Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃၁.၃.၂၀၁၁

ပြည်တွင်းသတင်းများ

နိုင်ငံတကာကုမ္ပဏီများ လာရောက်သော်လည်း အရာမထင်

ရန်ကုန်၊ မတ် ၃၀။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများကို လာရောက်လေ့လာသော နိုင်ငံတကာ ကုမ္မဏီများရှိသော်လည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများအတွက် ဆွဲဆောင်နိုင်သော မက်လုံးများမရှိပါက အကြောင်းထူးနိုင် ခြင်းမရှိဟု စီးပွားရေးပညာရှင်တစ်ဦးက ဆိုသည်။

“အခုတလော UMFCCI တို့ MFF တို့ကို နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေ လာနေတယ်လေ။ သူတို့ လာတာကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာကြတယ်။ ဒီကလုပ်ငန်းရှင်တွေကလည်း တွေ့ကြတယ်။ ပြီးတော့ ပြန်သွားတယ်။ ဘာထူးလာလဲဆိုတာ မတွေ့ရသေးဘူး။ နိုင်ငံတကာက မြန်မာနိုင်ငံ မှာ ရင်းနှီးမြုပ်နှံချင်တယ်ဆိုတာတော့ ဟုတ်တယ်။ သူတို့မှာလည်း သူတို့ရဲ့ရင်းနှီးမြုပ်နှံမှုအတွက် အကာအကွယ်ပေးတာတွေလည်း လိုချင်မှာပေါ့။ ထားဝယ် စီးပွားရေးဇုန် ဥပဒေလို နိုင်ငံပိုင်မသိမ်းပါဘူးဆိုတဲ့ အာမခံချက်တွေ အခွန်နဲ့ပတ်သက်တာတွေကို သူတို့ကလိုချင်တယ်။ ဒါပေမယ့် ဒီဇုန်ကလွဲလို့ တခြားနေရာတွေမှာလုပ်ရင် ကာကွယ်မှုတွေက မရှိသလောက်ရှားတော့ သူတို့တွေလည်း ပြန်စဉ်းစားတာတွေ ရှိမယ်။ ဒီတော့ တည်ငြိမ်မှုကို မပြနိုင်တာတို့ ပုဂ္ဂလိကကို အားမပေးတာတို့ဆိုရင်တော့ ဘာမှမထူးလာနိုင်ဘူး။ ထားဝယ်ဇုန်ကလွဲလို့ နောက်နေရာတွေမှာ ဘယ်ရင်းနှီးမြုပ်နှံမှုမှ မဝင်လာနိုင်ဘူး။”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်တွင်းထွက်ကုန်များအား ပြည်ပသို့တင်ပို့ရာတွင် အခွန်အဖြစ် ၁၀ရာခိုင်နှုန်းပေးနေရသည့်အတွက် နိုင်ငံတကာဈေးကွက်တွင် မိမိတို့နိုင်ငံမှ ထွက်ကုန်များမှာ အခြားနိုင်ငံများမှတင်ပို့သော ထွက်ကုန်များထက် ကုန်ဈေးနှုန်းကြီးမြင့်နေမှုများရှိပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအနေဖြင့် အဓိကထည့် သွင်းစဉ်းစားသည့် ဒုတိယအချက်မှာ အခွန်ကြီးမြင့်နေမှုဖြစ်သည်ဟု ရေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းအသီးသီးမှစီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးမှုများပြုလုပ်ရန်အတွက် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်း ရှင်များ လာရောက်လျှက်ရှိရာ မတ်လ ၂၉ ရက်တွင် UMFCCI ၌ မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရန်ရှိကြောင်း စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးက ဆိုသည်။

(ကျော်စွာ)

-------------------------------------------------------------------------------------------------------------

ရန်ကုန်မှ အခြေနေမဲ့ ၄၀၀ကျော် ရခိုင်သို့ပို့

ရန်ကုန်၊ မတ် ၃၀။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေနေမဲ့ အယောက် ၄၀၀ ကျော်ကို ရခိုင်ပြည်နယ်ရှိ ဘဝသစ် အိမ်ယာစီမံကိန်းသို့ မတ်လ ၂၈ရက်နေ့တွင် သက်ဆိုင်ရာမှ ပို့ဆောင်ပေးလိုက်ကြောင်းသိရသည်။

“မြို့နယ် လေးဆယ်ငါးမြို့နယ်က မိသားစုတစ်ရာလေးဆယ် သုံးစုကို ထောက်ပံ့ငွေတွေနဲ့အတူ ပို့ပေးလိုက်ပြီ။” ဟု ဗိုလ်တစ်ထောင်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နေအိမ်ဆောက်ပေးခြင်း၊ လယ်ယာမြေပေးခြင်းအပြင် ဆိုက္ကား၊ အပ်ချုပ်စက်များထောက်ပံ့ပေးခဲ့ရာ တစ်မိသားစုစီကို ကျပ်ငွေရှစ်သိန်းနီးပါးခန့် ထောက်ပံ့ပေးလိုက်ကြောင်း၎င်းကပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ စက်မှု(၁)ဝန်ကြီးဌာန၊ စွမ်းအင်ဌာနနှင့် နယ်စပ်စည်ပင်ဝန်ကြီးဌာနတို့မှ ယင်းကဲ့သို့ ထောက်ပံ့ပေးခဲ့ ကြကြောင်းသိရ သည်။ ပို့ဆောင်ပေးလိုက်သောမိသားစုများမှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ စုဆောင်းထားသော အခြေအနေမဲ့များအပါဝင် လွတ်ရက်နီးနေပြီဖြစ်သော အကျဉ်း သားမိသားစု ၆၁စုလည်း ပါဝင်ကြောင်းသိရသည်။

ဘဝသစ်စီမံကိန်းကို ၁၉၉၉ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ်မြန်မာပြည်အနှံ့ရှိ အခြေနေမဲ့များကို သက်ဆိုင်ရာမှ ပို့ဆောင်ပေးခဲ့ရာ ၂၀၁၀ခုနှစ်တွင် မိသားစုနှစ်ထောင်နီးပါး နေထိုင်လျက်ရှိကြောင်း သိရသည်။

Peace Press

-------------------------------------------------------------------------------------------------------------

အစိုးရသစ် မလာမီ နောက်ဆုံးအသုတ် ဈေးရောင်းပွဲကြီး ပြီးစီး

ရန်ကုန်၊ မတ် ၂၉။

နိုင်ငံပိုင်အဆောက်အဦးများအား လေလံတင်ရောင်းချနေမှုများတွင် နောက်ဆုံးအသုတ်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရရုံး အဖြစ်အခြေစိုက်ခဲ့သည့် နိုင်ငံပိုင်အဆောက်အဦး အများဆုံးပါဝင်သော လေလံတင်ရောင်းချမှုကို  မတ်လ ၁၉ ရက်နေ့က နေပြည်တော်တွင် လေလံ အောင် စာရင်း ထုတ်ပြန်ခဲ့ရာ ကျပ်သန်းပေါင်း ၂၃၂၇၇၃ သန်းကျော် ရောင်းချခဲ့ရကြောင်း ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။

မတ်လ ၃၁ ရက်နေ့တွင် နအဖအဖွဲ့၏ အာဏာသက်ရောက်မှုသည် ပြီးဆုံးတော့မည်ဖြစ်ပြီး လေလံတင်ရောင်းချပွဲများအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးပေါင်း ၅ မြို့တွင် နိုင်ငံပိုင်ပစ္စည်းမျိုးစုံအား လေလံတင်ရောင်းချမှုများ ပြုလုပ်နေသည်မှာ ၃ နှစ်ပတ်ဝန်းကျင်ခန့် ရှိပြီဖြစ်သော်လည်း လေလံအောင် ခဲ့သော ပစ္စည်းစုစုပေါင်းအား ရောင်းချရာမှရရှိခဲ့သော ငွေပမာဏအား အများပြည်သူများကြားသို့ ထုတ်ပြန်ခြင်းမရှိခဲ့သည်ကို တွေ့ရသည်မှာ မှန်ကန်မှု မရှိကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားသည်။

“နိုင်ငံပိုင်ဆိုတဲ့ခေါင်းစဉ်တပ်ပြီး နိုင်ငံသားတွေကို ဘာတွေ၊ ဘယ်လောက်ရောင်းရတယ်ဆိုတာကို ပြည်သူတွေဆီကို သတင်းထုတ်ပြန်မှုတွေ မလုပ်တာဟာ မရိုးသားဘူးလို့ ဆိုချင်ပါတယ်။ အခုနောက်ဆုံးအသုတ်ရောင်းရငွေပမာဏကို ကြည့်တာနဲ့တင် သူတို့တွေရောင်းချတာ ဘယ်လောက် တန်ကြေးရှိနိုင်တယ်ဆိုတာက မခန့်မှန်းနိုင်အောင် ဖြစ်နေပြီ။ တချို့ရောင်းရငွေတွေကို ထုတ်ပြန်တဲ့နေရာမှာလည်း ဥပမာဆိုရင် ငွေကျပ်သန်းပေါင်း ၂၃၀ ကျော် ဆိုပြီး ထုတ်ပြန်တာတွေ ရှိတယ်လေ။ သူတို့ပြောတဲ့ “ကျော်”ဆိုတာ ဘယ်လောက်ဆိုတာက စဉ်းစားစရာပါ”ဟုဆိုသည်။

လေလံပွဲများတွင် လေလံအောင်သူအများစုသည် နအဖထိပ်သီးခေါင်းဆောင်များနှင့် ရင်းနှီးသူများဖြစ်နေပြီး လေလံပွဲ၏နောက်ကွယ်တွင် မည် သို့သော အကြောင်းတရားများရှိမည်ဆိုသည်မှာ စဉ်းစားဖွယ်ရာဖြစ်လာကြောင်း မြန်မာ့အရေးလှုပ်ရှားသူတစ်ဦးက ဆိုသည်။

အစိုးရရုံးစိုက်ရာ နေပြည်တော်အား တည်ဆောက်ရာတွင် ကုန်ကျသွားသော ငွေများနေရာတွင် ပြန်လည်အစားထိုးရန်အတွက် ယင်းသို့သော လေလံတင် ရောင်းချမှုများကို ပြုလုပ်လာရကြောင်း သိရှိရသည်။

(ကျော်စွာ)

-------------------------------------------------------------------------------------------------------------

၄၇ရက်အကြာ တရားရင်ဆိုင်ပြီးမှ ဒန်ကလေအား အာမခံထုတ်ခွင့်ပြု

ရန်ကုန်၊ မတ် ၂၉။

မြန်မာတိုင်းမ်ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်ဟောင်း မစ္စတာရော့စ်ဒန်ကလေ အား၄၇ ရက်ကြာ တရားရင်ဆိုင်ပြီးမှ အာမခံနှင့် အင်းစိန်ထောင် အချုပ်ခန်းမှ လွတ်မြောက်လာပြီ ဖြစ်ကြောင်းသိရသည်။

လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုနှင့် အမျိုးသမီးတစ်ဦးကို နာကျင်အောင်ပြုလုပ်မှုတို့ဖြင့် မစ္စတာရော့စ်ဒန်ကလေကို ယခုနှစ် ဖေဖော်ဝါ ရီလ ၁ဝ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းထားခဲ့ပြီးမှ မတ်လ ၂၉ ရက်နေ့တွင် အာမခံဖြင့် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရ သည်။

“တကယ်ဆိုရင် မစ္စတာဒန်ကလေအမှုက အာမခံပေးသင့်နေတာကြာလှပြီ။ ဒါပေမဲ့ အခုမှပေးတယ်။” ဟု ရန်ကုန်မြို့နေ ရှေ့နေတစ်ဦးက ဆို သည်။

ယခုလက်ရှိ မြန်မာတိုင်းမ်ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်အဖြစ် လွှဲပြောင်းတာဝန်ယူလိုက်သူ ဒေါက်တာတင်ထွန်းဦးနှင့် မြန်မာတိုင်းမ်ဂျာနယ် မန်နေဂျာ ဦးဝေလင်းတို့မှ ကျပ်ငွေ သိန်း ၅၀ စီဖြင့် စုစုပေါင်း သိန်း ၁၀၀ ကို အာမခံ တင်ပေးလိုက်ကြောင်းသိရသည်။

နှစ်ဖက်လျှောက်လဲချက်များကို ကမာရွတ်မြို့နယ်တရားရုံးတွင် အပြန်အလှန်သုံးသပ်ခဲ့ပြီး မစ္စတာဒန်ကလေသည် နှလုံးရောဂါကြောင့် ဆေးဝါး ကုသမှုခံနေရသူဖြစ်ကြောင်း၊ မြန်မာတိုင်းမ်ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဟူသော ဂုဏ်သိက္ခာများကြောင့် ယခုကဲ့သို့ အာမခံ ပေးလိုက်ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ် တရား သူကြီးမှ ဖတ်ကြားခဲ့သည်။

မစ္စတာဒန်ကလေ၏ အမှုကိစ္စအား ကမ္ဘာအရပ်ရပ်မှ သတင်းမီဒီယာများက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး သူသည် ကမ္ဘောဒီးယား မီဒီယာ ဖနွမ်ပင်ပို့စ် ထုတ်ဝေသူ တဦးလည်း ဖြစ်ကြောင်းသိရသည်။

သြစတြေးလျနိုင်ငံ Perth ဇာတိ မစ္စတာဒန်ကလေသည် မြန်မာပြည်တွင်း ဂျာနယ်လောကသို့ ပထမဆုံးဝင်ရောက်ခဲ့သည့် နိုင်ငံခြားသားဖြစ်ပြီး ဒန်ကလေနှင့်အတူ တွဲဖက်တည်ထောင်ခဲ့သူမှာ ဦးဆန်နီဆွေ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မီဒီယာလောကမှ လေ့လာသူများ၏အဆိုအရ မစ္စတာဒန်ကလေနှင့် ယခုလက်ရှိ မြန်မာတိုင်းမ် အမှုဆောင်အရာရှိချုပ် ဒေါက်တာတင် ထွန်းဦးသည် မစ္စတာဒန်ကလေ အဖမ်းမခံရမီအချိန်တွင် စီးပွားရေးပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ အငြင်းပွားမှုရှိခဲ့သည်ဟု သိရသည်။ သူအဖမ်းခံရပြီး ၄ ရက်အကြာ၌ ဒေါက်တာတင်ထွန်းဦးက အမှုဆောင်အရာရှိချုပ် ဖြစ်လာခဲ့ပြီး မစ္စတာဒန်ကလေမှာ မြန်မာတိုင်းမ် အင်္ဂလိပ်သတင်းစာ၏ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသေး ကြောင်း သိရသည်။

ဆဋ္ဌမအကြိမ် ရုံးချိန်းကို ဧပြီလ ၄ ရက်နေ့သို့ ထပ်မံချိန်းဆိုထားကြောင်းသိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အစိုးရသစ်အပေါ် စိတ်ဝင်စားမှုလျော့နည်း

ရန်ကုန်၊ မတ် ၃၀။

နိုဝင်ဘာ (၇) ရက်ရွေးကောက်ပွဲ၏ နောက်ဆက်တွဲရလဒ်အဖြစ် အစိုးရသစ်အား ဖွဲ့စည်းရန်ကိစ္စသည် ပြည်သူများကြားတွင် စိတ်ဝင်စားစရာ ကိစ္စရပ်တစ်ခုအဖြစ် ထင်မြင်မိနေခြင်း မရှိကြောင်း ရန်ကုန်မြို့ခံအများစုထံမှ သိရှိရသည်။

ရန်ကုန်မြို့လယ်တွင် စာနယ်ဇင်းရောင်းချနေသူ အမျိုးသမီးတစ်ဦးက “ကျွန်မတို့ ဒီနေရာမှာ ဂျာနယ်ရောင်းနေတာ တော်တော်ကြာပါပြီ။ အခု တလော ဂျာနယ်တွေမှာ လွှတ်တော်သတင်းတွေကို ဖော်ပြလာတာတွေလည်း တော်တော်များပါတယ်။ လွှတ်တော်သတင်းပါတဲ့ ဂျာနယ်ပေးပါဆိုပြီး လာမေးတဲ့ စာဖတ်သူတွေရှိတာလည်း အသက် ၅၀ အထက်တွေ အနည်းအကျဉ်းလောကပါပဲ။ အခုတလော အများဆုံးလာမေးကြတာက ငလျင်သတင်း ပါတဲ့ဂျာနယ်နဲ့ စီးပွားရေးသတင်းကို အသားပေးဖော်ပြတဲ့ဂျာနယ်တွေကို လာမေးတာများပါတယ်။ အခု အစိုးရအဖွဲ့သစ်အကြောင်းတော့ ကြားတော့ကြား ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လာမေးတဲ့ စာဖတ်သူတွေ မရှိသေးပါဘူး”ဟုဆိုသည်။

တာချီလိတ် ငလျင်သတင်းကြောင့် ပျက်စီးသွားမှုများအား မျက်နှာဖုံးတင်ထားသည့် Flowers Newsဂျာနယ်အား ဖတ်ရှုနေသူတစ်ဦးက “ ကျွန် တော်စိတ်ဝင်စားတာက ရာသီဥတုတွေ ဘာဆက်ဖြစ်လာမယ်ဆိုတာနဲ့ စီးပွားရေးဈေးကွက်ကိုပါ” ဟု ဆိုသည်။

ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်၍ ရှုံးနိမ့်ခဲ့သူတစ်ဦးက “ကျွန်တော်လည်း ရွေးကောက်ပွဲ ပြီး သွားတည်းက မိသားစုစားဝတ်နေရေးကိုပဲ ပြန်ဦးတည်နေရတာလေ။ ဒါကြောင့် ညဘက် သတင်းမှာလွှင့်တဲ့ တစ်နေ့တာ လွှတ်တော်အခြေအနေကိုတော့ အခြေအနေပေးမှပဲ ကြည့်နိုင်တော့တယ်။ တစ်ခုခုတော့ မျှော်လင့်နေရတာပါပဲ။ လွှတ်တော်သတင်းတွေကို ကိုယ်ကြည့်သလို ဘယ်သူတွေကြည့်လဲဆိုတာ လိုက်မေးကြည့်တော့လဲ  လိုက်မေးတဲ့သူသာ အပြစ်ဖြစ်နေရတယ်။ အိမ်ကမိန်းမကလည်း ပြောတယ်။ စိတ်မကုန်သေးဘူးလားတဲ့”ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်ခုရှိ ပြန်ဆက်ဌာနတွင် အငယ်တန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးက “အစိုးရသစ် အကြောင်းမပြောနဲ့။ ဒီရုံးမှာ နိုင်ငံတော်ပြန်တမ်း ကပ်ထားတာတောင် နေ့စဉ်ပုံမှန် လာကြည့်မယ့်သူမရှိဘူး”ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် စနစ်ပြောင်း၊ လူပြောင်း ပုံသဏ္ဍန်တစ်ခုအား သွားနေသော်လည်း ပြည်သူများသိသာစွာ ပါဝင်ခြင်းမရှိပါက ပုံသဏ္ဍန်မှန်စွာ သွား နိုင်မည်ဟု ယူဆနိုင်ခြင်းမရှိကြောင်း နိုင်ငံတကာရေးရာအား လေ့လာနေသူ စာရေးဆရာ တစ်ဦးကဆိုသည်။

(ကျော်စွာ)

-------------------------------------------------------------------------------------------------------------

သိမ်းဆည်းခံ လယ်ယာမြေအကြောင်း NLDရုံးချုပ်၌ ဟောပြောဆွေးနွေးမည်

ရန်ကုန်၊ မတ် ၃၀။

အဓမ္မသိမ်းဆည်းခံနေရသော လယ်ယာမြေကိစ္စများနှင့် ပတ်သက်၍ ရွှေဂုံတိုင်ရှိ NLDရုံးချုပ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်း ခေါင်းစဉ်အမည်ဖြစ် ဦးစိန်ဝင်းဟန်မှ မတ်လ ၃၁ရက်နေ့တွင် ဟောပြောဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

“အခုတလောနယ်တွေမှာ လယ်ယာမြေ အဓမ္မသိမ်းမှုတွေ ပိုများလာတယ်။ အရင်တုန်းကတော့ အစိုးရက သိမ်းတာပေါ့၊ အခုကကုမ္ပဏီတွေက ဝင်သိမ်းလာတာတွေ့ရတယ်။” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ ဦးဝင်းထိန်က ပြောကြားသည်။

အစိုးရနှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များသည် လယ်ယာမြေများကို ထိုက်သင့်သောဈေးနှုန်းပေးချေမှုများ မပြုလုပ်သည့်အပြင် ချိန်း ခြောက်၍ သိမ်းဆည်းနေကြကြောင်း လယ်ယာမြေနှင့် ပတ်သက်သည့် NGO တစ်ခုမှ တာဝန်ရှိ သူ တစ်ဦးက ပြောကြားသည်။

“အဓိက ကတော့ လယ်ပိုင်ရှင်တွေက ဥပဒေကလည်းနားမလည်၊ ရိုးကလည်းရိုးဆိုတော့ ဒီအတိုင်းဘဲ အသိမ်းခံလိုက်ကြတာ များတယ်။” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းအကြောင်းများကြောင့် လယ်ပိုင်ရှင်တချို့သာ သက်ဆိုင်ရာဌာနများနှင့် NLDရုံးချုပ်သို့လာရောက် တိုင်တန်းလေ့ရှိကြောင်း ဦးဝင်းထိန်က ပြောကြားသည်။အဆိုပါကစ္စရပ်များကို ပြေလည်စေရန်အတွက် အဓမ္မသိမ်းဆည်းခံနေရသော လယ်ယာမြေအကြောင်းကို အထက်ပါ ဟောပြောပွဲ၌ အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ထိုထက်ပိုမို၍ သရုပ်ခွဲလျှင် ‘လူတော်များ’ ရှိမှသာ ‘မူကောင်းများ’ ရှိနိုင်ပြီး၊ ‘လူညံ့များ’ က များနေလျှင် ‘မူညံ့များ’ က များနေမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ‘လူညံ့များ’ က ‘မူညံ့များ’ ကို ဖန်တီးသွားလျှင် တစ်ဖန် ယင်း ‘မူညံ့များ’ က ‘လူညံ့များ’ ကို(ခြုံပြောရလျှင်) မွေးထုတ်ပေးသော ဆင့်ကဲဖြစ်စဉ် ပတ်ဝန်း ကျင်ကို ဖန်တီးပေးနေပေလိမ့်မည်။ သို့ဖြစ်လျှင် ယင်းဆိုးသွမ်းသံသရာသည် မရပ်မနား ဆက်လက်ဖြစ်ပေါ်သွားစရာရှိနေသည်။

မတ်လ ၃၀ ထုတ် The Myanmar Post ဂျာနယ် အတွဲ(၃)၊ အမှတ်(၁၃) တွင်ပါသည့် ဒေါက်တာအောင်ကိုကို၏ လူနှင့်မူသည် မည်မျှ အရေးကြီးသနည်း (တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ) ဆောင်းပါးမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

“အရင်တုန်းကတော့ ဒီ Sub မီတာတွေကို သုံးနေကြတာပဲလေ။ တရားဝင်လား၊ မဝင်လားတော့ မသိဘူးအထူးသဖြင့် ကန်ထရိုက်တိုက်တွေ ခေတ်ကောင်း စဉ်က အဲဒီကန်ထရိုက်တိုက်တွေမှာ အများဆုံးသုံးခဲ့ကြတာ…. အခု တရားဝင် မီတာပဲ သုံးရမယ်ဆိုတော့ အကောင်းဆုံးပေါ့။ တရားဝင်သုံးနေသူနဲ့ အဲဒီ မီတာကနေ တဆင့် Sub မီတာသုံးတဲ့သူကြားမှာ မီတာခနဲ့ ပတ်သတ်ပြီး အငြင်းပွားစရာ မလိုတော့ဘူးပေါ့။ တစ်ခုပဲ သတိထားရမှာက  တရားဝင် မီတာ တွေများလာတော့ လမ်းက ဓာတ်တိုင်တွေမှာ ချိတ်တဲ့ကြိုးတွေကလည်း မြင်မကောင်းအောင် ဖြစ်လာမယ်။ ဒါ အန္တရာယ်ပဲ၊ ရေရှည်အတွက်လည်း မကောင်းနိုင်ဘူး၊ နည်းလမ်းတော့ ရှာသင့်တယ်”

မတ်လ (၃၁) ရက်နေ့ ထုတ် Envoy ဂျာနယ် အတွဲ(၅၁) တွင် ပါသည့် “Sub မီတာဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲခြင်းမပြုရန် တားမြစ်” သတင်းမှ ကျောက်မြောင်းတွင် နေထိုင်သူတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

“ရန်ကုန်မှာ မြေသားအလွတ်တွေ အများကြီးပါပဲ။ တစ်နှစ်ကို အိမ်ဘယ်လောက်ဆောက်မလဲဆိုတာထက် နှစ် တစ်နှစ်မှာ လျှောက်ထားလာတဲ့ အရေ အတွက်အတိုင်း တန်ဖိုးနည်း အရစ်ကျသွင်းငွေနဲ့ ဆောက်လုပ်ပေးမှာပါ။ ရန်ကုန်မှာက အိမ်တစ်လုံးမှာ လူဦးရေအနည်းဆုံး ငါးယာက်လောက် ပျှမ်းမျှ နေထိုင်ကြတော့ အိမ်ကကျယ်ရင် ပြဿနာမရှိနိုင်ဘူး အိမ်ကကျဉ်းနေရင် နေထိုင်ရတာ အဆင်မပြေဘူးလေ။ ဒါကြောင့် အိမ်ရာ ကျပ်တည်းမှုတွေကနေ ကင်းဝေးအောင် အမြဲတမ်း ဆောင်ရွက်နေမှာပါ”

မတ်လ ၃၀ ထုတ် The Myanmar Post ဂျာနယ် အတွဲ(၃) အမှတ်(၁၃) တွင်ပါသည့် "တန်ဖိုးနည်း အိမ်ယာများ အကန့် အသတ်မရှိ ဆောက် လုပ်မည် " သတင်းမှ  ရှိုင်း ဆောက်လုပ်ရေးမှ ဦးစိုးမင်းနိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

စွမ်းဆောင်ရည်ရှိသော ဗျူရိုကရေစီ

ဒီနေ့ အလုပ်ကိစ္စတစ်ခုဖြင့် စာများစွာထည့်ရမည်ဖြစ်သည့်အတွက် ရုံးဖွင့်ချိန်လောက်မှန်း၍ နံနက် ၉ နာရီခန့်တွင် စာတိုက်ကြီးသို့ သွားရောက် ခဲ့သည်။ အိမ်မှ ဘစ်ကားဂိတ်အသွား လက်ဘက်ရည်ဆိုင်တစ်ခု၌ ငယ်သူငယ်ချင်း အရှည်ကြီးကို တွေ့လေသောအခါ

"ဟေ့ကောင်...အောင်ကြီး ဘယ်သွားမလို့ လဲ"

" စာတိုက်ကြီးဆီသွားမလို့"

"ဟုတ်လား..ငါလည်းစာတိုက်ကြီးမှာ အန္ဒိယက ငါ့အဖေသူငယ်ချင်းပို့လိုက်တဲ့ ပစ္စည်းသွား ထုတ်မလို့"

"ဒါဆို...ငါတို့အတူသွားမယ်လေ"

"အေး..အေး..အတူတူသွားမယ်"

ဤသို့ဖြင့် သူငယ်ချင်းနှစ်ဦး လုပ်ထုံးလုပ်နည်းနှင့် ကြိုးနီစနစ်များ ဖြတ်သန်းရသည့် ရန်ကုန်စာတိုက်ကြီးသို့ တွဲလက်ညီညီ ထွက်လာခဲ့လေသည်။

       ရန်ကုန်စာတိုက်ကြီးမှာ အနီရောင်အဆောက်အအုံးကြီးဖြင့် ခန့်ထည်ဆဲပင်ဖြစ်သည်။ အဆောက်အအုံဘေးတလျှောက်တွင် မုန့်သည်များ၊ ပွဲစားများ၊ စာတိုက်နှင့် သက်ဆိုင်သည့်ရောင်းကုန်ဆိုင်များရှိလေရာ  အနည်းငယ်စည်ကားလျက် ဈေးလမ်းကလေးနှင့်ပင် တူနေလေသည်။ ဘေးနားရှိ ဗြိတိသျှ သံရုံး၏ ထည်ဝါမှုမှာလည်း စာတိုက်ကြီးနှင့် ယှဉ်ပြိုင်သလိုရှိနေလေရာ ရန်ကုန်မြို့ ကမ်းနားလမ်း၏ ဂုဏ်ရောင်ပြောင်မှုကို ယခုထက်တိုင် နုပျိုအောင် ထိန်းထားသလို ရှိနေတော့သည်။

ဤကဲ့သို့ မြင်တွေ့ရောက်ရှိပြီးနောက် သူငယ်ချင်းနှစ်ဦး မိမိတို့၏ဆိုင်ရာအလုပ်ကို ဆောင်ရွက်ရန် စာတိုက်ကြီးအတွင်းထဲသို့ ဝင်ရောက်လေ သောအခါ မြင်မြင်ခြင်း တွေ့ကြုံခံစားမှုများသည် ပြောင်းပြန်ဖြစ်သွားလေတော့သည်။ ကျွန်တော့်မှာ စာများစွာကို တစ်ကြိမ်တည်းပို့ဆောင်မည်ဖြစ်ရာ အမြန်ချောပို့စနစ်ဖြင့် ပို့ဆောင်ပါက များစွာကုန်ကျသွားမည်ကိုသိသဖြင့် ရောင်လည်လည်ဖြစ်နေတုန်း စာတိုက်ဝန်ထမ်းတစ်ဦးက ကျွန်တော်တို့ထံသို့ လာရောက်ပြီး စာပို့မှာလားဟု  မေးလေသည်။ ထိုအခါမိမိကလည်း ဖြစ်ကြောင်းကုန်စင်ကိုပြောလေသောအခါ သူကဆောင်ရွက်ပေးပါမည်၊ ထိုက်သင့် သည့် ဝန်ဆောင်မှုပေးပါဟု ညှိုနှိုင်းလေသည်။ သူ၏လုပ်ကိုင်ဆောင်ရွက်ပုံမှာ ကြားခံပွဲစားအသွင်ဆောင်သော်လည်း ဝန်ဆောင်မှုစရိတ်မှာ မများသဖြင့် အစိုးရရုံးလုပ်ငန်းတို့၏ သဘောဝတို့ကို အထိုက်အသင့်သိထားသော ကျွန်တော့်မှာ ညှိနှိုင်းချက်ကို လက်ခံလိုက်လေသည်။

         ပို့လိုက်သည့်စာ မရောက်တက်သည့် အစိုးရစာပို့စနစ်အကြောင်း အနည်းငယ်မျှသိထားသော ကျွန်တော်သည် ညှိနှိုင်းလာသည့် ဝန်ထမ်းအား ပို့လိုက်သည့်စာများ ပို့လိုက်သည်နေရာကို သေချာပေါက်ရောက်မှာလားဟု မေးကြည့်သောအခါ ၎င်းကိုယ်တိုင် သေချာသလို၊ မသေချာသလို၊ တံဆိပ် ခေါင်းကပ်ပြီး မြို့နယ်အလိုက် စာပို့သမားလက်ထဲသို့အပ်မည်ဟု ဆိုလေသည်။ ကျွန်တော်မှာလည်း အလွန်အရေးကြီးသည့် ကိစ္စမဟုတ်သည်က တစ် ကြောင်း၊ အရည်အတွက်များသည့်အခါ အနည်းငယ်ထိခိုက်မှုရှိနိုင်သည်ဟု လက်ခံထားသည်က တစ်ကြောင်းကြောင့် ဆက်လက်၍ မေးမြန်းခြင်းမပြု တော့ဘဲ သေချာပေါက်ရောက်ရှိရန် ဆောင်ရွက်ပေးစေလိုကြောင်း ပြောခဲ့လေသည်။ သို့နှင့် ကျွန်တော်ကိစ္စအပြီး သူငယ်ချင်းအမှုကိစ္စ ပြီးမြောက်စေရန် ကြိုးပမ်းကြရာဝယ် ကျွန်တော့်ထက်ပင်ပို၍ ဆိုးဝါးနေလေရာ ဇာတ်လမ်းရှည်ကြီးကို ငြီးပြရာပင် ရောက်နေတော့မည်ဖြစ်သောကြောင့် အဓိက ဆိုလို ချင်သည့် အကြောင်းအရာကိုသာ အသားပေးတင်ပြပါတော့မည်။

ဤနေရာ၌ ကျွန်တော်ပြောလိုသည်မှာ အစိုးရစာတိုက်စနစ်၏ လုပ်ထုံးလုပ်နည်းဖြစ်သည်။ အစိုးရစာတိုက်စနစ်ကြီးမှ ပေးအပ်သည့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းကို ပြည်သူများမှ ယုံယုံကြည်ကြည် ကျင့်သုံးရမည်သာ ဖြစ်သည်။ သို့ သော် စွမ်းရည်ထက်မြတ်မှုမရှိသော အစိုးရအုပ်ချုပ်မှုယန္တယား၌ ဖြတ်သန်းနေရသည့်စနစ်မှာ ကြိုးနီစနစ်သာ ဖြစ်နေပါလိမ့်မည်။ ထိတွေ့လိုက်တိုင်း နှောင့်နှေးကြန့်ကြာမှုဖြင့်သာ ကြုံတွေ့နေရသောပြည်သူများနေဖြင့် အစိုးရ၏ဝန်ဆောင်မှုများနှင့် ခပ်ကင်းကင်းနေလိုကြပါလိမ့်မည်။ မဖြစ်မနေဆက်ဆံရမည်ဆိုပါကလည်း မချစ်သော်လည်း အောင့်ကာနမ်းခဲ့ရသည်ပင်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ဝန်ထမ်းဦးရေအများဆုံး အစိုးရဌာနမှာ ကြေးနန်းနှင့် စာတိုက်ဖြစ်လေသည်။ ထိုအတွက်ကြောင့် ၎င်းနိုင်ငံများ၌ ပြည်သူများ၊ စာအုပ် ထုတ်ဝေရေးလုပ်ငန်းများက ယုံယုံကြည်ကြည်ဖြင့် အဖိုးနှုန်းသက်သာသည့် အစိုးရဝန်ဆောင်မှုလုပ်ငန်းကို သုံးစွဲလျက်ရှိကြောင်း သိရသည်။

အစိုးရအုပ်ချုပ်ရေးယန္တရား၌ လုပ်ထုံးလုပ်နည်းများမှာ စီမံခန့်ခွဲမှု ထိရောက်ရန် ရှိသင့်သည့်အရာများ ဖြစ်သော်လည်း လိုအပ်သည်ထက် ပိုမိုလာပါက မလိုလားအပ်သည့်ကုန်ကျစရိတ်များ ဖြစ်ပေါ်လာနိုင်ပါသည်။ ဘောဂဗေဒဘာသာရပ် အခေါ်အဝေါ်အားဖြင့် transaction cost ဖြစ်ပါသည်။ အစိုးရမှ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင် (ဥပမာ- ကုမ္ပဏီလိုင်စင်) ချပေးခြင်းဆိုင်ရာ၌ပင် လွန်စွာကြန့်ကြာပြီး စည်းမျဉ်းစည်းကမ်း များ ဝေဝါးနေပါက ဈေးကွက်၏ အာနိသင်မှာ လျော့နည်းသွားပြီး(ယဉ်ပြိုင်လုပ်ကိုင်ခြင်းကိုဆိုလို) ယင်းကဲ့သို့ လုပ်ထုံးလုပ်နည်းအဆင့်ပိုများကို ဖြတ်သန်း နေရသဖြင့် နောက်ဆုံးထိခိုက်သွားသည်မှာ ပြည်သူများသာ ဖြစ်သည်။ အစိုးရတစ်ရပ်၏ စွမ်းဆောင်ရည်ထက်မြတ်မှုနှင့် တရားဝင်မှုမှာ ယင်းတို့မှ ပေးအပ် သော ဝန်ဆောင်မှုလုပ်ငန်းများအပေါ် တာဝန်ခံမှုနှင့် ပွင့်လင်းမှုအပေါ် များစွာမူတည်လေသည်။ ယခုအခါ၌ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် တဖြည်းဖြည်းပြောင်းလဲလာသည်ဖြစ်ရာ အစိုးရ၏ စီမံခန့်ခွဲမှုအရည်အသွေးများသည် ယခင်ထက်ပိုမို သွက်လက်ထိရောက်ရန် အထူးလိုအပ်ပါသည်။ အာဏာလွှဲပြောင်းယူမည့် ဒီမိုကရေစီအစိုးရသစ်မှလည်း ပွင့်လင်းမှုနှင့် တာဝန်ခံမှုကို လက်ကုန်ထုတ်ပြနိုင်သည့်တိုင် ယခုထက်စွမ်းဆောင်ရည် ထက်မြက် စွာ စီမံအုပ်ချုပ်နိုင်မည်ဆိုပါက ပြည်သူများလည်း အစိုးရဝန်ဆောင်မှုများကို ယုံယုံကြည်ကြည် သုံးစွဲနိုင်မှာဖြစ်ပြီး နိုင်ငံတကာမှလည်း တရားဝင်မှုရှိသည့် အစိုးရဟု သိမှတ်လက်ခံကာ ရင်းနှီးမြုပ်နှံမှုများ ယခုထက် ပိုမိုပြုလုပ်လာမည်ဟု ယုံကြည်မိပါကြောင်း ဖော်ပြလိုက်ပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs