Transparency Myanmar

transparency.myanmar@gmail.com

AFP, 11 Dec 2009

          အမေရိကန်နှင့် မြောက်ရီးယားတို့၏ ပြုံယမ်းတွင် တွေ့ဆုံ ဆွေးနွေးမှုသည် နျူကလီယာလက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ရက်သတ်မှတ်နိုင်ခြင်း မရှိသေးသော်လည်း အပြုသဘောဆောင်သော ဆွေးနွေးပွဲ ဖြစ်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ကြာသပတေးနေ့က ပြောကြားခဲ့ပါသည်။

          အမေရိကန် ကိုယ်စားလှယ် Stephen Bosworth ပြုံးယမ်းမှ ထွက်ခွာသွားပြီး ဖြစ်ရာ ၎င်းက နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲ ပြန်လည် ကျင်းပရေးအတွက် လိုအပ်ချက်များကို သဘောတူညီမှု ရရှိခဲ့ပါသည်ဟု ဆိုပါသည်။

          Bosworth က မိမိတို့ အစိုးရသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲအတွက် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် စိတ်ရှည်သည်းခံ ဆောင်ရွက်မည့် မဟာဗျူဟာကို ကိုင်စွဲထားသည်ဟု ပြောပါသည်။

          မိမိတို့ တောင်းဆိုထားသည့် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ရည်ရွယ်၍ ရှေ့ဆက်သွားမည် ဖြစ်ကြောင်း မြောက်ကိုရီးယားတို့အား ရှင်းရှင်းလင်းလင်း ပြောပြပြီး၊ ၎င်းတို့ကလည်း သဘောပေါက်မည်ဟု ထင်ကြောင်း ကလင်တန်က ထပ်လောင်း ပြောကြားခဲ့ပါသည်။

          Bosworth ၏ သုံးရက် ခရီးစဉ်သည် သမ္မတ Obama ပြီးခဲ့သည့် ဇန်နဝါရီလက စတင် တာဝန်ယူခဲ့ပြီး နောက်ပိုင်း ပထမဆုံး တရားဝင် ဆက်သွယ်မှု ဖြစ်ပါသည်။ အမေရိကန်တို့၏ တိုက်ရိုက် ဆက်ဆံရေး မူဝါဒအစီအစဉ်လည်း ဖြစ်ပါသည်။

          အမေရိကန် ပြည်ထောင်စုသည်၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ရုရှားတို့နှင့်အတူ မြောက်ကိုရီးယားကို ဧပြီလကတည်းက ရပ်ဆိုင်းထားခဲ့ရသော ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် ကျင်းပရန် တိုက်တွန်းလျက် ရှိပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာ လက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲ စကားဝိုင်းသို့ မည်သည့်အချိန်တွင် ပြန်လည် ဝင်ရောက်မည်ဟူသော အချက်မှာ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် သံတမန် Stephen Bosworth က ထုတ်ဖော် ပြောကြားလိုက်သည်။

သို့သော်လည်း မိမိနှင့် မြောက်ကိုရီးယားသံတမန်များအကြား နျူကလီးယား လက်နက်ဖြုတ်သိမ်းရေးနှင့် ပတ်သက်၍ တူညီသော နားလည်မှုများ ရယူနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မစ္စတာ Stephen က ပြောသည်။

"ကျွန်တော်တို့ မျှော်လင့်ထားတာကတော့ အခု ဆွေးနွေးပွဲကို အခြေပြုပြီး ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ဖို့ပါပဲ။ အဲဒါမှ နျူကလီးယား လက်နက် ဖျက်သိမ်းရေး ကိစ္စနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အလုပ်တွေ ပြန်လုပ်နိုင်မှာပါ" ဟု မစ္စတာ Stephen က မြောက်ကိုရီးယားခရီးစဉ် အပြီး တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

အဆိုပါ အမေရိကန် သံတမန်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်များအကြား တွေ့ဆုံ ဆွေးနွေးမှုသည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား သမ္မတ ဖြစ်လာပြီးနောက် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများ ပထမဆုံး တွေ့ဆုံမှုတစ်ရပ် ဖြစ်ကြောင်း သိရသည်။

မစ္စတာ Stephen သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်နှင့် တွေ့ဆုံခြင်း မရှိခဲ့သလို တွေ့ဆုံရန်လည်း တောင်းဆိုမှု မပြုခဲ့ပေ။ မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရပိုင် မီဒီယာအဆိုအရ  ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သည် မစ္စတာ Stephen ၏ ခရီးစဉ်အတွင်း ပြုံယမ်းမြို့တော် ပြင်ပသို့ ခရီးသွားလာလျက် ရှိကြောင်း သိရသည်။

မြောက်ကိုရီးယား ခေါင်းဆောင်များနှင့် တွေ့ဆုံမှုသည် "စူးစမ်းလေ့လာမှု ဆန်သော တွေ့ဆုံမှု" တစ်ခု ဖြစ်ကြောင်း၊ သို့သော် အဆိုပါ ဆွေးနွေးပွဲတွင် မြောက်ကိုရီးယားနိုင်ငံအား လက်နက် ဖြုတ်သိမ်းရေး စကားဝိုင်းသို့ ပြန်လည် ဝင်ရောက်လာရန် အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိပါကြောင်း မစ္စတာ Stephen က ပြောသည်။

သို့သော် အဆိုပါ ခရီးစဉ်သည် မျှော်လင့်ချက်များစွာကို ဖြစ်ပေါ်စေခဲ့ပြီး လွန်စွာ အထောက်အကူ ပြုစေသည့် ခရီးစဉ်တစ်ခု ဖြစ်သည် ဟု ၎င်းက သတ်မှတ် ပြောဆိုသည်။ အနာဂတ် ကာလတွင်လည်း အလားတူ တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်မိကြောင်း၊ ဤသို့ဖြင့် လက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲများလည်း ပြန်လည် စတင်နိုင်မည် ဖြစ်ကြောင်း မစ္စတာ Stephen ကဆိုသည်။

ခြောက်နိုင်ငံ ဆွေးနွေးပွဲ စကားဝိုင်းတွင် တောင်နှင့် မြောက်ကိုရီးယား၊ ရုရှား၊ အမေရိကန်၊ ဂျပန်နှင့် တရုတ်တို့ ပါဝင်ပြီး ပြီးခဲ့သည့် ၂၀၀၃ ခုနှစ် ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြောက်ကိုရီးယားသည် တာဝေးပစ် ဒုံးလက်နက်နည်းပညာများ တီထွင် စမ်းသပ်လျက် ရှိသည် ဟု ဝေဖန် ပြောဆိုမှုကို မြောက်ကိုရီးယား အစိုးရက မကျေမနပ်ဖြစ်ကာ ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် မြေအောက်နျူကလီးယား ဗုံးစမ်းသပ်မှု ပြုလုပ်ခဲ့သည်။

AFP သတင်းဌာန၏ US envoy cites common understanding with N Korea ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

9 - Dec - 2009

          ဒီဇင်ဘာ (၁၀) ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ်လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း နှစ်ပတ်လည်ကို အမှတ်ရသည့် အနေဖြင့်လည်းကောင်း၊ မိမိတို့ အမြန်ဆုံး အလေးဂရုပြုရန် လိုအပ်နေသော နိုင်ငံများနှင့် ပြည်သူများအနက် မြန်မာနိုင်ငံသည်လည်း အရေးပေါ်အနေနှင့် ပါဝင်ပါသည်။

          လတ်တလောတွင် မိမိတို့သည်  မြန်မာနိုင်ငံ နယ်ခြားဒေသများသို့ နောက်တစ်ကြိမ် သွားရောက်ခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သော (၁၅) နှစ်အတွင်း မိမိတို့ နှစ်ဖွဲ့စလုံးသည် မြန်မာနယ်ခြားဒေသများသို့ မှန်မှန် သွားရောက်၍ ပြဿနာ ဖြစ်ပွားနေသော နယ်မြေများအတွင်း ပိတ်မိ၍ နေစရာ ပျောက်နေသူများ၊ နိုင်ငံတွင်းမှ ထွက်ပြေး လွတ်မြောက်လာသူများနှင့် တွေ့ဆုံခဲ့ပါသည်။

          SPDC ဟု အမည်ပေးထားသော ကမ္ဘာပေါ်တွင် အရက်စက်ဆုံး စစ်အစိုးရအဖွဲ့က မြန်မာနိုင်ငံကို အုပ်ချုပ်ပါသည်။ ၎င်းလုပ်သမျှ လူ့အခွင့်အရေး ချိုးဖောက်မှုတိုင်းအတွက် အပြစ်ရှိပါသည်။ ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရ ကျင်းပပေးခဲ့သော ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပါသည်။ ၎င်းတို့သည် လွှတ်တော် ကိုယ်စားလှယ်နေရာ (၈၂ %) ကို အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲ ရလဒ်များကို အစိုးရက ငြင်းပယ်ခဲ့ပြီး လွှတ်တော် အမတ်များကို ထောင်ချကာ စစ်တပ်က အာဏာကို ဆက်လက် ချုပ်ကိုင်ခဲ့ပါသည်။ လွန်ခဲ့သော (၁၉) နှစ်က ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော ကိုယ်စားလှယ် အများစုမှာ ထောင်ထဲတွင် ရှိနေဆဲ ဖြစ်၍ အချို့မှာ ပြည်ပတွင် ရောက်ရှိနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ (၁၄) နှစ်ကျော် နေအိမ်တွင် အကျယ်ချုပ်ကျခံ နေရပြီး ယခုနှစ် အစောပိုင်းက အကျယ်ချုပ် ပြစ်ဒဏ်ကို (၁၈) လ တိုးမြှင့်ကြောင်း တရားရုံးက အမိန့်ချခဲ့ပါသည်။

          ဒေါ်အောင်ဆန်းစုကြည်သည် အစွမ်းကုန် လေးစားထိုက်သူ ဖြစ်၍ ဒုက္ခများ ခံစားနေရသော ပြည်သူများအတွက် အလွန် အရေးပါသော သင်္ကေတပြယုဂ်အဖြစ် ပေးဆပ်နေခြင်း ဖြစ်သည်။ သို့ရာတွင် သူမသည် နိုင်ငံတကာ မီဒီယာအချို့၏ သတိပြုမိခြင်းကို အနည်းငယ်သာ ရရှိနေပါသည်။ သူမ၏ လုပ်ဖေါ်ကိုင်ဘက် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍မူ သတင်းပင် မရနိုင်ပါ။ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော် ရှိနေပြီး၊ ကြောက်မက်ဖွယ် ညှင်းပန်းနှိပ်စက်မှုများ၊ ဆေးကုသခွင့် ပိတ်ပင်ထားခြင်းများနှင့် တွေ့ကြုံ ခံစားနေရသည်ဟု မျက်မြင် သက်သေများက ပြောပါသည်။ အကျဉ်းစခန်းများတွင်လည်း ထမ်းပိုးတတ်ထားသည့် နွားများသဖွယ် ခိုင်းစေခံရသည်ဟု သိရပါသည်။

          ပိုမို၍ မေ့လျှော့ခြင်း ခံနေရသူများမှာ တိုင်းရင်းသား လူမျိုးစုများပင် ဖြစ်သည်။ ၎င်းတို့ ခံစားနေရသော ဒုက္ခပေါင်းစုံအနက် လူမျိုးရေး သန့်စင်ရေး စီမံချက်များ၊ ဘာသာရေး ချုပ်ချယ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ပါဝင်ပါသည်။ ၎င်းတို့သည် ယဉ်ကျေးမှု မျိုးတုန်းအောင် ဆောင်ရွက်မှုများနှင့်လည်း ကြုံတွေ့နေရပြီး မျိုးနွယ် ပျက်သုန်းအောင် ပြုလုပ်မှုများ ရှိနေနိုင်သဖြင့် စုံစမ်း စစ်ဆေးရန် ရှိနေပါသည်။

          ယခင်လက မိမိတို့သည် အိန္ဒိယ နယ်ခြားတစ်လျှောက်ရှိ မြန်မာနိုင်ငံ အနောက်ဖက်ဒေသမှ ချင်းလူမျိုးများထံ သွားရောက်ခဲ့ပါသည်။ ချင်းတို့သည် ခရစ်ယာန်ဘာသာ အဓိက ကိုးကွယ်သူများ ဖြစ်ပြီး ၎င်းတို့သည် လူမျိုးရေးအရလည်းကောင်း၊ ဘာသာရေးအရလည်းကောင်း ဖိနှိပ်ချုပ်ချယ်ခြင်းကို ရင်ဆိုင်နေရပါသည်။ ချင်းလူမျိုးတို့သည် တောင်ကုန်းထိပ်များတွင် လက်ဝါးကပ်တိုင် သင်္ကေတ ဘုရားကျောင်းများ ဆောက်လုပ်သော ထုံးစံ ရှိခဲ့သော်လည်း လက်ရှိနှစ်များအတွင်း မြန်မာစစ်တပ်က ချင်းခရစ်ယာန်ရွာများကို လက်ဝါးကပ်တိုင်များ ဖျက်သိမ်းခိုင်း၍ ဗုဒ္ဓဘာသာ စေတီများ တည်ခဲ့သည်ဟု ဆိုပါသည်။ ခရစ်ယာန်ဘာသာ ကိုးကွယ်သော ချင်းကလေးငယ်များအား ဖြားယောင်း သိမ်းသွင်း၍ အတင်းအကျပ် ကိုရင် ဝတ်ခိုင်းသည်ဟုလည်း သိရှိရပါသည်။ သို့ရာတွင် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် လှုပ်ရှားမှုတွင် ဆန္ဒပြခဲ့သော ရဟန်းတော်များအား ရက်စက်စွာ သတ်ဖြတ်ခဲ့သော အစိုးရ၏ လုပ်ရပ်ကို ပြန်ကြည့်ပါက အလွန်အမင်း ရယ်စရာကောင်းသည့် ဟာသ ပြက်လုံးတစ်ခုကို တွေ့ရပါလိမ့်မည်။ အစိုးရသည် ၎င်းတို့၏ အာဏာ တည်မြဲရေးအတွက် ဘာသာရေး အပါအဝင် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုမည်သာ ဖြစ်သည်။

          ချင်းလူမျိုးများသည် အခြားသော တိုင်းရင်းသားများကဲ့သို့ပင် အစိုးရက ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ကျူးလွန်နေသော အတင်းအကျပ် ခိုင်းစေမှုနှင့် မုဒိန်းမှုများကို သည်းခံ၍ ရင်ဆိုင်နေရပါသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း ကာလရှည် အစားအစာ ပြတ်တောက်မှုကြောင့် ပိုမို ဆိုးဝါးသော ဒုက္ခများ ခံစားရပါသည်။ အနှစ်ငါးဆယ်လျှင် တစ်ကြိမ် ဖြစ်တတ်သည့် သဘာဝ ဖြစ်စဉ်တခု ဖြစ်သော ဝါးရုံတောများ ပန်းပွင့်ခြင်းကြောင့် ကြွက်အုပ်များ ရောက်လာပြီး စပါးခင်းများ၊ စပါးကျီများ၊ သိုလှောင်ထားသော စားနပ်ရိက္ခာများ အားလုံးကို ဖျက်ဆီးခြင်း ခံရပါသည်။ မိမိတို့သည် ဤကိစ္စကို အလေးအနက် တင်ပြခဲ့ပြီး မိမိတို့ ရှေ့နေအဖွဲ့က အရေးပေါ် ကယ်ဆယ်ရေး စားနပ်ရိက္ခာ အတွက် ဗြိတိသျှအစိုးရ၏ ထောက်ပံ့ငွေ ပေါင်စတာလင် (၈) သိန်း ရရှိအောင် ဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း ဂရုဏာ ကင်းမဲ့သော နောက်ဆုံးပေါ် လှည့်ဖြားမှုနှင့် ပတ်သက်သည့် စွပ်စွဲချက်များကို မိမိတို့၏ နောက်ဆုံးခရီးစဉ်တွင် ကြားသိခဲ့ရပါသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP လမ်းကြောင်းမှတဆင့် လှူဒါန်းလိုက်သော ရန်ပုံငွေများကို စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံတွေ့နေရသော ရွာပေါင်း (၁၇) ရွာမှ ငတ်မွတ်နေသော ရွာသားများအား ထောက်ပံ့ငွေအဖြစ် မပေးပဲ ချေးငွေအဖြစ် ဖြန့်ဝေခဲ့သည်ဟု ဆိုပါသည်။ ဤမျှမကသေးပါ။ ရွာသားများကို ချေးငွေ၏ (၂) ဆ (အတိုး ၂၀၀%) ပြန်ဆပ်ရမည်ဟု ပြောကြားသည်ဟု ဆိုပါသည်။ အခြားဖြစ်ရပ်တခုတွင် အစာအဟာရ ချို့တဲ့မှုကြောင့် အားပြတ်နေသော ရွာသားများသည် စားနပ်ရိက္ခာ ရရှိရန် အတင်းအကျပ် ခိုင်းစေသော အလုပ်များ လုပ်ကြရပါသည်။ တခါတရံ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဂရုဏာ ကင်းမဲ့မှုသည် တုန်လှုပ်ခြောက်ချားစရာ ကောင်းပါသည်။

          ယခင်တခေါက်က မြန်မာနိုင်ငံ အရှေ့ပိုင်း ထိုင်းနယ်ခြားဒေသသို့ သွားရောက်ခဲ့စဉ်၌ ကရင်၊ ကရင်နီ၊ ရှမ်း၊ မွန် လူမျိုးစုများထံမှ နှိပ်စက် ညှင်းပန်းမှု၊ မုဒိန်းမှုနှင့် အဓမ္မခိုင်းစေမှုများနှင့် ပတ်သက်သော အထောက်အထားများ ကြားသိခဲ့ရပါသည်။ ၁၉၉၆ ခုနှစ်မှစ၍ ယနေ့အထိ မြန်မာနိုင်ငံ အရှေ့ဖက်ဒေသရှိ ရွာပေါင်း (၃၃၀၀) ကျော် ဖျက်ဆီးခြင်း ခံခဲ့ရပြီး လူဦးရေ တစ်သန်းခန့် နေအိမ်များမှ မောင်းထုတ် ဖယ်ရှားခြင်း ခံခဲ့ရပါသည်။ မြန်မာစစ်သားများ၏ အုပ်စုဖွဲ့ မုဒိန်းမှု ကျူးလွန်ခြင်းကို ခံခဲ့ရသော အမျိုးသမီးများနှင့် မိမိတို့ တွေ့ဆုံခဲ့ပါသည်။ အမျိုးသမီးတစ်ဦး ပြောပြသော ၎င်း၏ (၁၅) နှစ်အရွယ်သားကို သစ်ပင်တွင် ချည်၍ ခေါင်းဖြတ် ကွပ်မျက်ခြင်း၊ နောက်တစ်ဦး ပြောပြသော သူမ၏ ယောက်ျားကို မျက်လုံးဖောက်၊ နားရွက်ဖြတ်ပုံများ၊ အခြားတစ်ဦး ပြောပြသော သူမ၏ ယောက်ျားကို သစ်ပင်တွင် ပြောင်းပြန် တွဲလောင်း ချိတ်ဆွဲ၍ မျက်လုံး ဖောက်ထုတ်ပုံများ စသည်တို့ကို နားမဆံ့အောင် ကြားခဲ့ရပါသည်။

          အထက်ပါ ဖြစ်ရပ်များမှာ လူသားမျိုးနွယ်ထုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများပင် ဖြစ်ပါသည်။ Amnesty International ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး စောင့်ကြည့်သူအဖွဲ့များက အစီရင်ခံ စာပေါင်းများစွာ ထုတ်ပြန်ခဲ့ပြီးသည့်အပြင် မိမိတို့ ကိုယ်၌ကလည်း အဆိုပါ ရက်စက် ယုတ်မာမှုများနှင့် ပတ်သက်သော အထောက်အထားများကို ရှာဖွေနေပါသည်။ ကုလသမဂ္ဂ ကိုယ်တိုင်ကလည်း မြန်မာအစိုးရ၏ နိုင်ငံတကာ ဥပဒေ ဖောက်ဖျက်မှုများကို စွပ်စွဲ ရှုတ်ချခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ ကုလသမဂ္ဂက အဆိုပါ ရာဇဝတ်မှုများကို စစ်ဆေးရန် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရမည့် အချိန်သို့ ရောက်လာပါပြီ။ အဆိုပါကိစ္စကို ဗြိတိသျှအစိုးရက ဦးဆောင် လုပ်ကိုင်သင့်ပါသည်။

          တစ်ကမ္ဘာလုံးနှင့် အကြုံးဝင်သော လက်နက် ကုန်သွယ်မှု တားမြတ်ချက် ပြစ်ဒဏ်ကို ကုလသမဂ္ဂအနေနှင့် ချမှတ်ရပါလိမ့်မည်။ ဗြိတိန်က မူအားဖြင့် သဘောတူ ထောက်ခံသော်လည်း လက်တွေ့ အမှန်တကယ် ဆောင်ရွက်နိုင်ရေးအတွက် ယခုထက် ပိုမို ထောက်ခံမှုများ လိုအပ်နေပါသည်။

          မြန်မာနိုင်ငံ နယ်ခြားဒေသတစ်လျှောက်ရှိ တိုင်းရင်းသား လူမျိုးစုများအတွက် လူသားချင်း စာနာထောက်ထားသော အကူအညီများ အလွန်အမင်း လိုအပ်နေပါသည်။ မြန်မာနိုင်ငံ အရှေ့ဖက် ဒေသရှိ မငြိမ်းချမ်းသော နယ်မြေအတွင်း နေစရာ ပျောက်နေသော ပြည်သူများအတွက် နယ်စပ် ဖြတ်ကျော်ခွင့် အကူအညီအချို့ကို ဗြိတိန်က ထောက်ပံ့ခဲ့သော်လည်း ယခုထက် ပို၍ တိုးမြှင့် သင့်ပါသည်။ ဗြိတိသျှအစိုးရသည် ချင်းပြည်နယ်ရှိ စားနပ်ရိက္ခာ ပြတ်လပ်နေသော ဒုက္ခသည်များထံ အကူအညီများ ဆက်လက် ပေးအပ်ရပါမည်။ အမှန်တကယ် လိုအပ်သူများ အားလုံးထံ အကူအညီများ ရောက်/မရောက်ကိုလည်း သေချာအောင် ဆောင်ရွက်ရပါလိမ့်မည်။

          လာမည့်နှစ်တွင် မြန်မာအစိုးရက ရွေးကောက်ပွဲများ ကျင်းပရန် ပြင်ဆင်နေရာ အဆိုပါ ရွေးကောက်ပွဲများ ကျင်းပရခြင်း၏ အရင်းခံ အကြောင်းများကို သိရှိရေးသည် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အလွန် အရေးကြီးပါသည်။ မြန်မာအာဏာပိုင်များသည် အခြေခံဥပဒေသစ်ကို ယမန်နှစ်က ချပြခဲ့ပြီး လုံးဝဥဿုံ အတုအယောင် ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့ပါသည်။ အခြေခံ ဥပဒေသစ်သည် လွှတ်တော် ကိုယ်စားလှယ်နေရာ လေးပုံတစ်ပုံကို တပ်မတော်အတွက် အာမခံပေးထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံးကို ပါဝင် ယှဉ်ပြိုင်ခြင်း မပြုနိုင်အောင် တားဆီး ဖယ်ထုတ်ထားပါသည်။ တိုင်းရင်းသားပေါင်းစုံကို သေမိန့်ပေးလိုက်ခြင်း ဖြစ်သည်ဟု KNU အထွေထွေ အတွင်းရေးမှူးက မှတ်ချက်ပေး တင်စားလိုက်ပါသည်။

          အားလုံး အကျုံးဝင်၍ လွတ်လပ်မျှတသော ရွေးကောက်ပွဲ ဖြစ်ကြောင်း အာမခံနိုင်ခြင်းနှင့် အခြေခံ ဥပဒေသစ်ကို သုံးသပ် ပြင်ဆင်ခြင်းများ မရှိဘဲ စစ်မှန်သော အပြောင်းအလဲများ ပေါ်ထွက်လာစရာ အကြောင်းမရှိပါ။ အထူးသဖြင့် မြန်မာအစိုးရ၏ ဂမူးရူးထိုး ဖျက်ဆီးမှုများနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံ လူဦးရေ၏ (၄၀%) ရှိသော တိုင်းရင်းသားလူမျိုးများ၏ အခက်အခဲကို တကမ္ဘာလုံးက အထူးသတိပြု ဂရုစိုက်ရန် လိုအပ်နေပါသည်။ "မိမိတို့၏ တိုင်းရင်းသား အခွင့်အရေးများအတွက် တိုက်ပွဲဝင်နိုင်ရန် ကျေးဇူးပြု၍ ကူညီကြပါ" ဟု ချင်းကျောင်းသားတစ်ဦးက ပြောကြားပါသည်။ မြန်မာနိုင်ငံတွင်းရှိ ၎င်းတို့၏ အနာဂါတ်နှင့် ပတ်သက်၍ စိုးရိမ် ပူပန်နေရသည်ဟုလည်း ဆိုပါသည်။ မြန်မာနိုင်ငံရေး အကျပ်အတည်းသည် ဒီမိုကရေစီ ပြဿနာ တစ်ခုထဲ မဟုတ်ပါ။ တိုင်းရင်းသားလူမျိုးများနှင့် အခြေခံဥပဒေဆိုင်ရာ ပြဿနာလည်း ပါဝင်ပါသည်။ လက်ရှိအစိုးရ၊ NLD ပါတီနှင့် တိုင်းရင်းသားလူမျိုးစုများ (၃) ပွင့်ဆိုင် အဓိပ္ပာယ်ရှိရှိ ဆွေးနွေးညှိနှိုင်းခြင်းသည်သာလျှင် တခုတည်းသော ဖြေရှင်းနိုင်မည့် နည်းလမ်းဖြစ်၍ နိုင်ငံတကာ ဖိအားပေးမှုများကသာလျှင် အဆိုပါ ရလဒ် ထွက်ပေါ်လာအောင် ဆောင်ကြည်းပေးနိုင်မည် ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Mizzima, By Moe Thu,10 Dec 2009

          မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ကို တရုတ်နိုင်ငံ၏ စီးပွားရေး အောင်မြင်မှုကြီးမှ ထွက်ပေါ်လာသော စိန်ခေါ်မှုများ အခွင့်အရေးများကို အရယူနိုင်ရန်နှင့် လိုက်လျောညီထွေ ဆက်ဆံနိုင်ရေးအတွက် ပြန်လည် နေရာချထားရန် လိုအပ်မည် ဖြစ်သည်ဟု ရန်ကုန် အခြေစိုက် ဝါရင့်စီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားလိုက်ပါသည်။

          တရုတ်ကုမ္ပဏီကြီးများသည် အနီးကပ်ဆုံးတွင် ရှိနေပြီး၊ မြန်မာနိုင်ငံကို နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ်၊ ဘဏ္ဍာရေး အင်အားစုများတွင် စိန်ခေါ်မှုများစွာ ရှိနေသည်ဟု ၎င်းက ပြောပါသည်။

          မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ကဲ့သို့သော အရင်းအမြစ်များမှ နိုင်ငံခြား ဝင်ငွေများပေါ်တွင် အကြီးအကျယ် မှီခိုနေရကြောင်း၊ ထိုသို့ စွမ်းအင်ကဏ္ဍနှင့် သတ္ထုတူးဖော်ရေး ကဏ္ဍများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက် ရှိခြင်းသည် အရှေ့တောင်အာရှ နိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ရေရှည် ဖြေရှင်းချက် မဟုတ်ကြောင်း ဆက်လက် ပြောကြားပါသည်။

          အထက်ပါ သုံးသပ်ချက်များမှာ ဒီဇင်ဘာလ (၅) ရက်နေ့က ရန်ကုန်မြို့ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ပြုလုပ်သော "တရုတ်နိုင်ငံ၏ နိုးထလာမှုနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် အကျိုးသက်ရောက်မှုများ" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် အဆိုပါ စီးပွားရေး ပညာရှင်က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

          သဘာဝ အရင်းအမြစ်များကို ထုတ်ရောင်းခြင်း ကဲ့သို့သော စီးပွားရေး ကဏ္ဍမျိုးသည် နည်းပညာများကို ယူဆောင်လာခြင်း မရှိကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များကိုလည်း လုပ်ပေးနိုင်စွမ်း မရှိကြောင်း၊ သဘာဝဓာတ်ငွေ့နှင့် သတ္ထုများမှာ အသစ် ပြန်လုပ်နိုင်သော သဘာဝ အရင်းအမြစ်များ မဟုတ်ကြောင်း ၎င်းကဆိုပါသည်။

          ထို့ကြောင့် သဘာဝဓာတ်ငွေ့ ရောင်းချခြင်းမှရသော ဝင်ငွေများကို လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် အခြေခံ အဆောက်အဦး တိုးတက်ရေးလုပ်ငန်းများတွင် သုံးသင့်ကြောင်း၊ လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) များကိုလည်း ငွေတစ်ခုတည်း ယူမလာဘဲ၊ နည်းပညာများနှင့် စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှု စသည့် ကျွမ်းကျင်မှု ပညာရပ်များကိုလည်း ယူဆောင်လာရန် တိုက်တွန်းသင့်ကြောင်း၊ အဆိုပါ စီးပွားရေး ပညာရှင်က ဆက်လက် ပြောကြားပါသည်။

          သို့သော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ ထိုသို့ မျှော်လင့်၍ မသေချာကြောင်း၊ ၎င်းတို့သည် သဘာဝ အရင်းအမြစ်ပေါ်မှ အကျိုးအမြတ် အမြန်ဆုံး ရရှိရန်သာ ဆောင်ရွက်၍ အခြား ပြုလုပ်ပေးရန်များကို နည်းနည်းသာ မျှော်လင့်၍ ရကြောင်း ပြောပါသည်။

          တရုတ် - မြန်မာ နယ်စပ်မှ တရားမဝင် သစ်လုံးများ ခိုးထုတ်ခြင်းသည် အကောင်းဆုံး ဥပမာပင် ဖြစ်ကြောင်း၊ အဆုံးတွင် အစိုးရသည် အဆိုပါသစ်များကို တရားမဝင် ခိုးထုတ်သွားသောကြောင့် အခွန်ငွေ ကောက်ခံနိုင်ခဲ့ခြင်း မရှိပေ။

          တရုတ်သို့ ရောင်းချမည့် သဘာဝဓာတ်ငွေ့ စီမံကိန်းသစ်နှင့် ပတ်သက်၍ ရည်ညွှန်း ပြောဆိုရာတွင်၊ နောင်အနာဂတ်တွင် အဆိုပါဝင်ငွေများကို ပြည်တွင်းတွင် လူသားစွမ်းရည် မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုရန် မျှော်လင့်ကြောင်း ဆိုပါသည်။

          တရားဝင် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံသည် နောက်အနှစ် သုံးဆယ်အတွင်း သဘာဝဓာတ်ငွေ့မှ ဝင်ငွေ အမေရိကန်ဒေါ်လာ (၂၉) ဘီလီယံ ရရှိမည်ဟု ခန့်မှန်းထားပါသည်။

          ဒေါ်လာ (၂၉) ဘီလီယံဆိုသော ပမာဏမှာ များသည်ဟု ထင်ရသော်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သော မလေးရှား၏ ၂၀၀၆ ခုနှစ် တစ်နှစ်တည်း ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ (၁၆၁) ဘီလီယံနှင့် ယှဉ်သော် မပြောပလောက်ပါဟု ၎င်းက နှိုင်းယှဉ် ပြောကြားခဲ့ပါသည်။

          ၎င်းက ပြည်တွင်း သဘာဝဓာတ်ငွေ့ အသုံးပြုရန် လိုအပ်မှုအတွက် ပြောဆိုရာတွင် တိုးတက် ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များသည် ယခုအခါ ကျဆင်းနေပြီ ဖြစ်သော ပြည်တွင်း ဓာတ်မြေသြဇာ ထုတ်လုပ်မှု၊ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှု၊ ဓာတုစက်မှုလုပ်ငန်းများကို ပြန်လည် ဦးမော့လာရေးအတွက် အကူအညီပေးရမည် ဖြစ်သည်။

          တရုတ်နိုင်ငံ၏ ကြီးမားသော ဈေးကွက်အတွက် တိုးတက် လိုအပ်နေသော အစားအသောက်များ၊ ကုန်ကြမ်းပစ္စည်းများနှင့် စိုက်ပျိုးရေး ထွက်ကုန်များကို ထုတ်လုပ်နိုင်ရေး အတွက် ပြည်တွင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးသည် အရေးကြီးလှပါသည်။

          အထက်ပါ ပို့ကုန်များမှာ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ နယ်စပ်ကို ဖြတ်ကျော်ရုံမျှဖြင့် တင်ပို့ရနိုင်ကြောင်း၊ ၎င်းက ရှင်းလင်းပြောပါသည်။ ထို့အပြင် လယ်သမားများကိုလည်း ဆက်သွယ်ရေးနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးနိုင်မှသာ တရုတ်ဈေးကွက်၏ လိုအပ်ချက်ကို အချိန်နှင့် အမျှ သိရှိနေမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားပါသည်။

          အမည်မဖော်လိုသူ စစ်တပ်နှင့် ကျွမ်းဝင်သော ပညာရှင်က ပိုင်ဆိုင်မှု ဖွဲ့စည်းမှု (Asset Composition) နှင့် ပတ်သက်၍ သင့်လျော်သော ပြောင်းလဲမှုရှိသော မူဝါဒကို ချမှတ်ရန် အဆိုပြုခဲ့ပါသည်။ ဥပမာအားဖြင့် တိုင်းပြည်၏ သဘာဝအရင်းအမြစ်များကို သင့်တော်သော တန်ကြေးဖြတ်မှု၊ အကျင့်ပျက်လဒ်စားမှုကို အားပေးသော လုပ်ငန်းအဆင့်များကို လျော့ချရေး၊ ပို၍ မြင်သာထင်သာရှိခြင်းတို့ကို ဆိုလိုကြောင်း ရှင်းပြပါသည်။ အဆိုမူဝါဒကို ကျင့်သုံးနိုင်ခဲ့မည် ဆိုပါလျှင် ရေရှည်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) များကို ဆွဲဆောင်နိုင်မည် ဖြစ်ပြီး၊ ငွေအရင်းအနှီးများ သာမက နည်းပညာများနှင့် ကျွမ်းကျင်မှုပညာများကို ယူဆောင်လာလိမ့်မည် ဖြစ်သည်ဟု ဆိုပါသည်။

          မိမိတို့သည် အစိုးရ၏ ဘတ်ဂျက်ကိုလည်း ကြည့်ရမည် ဖြစ်ကြောင်း၊ အစိုးရ၏ ဘတ်ဂျက်သည် သဘာဝဓာတ်ငွေ့ ရောင်းရငွေများကို ရှင်းရှင်းလင်းလင်း ဖော်ပြထားရမည် ဖြစ်ပြီး၊ မည်သို့ ပြန်လည်အသုံးပြုသည်ကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြသင့်သည်ဟု အဆိုပါ စီးပွားရေး ပညာရှင်က ပြောပါသည်။

          ယခုတော့ မြန်မာနိုင်ငံသည် ရုန်းကန်နေရဆဲ အခြေအနေတွင် ရှိနေသည်ဟု ဆိုပါသည်။ ဖြစ်သင့်သည်မှာ မြန်မာနိုင်ငံသည် မိမိ၏ ပထဝီဝင် အနေအထားအရ အခွင့်ကောင်းယူကာ လျင်မြန်စွာ တိုးတက်နေသော တရုတ်နိုင်ငံကို အမှီပြုကာ အမြတ် ကြီးကြီးမားမားရအောင်  စွမ်းဆောင်သင့်သည်ဟု ရှင်းပြသွားပါသည်။

          ထိုသို့ မစွမ်းဆောင်နိုင်ခဲ့လျှင် တိုင်းပြည်သည် စိုးရိမ်စရာ အခြေအနေများကို ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း ၎င်းက နိဂုံးချုပ် ပြောကြားသွားပါသည်။

          တရုတ်နိုင်ငံ၏ တရားဝင် စာရင်းဇယားများအရ ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ (၂.၆၂၆ ဘီလီယံ) ရှိပြီး၊ ယမန်နှစ်ကထက် (၂၄%) တိုးတက်လာသည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို ထောက်ခံသည့် ထောင်ပေါင်းများ စွာသော ပြည်သူများသည် ဘန်ကောက်မြို့တော်တွင် လူထုစည်းဝေးပွဲကျင်းပ၍ ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းနေပါသည်။

          သက်ဆင်က ၎င်းတို့အား ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ပြီး ထိုင်းဒီမိုကရေစီသည် အားနည်းသည့် အလျှောက် မတည်မငြိမ်ဖြစ်ရကြောင်း ဆွေးနွေးသွားခဲ့ပါသည်။

          ၎င်းကိုထောက်ခံသူများက လွန်ခဲ့သော ၃ နှစ်စစ်တပ်က အာဏာမသိမ်းခင်ကျင့်သုံးခဲ့သော အခြေခံဥပဒေကို ပြန်လည်အသက်သွင်းရန်ကိစ္စကိုလည်းတောင်းဆိုခဲ့ကြပါသည်။

          စစ်တပ်က အာဏာသိမ်းယူခြင်းခံရသော သက်ဆင်သည် ထိုအချိန်မှစ၍ပြည်ပတွင် နေထိုင်ခဲ့ ပါသည်။ ၎င်းပြည်ပတွင် တိမ်းရှောင်နေခိုက် အငြင်းပွားဖွယ် အတိုးနှုန်းကိစ္စဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ် ခြင်းခံရပါသည်။

          ဘန်ကောက် Democracy Monument တွင် United Front For Democracy Against Dictatorship(UDD) ၏ အနီရောင်ဝတ် ထောက်ခံသူများက ကျင်းပသော လူထုစည်းဝေးပွဲသို့ လူဦးရေ ၂ သောင်းခန့် တက်ရောက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောပါသည်။

          ဒီဇင်ဘာ ၁၀ ရက်နေ့သည် အခြေခံဥပဒေနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံတွင် အများပြည် သူရုံးပိတ်ရက် သတ်မှတ်ထားပါသည်။

          ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ အားနည်းသည့်အတွက် နိုင်ငံရေးမှာမတည်ငြိမ်ဟု သက်ဆင်က လျှို့ဝှတ်ထားသော နေရာတစ်ခုမှနေ၍ မိန့်ခွန်းပြောဆိုခဲ့ပါသည်။ ဒီမိုကရေစီ၊ တရားမျှတမှု၊ တိုးတက် အောင်မြင်မှုများကို ပြည်သူများထံပြန်လည်အပ်နှင်းပါဟု ၎င်းကဆက်လက်တောင်းဆိုလိုက်ပါသည်။

ထိုင်းဘုရင်ကြီးအား ဂုဏ်ပြုခြင်း

          သက်ဆင်က ၎င်းအား ထောက်ခံသူများကို ပြောကြားရာတွင် အကယ်၍ ၎င်း၏နိုင်ငံရေးမဟာ မိတ်များသည် ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ၂၀၀၇ ခုနှစ်က စစ်အစိုးရ အတင်းအကျပ်ချမှတ်ခဲ့သည့် လက်ရှိအခြေခံဥပဒေကို စွန့်ပယ်နိုင်လိမ့်မည်ဟုဆိုပါသည်။

          ယနေ့သည် အလွန်အရေးပါသောနေ့ဖြစ်ကြောင်း လွန်ခဲ့သော ၇၇ နှစ်က ပထမဆုံးအခြေခံ ဥပဒေကို ရေးဆွဲနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားပါသည်။

          အကယ်၍ အနီရောင်ဝတ်များသာ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ၁၉၉၇ အခြေခံဥပဒေကို ပြန်လည်ကျင့်သုံးမည်ဖြစ်၍ ၂၀၀၇ အခြေခံဥပဒေကို လွှင်ပစ်လိုက်မည်ဟု ၎င်းကဆိုပါသည်။ ထို့ နောက် ပြီးခဲ့သော စနေနေ့က ကျရောက်ခဲ့သည့် ထိုင်းဘုရင် ဘူမိဘောအဒူလယာဒက်၏ ၈၂ မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖရောင်းတိုင်မီးထွန်းအခမ်းအနားကို ၎င်းက ဦးဆောင်ပြုလုပ်ခဲ့သည်။

          သက်ဆင်အား ထောက်ခံသူများသည် ယခုလစောစောပိုင်းက ကျင်းပရန်စီစဉ်ထားသော လူထုစည်းဝေးပွဲများကို ထိုင်းဘုရင် ကျန်းမာရေးချို့ယွင်းနေမှုကြောင့် ရက်ရွှေ့ဆိုင်းထားခဲ့ခြင်းဖြစ် သည်။

          ဖနွမ်းပင် က သက်ဆင်ကို စီးပွားရေးအကြံပေးအဖြစ်ခန့်အပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံနှင့် အိမ်နီး ခြင်းကမ္ဘောဒီးယားနိုင်ငံတို့ကြားတွင် သံတမန်ဆိုင်ရာ အငြင်းပွားမှုဖြစ်ပွားနေပါသည်။

          ယခုကိစ္စမတိုင်မီကပင် နယ်စပ်ပြဿနာကြောင့် အိမ်နီးခြင်း နှစ်နိုင်ငံ၏ဆက်ဆံရေးတင်းမာ နေခဲ့ခြင်းဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုင်ငံတကာ လူ့အခွင့်အရေး နေ့ရက် (International Human Rights Day) ကို အထိမ်းအမှတ်ပြုသည့် အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ပါလီမန်အမတ် ၄၄၀ ကျော်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စစ်ရာဇဝတ်မှုများနှင့် လူသားမဆန်သော ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂကို တောင်းဆိုလိုက်ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ပါလီမန်အမတ် ၄၄၂ ဦးက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ စာတစ်စောင်ကို လက်မှတ် ပြိုင်တူ ရေးထိုးကာ ပေးပို့လိုက်သည်။ အဆိုပါစာတွင် "မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများသည် တရားလွန်သည့် အဆင့်သို့ရောက်ရှိနေသည်" ဟု ရေးသား ထားသည်။ မြန်မာတပ်မတော် အစိုးရအား တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လက်နက် ရောင်းချခွင့် ပိတ်ပင်ပေးရန်လည်း အဆိုပါစာတွင် တိုက်တွန်း ထားသည်။

အဆိုပါ ပါလီမန်အမတ်များက ထိုင်း - မြန်မာ နယ်စပ်ဒေသမှ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတစ်ခု ဖြစ်သော Thailand Burma Border Consortium(TBBC) က ထုတ်ပြန်သော မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင် ခံစာကို ကိုးကား၍ ထိုစာကို ရေးသားခဲ့ခြင်း ဖြစ်သည်။ TBBC ၏ အဆိုအရ မြန်မာစစ်တပ်သည် ၁၉၉၆ ခုနှစ်မှ စ၍ မြန်မာပြည် အရှေ့ပိုင်း နယ်စပ်ဒေသများတွင် တိုင်းရင်းသား လူမျိုးစု ကျေးရွာပေါင်း ၃၅၀၀ ကျော်ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂၀၀၈ ခုနှစ် တစ်နှစ်တည်းတွင် လူပေါင်း ခုနစ်သောင်းခွဲ ခန့်အား ဖိအားပေး နေရာရွှေ့ပြောင်းစေခဲ့သည်ဟု TBBC က ဆိုသည်။

TBBC နှင့် နိုင်ငံတကာမှ အကြီးတန်း တရားသူကြီးများ ပါဝင်သည့် အဖွဲ့က ထုတ်ပြန်သော မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်ခဲ့သော ရာဇဝတ်မှုများဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသမှ လူ့အခွင့်အရေး အခြေအနေသည် ဒါဖာအရေးကိစ္စနှင့် တူညီမှု ရှိနေသည်။

"မြန်မာပြည်တွင်းမှ ကြောက်မက်ဖွယ်ရာ အခြေအနေများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် အမြန်ဆုံး အရေးယူ ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်သည်" ဟု မစ္စတာ ဘန်ကီမွန်း ထံသို့ ပေးပို့သော စာတွင် ရေးသားထားသည်။

အဆိုပါစာကို ဂျပန်နိုင်ငံမှ စီနီယာ ပါလီမန် အမတ်ကြီး နှစ်ဦးဖြစ်သော Azuma Konno နှင့် Tadashi Inuzuka တို့က ဦးဆောင် ရေးသားခဲ့ခြင်း ဖြစ်သည်။ သူတို့နှစ်ဦးသည် လက်ရှိ အာဏာရပါတီ ဖြစ်သော ဂျပန် ဒီမိုကရက်တစ်ပါတီ (DPJ) မှ ဖြစ်သည်။

သမိုင်းကြောင်းအရ ဂျပန်သည် မြန်မာအစိုးရအား အကူအညီ အထောက်အပံ့ ပေးသော နိုင်ငံတစ်ခု ဖြစ်ပြီး စစ်အစိုးရအပေါ် ပြစ်တင် ဝေဖန်မှုများလည်း အနည်းငယ်သာ ပြုလုပ်လေ့ ရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသော အုပ်စုများက ထပ်ခါတလဲလဲ သုံးသပ် ဝေဖန်ခဲ့ကြသည်။

သို့သော် ယခု အာဏာရ ဂျပန် ဒီမိုကရက်တစ်ပါတီသည် ယခင် လစ်ဘရယ် ဒီမိုကရက်ပါတီ နှင့် မြန်မာတပ်မတော် အစိုးရအပေါ် ချဉ်းကပ်ပုံချင်း တူညီမှုရှိမည် မဟုတ်ကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သည်။ ထို့ပြင် DPJ ပါတီ ဦးဆောင်သော ဂျပန် အစိုးရအဖွဲ့သစ်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပါက မြန်မာနိုင်ငံသို့ အကူအညီ အထောက်အပံ့များ ပိုမို ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ဖော် ကြေညာခဲ့သည်။

အဆိုပါစာကို သဘောတူလက်မှတ် ရေးထိုးခဲ့သည့် နိုင်ငံများမှာ အာရှ၊ ဥရောပ၊ တောင်နှင့် မြောက်အမေရိက အပါအဝင် ဘရာဇီး၊ အမေရိကန်ပြည်ထောင်စု၊ ကမ္ဘောဒီးယားနှင့် အိန္ဒိယ အစရှိသည့် ဒေသများမှ ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနှင့် ကမ္ဘောဒီးယားတို့သည် မြန်မာအစိုးရကို ဖိအားပေးရန် ပျက်ကွက်ခဲ့သောကြောင့် နိုင်ငံရေး Activist များ၏ ပြစ်တင် ဝေဖန်မှု များစွာ ခံခဲ့ရသော နိုင်ငံများ ဖြစ်ကြသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ် ကျူးလွန်မှုများကို စုံစမ်း စစ်ဆေးရေးအတွက် ကွဲပြား ခြားနားသော မူဝါဒများ ရှိသော်လည်း အားလုံးသော ပါလီမန် အမတ်များက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများကို အထူးပင် စိုးရိမ် ကြောင့်ကြလျက် ရှိသည်ဟု အဆိုပါ စာက ဆိုသည်။

ကုလ လုံခြုံရေးကောင်စီ အနေဖြင့် ဒါဖာနှင့် ရဝမ်ဒါ အရေးကိစ္စတို့ကို အရေးတယူပြု ဆောင်ရွက်ခဲ့သလို မြန်မာ့ လူ့အခွင့်အရေး ကိစ္စကိုလည်း အမြန်ဆုံး အရေးယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပါလီမန်အမတ်များက တိုက်တွန်း ရေးသားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ဗြိတိန်နိုင်ငံမှ ထိပ်တန်း ပါလီမန် အမတ်တစ်ဦးက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများကို စုံစမ်း စစ်ဆေးပေးရန် ကုလသမဂ္ဂကို တိုက်တွန်းခဲ့သေးသည်။

အဖွဲ့ဝင် ငါးနိုင်ငံ ပါဝင်သော ကုလ လုံခြုံရေးကောင်စီ (UNSC) မှာ မြန်မာ့ လူ့အခွင့်အရေးကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း မရှိသေးသောကြောင့် ပြင်းထန်စွာ ဝေဖန်ခံထားရသည်။

DVB သတင်းဌာန၏ Global MPs call for UN action on Burma ကို ဘာသာပြန်ဆိုပါသည်။  

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဆင်ဟွာ သတင်းတစ်ရပ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ သမ္မတ Xi Jinping သည် ဒီဇင်ဘာလ ၁၄ ရက်မှ ၂၂ ရက်အတွင်း အာရှနိုင်ငံ လေးနိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

ဒုတိယ သမ္မတ မစ္စတာ Xi Jinping သည် ဂျပန်၊ တောင်ကိုရီးယား၊ ကမ္ဘောဒီးယား နှင့် မြန်မာ စသည့် အာရှနိုင်ငံ လေးနိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး ခရီးစဉ်အတွင်း အဆိုပါ နိုင်ငံများမှ ခေါင်းဆောင်များနှင့် အမြင်ချင်း ဖလှယ်ကြမည် ဖြစ်ကြောင်း၊ ထို့အတူ နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စ အပါအဝင် အခြေခံကျသော အရေးကိစ္စများကို ဆွေးနွေးမည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောခွင့်ရ အရာရှိ Jiang Yu က အတည်ပြု ပြောကြားသည်။

မစ္စတာ Xi Jinping ၏ ဂျပန် ခရီးစဉ်သည် ဂျပန်အစိုးရသစ် ဖွဲ့စည်းပြီးနောက် တရုတ်နိုင်ငံ ခေါင်းဆောင်တစ်ဦးအတွက် ပထမဆုံး အလည်အပတ် ခရီးစဉ် ဖြစ်ကာ ဂျပန်အစိုးရ အပါအဝင် အရေးပါသော နိုင်ငံရေးပါတီများ အားလုံးနှင့် ကျယ်ပြန့်သော အတိုင်းအတာဖြင့် ဆက်သွယ်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

"ဒီခရီးစဉ်ကြောင့် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုတွေ ထွက်ပေါ်လာပြီး ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာမယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။ နောက်ပြီးတော့ ပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးနိုင်ပြီး တရုတ်-ဂျပန် မဟာဗျူဟာ ဆက်ဆံရေးကိုပါ ဖော်ဆောင်ပေးနိုင်မှာပါ" ဟု ပြောခွင့်ရ အရာရှိ Jiang Yu က ပြောကြားသည်။

မစ္စတာ Xi သည် ဂျပန်နိုင်ငံသို့ သွားရောက်ပြီးနောက် တောင်ကိုရီးယားနိုင်ငံသို့ ဒုတိယ ခရီးစဉ်အဖြစ် ဝင်ရောက်မည် ဖြစ်ကာ တောင်ကိုရီးယား သမ္မတ Lee Myng bak၊ ဝန်ကြီးချုပ် Chung Un Chan၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Kim Hyong-O တို့နှင့် တွေ့ဆုံမည် ဖြစ်သည်။ ထို့အတူ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့ကြီးများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်ကြီးများနှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

တရုတ် ဒုတိယသမ္မတ Xi သည် မြို့တော် ဆိုးလ်သို့ သွားရောက်ပြီးနောက် ဒေဂူးမြို့သို့လည်း လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

"တရုတ်ပြည်နဲ့ တောင်ကိုးရီးယားနိုင်ငံအကြားမှာရှိတဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက် ရေး ကိစ္စတွေဟာ ဖွံ့ဖြိုးတိုးတက်မှု ရှိသလို အဆင်ချောမွေ့မှု လည်းရှိပါတယ်။ နောက်ပြီးတော့ တရုတ်-တောင်ကိုရီးယား နှစ်နိုင်ငံရဲ့ ဆက်သွယ်မှုဟာ ကောင်းမွန်တဲ့ အနေအထားမှာရှိပြီး နိုင်ငံတကာနဲ့ ဒေသတွင်း အရေးကိစ္စတွေကိုလည်း ပူးပေါင်း ဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။ ဒုတိယသမ္မတ Xi ရဲ့ခရီးစဉ်ကြောင့် အနာဂတ်ကာလမှာ အိမ်နီးနားချင်းကောင်း ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်မယ်လို့ ထင်ပါ တယ်" ဟု မစ္စတာ Jiang ကပြောပါသည်။

တရုတ် ဒုတိယသမ္မတသည် ဂျပန်၊ တောင်ကိုရီးယား၊ ကမ္ဘောဒီးယား နိုင်ငံ အစိုးရများအပါ အဝင် မြန်မာနိုင်ငံ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့၏ ဖိတ်ကြားမှု ခံရခြင်း ဖြစ်ပါသည်။

Xinhua သတင်းဌာန၏ Chinese vice president to visit four Asian nations ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.