(20 ဇန်နဝါရီ 2011 ရက်စွဲပါ Jakarta Post မှ Rizal Sukma ရေးသားသော Insight:ASEAN's new approach to Myanmar is nothing new ကို ဘာသာ ပြန်သည်)
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများသည် ဇန်နဝါရီ (၁၇) ရက်နေ့က Lombok တွင် အစည်းအဝေး ကျင်းပ ပြီးစီးခဲ့ရာ အင်ဒိုနီးရှားသည် အလှည့်ကျ သဘာပတိ တာဝန်ယူခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က အာဆီယံအတွက် အစည်းအဝေး အစီအစဉ်များနှင့် ဦးစားပေး လုပ်ဆောင်ရန်များ ချမှတ်ပေးခဲ့သည်။
၎င်းသည် အာဆီယံအတွက် အရေးကြီးသည်ထက် ပို၍ အရေးကြီးသော ကိစ္စများကို ကိုင်တွယ်ခဲ့သည်။ အာဆီယံ အသိုင်းအဝိုင်း တည်ဆောက်ရေး လုပ်ငန်းစဉ် အတွက် လိုအပ်ချက်များ၊ တောင်တရုတ် ပင်လယ် အငြင်းပွားမှုအတွက် ငြိမ်းချမ်းစွာ အဖြေရှာရေး၊ အရှေ့အာရှ ထိပ်သီး အစည်းအဝေး၏ အရေးကြီးမှုနှင့် ၂၀၁၅ အလွန် ကာလ၌ ကမ္ဘာကြီးတွင် အာဆီယံ၏ နေရာအတွက် မေးခွန်းများ စသည့် ကိစ္စရပ်များ ပါဝင်ခဲ့သည်။
ကိစ္စအားလုံး အနက် အငြင်းပွား ဖွယ်ရာများ ရှိပြီး၊ အထိမခံလောက်အောင် သိမ်မွေ့ နက်နဲသော မြန်မာနိုင်ငံ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြသည်။
ယခုအချိန်တွင် ကမ္ဘာကြီး၊ အထူးသဖြင့် အနောက် ကမ္ဘာသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းပြီး အဆက်ဆံများ ပြန်လုပ်ရန် အချိန်တန်ပြီ ဖြစ်ကြောင်း အင်ဒိုနီးရှားက ၎င်း၏ အမြင်ကို တင်ပြခဲ့သည်။ အဆိုပါ ရပ်တည်ချက်ကို အခြား အာဆီယံနိုင်ငံများက အံ့သြစရာ မကောင်းစွာပင် နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ယခု အာဆီယံ၏ ရပ်တည်ချက်သည် မြန်မာနိုင်ငံ ပြဿနာအတွက် ချဉ်းကပ်မှု အသစ်ဟု အဓိပ္ပာယ် ကောက်ယူရမည်လော။ အမှန်အတိုင်း ပြောရလျှင် ယခု ရပ်တည်ချက်မှာ အသစ်အဆန်း တစ်ခုတော့ မဟုတ်ပေ။ အာဆီယံသည် ယခင်ကတည်းက မြန်မာနိုင်ငံ အပေါ် စီးပွားရေး အရ အရေးယူ ပိတ်ဆို့မှုများသည် တိုင်းပြည် ပြောင်းလဲရေးကို တွန်းအား ပေးနိုင်လိမ့်မည် မဟုတ်ကြောင်း ယုံကြည်သူ ဖြစ်သည်။ သက်ဆိုင်ရာ နိုင်ငံကိုယ်တိုင် ပြုလုပ်ရမည့်ကိစ္စ ဖြစ်သည်။ ယခု မြန်မာနိုင်ငံ ကိစ္စတွင်လည်း ပြင်ပမှ အရေးယူမှုများသည် မြန်မာနိုင်ငံတွင် ပြောင်းလဲမှုကို များများ လုပ်ပေးနိုင်မည် မဟုတ်ပေ။
ယခု အာဆီယံ၏ အီးယူ၊ ကနေဒါနှင့် အမေရိကန်တို့အား မြန်မာနိုင်ငံ အပေါ် အရေးယူမှုများ ရုတ်သိမ်းရေး စဉ်းစားပေးရန် တောင်းဆိုချက်သည် မြန်မာ ပြဿနာအတွက် ချဉ်းကပ်မှု အသစ် ပုံစံဖြင့် အာဆီယံ၏ ကြိုးပမ်းမှု တစ်ခု အသွင် မြင်နိုင်သည်။ အဆိုပါ ကိစ္စတွင် အကြောင်းပြချက် သုံးခု ပေးနိုင်သည်။
ပထမအချက်အ နေဖြင့် ယခု တောင်းဆိုမှုသည် မြန်မာနိုင်ငံ ပြည်တွင်း နိုင်ငံရေး ဖြစ်စဉ်တွင် အသစ် ဖြစ်ပေါ်မှုများကြောင့်ဟု ဆိုနိုင်သည်။ Marty က အစည်းအဝေး ကာလအတွင်း ငြင်းချက် ထုတ်ခဲ့သလို မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်း အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ထည့်သွင်း စဉ်းစားသင့်ကြောင်းပင် ဖြစ်သည်။
ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတမှုမရှိဟု ဖော်ပြကြသော်လည်း၊ အာဆီယံ အနေဖြင့် ရွေးကောက်ပွဲပြီး ကာလတွင် မည်မျှပင် ပါးလွှာပါစေ ရလာသော အခွင့်အလမ်းများကို လေ့လာ လိုပေသေးသည်။ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ အာဆီယံသည် ဒေါ်အောင်ဆန်းစုကြည်သည် အဖြေရှာ မရနိုင်သော မြန်မာ့ နိုင်ငံရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင် ပါဝင်ခွင့် ရလိမ့်မည် ရလိမ့်မည်ဟု မျှော်လင့်နေသည်။
ဒုတိယအချက် အနေဖြင့် အာဆီယံသည် ယခင်ကပင် ၎င်း၏ ဆက်ဆံရေး မဟာဗျူဟာနှင့် အရေးယူမှု မူဝါဒများသည် မအောင်မြင်ကြောင်း ဝန်ခံခဲ့ပြီး ဖြစ်သည်။ ယခု အစည်းအဝေး အတွင်း ရပ်တည်ချက်သည် အထက်ပါ ချဉ်းကပ်မှု နှစ်ခုကို ပေါင်းစပ်ရန် သဘော တူညီမှု၏ ထပ်ဟပ်ချက်ပင် ဖြစ်သည်။
ယခုကိစ္စတွင် အရေးကြီးစွာ မှတ်သားရမည့် အချက်မှာ Marty ကလည်း အလေးအနက် ပြောကြားခဲ့သော ကန့်သတ်ချက်များကို ဖယ်ရှားခြင်းနှင့် အမျိုးသား ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ် နှစ်ခုမှာ လက်တွဲ ဆောင်ရွက် သင့်ကြောင်းပင် ဖြစ်သည်။ ယခု အချက်မှာ စစ်အစိုးရသည် အားလုံး ပါဝင်သော အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်ကို နှောင့်နှေးအောင်၊ ပိတ်ဆို့အောင် ကြိုးစားမည် ဆိုပါက အာဆီယံ အနေဖြင့် မြန်မာနိုင်ငံ အပေါ် မျက်စိမှိတ်၍ ထောက်ခံ နေလိမ့်မည် မဟုတ်ဟု သတိပေး ပြောသကဲ့သို့ ဖြစ်သည်။
တတိယအချက် အနေဖြင့် ယခု တောင်းဆိုချက်မှာ အမေရိကန် သမ္မတ Obama လက်ထက်တွင် မြန်မာနိုင်ငံ အပေါ် မူဝါဒကို ပြန်လည် သုံးသပ်ပြီး နောက်ပိုင်းမှ ထွက်ပေါ်ခဲ့ခြင်းပင် ဖြစ်သည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလက အမေရိကန် အစိုးရသည် လက်တွေ့ ကျသော ဆက်ဆံရေး မူဝါဒအဖြစ် အရေးယူမှုများ ဆက်လက်ထားရှိပြီး မြန်မာ အစိုးရနှင့် စတင် ဆက်ဆံရေး ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ မူဝါဒသစ်သည် ဆက်ဆံရေးနှင့် အရေးယူမှု နှစ်ခုကို ပေါင်းစပ်ကြိုးစားမှု တစ်ခုဖြစ်ပြီး အမေရိကန်အား အာဆီယံနှင့် နီးကပ်သော နေရာတစ်ခုသို့ ရောက်ရှိစေသည်။
အမှန်တကယ်ပင် အကယ်၍ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု အသစ် ပြုလုပ်လိုသူ တစ်ဦးသည် ဆက်ဆံရေး- အရေးယူရေး ကိစ္စကို ကျော်၍ စဉ်းစားရန် အချိန်တန်ပြီ ဖြစ်သည်။ ယခု အာဆီယံ၏ တောင်းဆိုမှု ဖြစ်သော အရေးယူမှုများကို ဖယ်ရှားရေး ကိစ္စကို အာဆီယံ၏ ဆွေးနွေးဖက် ပါတနာများ သဘောတူသည် မတူသည် အသာထားဦး။ အာဆီယံ ကိုယ်တိုင်က ပင်လျှင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပို၍ နားလည်လွယ်သော၊ အသေးစိတ် ကျသော မဟာဗျူဟာ တစ်ရပ် ရေးဆွဲရန် လိုအပ်နေသည်။ စစ်အစိုးရ၏ ပြည်တွင်းရှိ အင်အားစုများကို ဖယ်ရှား နှိပ်ကွပ်၍ အာဏာ ဆုပ်ကိုင်ရေးကို မဟာဗျူဟာ ဖြစ်သင့်သည်။
သို့ဖြစ်၍ ထိုကိစ္စမှာ ခက်ခဲသော အဆိုပြုချက် တစ်ခုပင် ဖြစ်လိမ့်မည်။ သို့သော် အာဆီယံ အနေဖြင့် သုံးချောင်းထောက် မဟာ ဗျူဟာဖြင့် ချဉ်းကပ်မှု အသစ်ပြုလုပ်နိုင်သည်။
ပထမအချက် အနေဖြင့် အာဆီယံသည် အဓိက နိုင်ငံရေးနှင့် ပတ်သက်သူများနှင့် အမျိုးသား ပြန်လည်စည်းလုံးရေး ဆွေးနွေးရန်နှင့် ဒီမိုကရေစီရေး ဆွေးနွေးရန် ဖြစ်နိုင်သည့် မူဝါဒစည်းမျဉ်းများ စတင်ရေး ဆွဲပေးခြင်းဖြင့် စတင်သင့်သည်။
ဒုတိယ အချက် အနေဖြင့် အာဆီယံသည် အဓိပ္ပာယ်ရှိပြီး အားလုံးပါဝင်သော စီးပွားရေး ဖွံ့ဖြိုးမှု အစီအစဉ်များ စစ်အစိုးရက စတင်နိုင်ရန် မည်သို့ အားပေးနိုင်မည်ဆိုသည့် အကျိုးတူ ပလက်ဖောင်း ရှိနေသည်။ တချိန်တည်းမှာပင် အာဆီယံသည် အသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်မှု၊ လူသားချင်း စာနာသော အကူအညီများနှင့် လူသား စွမ်းရည် မြှင့်တင်ရေးများ ကဲ့သို့သော အခြေခံ လူတန်းစား အခြေခံသော အကူအညီပေးရေး အစီအစဉ်များကို မြန်မာပြည်သူများအား တိုက်ရိုက် အကူအညီ ပေးရေး စတင်ရန် လိုအပ်နေသည်။
တတိယအချက် အနေဖြင့် အာဆီယံသည် ပါလီမန် ကဲ့သို့သော နိုင်ငံရေး အလွှာအသစ်နှင့် အရပ်ဖက် အဖွဲ့အစည်းများ ကဲ့သို့သော မြန်မာ့ လူ့အဖွဲ့အစည်းများနှင့် ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံနိုင်သော ပလက်ဖောင်း တစ်ခု စဉ်းစားထားသင့်သည်။
အင်ဒိုနီးရှားသည် အာဆီယံ ဥက္ကဋ္ဌ အနေဖြင့် ထိုသို့သော အာဆီယံ၏ မြန်မာနိုင်ငံ မဟာဗျူဟာ အသစ်ကို စဉ်းစားပေးရန် တာဝန်ရှိသည်။ သို့မဟုတ်ပါက နိုင်ငံတကာ အသိုင်းအဝိုင်းသည် ယခု Lombok အစည်းအဝေးမှ မြန်မာနိုင်ငံနှင့် ပတ်သက်သော သဘော တူညီချက်ကို အကောင်အထည် မပေါ်နိုင်သော နောက်ပြန်ဆွဲသည့် အာဆီယံ၏ ရွှေ့လျားမှုဟု မြင်သွားနိုင်သည်။ ထို့ကြောင့် ထိုသို့ မမြင်စေရန် အာဆီယံ၏ ဥက္ကဋ္ဌနှင့် ခေါင်းဆောင် ဖြစ်သော အင်ဒိုနီးရှားအတွက် စိန်ခေါ်မှုပင် ဖြစ်သည်။ အင်ဒိုနီးရှားသည် ထိုစိန်ခေါ်မှုကို ဖြေရှင်းရန် အသင့် ရှိနေမည်ဟု မျှော်လင့်မိပေသည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.