Transparency Myanmar

transparency.myanmar@gmail.com

ထိုင်း-မြန်မာ နယ်စပ် ဒေသအနီး မြန်မာ ပြည်တွင်း၌ ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဗုံးဆံ၊ အမြောက်ဆံများ ထိုင်းနိုင်ငံ ဘက်သို့ ကျရောက်လျက် ရှိရာ နယ်စပ်ဒေသ၌ နေထိုင်သူများ အကြား တုန်လှုပ် ခြောက်ခြားမှုများ ဖြစ်နေကြောင်း စုံစမ်း သိရှိရသည်။

ဝလေ တပ်စခန်း အနီး မြန်မာစစ်တပ်နှင့် ကရင် လက်နက်ကိုင် အုပ်စုနှစ်စု ဖြစ်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာတပ်ဖွဲ့ (ဒီကေဘီအေ) နှင့် ကရင် အမျိုးသား ယူနီယံ (ကေအင်န်ယူ) တို့အကြား ဖြစ်ပွားသော တိုက်ပွဲမှ အမ်-၇၉ အမျိုးအစား လက်ပစ်ဗုံးများ ထိုင်းနိုင်ငံ၊ တက်ပြည်နယ် မဲဆောက်တပ်ဖွဲ့ အခြေစိုက် စခန်း အနီး နယ်နိမိတ်ထဲသို့ ကျရောက်ခဲ့သည်ဟု ဆိုသည်။

လက်ပစ်ဗုံး ကျရောက်မှုနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက မည်သူမည်ဝါတွင် တာဝန်ရှိသည်ဟု စွပ်စွဲပြောဆိုခြင်း မရှိသေးကြောင်း၊ သို့သော် မဲဆောက် တပ်ရင်းမှ ဗိုလ်မှူးကြီး Suphachoke Thawatpirachai က ဗုံးဆံများ၊ အမြောက်ဆံများ၊ လက်ပစ်ဗုံးများ ကျရောက်သည့် နေရာ ဒေသများသို့ သွားရောက် စစ်ဆေးရန် တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ကရင် တိုင်းရင်းသား ဒုက္ခသည် ၃၀၀ ကျော် အိုးအိမ် စွန့်ခွာ ထွက်ပြေးပြီး ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ခဲ့ကြသည်။ ဒုက္ခသည် အချို့မှာ ထိုင်းနိုင်ငံဘက်မှ ဆွေမျိုးသားချင်းများ အိမ်တွင် ခေတ္တ ခိုလှုံကြပြီး အချို့မှာ ဝလေနှင့် မော်ကာရီယန်း ကျေးရွာများတွင် ယာယီတဲများ ထိုး၍ နေထိုင်ကြရသည်။ ဝလေ ကျေးရွာတွင် နေထိုင်သူ ၁၀၀ ကျော် စုရုံးပြီး ပူးတွဲ ကျေးရွာ ဦးစီး Chalerm Boonpromwong အပါအဝင် စစ်ဘက်မှ ပုဂ္ဂိုလ်များနှင့် ဒုက္ခသည်များ ကိစ္စဆွေးနွေးလျက် ရှိသည်။

ကျေးရွာသားများက ဒုက္ခသည်များကို ပြန်လွှတ်ရန် ဆန္ဒရှိကြသည်။ အကြောင်းမှာ ဒုက္ခသည်များ ဖန်တီးသော လုယက်မှုများ၊ အညစ်အကြေး စွန့်သည့် ပြဿနာများ တိုးပွားလျက် ရှိသောကြောင့်ဟု ဆိုသည်။ ဒေသခံများက ဒုက္ခသည်များ ကျေးရွာများမှ ပြန်လည် ထွက်ခွာအောင် ဖိအားပေးရန် သက်ဆိုင်သူများကို တိုက်တွန်းလျက် ရှိသည်။ သို့မဟုတ် ဒုက္ခသည်များ အတွက် ယာယီစခန်းများ ချပေရန်လည်း တိုက်တွန်းကြသည်ဟု သိရသည်။

Thai-ASEAN News Network မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment