Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၈.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မားသားကြီးအပြီး ဘရာသားကြီးလည်း ဆင်းစေချင်

*****************************************

ဆောင်းပါးကဏ္ဍ

မားသားကြီးအပြီး ဘရာသားကြီးလည်း ဆင်းစေချင်

ယခုတစ်ကြိမ်  လွတ်ငြိမ်းချမ်းသာခွင့်က မြန်မာ့နိုင်ငံရေး အင်အားစုများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းကို အံ့အားသင့်စေခဲ့သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ စကားတစ်ခွန်းသာ ပြောဆိုခဲ့သည်။

“ ကျွန်မ ပြောပါတယ်၊ ဒီလူတွေ လွတ်ရမှာပါလို့၊ အခု လွတ်ပြီမဟုတ်လား’’

လူထုခေါင်းဆောင်၏ စကားသည် သူမနှင့် သမ္မတကြီးဦးသိန်းစိန်တွေ့ဆုံစဉ်က မည်သည့်သဘောတူညီချက်တွေ ရယူခဲ့သနည်းဆိုသည့် စကားကိုလည်း အဖြေပေးရာရောက်သည်။ ထို့အတူ သူမရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် သမ္မတကြီးဦးသိန်းစိန်ကို ရာနှုန်းပြည့် ယုံကြည်ပါဟု ပြောဆိုခဲ့ခြင်းများအတွက်လည်း ယခုလွတ်ငြိမ်းချမ်းသာခွင့်က သက်သေပြလိုက်ခဲ့ပြီဖြစ်သည်။ဤသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရနှင့် ပူးပေါင်းသွားပြီ၊ နိုင်ငံရေး အကျဉ်းသားများကိစ္စတွင် တက်ကြွမှုမရှိတော့ဟူသည့် စွပ်စွဲပြောဆိုချက်များကိုလည်း ချေဖျက်ရာရောက်သလို Moral Person တစ်ဦးသည် ထိုကဲ့သို့ သေးသိမ်သည့်နိုင်ငံရေးမျိုးကို ဘယ်တော့မှမလုပ်ဟူသည်ကိုလည်း မျက်ဝါးထင်စေခဲ့သည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက NLD မှ ပေးပို့သော နိုင်ငံရေးအကျဉ်းသားစာရင်းကို အခြေခံ၍ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြုလုပ် ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို မြင်နိုင်ပါလိမ့်မည်။

သမ္မတကြီး ဦးသိန်းစိန်သည် ယခုတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကို ၎င်း၏လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ကြိုးစားဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်၍  မြန်မာ့အသံ၊ မြဝတီ ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများတွင် “ ပုံသိန်းစိန်”ဟူသည့် စကားရပ်မှလွဲ၍ သမ္မတကြီးအနေဖြင့် အဆိုပါကိစ္စကို ပဏာယူခဲ့ခြင်း မရှိသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ဆိုရလျှင် သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် အစိုးရဟောင်း၏ ဆိုးမွေကြီးတစ်ခုဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများကိစ္စတွင် တတ်စွမ်းသမျှ ကြိုးပမ်းပေးခဲ့ကြောင်း အသိအမှတ်ပြုနိုင်ပါလိမ့်မည်။

၈၈ကျောင်းသားခေါင်းဆောင်ဟုဆိုသူ ဦးမင်းကိုနိုင်ကမူ ယခုလွတ်ငြိမ်းချမ်းသာခွင့်အတွက် အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ကို ဖမ်းတာလဲ နိုင်ငံရေးအရပဲ၊ ပြန်လွှတ်တာလည်း နိုင်ငံရေးအရပဲ၊ ဒီနေ့ တိုင်းပြည်မှာ နိုင်ငံရေးအရ တိုးတက်မှုတွေ ရှိလာပါပြီ၊ ဒီလို ဖြစ်လာအောင် ကျွန်တော်တို့ဘက်က များစွာပေးဆပ်ခဲ့ရတယ်”

အာဏာရ အစိုးရက အတိုက်အခံကို ဖမ်းဆီးထောင်ချသည့် ကိစ္စရပ်သည် မြန်မာနိုင်ငံတွင်သာမက ဒီမိုကရေစီ ရင့်ကျက်သော နိုင်ငံအချို့ တွင်ပင် ရှိနေပါသေးသည်။ ကမ္ဘာအနှံ့ နိုင်ငံရေးအကျဉ်းသားများ ရှိနေပါသည်။ ထို့ကြောင့် ဦးမင်းကိုနိုင်ဆိုသလိုပင် ယခုကိစ္စအတွက် သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးအတွက် အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ကြသော stake holders အသီးသီးကို ကျေးဇူးတင်ရန် မလိုဟုပင် ဆိုရပေလိမ့်မည်။

တစ်ချိန်က ဦးမင်းကိုနိုင်နှင့် လိုက်တမ်းပြေးတမ်း၊ ဖမ်းတမ်းဆီးတမ်း ကစားခဲ့ရသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကမူ “သမ္မတကြီးက အရမ်း ကောင်းပါတယ်၊ အခုလုပ်ကိုင်နေတာဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီညွတ်တယ်၊ ငြိမ်းချမ်းရေးဆွေးနွေးတာလည်း လုပ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့တယ်၊ မြစ်ဆုံစီမံကိန်းလည်း တစ်ခါတည်း ဖျက်ချလိုက်တယ်၊ လက်ရှိသမ္မတကြီး ဆောင်ရွက်ချက်တွေက အင်မတန်ကောင်းတဲ့ ဆောင်ရွက်ချက်တွေပါ” ဟု အကောင်းမြင် ပြောဆိုခဲ့သည်။

သို့ရာတွင် ဦးမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် သဘောထားကမူ ပြောင်းလဲခြင်း မရှိဟု ယူဆရပုံရသည်။ ယခုပြန်လည် လွတ်မြောက်လာသည့် ၈၈ ကျောင်းသားများ အားလုံးက တွေ့ဆုံဆွေးနွေးရေးကို တလျောက်လုံး တောင်းဆိုလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံရေးဟူသည့် မူဝါဒမှာ ၈၈ကျောင်းသားများ၏ မူဝါဒဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ဤတွင် စဉ်းစားရန်ရှိသည်မှာ ဦးမင်းကိုနိုင်တို့ အပါအဝင် နာမည်ကြီး နိုင်ငံရေးသမားများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ရေရှည်ဝန်းရံနိုင်မည်လောဟူ၍ ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ရယ်ဒီကယ်သမားများ၏ ပုံဖော်မှုကို တွေ့လာရ၍ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စက ရယ်ဒီကယ်လမ်းကြောင်းလိုက်သူများအနေဖြင့် သူမဘေးတွင် ပတ်လည်ဝိုင်း၍ လက်ရှိအစိုးရကို ဆန့်ကျင်ရေးဆိုသည့် လမ်းကြောင်းပေါ်ကို ဝိုင်းတင်ကြသည်။ ဒုတိယ ပင်လုံညီလာခံဟူသည့် အူကြောင်ကြောင်နိုင်သော လမ်းကြောင်းမျိုးတွေပင် ရှိလာခဲ့သည်။ သို့ရာတွင် ကြားဝင်စေ့စပ်သူတို့၏ စေတနာမှန်မှုနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဥာဏ်ပညာကြီးမားမှုတို့ကြောင့်  NLD မှာ ရယ်ဒီကယ် လမ်းကြောင်းမှ ရုန်းထွက် နိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးမှုက ရယ်ဒီကယ်တို့၏ ရည်ရွယ်ချက်ကို ပျက်စီးစေသည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အဓိကမဏ္ဍိုင်ကြီးတစ်ခု လွှတ်တော်နိုင်ငံရေးထဲ ရောက်သွားလျှင် ဂျင်းရှပ်နည်းနာတွေနှင့် ယဉ်ပါးသူ ရယ်ဒီကယ်တို့ အနေဖြင့် နိုင်ငံရေးခွက်ပျောက်ကိန်းပင် ဖြစ်သည်။ ထို့ကြောင့် ရယ်ဒီကယ်လမ်းကြောင်း အသက်ရှည်ရန် ကြိုးပမ်းသည်။ သမ္မတကြီးနှင့် လူထု ခေါင်းဆောင်တို့ တွေ့ဆုံပြီး အခြေအနေကောင်းများ ဖြစ်ထွန်းလာသည်နှင့် တပြိုင်နက် ရယ်ဒီကယ်လမ်းကြောင်းလိုက်သူတို့က နောက်ထပ် ခေါင်းဆောင် တစ်ဦးကို ရှာရသည်။ ဤတွင် ရိုးသားအေးဆေးပြီး ဘဝကို နိုင်ငံရေးတွင်မြှုပ်နှံခဲ့သူ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်မှာ မျက်စိကျစရာ ဖြစ်လာသည်။ နိုင်ငံရေးအရ ရိုးသားသူ၊ ကျောင်းသားခေါင်းဆောင်၊ ပြည်သူ အတွက်ဆိုလျှင် ပေးဆပ်ဝံ့သူ၊ ရယ်ဒီကယ်လမ်းကြောင်းတွင် နာမည်ကြီးခဲ့သူ စသည့်ဂုဏ်ပုဒ်တွေကြောင့် ရယ်ဒီကယ်သမားများအနေဖြင့် အကြောင်းပြစရာ ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။ ဤနည်းဖြင့် ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးသမားများ ချက်ချင်းလွှတ်ဟူသည့် လှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်လာပြန်သည်။ ဦးမင်းကိုနိုင်ကို လွှတ်လိုက်သည်နှင့် တပြိုင်နက် ဒေါ်အောင် ဆန်းစုကြည် လွတ်မြောက်စကဲ့သို့ပင် ရယ်ဒီကယ်လမ်းကြောင်းကို တန်း၍တင်ကြသည်။ နိုင်ငံရေးအဆက်ပြတ်၍ ဘုမသိ၊ ဘမသိဖြင့် ထောင်က လွတ်မြောက်လာသည့် ကျောင်းသားခေါင်းဆောင်မှာ တစ်ချိန်ကကဲ့သို့ ရဲရဲတောက် မိန့်ခွန်းတွေကို ခြွေပြန်သည်။ ဘေးက ဝန်းရံသည့် ရယ်ဒီကယ်တွေနှင့် လက်သီးထိုးခန်းများများပါသော ရုပ်ရှင်များကို နှစ်သက်သည့် လူထုတွေက လက်ခုပ်တွေတီး၍ ကြိုဆိုကြသည်။ လူထုကို လမ်းပေါ်တင်နေသည့် မီဒီယာအချို့သည်ပင်လျှင် ဦးကိုကိုကြီးကဲ့သို့ ကျောင်းသားခေါင်းဆောင်တစ်ဦးက မျှမျှတတ ပြောကြားချက်မျိုးကို ဖြတ်ချ၍ ဦးမင်းကိုနိုင်၏ ရဲရဲတောက် စကားကို အသားပေးထုတ်လွှင့်သွားသည်ကို တွေ့ရသည်။ ဆိုရလျှင် လတ်တလောအခြေအနေ၌ ရယ်ဒီကယ်သမားတို့အဖို့ တိုင်းပြည်တွင် ဆူပူ အုံကြွမှုတွေ ထပ်မံပြုလုပ်ရင်း အသက်ဆက်နိုင်ရန် မျှော်လင့်ချက် ရှိနေသေးသည်ဟု ဆိုရပေလိမ့်မည်။

ထိုအရေးကို ရတက်မအေးရသူများမှာ လက်ရှိ နိုင်ငံရေးအခင်းအကျင်း ဖြစ်ပေါ်လာရန် အပြင်းအထန် ဝေဘန်ခံ၊ သြဘာပေးခံရင်း ကြိုးပမ်း လာရသူများ ဖြစ်သည်။ ကျောင်းသားခေါင်းဆောင်နှင့် ရဲရဲတောက် လူစွမ်းကောင်းအချို့၏ လုပ်ရပ်တွေကို ရင်တမမနှင့် ကြည့်နေရပြီ။ သရက် အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ၉၆ ကျောင်းသားတစ်ဦးက ထောင်မှလွတ်လွတ်ချင်း ထောင်ရှေ့တွင်ပင် ထောင်ထဲတွင် ကျန်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားများ ဆက်လက်လွတ် မြောက်ရန် ကြိုးပမ်းသွားမည်၊ “ကျန်ရှိအကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေး၊ ထောင်ထဲမှာ ဒို့လူတွေ ကျန်သေးတယ် ဟုတ်တယ်၊ ဟုတ်တယ်” ဟု ကြွေးကြော်သွားသည့် ဇာတ်ကွက်မှာ ယခုကဲ့သို့ နိုင်ငံရေးအပြောင်းအလဲကို အားရဝမ်းသာဖြစ်၍ လမ်းကြောင်းမှန်သို့ ရောက်နေပြီဟု ပီတိပွားမည်ကြံစ နိုင်ငံရေးအင်အားစုများနှင့် ပြည်သူတို့အတွက် နှလုံးရောဂါပင် ရလောက်သည့် ဇာတ်ကွက် ဖြစ်သည်။

“လမ်းကြောင်းပေါ်ကတော့ တင်တာပဲလေ၊ မားသားကြီးတုန်းကတော့ အခြေအနေကိုရိပ်မိပြီး ပြန်ဆင်းလာနိုင်တယ်၊ ဘရားသားကြီးကတော့ ပြန်ဆင်းနိုင်မလား ဆိုတာပဲကြည့်ရမယ်”

အထက်ပါ စကားကို ၉၆ကျောင်းသားမျိုးဆက်မှ ထောင်ဒဏ် ၁၃နှစ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ ၉၆ကျောင်းသားတွေမှာ ၈၈ ကျောင်းသားတွေထက် စာဖတ်ချိန်ပိုရလိုက်ကြ၍ အခြေအနေကို အလျင်အမြန် သုံးသပ်နိုင်စွမ်း ရှိပြီး သဘောပေါက်လွယ်ကြသည်ဟု ဆိုရမည်လားမသိ။

ရယ်ဒီကယ်တို့အနေဖြင့် ယင်းတို့၏ထုံးစံအတိုင်း လူထုကိုလမ်းပေါ်တင်ရန် ကြိုးစားကြပေလိမ့်ဦးမည်။ ယခင်က စစ်အစိုးရ ဆန့်ကျင်ရေး၊ နောက် ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အရပ်သားအစိုးရအမည်ခံ စစ်အစိုးရဆန့်ကျင်ရေးတို့ဖြင့် လမ်းကြောင်းကို ဆက်လက်ပျိုးယူလာခဲ့ကြရာ ယခု အချိန်တွင် အဓိကနိုင်ငံရေးမဏ္ဍိုင်တစ်ခုဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲလမ်းကြောင်းထဲ ရောက်သွားပြီဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးပါပြုလုပ်ရန် လိုအပ်လာပြီဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ လူထုအကြား လေးစားမှုရပြီးဖြစ်သည့် ခေါင်းဆောင် တစ်ဦးကို အလျှင်အမြန် စင်တင်လိုက်ကြခြင်းဖြစ်သည်။  ဆိုရလျှင် အဆိုးတွေကင်းစင်၍ အကောင်းဘက်သို့ဦးတည်စ မြန်မာ့နိုင်ငံရေးကို ဇာတ်နာကြီးထဲ ပြန်မတိုးစေချင်တော့သည်မှာ စာရေးသူသာမက မြန်မာနိုင်ငံသား အားလုံး၏ဆန္ဒပင် ဖြစ်ပါလိမ့်မည်။ ထို့ပြင် လူထု၏ ထောက်ခံမှုကိုရသော ခေါင်းဆောင်တွေ ထိပ်တိုက်တိုးလျှင် အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ဖို့ရှိသည်။ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမြအေးက ဗိုလ်ချုပ်ကြီး ဟောင်းဦးခင်ညွန့်ကဲ့သို့ ပုဂ္ဂိုလ်မျိုးပင်လျှင် တိုင်းပြည်အတွက်အသုံးဝင်ကြောင်း သဘောထားကြီးစွာ ထောက်ပြခဲ့သည်ဖြစ်ရာ နိုင်ငံအတွက် အရည်အချင်းရှိသူတွေ ညီညွတ်ကြဖို့ ကောင်းသည်ဟု ရိပ်မိနိုင်ကြပါလိမ့်မည်။

မားသားကြီးတော့ အလုပ်မဖြစ်တဲ့ လမ်းကြောင်းပေါ်က ဆင်းသွားပြီ၊ ဘရားသားကြီးလည်း အခြေအနေကို အလျင်အမြန် သုံးသပ်နိုင်၍  ရယ်ဒီကယ် လမ်းမှ အမြန်ဆင်းစေလိုပါသည်။

*****************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၈.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ကူးတို့ဆိပ် မီးလောင်ပေါက်ကွဲမှု၏ အကြောင်းရင်းကို ထုတ်ပြန်မည်မဟုတ်
  2. ၂၀၁၄ မှ စတင်၍ မြန်မာနိုင်ငံ လူဦးရေ စာရင်းပြန်လည်ကောက်ခံမည်
  3. မြန်မာနိုင်ငံရှိ ဂြိုလ်တုစနစ်ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အစ္စရေးဆွေးနွေး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. KIO နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှု ဆွေးနွေးရေးအဖွဲ့တို့ ဆွေးနွေးမည်
  2.  ရွှေညဝါဆရာတော်အား ငြိမ်းချမ်းစွာ ဖြေရှင်းရန် ၈၈ ကျောင်းသားများ အကြံပြု
  3. NLD  ပါတီအနိုင်ရရေး ဒေါ်အောင်ဆန်းစုကြည် လှုံ့ဆော်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ကူးတို့ဆိပ် မီးလောင်ပေါက်ကွဲမှု၏ အကြောင်းရင်းကို ထုတ်ပြန်မည်မဟုတ်

ရန်ကုန်တစ်မြို့လုံး တုန်လှုပ်ခဲ့ရပြီး မီးသတ်ဝန်ထမ်းနှင့် ပြည်သူများစွာ သေဆုံးခဲ့ရသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၏ မီးလောင်ပေါက်ကွဲမှုအကြောင်းရင်းကို ထုတ်ပြန်မည်မဟုတ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကိစ္စရပ်များကို လုပ်ကိုင်နေသူ အထူးစုံစမ်းရေး ဦးစီးဌာနမှ အရာရှိကြီးတစ်ဦးက ပြောကြားသည်။

အီလက်ထရောနစ်ပစ္စည်းများ ထားရှိသည့်ဂိုထောင်တွင်  ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှု စတင်ခဲ့ပြီး၊ ယင်းဂိုထောင်ဘေးရှိ ပရဆေးနှင့် ဓာတုပစ္စည်းများ ထားရှိရာဂိုထောင်အား မီးဆက်လက်ကူးစက်ရာမှ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ ဦးစီးသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့နှစ်ခုလုံးသည် ပေါက်ကွဲသည့်အကြောင်းရင်းကို တွေ့ရှိပြီးဖြစ်သည်။

“လူကြီးတွေက မထုတ်ပြန်နဲ့လို့ အကြောင်းကြားတဲ့အတွက် မထုတ်ပြန်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောစရာ မရှိပါဘူး”ဟု ယင်းအရာရှိက ဆိုသည်။

အဆိုပါ မီးလောင် ပေါက်ကွဲမှုကြောင့် မီးသတ်သမား ၄ဦး အပါအဝင် ကူးတို့ဆိပ်ရပ်ကွက်နေ ပြည်သူ ၁၈ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

“ဒီကိစ္စကို သတင်းထုတ်ပြန်ဖို့ ကောင်းတယ်။ ဒီလို သတင်းမထုတ်ပြန်ခြင်းဟာ အစိုးရအပေါ် ပြည်သူလူထုက အထင်မှားစေ နိုင်တယ်”ဟု ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်၏ အယ်ဒီတာတစ်ဦးက သုံးသပ်သည်။

အဆိုပါ ပေါက်ကွဲမှုသည် ယင်းနေရာတွင် သိုလှောင်ထားသည့် ခဲယမ်းမီးကျောက်တချို့၏ ဓာတ်ပြုပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူ အချို့က သုံးသပ်ကြသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

၂၀၁၄ မှ စတင်၍ မြန်မာနိုင်ငံ လူဦးရေ စာရင်းပြန်လည်ကောက်ခံမည်

လာမည့် ၂၀၁၄ ခုနှစ်မှ စတင်၍ နှစ်ပေါင်း ၃၀ ကျော်ကြာ ကောက်ခံခြင်းမပြုခဲ့သည့် မြန်မာနိုင်ငံ လူဦးရေ စာရင်းအား ပြန်လည်ကောက်ခံမှုများ ပြုလုပ်၍ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လာမည့် ၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံရှိ လူဦးရေစာရင်းကောက်ခံ ထုတ်ပြန်ကြေညာနိုင်ရန် မကြာသေးမီကာလအတွင်းက ဗပိာု သန်းခေါင်စာရင်း ကော်မရှင်အဖွဲ့အား ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ လူဦးရေ သန်းခေါင်စာရင်း ကောက်ခံနိုင်ရန် ကိစ္စရပ်အား ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) အပါအဝင် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းမြောက်မြားစွာဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ လူဦးရေသန်းခေါင်စာရင်းကောက်ခံမှုများကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်နှင့် ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် နောက်ဆုံးကောက်ခံခဲ့ပြီး နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၏ လူဦးရေသန်းခေါင်စာရင်း ဆက်လက်ကောက်ခံခြင်း မရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း၌ မြို့နယ် ၂၄ မြို့နယ်ကို စံယူ၍ လူဦးရေစာရင်း ကောက်ခံမှုများမှာ စာရင်းအရ မြန်မာနိုင်ငံ လူဦးရေမှာ ၆၀ ဒဿမ ၃၈ သန်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လူဦးရေတိုးပွားမှုနှုန်းများကို ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိတိုင် တစ်နှစ်လျှင် ၂ ဒဿမ ၀၂ ရာခိုင်နှုန်းဖြင့် တွက်ချက်ခဲ့သော်လည်း လက်ရှိ မြန်မာနိုင်ငံရှိ လူဦးရေမှာ ၆၀ ဒဿမ ၃၈ သန်းဖြစ်သည့်အတွက် အမှန်တကယ် လူဦးရေတိုးနှုန်းသည် လျော့နည်းနေဖွယ်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံရှိ ဂြိုလ်တုစနစ်ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အစ္စရေးဆွေးနွေး

မြန်မာနိုင်ငံရှိ ဂြိုလ်တုစနစ် ဆက်သွယ်ရေးနှင့် အခြားသော ဆက်သွယ်ရေးလုပ်ငန်းမျိုးစုံတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် အစ္စရေးနိုင်ငံမှ ဂြိုလ်တုဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် GILAT Satcom ကုမ္ပဏီမှ မြန်မာနိုင်ငံသို့ လာရောက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ ကိုယ်ပိုင်ဂြိုလ်တု လွှတ်တင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အစ္စရေးနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန် မြန်မာနိုင်ငံရှိ စီးပွာရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအပါအဝင် အခြား သက်ဆိုင်ရာ ဝန်ကြီးဌာန များသို့ သွားရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံရှိ ဂြိုလ်တုဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် GILAT Satcom ကုမ္ပဏီ၏ မြန်မာနိုင်ငံသို့ ယခုတစ်ကြိမ် လာရောက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာအစ္စရေးသံရုံး၏ အကူအညီဖြင့် ယခုကဲ့သို့ မြန်မာဝန်ကြီးဌာနများသို့ သွားရောက် ဆွေးနွေးခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအချိန်မှ စတင်၍ မြန်မာနိုင်ငံအတွင်းသို့ အစ္စရေးနိုင်ငံ၏ GILAT မလွတ်တမ်းဝင်ရောက်လာပါက မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဂြိုလ်တု စနစ်ကဏ္ဍများတွင် ပို၍အဆင်ပြေသွားစေနိုင်မည်ဖြစ်ကြောင်း GILAT ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ အီလက်ထရောနစ်ပညာရှင်တစ်ဦးကလည်း “မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဂြိုလ်တုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ အစ္စရေးနိုင်ငံက ကမ်းလှမ်းလာတယ်ဆိုတဲ့ကိစ္စက တော်တော်ကောင်းပါတယ်။ မြန်မာနိုင်ငံပာာ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် နည်းပညာမှာ တော်တော်လေး အားနည်းနေသေးတာကို တွေ့ရပါတယ်။ ဒီလိုမျိုး တခြားနိုင်ငံက မြန်မာနိုင်ငံမှာ နည်းပညာရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ ကြိုဆိုသင့်တာပေါ့ဗျာ” ပာု ပြောကြားခဲ့ သည်။

Ref:ပြည်မြန်မာ

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

KIO နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဆွေးနွေးရေး အဖွဲ့တို့ ဆွေးနွေးမည်

မြန်မာအစိုးရတပ်များနှင့် ၈ လခန့်ကြာ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အဖွဲ့နှင့် ဦးအောင်သောင်းနှင့်မီးရထား ဝန်ကြီး ဦးအောင်မင်းတို့ ခေါင်းဆောင်သည့် ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်အဖွဲ့တို့သည် မကြာမီရက်ပိုင်းအတွင်း တရုတ်နိုင်ငံတွင် ဆွေးနွေးရန် ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကာ ကေအိုင်အိုဘက်မှ ယခင်ကတည်းက ဖွဲ့စည်းထားသည့် ဗဟိုကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုဆွေးနွေးမှုနှင့် ပတ်သက်၍ ကေအိုင်အိုအဖွဲ့မှ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ကာ ကချင်ပြည်သူများကို အသိပေးခဲ့သည်။

“ကျွန်တော်တို့ စစ်ပွဲတွေ အဆုံးသတ်ဖို့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြမှာပါ”ဟု ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောကြားသည်။

ကေအိုင်အိုနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့၏ ထပ်မံတွေ့ဆုံဆွေးနွေးမှုသည် အောင်မြင်ရန် မျှော်လင့်ကြောင်း ကေအိုင်အို ဒု-ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာက ဆိုသည်။

ထို့ပြင် နိုင်ငံတော်သမ္မတသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့၌ ကချင်ပြည်နယ်အတွင်း ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တို့အကြား ထိုးစစ်များ ရပ်တန့်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သို့ ညွှန်ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

 ရွှေညဝါဆရာတော်အား ငြိမ်းချမ်းစွာ ဖြေရှင်းရန် ၈၈ ကျောင်းသားများ အကြံပြု

မန္တလေးတိုင်းဒေသကြီးရှိ NLD ရုံးတွင် တရားဟောကြားမှုနှင့် ပတ်သက်၍ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ အရေးယူရန် ပြင်ဆင်နေသည့် ကိစ္စရပ်အား ငြိမ်းချမ်းစွာဖြေရှင်းပါရန် ရွှေည၀ါဆရာတော်  ဦးပညာ သီဟအား ၈၈မျိုးဆက်ကျောင်းသားများက ဇန်န၀ါရီလ ၁၈ ရက် နေ့တွင် အကြံပြုလိုက်သည်။

ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားများသည်  ဇန်နဝါရီလ ၁၈ရက်နေ့ ညနေ ငါးနာရီတွင် ကြည့်မြင်တိုင်မြို့နယ်၊ နတ်စင်လမ်းရှိ သာဓုကျောင်းတိုက်ဝင်းအတွင်းရှိ ရွှေညဝါဆရာတော်အား သွားရောက်ဖူးမြော်ကာ အကြံဥာဏ်ပေးခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၁၉ ရက်တွင် ရွှေညဝါ ဆရာတော်အား ယင်းကိစ္စနှင့်ပတ်သက်၍ တိုင်းသံဃာ့မဟာနာယကမှ ဆင့်ခေါ်ထားကြောင်း သိရသည်။

“အရှင်ဘုရား ဒီကျောင်းက ဖယ်ရှားပေးရရင်လည်း တပည့်တော်တို့ ရန်ပုံငွေရှာပြီး တစ်နေရာရာမှာ ကျောင်းဆောက်ပြီး အရှင်ဘုရားကို လှူပါ့မယ်။ ဒီအတွက် တပည့်တော်တို့ အနုပညာအလုပ်ကို လုပ်သင့်ရင်လည်း လုပ်ပါ့မယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ရွှေညဝါ ဆရာတော် ဦးပညာသီဟအား လျှောက်ထားသည်။

ရွှေညဝါ ဆရာတော်အနေဖြင့် ၈၈ မျိုးဆက်ကျောင်းသားများ၏ လျှောက်ထားချက်သည် တရားဓမ္မနှင့်လည်း ကိုက်ညီသဖြင့် လက်ခံရန် ဆုံးဖြတ်ပြီး အကောင်းဆုံး၊ အသိမ်မွေ့ဆုံးနည်းလမ်းဖြင့် ရင်ဆိုင်မည်ဖြစ်ကြောင်း သတင်းမီဒီယာများအား ပြောကြားသည်။

ရွှေညဝါ ဆရာတော် ကြုံတွေ့နေရသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားမှာ ထပ်တူကျကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

NLD  ပါတီအနိုင်ရရေး ဒေါ်အောင်ဆန်းစုကြည် လှုံ့ဆော်

ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီ အောင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လှုံဆော်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၁၀ ရက်ကျော်မှသာ လုပ်ဆောင်ရမည် ဖြစ်သဖြင့် ပါတီ ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က လှုံဆော်ပေးနေခြင်းဖြစ်ကြောင်း သူမက ဆိုသည်။

ဇန်န၀ါရီလ ၁၇ ရက်နေ့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ပြုလုပ်ခဲ့သည့် မြို့နယ်ရုံးဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် NLD ကိုယ်စားပြု၍ ယင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ဒေါ်ဖြူဖြူသင်းအား မဲပေးကြပါရန် လူံ့ ဆော်ခဲ့သည်။

“အရေးကြီးတာက မဲထည့်ဖို့ပါ။ကျွန်မတို့ ပြည်သူပြည်သားတွေဟာ ကိုယ့်ကံကြမ္မာ ကိုယ်ပိုင်ပြီဆိုပြီး မဲပေးကြပါ။ မဲပေးတဲ့ နေရာမှာလည်း ဖြူဖြူ့ကို မဲပေးကြပါ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယင်း မိန်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

NLD ပါတီ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအပြည့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ကိုယ်စားလှယ်စရိတ် မတတ်နိုင်ပါက ပါတီမှကုန်ကျခံမည်ဖြစ်ကြောင်း သိရသည်။

ယင်းပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် တစ်ကြိမ်၊ ဇန်နဝါရီလ ၁၇ ရက် နေ့တွင် တစ်ကြိမ် ထုတ်ပြန်ခဲ့သည်။

YC(KS)

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဦးခင်ညွှန့်က အရင်ကနိုင်ငံမှာခေါင်းဆောင်တစ်ရောက်အနေနဲ့ ပါဝင်းခဲ့တာပေါ့။ သူ့ကို ကျွန်တော်တို့က reform Leader လို့ မြင်ကြတယ်။ တချို့ကတော့ reform Leader လို့ မမြင်ဘူးပေါ့။ သူက နိုင်ငံရေး Player  တစ်ယောက်အနေနဲ့လည်း ဖြစ်လာနိုင်တယ်။ သူပျောက်နေတာ ၂၀၀၄ ခုနှစ်လောက်က ဆိုတော့ အခုလို (၇) နှစ်ကြာပြီ။ ဒီ (၇)နှစ်အတွင်းမှာသူရဲ့ စိတ်က ဘယ်လိုရှိမယ်ဆိုတော့ အခုဆိုရင် (၇)နှစ်ကြာပြီ။ ဒီ (၇)နှစ်အတွင်းမှာ သူရဲ့ စိတ်က ဘယ်လိုရှိမယ်ဆိုတာ ကျွန်တော်တို့ မသိဘူးပေါ့။ နိုင်ငံရေးသဘောအရ ကြည့်မယ်ဆိုရင် နိုင်ငံရေးလောကမှာ သူပြန်ပေါ်လာမလား၊ ပြန်လှုပ်ရှားမလား ဆိုတာ သူရဲ့ဆန္ဒအပေါ် မူတည်တယ်။ သူ့ရဲ့အသံကတော့ သြဇာရှိအုံးမှာပေါ့။ သူက ဘာပြောလိုက်တယ်၊ ဘာလုပ်လိုက်တယ်ဆိုတာ လူတွေက စိတ်ဝင်စားကြအုံးမှာပဲ။ သူဝင်လာလို့ အကောင်းအဆိုးဖြစ်လာမလားဆိုတာ ဘောလုံးသမားတွေ အစီအစဉ်တင်သလို ပြောရမယ်ဆိုရင်  ကျွန်တော်တို့ စောင့်ကြည့်ရအုံးမှာပေါ့”

ဇန်နဝါရီ ၁၃ ထုတ် The STREET VIEW ဂျာနယ်တွင်ပါသည့် “လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ဝမ်းသာပီတိစကားသံများ” သတင်းမှ ဇေယျသူ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ငွေလဲနှုန်းတစ်မျိုးတည်း ပေါင်းစည်းရေးကိစ္စ အရင်လုပ်နေတယ်။ ပေါင်းစည်းတာကတော့ ဒီနှစ်ထဲဖြစ်နိုင်ပါတယ်။ ငွေလဲနှုန်း ပြုပြင်ပြေင်းလဲဖို့ကတော့ အချိန်နည်းနည်းယူရမယ်။ ဥပဒေပိုင်းရောမူဝါဒပိုင်း၊ မက်ခရိုစီးပွားရေး ပတ်ဝန်းကျင်တစ်ခုလုံး ပြန်ပြင်ဆင်ဖို့လိုတာကြောင့် လာမယ့် ဘဏ္ဍရေးနှစ်လယ် ပိုင်းလောက်ထိ လုပ်နိုင်ဦးမယ်မထင်ဘူး။ ပြောင်းလဲ ချိန်မှာ တော့ နှုန်းထားက နှုန်းရှင်ပဲဖြစ်မှာပါ”

ဇန်နဝါရီ ၁၈ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၁၆) တွင်ပါသည့် “မြန်မာနိုင်ငံတွင် နှုန်းထားအမျိုးမျိုး ဖြစ်ပေါ်နေသော ငွေလဲနှုန်းကိုတစ်မျိုးတည်းအဖြစ် ၂၀၁၂ ခုနှစ်အတွင်းပေါင်းစည်းသွားမည်” သတင်း မှ နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ ခေါင်းဆောင် ဦးမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ရပ်တည်သွာဖို့ ရှိပါသလား။

ဖြေ- ပါတီနိုင်ငံရေးတို့၊ အမျိုးသား နိုင်ငံရေးတို့ အာဏာနိုင်ငံရေးတို့ အဲဒီလိုခွဲခြားရမယ့် ကိစ္စမဟုတ်ဘူးလို့ ကျွန်တော်မြင်တယ်။ သေချာတာ တစ်ခုကတော့ အားလုံးလုပ်ကြတာကတော့ အမျိုးသားနိုင်ငံရေးကိုပဲ လုပ်ကြတာပေါ့။ ပါတီနိုင်ငံရေးတာက ပုံစံတစ်ခုပေါ့။ အစုအဖွဲ့သဘောနဲ့ နိုင်ငံရေး ပါတီဆိုတာလည်း ဖြစ်ချင်ဖြစ်မယ်။ အသင်းအဖွဲ့ပုံစံ ဖြစ်ချင်လည်းဖြစ်မယ်။ အဲဒီလိုချဉ်းကပ်ကျတာပဲ။ အဲဒီမှာအာဏာဆိုတာကတော့ အမျိုးသား နိုင်ငံရေးကို အစုအဖွဲ့တစ်ခုက ဘယ်လိုမောင်းနှင်ကျင့်သုံးလဲဆိုရင် သေချာတာက အာဏာနဲ့မှရမှာ။ အဲဒီတော့ ဒီသုံးခုလုံးကတစ်ခုတည်းပဲ ရှိတယ်။ အဲဒီလိုခွဲခြားပြီး ပြောတာကိုတော့ ကျွန်တော်ဘဝင်မကျဘူး။ ဒါပေမဲ့ နောက်တစ်ခုကလွှတ်တော်ကိုသွားမယ်ဆိုရင်တော့ ရွေးချယ်တင် မြှောက်ခံရဖို့တော့ လိုတာပေါ့။ အဲဒီလိုပဲလွှတ်တော်အတွင်းမှာလုပ်မှာလား။ လွှတ်တော်ပြင်ပမှာ လုပ်မှာလားဆိုတဲ့ အခြေအနေ နှစ်ရပ်ပဲရှိတာပေါ့။ အဲဒါကိုပဲ တစ်ဦးချင်းစီ စဉ်းစားထားချက်တွေ ရှိပေမယ့်လည်း အဖွဲ့ရဲ့ဆုံးဖြတ်ချက်အတိုင်း လုပ်မှာပါ။ ကိုယ့် စိတ်ထဲမှာ စဉ်းစားထားတာကတော့ လွှတ်တော်တွင်းမှာပဲ လုပ်လုပ်၊ လွှတ်တော်ပြင်ပမှာပဲ လုပ်လုပ်၊ Civil Society ခိုင်မာမှ ဒီမိုကရေစီအားကောင်းမှာ။ ချည့်နဲ့နေရင် အားမကောင်းဘူး။ ဒီလူတွေ အားလုံးဟာအရည်အသွေး၊ အရည်အချင်းမြင့်နေဖို့ လိုတယ်။ ဒါကို မြှင့်တင်ဖို့ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို ကျွန်တော် စိတ်ဝင်စားတယ်။

ဇန်နဝါရိ ၁၉ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၇၈) တွင်ပါသည့် “ကိုဂျင်မိ၊ မနီလာသိန်းနှင့် တွေ့ ဆုံခြင်း” မှ ကောက်နှုတ်ချက်

*****************************************

 

                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs