Transparency Myanmar

transparency.myanmar@gmail.com

ဆင်ဟွာ သတင်းတစ်ရပ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ သမ္မတ Xi Jinping သည် ဒီဇင်ဘာလ ၁၄ ရက်မှ ၂၂ ရက်အတွင်း အာရှနိုင်ငံ လေးနိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

ဒုတိယ သမ္မတ မစ္စတာ Xi Jinping သည် ဂျပန်၊ တောင်ကိုရီးယား၊ ကမ္ဘောဒီးယား နှင့် မြန်မာ စသည့် အာရှနိုင်ငံ လေးနိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး ခရီးစဉ်အတွင်း အဆိုပါ နိုင်ငံများမှ ခေါင်းဆောင်များနှင့် အမြင်ချင်း ဖလှယ်ကြမည် ဖြစ်ကြောင်း၊ ထို့အတူ နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စ အပါအဝင် အခြေခံကျသော အရေးကိစ္စများကို ဆွေးနွေးမည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောခွင့်ရ အရာရှိ Jiang Yu က အတည်ပြု ပြောကြားသည်။

မစ္စတာ Xi Jinping ၏ ဂျပန် ခရီးစဉ်သည် ဂျပန်အစိုးရသစ် ဖွဲ့စည်းပြီးနောက် တရုတ်နိုင်ငံ ခေါင်းဆောင်တစ်ဦးအတွက် ပထမဆုံး အလည်အပတ် ခရီးစဉ် ဖြစ်ကာ ဂျပန်အစိုးရ အပါအဝင် အရေးပါသော နိုင်ငံရေးပါတီများ အားလုံးနှင့် ကျယ်ပြန့်သော အတိုင်းအတာဖြင့် ဆက်သွယ်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

"ဒီခရီးစဉ်ကြောင့် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုတွေ ထွက်ပေါ်လာပြီး ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာမယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။ နောက်ပြီးတော့ ပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးနိုင်ပြီး တရုတ်-ဂျပန် မဟာဗျူဟာ ဆက်ဆံရေးကိုပါ ဖော်ဆောင်ပေးနိုင်မှာပါ" ဟု ပြောခွင့်ရ အရာရှိ Jiang Yu က ပြောကြားသည်။

မစ္စတာ Xi သည် ဂျပန်နိုင်ငံသို့ သွားရောက်ပြီးနောက် တောင်ကိုရီးယားနိုင်ငံသို့ ဒုတိယ ခရီးစဉ်အဖြစ် ဝင်ရောက်မည် ဖြစ်ကာ တောင်ကိုရီးယား သမ္မတ Lee Myng bak၊ ဝန်ကြီးချုပ် Chung Un Chan၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Kim Hyong-O တို့နှင့် တွေ့ဆုံမည် ဖြစ်သည်။ ထို့အတူ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့ကြီးများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်ကြီးများနှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

တရုတ် ဒုတိယသမ္မတ Xi သည် မြို့တော် ဆိုးလ်သို့ သွားရောက်ပြီးနောက် ဒေဂူးမြို့သို့လည်း လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

"တရုတ်ပြည်နဲ့ တောင်ကိုးရီးယားနိုင်ငံအကြားမှာရှိတဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက် ရေး ကိစ္စတွေဟာ ဖွံ့ဖြိုးတိုးတက်မှု ရှိသလို အဆင်ချောမွေ့မှု လည်းရှိပါတယ်။ နောက်ပြီးတော့ တရုတ်-တောင်ကိုရီးယား နှစ်နိုင်ငံရဲ့ ဆက်သွယ်မှုဟာ ကောင်းမွန်တဲ့ အနေအထားမှာရှိပြီး နိုင်ငံတကာနဲ့ ဒေသတွင်း အရေးကိစ္စတွေကိုလည်း ပူးပေါင်း ဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။ ဒုတိယသမ္မတ Xi ရဲ့ခရီးစဉ်ကြောင့် အနာဂတ်ကာလမှာ အိမ်နီးနားချင်းကောင်း ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်မယ်လို့ ထင်ပါ တယ်" ဟု မစ္စတာ Jiang ကပြောပါသည်။

တရုတ် ဒုတိယသမ္မတသည် ဂျပန်၊ တောင်ကိုရီးယား၊ ကမ္ဘောဒီးယား နိုင်ငံ အစိုးရများအပါ အဝင် မြန်မာနိုင်ငံ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့၏ ဖိတ်ကြားမှု ခံရခြင်း ဖြစ်ပါသည်။

Xinhua သတင်းဌာန၏ Chinese vice president to visit four Asian nations ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment