင်ရေးစနစ် စသည်တို့က တန်းတူရည်တူအဆင့်မှ ထောက်ပြထိန်းကွပ်နိုင်သည့် အခွင့်အရေးအာဏာသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းပါဝင်သကဲ့ သို့ တကယ်လက်တွေ့လည်း ရှိသည်။
၃။ ရွေးကောက်ပွဲများတွင် မည်သည့်ပါတီက အနိုင်ရမည်ဟု သေချာပေါက် မှတ်သားထား၍မရ။ အများပြည်သူဆန္ဒအပေါ် မူတည်၍ ရွေး ကောက်ပွဲရလဒ်တို့ အမြဲပြောင်းလဲနေနိုင်ပြီး၊ ပါတီအဖွဲ့အစည်းတို့သည်လည်း ကာလသက်တမ်းအလျောက် အစိုးရအရာရသည့်အခါ ရ၍ အတိုက်အခံ အဖြစ် ရပ်တည်သည့်အခါလည်း ရပ်တည်ရသောသဘော ရှိသည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်သည့် မည်သည့် လူ အုပ်စုများ မဆိုသည်လည်း ပါတီဖွဲ့စည်းခွင့် ရွေးကောက်ပွဲများ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိကြသည်။
၎။ လူမျိုး၊ ဘာသာ၊ ထုံးဓလေ့အရ လူနည်းစုဖြစ်နေသူတို့သည် လည်းကောင်း၊ လူများစုဖြစ်သော်လည်း နှစ်ပေါင်းများစွာ တစ်ပန်းရှုံးခဲ့သူများ သည်လည်းကောင်း နိုင်ငံရေးတွင် ပါဝင်ခွင့်၊ ကိုးကွယ်သည့်ဘာသာ၊ ဘာသာစကားထုံဓလေ့များကို ကျင့်သုံးခွင့်၊ စသည်များအား ဥပဒေပြဌာန်းချက်များ အရလည်းကောင်း တကယ်လက်တွေ့တွင်လည်းကောင်း ခံစားခွင့်ရှိ ကြသည်။
၅။ နိုင်ငံသားတို့အနေနှင့် မိမိတို့စိတ်ဝင်စားသော၊ အလေးထားသော၊ ဖြစ်စေချင်သော ကိစ္စရပ်များကို ဖော်ထုတ်ရန်၊ တင်ပြရန် မြှင့်တင်ရန် အတွက် နိုင်ငံရေးပါတီများကို ထောက်ခံခြင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်း ဆန္ဒမဲပေးခြင်းများသာမက မိမိတို့ဘာသာ အသင်းအဖွဲ့မျိုးစုံ ဖွဲ့စည်းခြင်း လှုပ်ရှားမှုမျိုးစုံ ပြုလုပ်ခြင်း စသည့် နည်းလမ်းအဖုံဖုံတို့ကိုလည်း သုံးစွဲခွင့် ရှိကြသည်။
၆။ နိုင်ငံသားများ၌ သိလိုသော သတင်းအချက်အလက်တို့ကို ကြားသိနိုင်ရန်အတွက် လွတ်လပ်သော စာနယ်ဇင်း၊ မီဒီယာများအပါအဝင် သတင်းအရင်းအမြစ် မျိုးစုံရှိကြသည်။
၇။ တစ်ဦးချင်းသော ပြည်သူတို့၌ မိမိဘာသာ လွတ်လပ်စွာ ယုံကြည်ခွင့်၊ ထင်မြင်ယူဆချက်ကို လူသိထင်ရှား ပြောကြားဆွေးနွေးခွင့်၊ စာဖြင့် ရေးသား၍ ပုံနှိပ်ထုတ်ဝေဖြန့်ချိခွင့်၊ အများနှင့်အတူ စုဝေးခွင့်၊ ဆန္ဒပြခွင့်၊ အာဏာပိုင်တို့ထံ ဆန္ဒလွှာ တင်သွင်းခွင့်များ ရှိကြသည်။
၈။ နိုင်ငံသားတိုင်း နိုင်ငံရေးဆိုင်ရာ၌ အခွင့်အရေးတန်းတူညီမျှ ရှိစေမည့် တရားဥပဒေများ ပြဋ္ဌာန်းထားရှိသည်။
၉။ တစ်ဦးချင်း ပုဂ္ဂိုလ်များ၊ လူစုများ၏ လွတ်လပ်ခွင့်များကို အခြားအာဏာအဆောက်အအုံတို့၏ သြဇာမှ ကင်းလွတ်၍၊ ဘက်လိုက်မှု ခွဲခြားမှု များလည်း မရှိသည့် တရားစီရင်ရေးမဏ္ဍိုင်က အကာအကွယ်ပေးသည်။ တရားရုံး၏ ဆုံးဖြတ်ချက်တို့ကို အခြားသော အာဏာအစိတ်အပိုင်းတို့လည်း လေးစားသိမှတ်ကာ ၎င်းအတိုင်း တည်အောင် ဆောင်ရွက်ပေးရသည်။
၁၀။ တရားဥပဒေစိုးမိုးမှု ရှိ၍၊ ယင်းက နိုင်ငံသားတို့အား နိုင်ငံတော်အဖွဲ့အစည်းများက ဖြစ်စေ၊ အခြားသောအဖွဲ့များ ဂိုဏ်းများ အင်အားစုများ က ဖြစ်စေ၊ မတရားဖမ်းဆီး ချုပ်နှောင်ခြင်း၊ နယ်နှင်ဒဏ်ပေးခြင်း ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ ညှင်းပမ်းခြင်း၊ နေ့စဉ်လူမှုဘဝတွင် ဝင်ရောက် နှောင့်ယှက်ခြင်း၊ စသည်များ မပြုလုပ်နိုင်အောင် စောင့်ရှောက်ကာကွယ်ပေးသည်။
၁၁။ အထက်ကအချက်များအပြင် ယင်းတို့၏ အချုပ်ဟုဆိုရမည့် အရာတစ်ခု ရှိသေးသည်။ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သည်။
အထက်ကအကြောင်းအရာ အချက်အလက်များအားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှင်းလင်းတိကျစွာ ရေးထိုးထားသည့်အခါ အုပ်ချုပ်သူ အစိုးရတို့ လုပ်ပိုင်ခွင့်ရှိသောအရာနှင့် လုပ်ပိုင်ခွင့်မရှိသည့် အရာတို့ကို ကွဲပြားစွာမြင်ရသည်။
အုပ်ချုပ်သူတို့သည် ထိုစည်းဘောင်များကို ကျော်၍မရ။ ကျော်လာခဲ့သည်ရှိလျှင်လည်း လွတ်လပ်သော တရားရေးမဏ္ဍိုင်က ထောက်ပြ ကွပ် ညှပ်မှုပြုမည် ဖြစ်သည်။
ဥပဒေပြုမဏ္ဍိုင်မှ ပုဂ္ဂိုလ်တို့သည်လည်း မိမိတို့ချမှတ်လိုသည့် မူဝါဒများ အကောင်အထည်ဖော်ရန်အတွက် ဥပဒေများ ပြဋ္ဌာန်းသည့်အခါ အခြေ ခံဥပဒေနှင့် ညီညွတ်မှုရှိမရှိ စိစစ်ရသည်။ မညီညွတ်သော် ၎င်းတို့အား ကွပ်ကဲပိုင်ခွင့်ရှိသည့် အခြားသော အာဏာအဆောက်အအုံတို့က တည့်မတ် ထိန်း ကွပ်ကြမည်။
တရားစီရင်ရေးမဏ္ဍိုင်နှင့် စပ်လျဉ်း၍လည်း ထိုနည်း၎င်း။
ထို့ပြင် အများပြည်သူတို့သည်လည်း အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖော်ထုတ်ပြောဆိုကာ မိမိတို့ လွတ်လပ်ခွင့်များကို ပိုင်ပိုင်နိုင်နိုင် ရယူ ခံစားနိုင်ကြမည်၊ အကယ်၍ မရရှိခဲ့သော် တရားဝင်တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်းများ ပြုနိုင်ကြလိမ့်မည်။ ယင်းအား ချုပ်ချယ်တားမြစ်သော် ချုပ်ချယ် တားမြစ်သူတို့သည် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက် ကျူးလွန်သူများ ဖြစ်လာကြလိမ့်မည်။
ဤသည်က၊ ပြည်သူ့လွတ်လပ်ခွင့်များကို အလေးထားသည့် လစ်ဘရယ်ဒီမိုကရေစီစနစ်၏ လက္ခဏာရပ်တို့ကို ချုပ်၍ တင်ပြခြင်း ဖြစ်ပါသည်။
[ရည်ညွှန်း။ ။Larry Diamond ’Developing Democracy’]
*****************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.