Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၀.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ငါးရဖို့က အဓိက

*******************************

ဆောင်းပါးကဏ္ဍ

ငါးရဖို့က အဓိက

မာဂျေ

(ဖေဖော်ဝါရီ ၁၀ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၈) အမှတ် (၅၅၆) မှ ထုတ်ယူဖော်ပြသည်)

ယခုတလော မြန်မာ့ဆက်သွယ်ရေးနှင့် ရွှေပြည်တံခွန်ကုမ္ပဏီကြား ကျပ် ၅၀၀၀တန် ကတ်ဖုန်းကိစ္စ အငြင်းပွားနေကြသည်။ နှစ်ဖက်စလုံးက မီဒီယာများကို အသုံးပြုပြီး ကိုယ့်ဘက်မှန်ကြောင်း သက်သေတွေပြနေကြသည်။ ကြားထဲက ပြည်သူတွေမှာတော့ ‘ထင်သာထင် မဝင်ဘူး ကျောင်းအမရေ’ ဆိုသည့်စကားလို သက်သာသောနှုန်းထားဖြင့် ဖုန်းကိုင်ဆောင်ခွင့်အိမ်မက်များ ပျက်ပြည်နေရသည်။ ရွှေပြည်တံခွန်ကုမ္ပဏီမှ သတင်းစာရှင်းလင်း ပွဲလုပ်ပြီး ၅၀၀၀တန် ဖုန်းကတ်များ ရောင်းချမည်ဟု ကြေညာလိုက်ချိန်တွင် ဝမ်းသာခဲ့သော ပြည်သူများအတွက်လည်း မြန်မာ့ဆက်သွယ်ရေးမှ ထိုကိစ္စ ဖြစ်ရန် အချိန်လိုပါသေးသည်ဟု ကြေညာချက်ထုတ်လိုက်သောအခါ ဖျတ်ခနဲ ဝမ်းသာရာကနေ ဝမ်းနည်းကြရတော့သည်။

သို့သော် ပြည်သူများ သတိမထားမိသည့်အချက်မှာ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီကြီး ၂၃ ခုက အဆိုပါ ကျပ် ၅၀၀၀ ဈေးဖြင့် သူတို့လည်း ရောင်းချပေးပါမည်။ အဆိုပါကုမ္ပဏီများက ကျပ် ၅၀၀၀ ဖြင့်ပင်ရောင်းနိုင်သော ဖုန်းကတ်ကို ကျပ်ငါးသိန်းအထိ ဈေးတင်ပြီး ဖုန်းတစ်လုံးရောင်းရတိုင်း ရောင်းသင့်ရောင်းထိုက်သောဈေးထက် အဆ ၁၀၀ ကျော် အမြတ်အစွန်း ရယူရောင်းချခဲ့ပြီး ဖြစ်သည်။

ပြည်သူများဆန္ဒမှာ မြန်မာ့ဆက်သွယ်ရေးက ရောင်းသည်ဖြစ်စေ၊ မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီကြီး ၂၃ခုက ရောင်းသည်ဖြစ်စေ၊ သို့တည်းမဟုတ် ကျပ် ၅၀၀၀ ဖြင့် ဖုန်းကတ်ရောင်းနိုင်သည်ဟု ကြေညာလိုက်သော ရွှေပြည်တံခွန်က ရောင်းသည်ဖြစ်စေ၊ ဝယ်ယူသုံးစွဲကြမည့်သူချည်း ဖြစ်သည်။ ထို့ကြောင့်လည်း ယခုရေးသည့်စာ၏ ခေါင်းစဉ်ကို ငါးရဖို့က အဓိကဟု ရေးလိုက်ခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးနှင့် လက်ရှိတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီကြီးများသည် အခြားသူများနှင့် ယှဉ်ပြိုင်ပြီးမှ ယခုကဲ့သို့ လုပ်ပိုင်ခွင့်ရနေခြင်း မဟုတ်သည်ကတော့ သေချာသည်။ နိုင်ငံတော်သည် နိုင်ငံရေးစနစ်ပြောင်းလဲမှုနှင့်အတူ စီးပွားရေးစနစ်လည်း ပြောင်းလဲနေပြီ ဖြစ်သည်။ လက်သင့်ရာခေါ်ပြီး စားတော်ခေါ်စေသည့် အခြေအနေမျိုးလည်း ယခုကျင့်သုံးနေသည့်စနစ်နှင့် မကိုက်ညီတော့ပြီဖြစ်သည်။ ထို့ကြောင့်လည်း တယ်လီဖုန်းကတ်ကိစ္စနှင့် ပတ်သက်ပြီး အပြင်းအထန်အငြင်းပွားနေချိန်တွင် အဆိုပါကုမ္ပဏီကြီးများသည် အသံတိတ်ပြီး သူတို့နှင့်မဆိုင်သလို မျက်နှာလွှဲ ခဲပစ် နေနိုင်ကြခြင်းဖြစ်သည်။ ယခုခေတ်သည် ယခင်ကာလကဲ့သို့ အစစအရာရာပိတ်ဆို့ထားသည့် ကာလမဟုတ်သဖြင့် တယ်လီဖုန်းကတ်တစ်ခု ထုတ် လုပ်စရိတ်သည် ကျပ် ၁၀၀၀ အောက်သာရှိကြောင်း လူတိုင်းသိနေကြပါသည်။

အစိုးရဌာနများလည်း သူတို့၏ ဝန်ဆောင်မှု၊ သို့မဟုတ် ရောင်းချသည့်ပစ္စည်းကို ဈေးတင်လိုသောအခါ နိုင်ငံတကာဈေးကွက်တွင် မည်မျှဈေးရှိ နေပြီ၊ နိုင်ငံတော်အနေဖြင့် မည်မျှ အရှုံးခံရောင်းနေရသည်ဟု ပြောကြားပြီး ဈေးတက်လေ့ရှိသည်။ သို့သော် နိုင်ငံတကာတွင် ဖုန်းပြောခသာ ကောက်ခံပြီး အလကားပေးနေသော တယ်လီဖုန်းကတ်ကို အဘယ်ကြောင့် ဈေးလျှော့မရောင်းပါသနည်း။

ဆက်သွယ်ရေးကို တစ်နှစ်လျှင် အမြတ်ငွေမည်မျှအထိ ရှာပေးရမည်ဟု သတ်မှတ်ပေးခြင်းအစား ကုန်ကျစရိတ်ကာမိစေရန်၊ အရှုံးမပေါ်ရန် ဆောင်ရွက်ရမည်ဟု ပြင်ဆင်သတ်မှတ်သင့်ချိန် ရောက်နေပြီဖြစ်သည်။ နိုင်ငံတကာတွင် ကျန်းမာရေး၊ ပညာရေး၊ ပို့ဆောင်ဆက်သွယ်ရေး ကိစ္စများ၌ ပြည်သူများ ဝန်မပိစေရန် အစိုးရက ထောက်ပံ့ကျားကန်ပေးသည့် အစဉ်အလာများ ရှိပါသည်။ ထိုသို့ဆိုရသော် ဝန်ထမ်းများလစာနှင့် အခြားအစိုးရ အသုံး စရိတ်များကို မည်သည့်ငွေဖြင့် ပေးချေမည်နည်းဟု အထွန့်တက်စရာ ရှိလာသည်။ နိုင်ငံတော်၏ များပြားလှသော သဘာဝသယံဇာတများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရာမှ ရသည့်ငွေသည် နှစ်စဉ်အများအပြား ရှိပါသည်။ ထိုသို့သော သယံဇာတများကို ထုတ်ယူရောင်းချခွင့်ရနေသော ကုမ္ပဏီကြီးများထံမှ အထူးအမြတ်ခွန် (super tax) ကောက်ခံပြီး ဝန်ထမ်းများလစာနှင့် အစိုးရအသုံးစရိတ်ကို ဖြေရှင်းနိုင်ပါသည်။

အများအမြင်သာဆုံးကို ပြောရလျှင် ယခင်က စားအုန်းဆီတင်သွင်းခွင့်ကို ကုမ္ပဏီတစ်ခုတည်းသို့ ချပေးထားသဖြင့် စားအုန်းဆီဈေးမှာ အလွန် မြင့်တက်ခဲ့ပြီး ယခု ပြိုင်ဆိုင်တင်သွင်းစေသောအခါ ဈေးပြန်ကျသွားသည်ကို အထင်အရှား တွေ့နိုင်ပါသည်။ ကုမ္ပဏီတစ်ခုတည်း တင်သွင်းခွင့် ရသည့် ကာလတွင် အဆိုပါကုမ္ပဏီအနေဖြင့် မည်မျှမြတ်စွန်းသွားမည်ကို တွေးကြည့်နိုင်ပါသည်။

တယ်လီဖုန်းသည် ယခုခေတ်အခါတွင် ဇိမ်ခံပစ္စည်းမဟုတ်တော့ဘဲ နေ့စဉ်လူမှုဘဝအတွက် မရှိမဖြစ် သုံးနေရသည့် ပစ္စည်းဖြစ်ပါသည်။ ထို့ ကြောင့် တယ်လီဖုန်းကိစ္စကို အပြိုင်အဆိုင်လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် တယ်လီဖုန်းကတ်များကို ပြည်သူများ ဈေးသက်သာစွာဖြင့် သုံးစွဲခွင့်ရမည်ဖြစ်သည်။ အ စိုးရ၏ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းဥပဒေများအရ ချက်ချင်းပြောင်းလဲမရသေးလျှင်လည်း ယခုမြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နေ သော ကုမ္ပဏီများကို သက်သာသောနှုန်းဖြင့် ရောင်းချပေးသင့်ပါသည်။

                ကုမ္ပဏီများကတော့ ဈေးကွက်တွင် တစ်ဦးတည်းလက်ဝါးကြီးအုပ်၊ စိတ်ကြိုက်ဈေးသတ်မှတ်ရောင်းချခွင့်ရနေသည့် အရသာကို စွန့်လွှတ်မည် မ ဟုတ်ပါ။ ထိုကြောင့် အစိုးရမှ ကြားဝင်ဆောင်ရွက်ပေးသင့်ပါသည်။ လက်ရှိတွင်မူ မြန်မာ့ဆက်သွယ်ရေးနှင့် ရွှေပြည်တံခွန်ကုမ္ပဏီအကြား ပြည်သူများ ဗျာ များနေရပြီး တကယ်တမ်း အကျိုးအမြတ်ကို နင့်နေအောင် ရယူနေသောကုမ္ပဏီကြီးများမှာ သူတို့နှင့် မဆိုင်သယောင် မသိယောင်ဆောင် နေကြပါသည်။ ကြားသိရသော သတင်းများအရ သုံးသိန်းတန်တယ်လီဖုန်းကတ်ကို အချိန်တိုအတွင်း အများဆုံးရောင်းချနေရန်သာ လုပ်ဆောင်နေကြသည်ဟု သိရသည်။ ကုမ္ပဏီ ၂၃ခု၏ အကျိုးစီးပွားနှင့် ပြည်သူ ၅၄သန်း၏ အကျိုးစီးပွားမည်သည့်ဘက်ဆိုသည်မှာ ရေးစရာပင်မလိုပါ။ ပြည်သူများကတော့ ကိုယ်တိုင်ဖမ်းလို့ရ သည်ဖြစ်စေ၊ သူများပေးလို့ရသည်ဖြစ်စေ၊ လှေပေါ်ခုန်တက်လာသည်ပဲဖြစ်စေ ငါးရဖို့က အဓိကဖြစ်ပါသည်။

***************************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment