Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာ လက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲ စကားဝိုင်းသို့ မည်သည့်အချိန်တွင် ပြန်လည် ဝင်ရောက်မည်ဟူသော အချက်မှာ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် သံတမန် Stephen Bosworth က ထုတ်ဖော် ပြောကြားလိုက်သည်။

သို့သော်လည်း မိမိနှင့် မြောက်ကိုရီးယားသံတမန်များအကြား နျူကလီးယား လက်နက်ဖြုတ်သိမ်းရေးနှင့် ပတ်သက်၍ တူညီသော နားလည်မှုများ ရယူနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မစ္စတာ Stephen က ပြောသည်။

"ကျွန်တော်တို့ မျှော်လင့်ထားတာကတော့ အခု ဆွေးနွေးပွဲကို အခြေပြုပြီး ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ဖို့ပါပဲ။ အဲဒါမှ နျူကလီးယား လက်နက် ဖျက်သိမ်းရေး ကိစ္စနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အလုပ်တွေ ပြန်လုပ်နိုင်မှာပါ" ဟု မစ္စတာ Stephen က မြောက်ကိုရီးယားခရီးစဉ် အပြီး တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

အဆိုပါ အမေရိကန် သံတမန်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်များအကြား တွေ့ဆုံ ဆွေးနွေးမှုသည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား သမ္မတ ဖြစ်လာပြီးနောက် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများ ပထမဆုံး တွေ့ဆုံမှုတစ်ရပ် ဖြစ်ကြောင်း သိရသည်။

မစ္စတာ Stephen သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်နှင့် တွေ့ဆုံခြင်း မရှိခဲ့သလို တွေ့ဆုံရန်လည်း တောင်းဆိုမှု မပြုခဲ့ပေ။ မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရပိုင် မီဒီယာအဆိုအရ  ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သည် မစ္စတာ Stephen ၏ ခရီးစဉ်အတွင်း ပြုံယမ်းမြို့တော် ပြင်ပသို့ ခရီးသွားလာလျက် ရှိကြောင်း သိရသည်။

မြောက်ကိုရီးယား ခေါင်းဆောင်များနှင့် တွေ့ဆုံမှုသည် "စူးစမ်းလေ့လာမှု ဆန်သော တွေ့ဆုံမှု" တစ်ခု ဖြစ်ကြောင်း၊ သို့သော် အဆိုပါ ဆွေးနွေးပွဲတွင် မြောက်ကိုရီးယားနိုင်ငံအား လက်နက် ဖြုတ်သိမ်းရေး စကားဝိုင်းသို့ ပြန်လည် ဝင်ရောက်လာရန် အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိပါကြောင်း မစ္စတာ Stephen က ပြောသည်။

သို့သော် အဆိုပါ ခရီးစဉ်သည် မျှော်လင့်ချက်များစွာကို ဖြစ်ပေါ်စေခဲ့ပြီး လွန်စွာ အထောက်အကူ ပြုစေသည့် ခရီးစဉ်တစ်ခု ဖြစ်သည် ဟု ၎င်းက သတ်မှတ် ပြောဆိုသည်။ အနာဂတ် ကာလတွင်လည်း အလားတူ တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်မိကြောင်း၊ ဤသို့ဖြင့် လက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲများလည်း ပြန်လည် စတင်နိုင်မည် ဖြစ်ကြောင်း မစ္စတာ Stephen ကဆိုသည်။

ခြောက်နိုင်ငံ ဆွေးနွေးပွဲ စကားဝိုင်းတွင် တောင်နှင့် မြောက်ကိုရီးယား၊ ရုရှား၊ အမေရိကန်၊ ဂျပန်နှင့် တရုတ်တို့ ပါဝင်ပြီး ပြီးခဲ့သည့် ၂၀၀၃ ခုနှစ် ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြောက်ကိုရီးယားသည် တာဝေးပစ် ဒုံးလက်နက်နည်းပညာများ တီထွင် စမ်းသပ်လျက် ရှိသည် ဟု ဝေဖန် ပြောဆိုမှုကို မြောက်ကိုရီးယား အစိုးရက မကျေမနပ်ဖြစ်ကာ ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် မြေအောက်နျူကလီးယား ဗုံးစမ်းသပ်မှု ပြုလုပ်ခဲ့သည်။

AFP သတင်းဌာန၏ US envoy cites common understanding with N Korea ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment