Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၁.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြည်ထုတ်မယ့် အမယ်ဘုတ်ချည်ခင် အပိုင်း(၁)

*****************************************

ဆောင်းပါးကဏ္ဍ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြည်ထုတ်မယ့် အမယ်ဘုတ်ချည်ခင် အပိုင်း(၁)

အောင်မောင်း

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းမှ အစိုးရဝန်ထမ်းများအား သင့်တော်သည့် လစာတိုးမြှင့်ပေးရေးနှင့် အကျိုးမရှိသည့် စီမံကိန်းများ ရပ်တန့်ရန် တင်သွင်းခဲ့သည့် ဥပဒေကြမ်းသည် မြန်မာအစိုးရ ခေါင်းဆောင်များ အနေဖြင့် ခေတ်အဆက်ဆက်က စေတနာအမှား၊ ဆန္ဒအမှား၊ ဆုံးဖြတ်ချက်အမှားများကို ရှင်းရှင်းလင်းလင်းသိမြင်နေပြီး ပြုပြင်ပြောင်းလဲရေးများအတွက် ကြိုတင်စဉ်းစားထားကြောင်း ထုတ်ဖော်ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။ အစိုးရသစ်လက်ထက်တွင် ကောင်းမွန်သော အပြောင်းအလဲများကို အရှိန် အဟုန်မြှင့် လုပ်ဆောင်လာသည်ဖြစ်ရာ အစိုးရအတွင်း၌ အပြောင်းအလဲလိုလားသည်ဟု ရှုမြင်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် လွှတ်တော် များ၏ အခန်းကဏ္ဍကို ပိုမိုမြင့်မားလာရန်နှင့် ပြည်သူတို့၏ဆန္ဒကို ကိုယ်စားပြုသော လွှတ်တော်များဖြစ်ပေါ်လာရေးအတွက် တစ်စိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်နေမှုများကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ထိုက်ပါသည်။ ယခုကိစ္စသည် သမ္မတကြီးမှ ပင်စင်လစာများတိုးမြှင့်ပေးခဲ့သည့် စေတနာ မှန်ကန်သည့် လုပ်ရပ်နှင့်လည်း များစွာတူညီမှုရှိပါသည်။ သို့ရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ စေတနာနောက်ကွယ်တွင် ကြီးမားသော ရှုပ်ထွေးမှု ကြီးများကို ရင်ဆိုင်နိုင်ရဖွယ်လည်းရှိပါသည်။ ယိုယွင်းနေသော ဗျူရိုကရေစီစနစ်၊ နိမ့်ကျနေသည့် ပညာရေးစနစ်၊ တည်ငြိမ်မှု မရသေးသည့် ငွေကြေးစနစ်၊ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ပြုရေး၊ ခြစားမှုတိုက်ဖျက်ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး၊ အနည်းဆုံး လုပ်ခလစာသတ်မှတ်ရေး စသည်ဖြင့် မြောက်များစွာသော ပြဿနာပေါင်းစုံသည် အမယ်ဘုတ်၏ ချည်ခင်ကဲ့သို့ပင် ရှုပ်ထွေးလွန်းလှပြီး ထိုအရှုပ်ထုပ်ကြီးကို ရဲရဲဝံ့ဝံ့ ဖြေရှင်းရန် ဦးဆောင်တာဝန်ယူလိုက်သည့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၏ စေတနာကိုလည်း များစွာမှပင် ကျေးဇူးတင်ရမည်လည်း ဖြစ်ပါသည်။

တော်လှန်ရေးကောင်စီလက်ထက်၊ တပ်မတော်အစိုးရလက်ထက်တို့၌ ဗဟိုဦးစီးစနစ်၏ ရှုပ်ထွေးလှသော ဗျူရိုကရေစီယန္တရား၊ မည်သည့် ကြားနာ စစ်ဆေးမှုမျှမပါသည့် (တစ်ခါတစ်ရံတွင် ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်းပင် မပြုသည့်) ဥပဒေများ၊ အထက်အောက် ဆက်သွယ်ရေး ပြတ်တောက်မှု ကြောင့် အောက်ခြေအဆင့် ယိုယွင်းမှုများ၊ သားတူညီ ကောင်းစားရေး ပယောဂများကြောင့် မြန်မာနိုင်ငံ၏ ဗျူရိုကရေစီစနစ်မှာ သုံးမရအောင် ပျက်ယွင်း နေခဲ့သည်မှာ နှစ်ပေါင်း များစွာ ရှိခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံ ဗျူရိုကရေစီ စနစ်အနေဖြင့် အကြီးအကျယ် ရင်ဆိုင်နေရသည့် အချက်များကို လေ့လာ ဆန်းစစ်လျှင်

ဗျူရိုကရေစီ ယန္တရား၏ ယိုယွင်းမ

(၁) အဂတိ လိုက်စားမှု လွန်စွာကြီးမားနေခြင်း၊ မည်သည့် အစိုးရဌာနတွင်မဆို သတ်မှတ်ငွေကြေးနှုန်းထားထက် ပိုမိုပေးဆောင်နေရခြင်း

(၂) ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများမှအပ ကျန်ဝန်ကြီးဌာနများတွင် လိုအပ်သည်ထက် ဝန်ထမ်းအင်အား ပိုလျှံနေခြင်း၊ (အချို့သော ဝန်ထမ်းများမှာ မလိုအပ်ဘဲ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအရ၊ ဆွေမျိုးတော်စပ်မှုအရ ဆွဲခန့်ထားခြင်း၊ အဓိကအားဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တွေ့ရလေ့ ရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေသော လုပ်အားပေးဝန်ထမ်းများမှာ လစာမရသည့်တိုင် ကြားပေါက်ခေါ် အပိုကြေး ငွေမှာ သာမန်ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းထက်များပြားနေသဖြင့် ထိုနေရာကိုပင် ဝင်ရောက်လုပ်ကိုင်ချင်သည့် ဝန်ထမ်းမှာ အလွန်အမင်းများပြားနေခြင်း)

(၃) ဝန်ထမ်းရွေးချယ်ခန့်ထားရေးမှာ မူဝါဒလုပ်ငန်းစဉ်အတိုင်း မသွားတော့ဘဲ သားတူညီ၊ ဆွေမျိုးတပည့် ကောင်းစားရေးစသည့် လက်သင့်ရာ စားတော်ခေါ်မူဝါဒကြောင့် အရည်အချင်းနှင့် ကိုက်ညီသည့် ဝန်ထမ်းမရရှိတော့ခြင်း (ဤအချက်မှာ မြန်မာနိုင်ငံ၏ ပညာရေးကြောင့်ဟု ဆိုနိုင်စေကာမူ သတ္တဗေဒ၊ ရုက္ခဗေဒ၊ မြန်မာစာစသည့် ဘွဲ့ရဝန်ထမ်းများသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အင်ဂျီနီယာဌာန၊ ကြေးနန်းဌာနများတွင် ဝင်ရောက် လုပ်ကိုင်နေကြပြီး ဂျီတီအိုင်ဆင်းများ၊ အင်ဂျင်နီယာဘွဲ့ရများအတွက်လည်း နေရာဖန်တီးပေးနိုင်မှုမရှိသည်များက သာဓကအဖြစ်မြင်နိုင်သည်)

(၄) မလိုအပ်တော့သော ဦးစီးဌာနများ များပြားနေခြင်း ( ဥပမာ ပေးရလျှင် မ.ထ.သကဲ့သို့သော အဖွဲ့အစည်းမျိုးကို ကော်မတီများအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့စေကာမူ ယင်းအဖွဲ့အစည်းသည် အစိုးရဝန်ကြီးဌာနလက်အောက်ခံ အဖွဲ့အစည်းမဟုတ်ခြင်း၊ အခွန်အခများသည် ယင်းအဖွဲ့အစည်း များ၏ ဝန်ထမ်းများအတွက်သာဖြစ်ခြင်း၊ အကယ်၍ ယာဉ်လိုင်းများကို ထိန်းသိမ်းရန်ဆိုပါက ယာဉ်ထိန်းရဲနှင့် ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌာနများမှ လုပ် ဆောင်နိုင်သည်ဖြစ်၍ မ.ထ.သကို ဆက်ခံသည့်အဖွဲ့အစည်းမှာ အပိုဖြစ်နေခြင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ကြေးနန်းဌာနမှာ ခေတ်နှင့် လျော်ညီမှု မရှိတော့သည်ဖြစ်ရာ ထိုဝန်ထမ်းများကို ဆက်လက်ခန့်ထားရေးအတွက် PAC ဟု ခေါ်ဆိုသည့် အင်တာနက်စခန်းများ ဖွင့်လှစ်ရခြင်း၊ ထို့ပြင် အွန်လိုင်း ကြေးနန်းစနစ်ဟူသည့် မလိုလားအပ်သည့် အဆင့်တစ်ဆင့်ကို ပုံဖော်ပေးရခြင်း၊)

(၅) အထက်ပါ အချက်များကြောင့် ဗျူရိုကရေစီ စနစ်၏ လုပ်ငန်းစဉ်များ၊ လုပ်ပိုင်ခွင့်များ တိကျစွာ မရှိတော့ခြင်း၊ ရှိလျှင်လည်း လိုက်နာမှု အားနည်းသွားခြင်း( တစ်ခါတစ်ရံတွင် ညွှန်ကြားရေးမှူးအဆင့်လောက်ကသာ ဆုံးဖြတ်နိုင်သည့်ကိစ္စကို အောက်ခြေအဆင့်ဝန်ထမ်းမှ လာဘ်ငွေယူ၍ ဖြေရှင်းပေးနိုင်သလို၊ အောက်ခြေအဆင့် စာရေးနှင့် ပြီးပြတ်ရမည့်ကိစ္စကို ညွှန်ကြားရေးမှူးနှင့် လာဘ်ပေးလာဘ်ယူ ညှိနှိုင်းရသည်အထိ ကိစ္စရှည်ကြာ တတ်ခြင်း)

မြန်မာနိုင်ငံ၏ ဗျူရိုကရေစီစနစ်၏ ပျက်စီးယိုယွင်းမှုကို ပြုပြင်ရန်မှာ အမယ်ဘုတ်၏ချည်ခင်များထဲမှ တစ်စသာ ဖြစ်ပါလိမ့်ဦးမည်။ အရည် အချင်းနှင့် ထိုက်တန်သော ခေတ်ကာလနှင့် လျော်ညီသော ဝန်ထမ်းလစာများ တိုးပေးပြီးပါကလည်း  ခြစားသည့် ဝန်ထန်းများအား အလုပ်မှ ထုတ်ပယ်ခြင်း ထက်ပိုသော အရေးယူမှုများကိုလည်း ခေတ်နှင့် လျော်ညီ အောင် ပြုပြင်ရပါမည်။ ဝန်ထမ်းရွေးချယ်ခန့်ထားရေးအဖွဲ့များ၏ မူဝါဒများလည်း လူပုဂ္ဂိုလ်ထက် မူဝါဒကို ဇောင်းပေးရန် လိုအပ်ပါသည်။ ပိုလျှံဝန်ထမ်းများကို လျော့ချမည်ဆိုပါက အစိုးရတွင်လည်း ပြဿနာများစွာ ရှိနိုင်သည်ဖြစ်ရာ အခြေခံ အဆောက်အဦများ တည်ဆောက်ခြင်းကဲ့သို့သော အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းစေမည့် နိုင်ငံတည် ဆောက် ရေးလုပ်ငန်းများ( အကျိုးရှိမည့် စီမံကိန်းများ)လည်း ဖော်ဆောင်ရန် လိုအပ်ပါလိမ့်မည်။ ထိုကဲ့သို့ ဗျူရိုကရေစီစနစ်ကို စနစ်တကျ တည်ဆောက်ရန်အတွက်ပင်လျှင်  မူဝါဒအတိုင်း ကျင့်သုံးမည့် လုပ်ငန်းစဉ် ဖော်ဆောင်ရေး အစီအစဉ် များနှင့် တာဝန်ယူမည့် ပုဂ္ဂိုလ်များတွင်ပါ မူဝါဒအတိုင်း အလုပ်လုပ်နိုင် ရန် အစီအစဉ်ချရဦးမည်ဖြစ်ရာ ဗျူရိုကရေစီစနစ် ပုံစံချရန်ပင် ဗျူရိုကရေစီချင်း ရစ်ပတ်ယှက်နွယ်နေသည့် ရှုပ်ထွေးမှုများ သည်ပင်လျှင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ အဆိုကို စိန်ခေါ် နေသော ချည်ခင်တစ်စပင်ဖြစ်ပါသည်။

**********************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၁.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. လူငယ်များအား တက်ကြွတဲ့ပစ္စုပ္ပန်တွေဖြစ်ပါစေဟု Barcamp2012 ဖွင့်ပွဲတွင် ဒေါ်စု ပြောကြား
  1. သံဃာ့မဟာနာယကအဖွဲ့မှ သုံးကြိမ်တိုင်တိုင် ခေါ်ယူမှုအား ပျက်ကွက်သောကြောင့် အရှင်ဂမ္ဘီရအား တိုင်းရုံးမှ ခေါ်ယူ
  1. ပြည်သူ့ဆန္ဒစစ်တမ်းကောက်ယူ၍ ၅၀၀၀ တန်ဖုန်းကိစ္စ သမ္မတထံ တင်ပြမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်သည် ပါတီစည်းရုံးရေးအတွက် ကော့မှူးမဲဆန္ဒနယ်သို့သွားရောက်
  1. မြန်မာနိုင်ငံသို့ အာဆီယံအထွေထွေအတွင်းရေးမှူးလာရောက်မည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

လူငယ်များအား တက်ကြွတဲ့ပစ္စုပ္ပန်တွေဖြစ်ပါစေဟု Barcamp2012 ဖွင့်ပွဲတွင် ဒေါ်စု ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁၁ရက်နေ့တွင် လှိုင်မြို့နယ်ရှိ MIT part ၌ ပြုလုပ် ကျင်းပခဲ့သော Barcamp 2010 ဖွင့်ပွဲအခမ်းအနားအား မနက် ၈နာရီ၌ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး “လူငယ်နှင့် နည်းပညာ”ဆိုသည့် ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြား ခဲ့သည်ဟု သိရသည်။

ထိုသို့ ဖွင့်လှစ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် "ပညာဆိုတာ မမှန်မကန်တဲ့နည်းနဲ့ သုံးလိုက်ရင် အမှောင်ထု လည်း ဖြစ်သွားနိုင်တယ်။ ဒီနည်းပညာကို အလင်းရောင်ကဲ့သို့သုံးပြီး လောကကိုပိုပြီး အကျိုးပြုပါ။ ကျွန်မတို့နိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ယှဉ်ရင် နောက်မှာ ကျန်ရစ်ခဲ့တယ် ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒီနောက်မှာ ကျန်ရစ်ခဲ့တာကနေ ရှေ့တန်းကိုရောက်ဖို့ဆိုတာ အခုနည်းပညာ ကျွမ်းကျင်တဲ့ လူငယ်တွေ အများကြီးလိုတယ်။ အားလုံးဝိုင်းလုပ်ရမဲ့အထဲမှာ ဒီခေတ်မှီနည်းပညာတွေနဲ့သာ မြန်မြန်ဆန်ဆန် တိုးတက်အောင်လုပ်နိုင်ဖို့ အခွင့်အရေးတွေ ရှိတယ်။ အရင်တုန်းက ဒီနည်းပညာခေတ် မရောက်ခင်က မရှိတဲ့အခွင့်အရေးတွေကို ကျွန်မတို့ အခုရထားပြီး ကိုယ်ရတဲ့ အခွင့်အရေးတွေကို မှန်မှန်ကန်ကန်နဲ့ တန်ဖိုးရှိရှိဖြင့် အများအတွက်သုံးပါ။ အဲလိုသုံးလို့ရှိရင် အင်မတန်ကျေနပ်မှု ရရှိနိုင်တယ်ဆိုတာ ခေတ်ရှေ့ ပြေးနေတဲ့ နည်းပညာကိုသင်နေတဲ့ လူငယ်တွေဟာ အတိတ်ကိုလည်း မေ့လို့မရပါဘူး။ အတိတ်ကိုလည်း သိထားရမယ်။ သမိုင်းကိုလည်း သိဖို့လိုတယ်။ ဒါကြောင့်လူငယ်တွေဟာ အတိတ်နဲ့ အနာဂတ်ကိုဆက်ပေးတဲ့ တက်ကြွတဲ့ပစ္စုပ္ပန်တွေ ဖြစ်ပါစေ ” ဟု ပြောကြားသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပရိသတ်ပေါင်း ၂၅၀၀နီးပါးတက်ရောက်ခဲ့ပြီး ယင်း Barcamp 2012 အခမ်းအနားအား ဖေဖောဝါရီလ ၁၁ရက်နေ့နှင့် ၁၂ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်ဟုလည်း သိရသည်။

ထို့နောက် ၎င်းသည် Barcamp 2012 ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားပြီးသောအချိန်တွင် ၎င်း၏ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် ကော့မှူးမဲဆန္ဒနယ်အား ပါတီစည်းရုံးရေးအတွက် သွားရောက်မည်ဟု သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

သံဃာ့မဟာနာယကအဖွဲ့မှ သုံးကြိမ်တိုင်တိုင် ခေါ်ယူမှုအား ပျက်ကွက်သောကြောင့် အရှင်ဂမ္ဘီရအား တိုင်းရုံးမှ ခေါ်ယူ

ဖေဖော်ဝါရီလ ၁၀ရက်နေ့ မနက်စောပိုင်းတွင် အာဏာပိုင်များမှ လယ်တီဝိပဿနာကျောင်းတွင် ယာယီသီတင်းသုံးနေသည့် အရှင်ဂမ္ဘီရအား သံဃာ့ မဟာနာယကအဖွဲ့တိုင်းရုံးအပါအဝင် အာဏာပိုင်တစ်ချို့မှ ခေါ်ယူသွားခဲ့ပြီး ယင်းနေ့ ည၉နာရီအချိန်တွင် ပြန်လည်ရောက်ရှိလာခဲ့သည်ဟု သိရသည်။

၎င်းသည် သံဃာ့မဟာနာယကအဖွဲ့မှ ချိတ်ပိတ်ခံထားရသည့် မဂ္ဂင်ကျောင်းတိုက်တွင် ဝင်ရောက်သီတင်းသုံး နေထိုင်ခြင်းကြောင့် ထိုကျောင်းတွင် နေထိုင်သည့် သံဃာများအား ခေါ်ယူသတိပေးရာ၌ အရှင်ဂမ္ဘီရသည် သုံးကြိမ်တိုင်တိုင်ခေါ်ယူခြင်းအား ပျက်ကွက်မှုကြောင့် ဖြစ်သည်ဟု လယ်တီ ဝိပဿနာ ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် သံဃာတစ်ပါးထံမှ သိရသည်။

“လယ်တီကျောင်းတိုက်မှာ ခဏသီတင်းသုံးနေတဲ့ အရှင်ဂမ္ဘီရကို သောကြာနေ့က သံဃာ့မဟာနာယက ရန်ကုန်တိုင်းရုံးဌာနက သက်ဆိုင်ရာ တွေနဲ့ အရပ်ဝတ်အာဏာပိုင်တွေက လာပြီးခေါ်သွားတာ။ မနက်အစောကြီးပဲ လာခေါ်သွားတာ။ ပြီးတော့ သူတို့က ချိတ်ပိတ်ထားတဲ့ မဂ္ဂင် ကျောင်းတိုက်မှာ သီတင်းသုံး လို့ ခေါ်ရခြင်း ဖြစ်တယ်လို့ သိရတယ်” ဟု မိန့်ကြားသည်။

အရှင်ဂမ္ဘီရအား ချိတ်ပိတ်ထားသည့် မဂ္ဂင်ကျောင်းတိုက်တွင် နေထိုင်သီတင်းသုံးမှုကြောင့် သံဃာ့မဟာနာယကအဖွဲ့မှ ခေါ်ယူ သတိပေးမှုအား လာရောက်ခြင်း မရှိသောကြောင့် ဖြစ်သည်ဟုလည်း သိရပြီး ထိုနေ့ည ၉နာရီတွင် ပြန်ရောက်လာကြောင်းနှင့် ယင်းကျောင်းတိုက်အား မွန်းလွဲပိုင်း လောက်တွင် ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

“အရှင်ဂမ္ဘီရက ည၉နာရီမှာ ကျောင်းကိုပြန်ပြီး ရောက်လာခဲ့တယ်။ ပြီးတော့ မဂ္ဂင်ကျောင်းတိုက်ကိုလည်း မွန်းလွဲပိုင်းမှာ ပြန်ဖွင့်ခွင့်ပေး လိုက်တယ်”ဟု လယ်တီဝိပဿနာကျောင်းတိုက်တွင် သီတင်းသုံးနေသည့် သံဃာတစ်ပါးက မိန့်ကြားသည်။

အရှင်ဂမ္ဘီရသည် ဇန်နဝါရီ ၁၃ရက်နေ့၌ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် နယ်ထောင်တစ်ခုမှ ပြောင်းပြီး အင်းစိန်ထောင်မှ လွတ်မြောက်ခဲ့သည့် အကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည်ဟု လည်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ပြည်သူ့ဆန္ဒစစ်တမ်းကောက်ယူ၍ ၅၀၀၀ တန်ဖုန်းကိစ္စ သမ္မတထံ တင်ပြမည်

ရွှေပြည်တံခွန်ကုမ္ပဏီမှ ၅၀၀၀ ဖုန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စရပ်နှင့် ပတ်သက်၍ အလွှာအသီးသီးမှ အခြေခံ လူတန်းစား များ၏ စစ်တမ်းသဘောထားများကို ကောက်ယူပြီး နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများထံသို့ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်တွင်းလူမှုရေး လုပ်ငန်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရွှေပြည်တံခွန်ကုမ္ပဏီမှ ကျပ် ၅၀၀၀ ဖြင့် ပြည်သူများအားလုံး ဖုန်းသုံးစွဲရေး အကောင်အထည်ဖော်နိုင်ရန် နယ်ပယ်အသီးသီးမှ ဆန္ဒလက်မှတ်များအား ၂၀၁၂ ဇန်နဝါရီ ၂၀ မတိုင်မီကာလများကတည်းက ကောက်ခံခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ဆန္ဒမဲလက်မှတ် စစ်တမ်းရရှိသူဦးရေ တစ်သောင်း ဝန်းကျင်ခန့် ရှိလာပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၂ ဇန်နဝါရီလ ၃၀ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ရွှေပြည်တံခွန်၏ သတင်းစာရှင်းလင်းပွဲတွင် ရွှေပြည်တံခွန်မှ တာဝန်ရှိသူ တစ်ဦးက Simcard တစ်ခုအား ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချမည်ဆိုသော ရွှေပြည်တံခွန်ကုမ္ပဏီအနေဖြင့် မကြာခင်ကာလအတွင်း ရောင်းချပေး နိုင်ရန် နိုင်ငံတော်၏ မူဝါဒနှင့်အညီ အောင်မြင်အောင် စီမံကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရွှေပြည်တံခွန် ကုမ္ပဏီ၏ ကျပ် ၅၀၀၀ တန်ဖုန်းကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ရာတွင် လက်ရှိ အချိန်တွင် ကျပ် ၅၀၀၀ တန် Sim card ကိစ္စရပ်မှာ လက်ခံဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အတွက် ပြည်သူများအနေဖြင့် အချိန်ကာလ အတိုင်း အတာတစ်ခုသို့ စောင့်ဆိုင်းစေလိုကြောင်း ပြောကြားခဲ့သည်။

၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက “ခုလို ရွှေပြည်တံခွန်က ကျပ် ၅၀၀၀ တန်ဖုန်းတွေ ထုတ်ပေးမယ်ဆိုတဲ့ကိစ္စက ပြည်သူတွေ အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပဲလေ။ သူများနိုင်ငံတွေမှာတောင် လေယာဉ်ပေါ်ကဆင်းတာနဲ့ Sim Card က အလကား ရနေတာ။ ဒါကိုတောင် ဆက်သွယ်ရေးက ခွင့်မပြုဆိုတာတော့ တော်တော်အံ့သြတယ်” ပာု ပြောကြားခဲ့သည်။

YC

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒေါ်အောင်ဆန်းစုကြည်သည် ပါတီစည်းရုံးရေးအတွက် ကော့မှူးမဲဆန္ဒနယ်သို့သွားရောက်
ဖေဖော်ဝါရီ ၁၁ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မနက် ၁၁ နာရီကျော်တွင် သူမ၏ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးသို့ ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် နေ့ချင်းပြန်သွားရောက်ခဲ့ပြီးနောက် သန်းခေါင်စာရင်းဝင်ထားသည့် ဝါးသင်္ခကျေးရွာ တွင်လည်း မိန့်ခွန်းပြောကြားခဲ့သည်ဟု သိရသည်။
၎င်း၏ ကော့မှူးခရီးစဉ်တွင် ရန်ကုန်မှ ကားလမ်းဖြင့် သွားရောက်ခဲ့ပြီး နေ့လည် ၁၂နာရီခွဲတွင် ကွမ်းခြံကုန်းမြို့သို့ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ကော့မှူးမြို့နယ်အတွင်းရှိ ဝါးသင်္ခရွာသို့ နေ့လည် ၂နာရီကျော်တွင် ရောက်ရှိခဲ့သည်ဟု သိရသည်။
ထို့နောက် ၎င်းသည် သူမ၏ သန်းခေါင်စာရင်းဝင်ထားသည့် ရွာဖြစ်သည့် ဝါးသင်္ခရွာတွင် နေ့လည် ၃နာရီကျော်တွင် ၉မိနစ်ကြာ မိန့်ခွန်း ပြောသွားခဲ့ပြီး ယင်းမိန့်ခွန်းထဲတွင် “သူမအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်၍ အဓိကထားပြီးပြောချင်ပါတယ်။ လူငယ် ပညာတတ် များအတွက် အလုပ်အကိုင်များကို ဦးစားပေးလုပ်ကိုင် သွားမည်”ဟု ပြောကြားသည်။
“ဒီဝါးသင်္ခကျေးရွာက လူတွေကတော့ တော်တော်ကို ဂုဏ်ယူနေကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမေစုက ဒီမှာ သန်းခေါင်စာရင်း ဝင်လိုက်ခြင်းကြောင့် ဖြစ်တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လာမယ်လည်းဆိုကော တစ်ခြားပါတီတွေက လူငယ်တွေပါ လာပြီး ကြိုဆို ကြတယ်။ အနည်းဆုံးတော့ ဒီဝါးသင်္ခရွာကို ရောက်တဲ့အချိန်မှာ ပရိသတ်ပေါင်း ၈ထောင်နီးပါးလောက်လာပြီး ဒေါ်စုမိန့်ခွန်းပြောတဲ့နေရာကို လာပြီး အားပေး ကြတယ်”ဟု ယင်းခရီးစဉ်အား လိုက်ပါလာ သည့် NLDအဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။
ထို့ပြင် ၎င်းသည် ညနေ ၅နာရီခွဲတွင် ငှက်အော်စမ်းကျေးရွာတွင်ရှိသည့် ဘောလုံးကွင်းတွင် ဆက်လက်လိုက်ပါလာသည့် ဝါးသင်္ခကျေးရွာမှ ပြည်သူများနှင့် ငှက်အော်စမ်းကျေးရွာမှ ပြည်သူများအား “ကော့မှူးမြို့နယ်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို တတ်နိုင်သလောက် ကြိုးစား ပြီးတော့ ဖြေရှင်းပေးသွားပါ့မယ်လို့ ကတိပေးပါတယ်။ ပြီးတော့ ကလေးတွေ ပညာရေးအဆင့်မှီအောင်လုပ်ပေးမယ်၊ ဆင်းရဲမွဲတေမှု ပြဿနာတွေ ကိုလည်း ကြိုးစားပြီးတော့ ဖြေရှင်းပေးသွားမှာ ဖြစ်တယ်။ ယတိပြတ် ဖြေရှင်းပေးသွားမယ်လို့တော့ ကတိမပေးပါဘူး”ဟု ၁၅မိနစ်ကြာ မိန့်ခွန်းပြော ကြားသွားခဲ့ပြီး ရန်ကုန် သို့ ပြန်လည်ထွက်ခွာလာခဲ့သည်ဟု သိရသည်။
“ဒေါ်စုက ငှက်အော်စမ်းမှာ ကြိုဆိုနေတဲ့ လူတွေနဲ့ ဝါးသင်္ခရွာကနေပါလာတဲ့ လူတွေကို မိန့်ခွန်းပြောသွာတယ်ဗျ။ ပြီးတော့ ငှက်အော်စမ်းကနေ ၅နာရီခွဲလောက်မှာ ရန်ကုန်ကိုပြန်သွားတယ်။ အဲဒီလို ပြန်တဲ့လမ်းတစ်လျှောက်မှာလည်း လူတွေ အိုးစည်တွေနဲ့ပြန်ပြီး နှုတ်ဆက်ကြိုဆိုကြတယ်”ဟု ငှက်အော်စမ်းကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
ထိုသို့ အသွားလမ်းခရီးတစ်လျှောက်တွင်လည်း တွံတေး၊ ဒလနှင့် ဘုရားသုံးဆူ လမ်းဆုံတို့တွင် လာရောက်စောင့် ဆိုင်းကြိုဆိုနေကြပြီး အပြန်လမ်းတွင်လည်း  NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ငှက်အော်စမ်းကျေးရွာမှပြည်သူ လူထုမှ အိုးစည်ဒိုးပတ်ဖြင့် ကြိုဆိုနှုတ်ဆက် ခဲ့ကြောင်း သိရသည်။
၎င်းသည် ကော့မှူးမဲဆန္ဒနယ်သို့ ပါတီစည်းရုံးရေးမဆင်းခင် အချိန်ပိုင်းတွင်လည်း Barcamp 2012 ဖွင့်ပွဲအခမ်း အနားအား သွားရောက်၍ ဖွင့်လှစ်ပေးခဲ့ပြီး လူငယ်နှင့် နည်းပညာ ခေါင်းစဉ်ဖြင့် တက်ရောက်သည့် ပရိသတ် ၂၀၀၀ ကျော် အား မိန့်ခွန်း ပြောကြားခဲ့သည်ဟု သိရသည်။
ATM
--------------------------------------------------------------------------------------------------------------------------------

အာဆီယံအထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံသို့ လာရောက်မည်

လာမည့် ၂၀၁၄ တွင် မြန်မာနိုင်ငံမှ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည်ဖြစ်သည့်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် လက်ရှိ အာဆီယံအထွေထွေအတွင်းရေးမှူး ဒေါက်တာဆူရင်ပစ်ဆူဝမ်မှ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

၎င်း အာဆီယံအထွေထွေအတွင်းရေးမှူး ဒေါက်တာဆူရင်ပစ်ဆူဝမ် မြန်မာနိုင်ငံသို့လာရောက်ခြင်းမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြားမှုကြောင့် လာရောက်ခြင်းဖြစ်ပြီး နေပြည်တော်ရှိ အစိုးရတာဝန်ရှိသူများနှင့် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် ပြင်ဆင်ထားရှိမှုများကို တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၅ တွင် အာဆီယံနိုင်ငံများ၌ ဖြစ်ပေါ်လာမည့် အာဆီယံစီးပွားရေးအသိုက်အဝန်းတွင်လည်း အာဆီယံဈေးကွက်အတွင်း မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြင်ဆင်ထားရန်လိုအပ်ကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ် ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် ယခင် အပယ်ခံနိုင်ငံ တစ်နိုင်ငံအဖြစ်မှ နိုင်ငံတကာအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လာမည့် ၂၀၁၄တွင် မြန်မာနိုင်ငံအစိုးရမှ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူရန် ပေးအပ်ခြင်းခံထားရသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

ထို့ပြင် အာဆီယံ အင်တာနက်စာများပေါ်တွင် အာဆီယံ အထွေထွေအတွင်းရေးမှူး ဒေါက်တာဆူရင်ပစ်ဆူဝမ်မှ “အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ဖြစ်ထွန်းတိုးတက်မှုများတွင် မည်ကဲ့သို့ ပူးပေါင်းပါဝင်နိုင်မည်ကို သိရှိနိုင်ရန်နှင့် မြန်မာအစိုးရနှင့် မြန်မာပြည်သူတို့၏ သဘောထား အမြင် ရပ်တည်ချက်များကို နားထောင်နိုင်သည့် အခွင့်အရေးကို ၎င်းခရီးစဉ်က ပေးနိုင်လိမ့်မည်ပာု မျှော်လင့်ကြောင်း” ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၌ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ပြုလုပ်ခဲ့သည့် ၁၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံ အား လာမယ့် ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် အာဆီယံနိုင်ငံများက ဆုံးဖြတ်ခဲ့ ကြသည်။

Ref:မြန်မာပို့စ်(ဂလိုဘယ်)

 *****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

အများအမြင်သာဆုံးကို ပြောရလျှင် ယခင်က စာအုန်းဆီတင်သွင်းခွင့်ကို ကုမ္ပဏီတစ်ခုတည်းသို့ ချပေးထားပေးသဖြင့် စာအုန်းဆီဈေးမှာ အလွန်မြင့်တက်ခဲ့ပြီး ယခု ပြိုင်ဆိုင်တင်သွင်းစေသောအခါ ဈေးပြန်ကျသွားသည်ကို အထင်အရှား တွေ့နိုင်ပါသည်။ ကုမ္ပဏီတစ်ခုတည်း တင်သွင်းခွင့် ရသည့်ကာလတွင် အဆိုပါ ကုမ္ပဏီအနေဖြင့် မည်မျှမြတ်စွန်းသွားမည်ကို တွေးကြည့်နိုင်ပါသည်။ တယ်လီဖုန်းသည် ယခုအခါတွင် ဇိမ်ခံပစ္စည်း မဟုတ်တော့ဘဲ နေ့စဉ် လူမှုဘဝအတွက် မရှိမဖြစ် သုံးနေရသည့် ပစ္စည်းဖြစ်ပါသည်။ ထိုကြောင့် တယ်လီဖုန်းကိစ္စကို အပြိုင် အဆိုင်လုပ်ပိုင်ခွင့် ပေးခြင်းဖြင့် တယ်လီဖုန်းကတ်များကို ပြည်သူများ ဈေးသက်သာစွာဖြင့် သုံးစွဲခွင့်ရမည်ဖြစ်သည်။ အစိုးရ၏ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းဥပဒေများ အရ ချက်ချင်းပြောင်းလဲ မရသေးလျှင်လည်း ယခု မြန်မာ့ ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများကို သက်သာသောနှုန်းဖြင့် ရောင်းချသင့်ပါသည်။

ဖေဖော်ဝါရီ ၁၀ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၈) အမှတ် (၅၅၆) တွင်ပါသည့် ဆောင်းပါးရှင် မာဂျေ၏ “ငါးရဖို့ အဓိက” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကြားဖြတ်ရွေးကောက်ပွဲမှာဆိုရင် နေရာတွေကလည်း မများဘူး။ ဝင်ပြီးတော့ အရွေးခံလို့ ဘာထူးမှာလည်းလို့ တချို့ကပြောပါတယ်။ ဒါပေမယ့် ကျွန်မတို့ ကတော့ ဘယ်နေရာကပဲဖြစ်ဖြစ်ရတဲ့နေရာကနေပြီးတော့ ပြည်သူတွေရဲ့ အကျိုးကို အထိရောက်ဆုံးလုပ်ချင်တဲ့ဆန္ဒ ရှိပါတယ်။ ဒါကြောင့်မို့ ရှိတဲ့နေရာမှာ ဝင်ပြိုင်တာပါ။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်သွားတဲ့အခါ ပြည်သူတွေရဲ့ဆန္ဒကို တက်နိုင်သမျှ ဖြည့် ဆည်းပေးပါမယ်။ ကျွန်မတို့ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြိုင်တာဟာ အဓိက အချက်သုံးချက်ရှိပါတယ်။ တရား ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတာတွေပါ”

ဖေဖော်ဝါရီ ၁၀ ထုတ် Bi Weekly ELEVEN အတွဲ (၄) အမှတ် (၄၅) တွင်ပါသည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပုသိမ်၊ မြောင်းမြ ပါတီစည်းရုံရေးခရီးစဉ်၌ ထောက်ခံသူများနှင့် ပြည်သူများ တစ်ခဲနက် ကြိုဆို” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အမှန်ကတော့ ဘတ်ဂျက်နဲ့ ပတ်သက်ရင် ပြည်သူတွေသိသင့်သိထိုက်ပါတယ်။ ဘတ်ဂျက်ဆိုတာ ဂျီဒီပီနဲ့ ရော ထွေးပြီး နားလည်တတ်ကြပါတယ်။ တကယ်တော့ ဘတ်ဂျက်ဆိုတာက ရေခဲတုံးတစ်တုံးရဲ့ ရေပေါ်မှာပေါ်နေတဲ့ အစိတ်အပိုင်း တစ်ခုလောက်ပဲရှိပါတယ်။ နိုင်ငံတော်ပိုင်းက ပညာရေး၊ ကျန်းမာရေးတွေမှာ ဒါထက်များများ သုံးနိုင်ဖို့လိုသလို အခွန်ထမ်းပြည်သူတွေကလည်း အားလုံးပူးပေါင်းပါဝင်နိုင်ဖို့လိုပါတယ်။ အလားတူပဲ အခွန်ကို ကောက်ခံတဲ့နေရာမှာလည်း မျှမျှတတ အားလုံးလက်ခံနိုင်တဲ့ အနေအထားမျိုးဖြစ်အောင် ကောက်ခံနိုင်ဖို့လိုပါတယ်။ ဥပမာ တစ်ခုပြောရရင် wealth tax လိုဟာမျိုးလည်း လုပ်သင့်ပါတယ်။  နောက်တစ်ခုက ကျန်းမာရေး၊ ပညာရေးမှာ ပြန်သုံတဲ့အခါမှာ စုစုပေါင်းအသုံးစရိတ်ရဲ့ ၃၅ ရာခိုင်နှုန်းလောက်အထိ တောင် သုံးသင့်တယ်လို့ ကျွန်တော် ပြောဖူးပါတယ်။ အဲဒါက ဘယ်နိုင်ငံရဲ့ အနေအထားနဲ့ နှိုင်းယှဉ်ပြီးတော့ ဖော်ပြတာမျိုးမဟုတ်ပါဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားအရ ဒီကဏ္ဍတွေ တိုးသုံးဖို့လိုတယ်ဆိုတဲ့ အမြင်နဲ့ပြောတာပါ။ ဥပမာ ပညာရေးမှာဆိုရင် သက်ထောက်ကူပစ္စည်းတွေရဲ့ တန်ဖိုးဟာ အလွန်မြင့်ပါတယ်။ နောက်တစ်ခုက အခြေခံ ပညာနဲ့ အဆင့်မြင့်ပညာ ဆရာ၊ ဆရာမတွေရဲ့ လစာဟာ ကွာဟနေပါတယ်။ ဒီနေရာမှာ အခြေခံ ပညာက ဆရာ၊ ဆရာမတွေရဲ့ လစာကို တိုးပေးနိုင်ဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာပဲ ကာကွယ်ရေးအသုံးစရိတ်လိုဟာမျိုးဟာလည်း အရမ်းကြီး လျှော့ချလို့ မရတဲ့ အပိုင်းလည်း ရှိနိုင်ပါတယ်”

ဖေဖော်ဝါရီ ၁၀ ထုတ် Bi Weekly ELEVEN အတွဲ (၄) အမှတ် (၄၅) တွင်ပါသည့် “၂၀၁၂-၂၀၁၃ ဘဏ္ဍရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ၁၆ ရာခိုင်နှုန်းနှင့် ပညာရေး၊ ကျန်းမာရေးအသုံးစရိတ် ၁၂ ရာခိုင် နှုန်းဝန်းကျင် လျာထားကြောင်း သိရှိရ” သတင်းမှ ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs