Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၈.၆.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံမှ အကြီးစားခွင်အတွက် သက်ဆင်စီးပွားဖက်ရှာ

(Yomiuri Shimbun မှ 17 June 2012 ရက်စွဲပါ“Thaksin seeks partnership in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဧည့်ခံရန် ယူကေနိုင်ငံပြင်ဆင်

(Channel News Asia မှ 17 June 2012 ရက်စွဲပါ "UK prepares to host Aung San Su Kyi" သတင်းကိုဘာသာပြန်ဆိုသည်။)

  1.  မြန်မာနိုင်ငံ၌ မည်သည့်ဆူပူအုံကြွမှုကိုမှ တရုတ်မမြင်ချင်

(The Daily Star မှ 18 June 2012 ရက်စွဲပါ "China wishes no unrest in Myanmar" သတင်းကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံမှ အကြီးစားခွင်အတွက် သက်ဆင်စီးပွားဖက်ရှာ

(Yomiuri Shimbun မှ 17 June 2012 ရက်စွဲပါ“Thaksin seeks partnership in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေသော ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံမှ အထူးစီးပွားရေးဇုံကို အကောင်အထည်ဖော်ရာတွင် ဂျပန်နှင့်ထိုင်းနိုင်ငံကြား စီးပွားဖက်ဖြစ်ရန်လိုသည်ဟု ဂျပန်ရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ထုတ်ဖော် ပြောဆိုလိုက်သည်။

“အိမ်နီးချင်း မြန်မာနိုင်ငံသည် ယင်း၏ တောင်ဖက်ကမ်းရိုးတန်း ထားဝယ်တွင်အထူးစီးပွားရေးဇုံ အကောင်အထည်ဖော်ရန် ထိုင်းကုမ္ပဏီများကိုသာ ခွင့်ပြုထားကြောင်း၊ ထားဝယ်စီးပွားရေးဇုံဖွံ့ဖြိုးမှုသည် ထိုင်းနှင့်ဂျပန် နှစ်နိုင်ငံလုံးအတွက် အရေးပါသော မဟာဗျူဟာဖြစ်ကြောင်း ဥပမာအနေဖြင့် ထားဝယ်မှ ထိုင်းနိုင်ငံ အလယ်ခေါင်စက်မှုဇုံ ဧရိယာသို့ ပိုက်လိုင်းသွယ်တန်းနိုင်ပါက သဘာဝဓါတ်ငွေ့နှင့် အရှေ့အလယ်ပိုင်းရေနံစိမ်းသယ်ယူမှုစရိတ်ကို သိသိသာသာ လျှော့ချနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း စီးပွားရေးသမားသက်ဆင်က သောကြာနေ့တွင် ယိုမီယူရီရှင်ဘွန်းနှင့် ပြုလုပ်သော သီးသန့်အင်တာဗျူးတွင် ပြောကြားသည်။

သက်ဆင်သည် သောကြာနေ့က ဂျပန်သို့ရောက်ရှိလာပြီး၊ တိုကျိုတွင် ကျင်းပသော ဂျပန်-ထိုင်း စီးပွားဖက် မြှင့်တင်ရေးအဖွဲ့အစည်း၏ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ သက်ဆင်သည် ၉ ရက်ကြာမည့် ဂျပန်ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးကဏ္ဍများနှင့် ဂျပန်နိုင်ငံအကြားဆက်ဆံရေး ခိုင်မာတိုးတက်အောင် ဆောင်ရွက်ရန် မျှော်လင့်ထားသည်။

ထို့အပြင် ထိုင်းဝန်ကြီးချုပ်ဟောင်းသည် ဂျပန်ရင်းနှီးမြှုပ်နှံမှုမှတဆင့် ထိုင်းနှင့်အရှေ့တောင်အာရှစီးပွားရေးကို မြှင့်တင်ခြင်းအားဖြင့် ၎င်းအခိုင်အမာ ခြေကုတ်ယူထားသော ထိုင်းကျေးလက်စိုက်ပျိုးရေး ဒေသများဖွံ့ဖြိုးရေးကို အရှိန်တင်ရန် ရည်မှန်းထားပုံရသည်။

၂၀၀၁ ခုနှစ်တွင် ထိုင်းဝန်ကြီးချုပ်ဖြစ်လာခဲ့သော သက်ဆင်သည် ၂၀၀၈ ခုနှစ် ပြည်ပခရီးထွက်နေစဉ် ထိုင်းစစ်တပ်၏ အာဏာသိမ်းခြင်း ခံရပြီးနောက် အဂတိလိုက်စားမှုစွပ်စွဲချက်ဖြင့် ထိုင်းတရားရုံးမှ မျက်ကွယ်ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။ ၎င်းအကြောင်းရင်းများကြောင့် ပြည်ပတွင် ရှောင်တိမ်းနေရသော သက်ဆင်သည် ယခုအခါ ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် များသောအားဖြင့် နေထိုင်လျှက်ရှိသည်။

သို့သော်လည်း“ထိုင်းတို့အတွက်”ဟု အဓိပ္ပာယ်ရသော ဖြူထိုင်းပါတီ(သက်ဆင်ထိန်းချုပ်ထားသည့်ပါတီ) မနှစ်က ဂျူလိုင်လရွေးကောက်ပွဲတွင် အနိုင်ရကာ သူ၏ညီမ ယင်လပ်ခ်ရှင်နာဝပ်ထရာ ဝန်ကြီးချုပ် ဖြစ်လာသည်။ ထို့ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သက်ဆင်ပြည်တော် ပြန်လာတော့မလားဟူသော မှန်းဆချက်များ ကြီးထွားလာခဲ့သည်။

ထိုင်းကို ဘယ်အချိန်ပြန်လာနိုင်မယ်လို့ ထင်သလဲဟု မေးမြန်းသောအခါ သက်ဆင်က“ သက်ဆင်ဆန့်ကျင်ရေး အုပ်စုတွေနဲ့ အမှန်တကယ် ပြန်လည်သင့်မြတ်မှုရမယ့် အချိန်အထိ စောင့်ရမှာပေါ့”ဟု ဖြေကြားသည်။

သက်ဆင်က“မိမိအပါအဝင် ၂၀၀၅-၂၀၁၀ ထိုင်းနိုင်ငံရေးပဋိပက္ခတွင် ပါဝင်ပတ်သက်ခဲ့သူ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဥပဒေပြဋ္ဌာန်းရေးအတွက် ထိုင်းလွှတ်တော်တွင် ဆွေးနွေးနေခြင်းကို စောင့်၍ကြည့်ရမည်”ဟု ရှင်းလင်းပြောဆိုသည်။

သက်ဆင်သည် သူ၏ အာဏာရသက်တမ်းအတွင်း အာဏာရှင်ဆန်လွန်းသည်၊ ဓနရှင်ဆန်လွန်းသည်ဟု စွပ်စွဲခံခဲ့ရသော်လည်း မည်သည့်ကိစ္စကိုမှ နောင်တရခြင်းမရှိဟုဆိုသည်။ “နောက်တစ်ကြိမ် ဝန်ကြီးချုပ် ဖြစ်မယ်ဆိုရင်လည်း ကျွန်တော်ဒီပုံစံအတိုင်းပဲ လုပ်မှာပါ”ဟု သက်ဆင်က ပြောကြားသည်။

ဝန်ကြီးချုပ်ဟောင်းသည် ထိုင်းဘုရင်ကို သစ္စာခံခြင်းမရှိဟု ပြောဆိုကြသော ဘုရင်စနစ်ဝါဒီများနှင့် ထိုင်းစစ်တပ်ခေါင်းဆောင်များအကြား သက်ဆင်မုန်းတီးရေးစိတ်ဓာတ် ကိန်းဝပ်နေသည်ကို ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် သက်ဆင်က“ကျွန်တော် အရမ်းရေပန်းစားတာကို စိုးရိမ်သောက ရောက်နေတဲ့လူတွေပါ”ဟု ပြောဆိုလိုက်သည်။

မတည်ရင်းနှီးငွေ ကြီးမားလွန်းသော ထားဝယ်အထူးစီးပွားရေးဇုံ စီမံကိန်းကို ထိုင်းကုမ္ပဏီများ အကောင်အထည်ဖော်နိုင်စွမ်း မရှိလျှင် ဂျပန်ကုမ္ပဏီများ ရယူသွားနိုင်ဖွယ်ရှိသည်ဟူသော သတင်းများထွက်ပေါ်လာခြင်းကြောင့် ဂျပန်နိုင်ငံသို့ သက်ဆင် သွားရောက်စည်းရုံးသည့် လက္ခဏာရှိသည်ဟု မြန်မာ့နိုင်ငံရေး အကဲခတ်သူအချို့က မှတ်ချက်ပေးထားသည်။

******************************************

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဧည့်ခံရန် ယူကေနိုင်ငံပြင်ဆင်

(Channel News Asia မှ 17 June 2012 ရက်စွဲပါ "UK prepares to host Aung San Su Kyi" သတင်းကိုဘာသာပြန်ဆိုသည်။)

၂၄ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ဥရောပ ၅ နိုင်ငံခရီးစဉ် လှည့်လည်နေသော မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယူကေနိုင်ငံက လာမည့်အပတ်တွင် ကြိုဆိုရန်ပြင်ဆင်နေသည်။

မြန်မာနိုင်ငံ၌ ပြီးခဲ့သောနှစ်ပေါင်း ၂၀ နီးပါးအကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားဟောင်း လူထုခေါင်းဆောင်သည် အောက်စဖို့တက္ကသိုလ်တွင် အရပ်ဖက်ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို လက်ခံယူရမည့်အပြင် လန်ဒန်တွင် လွှတ်တော်နှစ်ရပ်စလုံး၌ မိန့်ခွန်းပြောကြားရန် ဖိတ်ကြားမှုကို လက်ခံထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်အား ပြင်ပကမ္ဘာကို မြန်မာနိုင်ငံ တံခါးဖွင့်ပေးနေသည့် လက္ခဏာတစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။ ယခင်အစိုးရအကြီးအကဲ စိတ်တိုင်းကျစီမံထားသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ အစီအစဉ်တစ်ရပ်အဖြစ် ၂၀၁၀ နှောင်းပိုင်းတွင် လွတ်မြောက်လာခဲ့သော ဒီမိုကရေစီခေါင်းဆောင်သည် ပြီးခဲ့သော ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ အနိုင်ရရှိခဲ့သည်။

ယူကေခရီးစဉ် ပါဝင်သော သူမ၏ ယခုဥရောပခရီးကို လူ့အခွင့်အရေးအုပ်စုများက ကြိုဆိုခဲ့ကြသည်။

"သူမဟာ ပြည်ပခရီးထွက်လာပြီးရင် မြန်မာနိုင်ငံကို ပြန်ဝင်နိုင်ခွင့်ရဖို့အတွက် အစိုးရအပေါ်မှာ စိတ်ချလက်ချရှိသွားပုံပါပဲ။ ဒါဟာသတင်းကောင်းပါ။ သမ္မ္မတဦးသိန်းစိန်အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောတူညီမှုတစ်ချို့ ရယူရမယ်ဆိုတာကို သဘောပေါက်နေပါပြီ" ဟု Burma Campaign UK မှ ဇိုရာဖန်းက မှတ်ချက်ပေးသည်။

"မြန်မာနိုင်ငံမှာ အခြေခံဥပဒေပိုင်း ပိုမိုပြောင်းလဲဖို့ တွန်းအားပေးရာမှာ လွှတ်တော်ကို ပေါင်းကူးပလက်ဖောင်းအဖြစ် အသုံးပြုရေးအပါအဝင် နောက်ထပ်အပြောင်းအလဲတွေအတွက် တွန်းအားပေးနိုင်မယ့် ဒီနေရာလေးကိုရဖို့ ဒေါ်အောင်ဆန်းစုကြည် အကောင်းဆုံး ကြိုးစားနေတယ်ဆိုတာကို ကျွန်မတို့နားလည်ပါတယ်။ သမ္မတဦးသိန်းစိန်ကလည်း နိုင်ငံတကာ Sanctions အားလုံးဖယ်ရှားပေးတာကို မျှော်လင့်နေတယ်လို့ ကျွန်မတို့ နားလည်ထားပါတယ်"ဟု ဇိုရာဖန်းက ပြောကြားသည်။

နှစ်ပေါင်း ၂၀ နီးပါး ပိတ်လှောင်ခံခဲ့ရသော်လည်း မြန်မာ့နိုင်ငံရေး မျက်လှည့်ပြကွက်များကို မျက်ခြည်ပြတ်သွားခြင်းမရှိသူ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ထောက်ခံအားပေးရမည်ဖြစ်သော်လည်း အလွန်အကျွံ အကောင်းမမြင်ကြရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ရင်းနှီး မြှုပ်နှံသူများကို အသိပေးပြောကြားထားသည်။

အထင်ကြီးစရာကောင်းသော ပြုပြင်ပြောင်းလဲမှုများ လက်တွေ့အကောင်အထည်ပေါ်လာရန် လိုအပ်နေသေးသည်ဟု သတိပေးထားသော သူမ၏မှတ်ချက်များသည် မြန်မာအာဏာပိုင်များကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သော်လည်း ဥရောပခေါင်းဆောင်များက နားထောင်ကြသည်ဟု အကဲခတ်များကဆိုသည်။

Chatham House မှ အကြီးတန်းသုတေသနပညာရှင် ဒေါက်တာဂါရက်ပရိုက်စ် က "အခုချိန်ထိ အရှိန်နဲ့လိမ့်နေပေမဲ့ အရာရာဟာ နောက်ပြန်ဆုတ်သွားနိုင်ပါတယ်။ အရာရာဟာ အရမ်းကိုမြန်မြန်ဆန်ဆန် နောက်ပြန်လိမ့်သွားနိုင်တုန်းပါပဲ။ စစ်ဖက်အာဏာပိုင်တွေ ဒီမိုကရေစီပြောင်းလဲရေးလုပ်အောင် ဘယ်အရာက လှုံ့ဆော်ပေးသလဲ ဆိုတာကို ကျွန်တော်တို့အမှန်တကယ် မသိသေးပါဘူး"ဟု သုံးသပ်ပြောဆိုသည်။

မြန်မာအစိုးရ၏ နောက်တစ်ဆင့်ခြေလှမ်းကို ခန့်မှန်းရခြင်းမှာ ပြင်ပကမ္ဘာကြီးအတွက် မလွယ်ကူလှပါ။ အကဲခတ်လေ့လာသူများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပသို့ ခရီးထွက်ခွင့်ပေးလိုက်ပြီဖြစ်၍ အနောက်အုပ်စု ကုမ္ပဏီများကို မြန်မာအစိုးရက ကွင်းဖွင့်ပေးလိမ့်မည်ဟု မှတ်ချက်ပေးကြသည်။

"အရင်တုန်းကတော့ မြန်မာအစိုးရဟာ တစ်ခြားအာရှနိုင်ငံတွေကိုပဲ ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်နေတာပါ။ ဒါပေမဲ့ သူတို့ကတရုတ်ကို မယှဉ်နိုင်ကြပါဘူး။ ဒီအချက်ကို ဆက်စပ်တွေးကြည့်မယ်ဆိုရင် တရုတ်ကို ဟန်ချက်ထိန်းဖို့နည်းလမ်းဟာ အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေ ရောက်ရှိလာတာပါပဲ။ အနောက်အုပ်စု ရင်းနှီးမြှုပ်နှံမှုကိုရဖို့ဆိုရင် Sanctions တွေဖယ်ရှားသွားအောင် တစ်ချို့ကိစ္စတွေကို အလျှော့ပေး လုပ်ဆောင်ပြသရတာ ဖြစ်ပါတယ်"ဟု ဒေါက်တာ ဂါရတ်ပရိုက်စ် ကပြောကြားသည်။

ဥရောပခေါင်းဆောင်များအား မြန်မာအစိုးရအပေါ် ယုံကြည်စွာပုံမအောကြရန် ပြည်ပရောက် ဒီမိုကရေစီလှုပ်ရှားသူများက ဘာကြောင့် သတိပေးနေကြပါသလဲ။

"ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေ ကျန်ရှိနေသမျှ ကာလပတ်လုံးမြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေဆက်လက် ဖြစ်ပွားနေဦးမှာပါပဲ"ဟု ဇိုရာဖန်း က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ယူကေနိုင်ငံသို့ ရောက်ရှိ၍ လွှတ်တော်နှစ်ရပ်၌ မိန့်ခွန်းပြောကြားရာတွင် အားကောင်းမောင်းသန် နိုင်ငံရေးသဝဏ်လွှာကို ဖတ်ကြားပါလိမ့်မည်။ သို့သော်လည်း သူမသည် ၁၉၈၀ ခုနှစ်များအတွင်း ယူကေ၌ နေထိုင်ခဲ့ပြီး၊ မိသားစု ကျန်ရစ်ခဲ့သည့်အပြင် သူမ၏ ၆၇ နှစ်မြောက်မွေးနေ့ကို ပြုလုပ်ဦးမည်ဖြစ်သောကြောင့် ကိုယ်ရေးကိုယ်တာ ခရီးတစ်ခုပာုလည်း ဆိုနိုင်ကြောင်း သူမ၏ ထောက်ခံသူများက ပြောကြားခဲ့သည်။

                                                            ***********************************

 

မြန်မာနိုင်ငံ၌ မည်သည့်ဆူပူအုံကြွမှုကိုမှ တရုတ်မမြင်ချင်

(The Daily Star မှ 18 June 2012 ရက်စွဲပါ "China wishes no unrest in Myanmar" သတင်းကို ဘာသာပြန်ဆိုသည်။)

ဒက္ကားမြို့ရှိ တရုတ်သံရုံးမှ နိုင်ငံရေးကောင်စစ်ဝန် ယန်ကျောက်ဟူက "မြန်မာနိုင်ငံတွင်ဖြစ်စေ၊ မည်သည့်မတည်ငြိမ်မှု၊ ဆူပူမှုကိုမှ တရုတ်နိုင်ငံက မမြင်တွေ့ချင်ပါ"ဟု မနေ့ကပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ဘာသာရေးအဓိကရုဏ်းနှင့် ပတ်သက်၍ ယန်ကျောက်ဟူက "တရုတ်ရဲ့အိမ်နီးချင်းနိုင်ငံတွေမှာ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်တာကိုပဲ မြင်ချင်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး၊ အငြင်းပွားမှုမှန်သမျှကို ငြိမ်းချမ်းစွာဖြေရှင်း ဆောင်ရွက်သင့်ပါတယ်"ဟု ဆက်လက်ပြောဆိုသည်။

တောင်တရုတ်ပင်လယ်ရှိ ဟောင်ရန်းကျွန်းကိစ္စအပေါ် တရုတ်နှင့်ဖိလစ်ပိုင်အကြား လတ်တလော အငြင်းပွားမှုနှင့် ပတ်သက်၍ ဒက္ကားမြို့ဘာရီဒါရာတွင် ပြုလုပ်သော တရုတ်သံရုံးသတင်းစာရှင်းလင်းပွဲတွင် ယန်ကျောက်ဟူက သတင်းထောက်များအား အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ယခင်ကနိုင်ငံတကာနှင့် အဆက်ဖြတ်ထားသော မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီများက မြန်မာတပ်မတော်အစိုးရနှင့် လက်သိပ်ထိုး ပြေလည်မှု ရယူကာ သဘာဝသယံဇာတများကို ထုတ်ယူခဲ့သည်။

သို့သော် မနှစ်က ရုတ်တရက်ရပ်ဆိုင်းသွားသော မြစ်ဆုံတမံစီမံကိန်းပြဿနာတွင် မြန်မာနိုင်ငံ၌ တရုတ်ကုမ္ပဏီကြီးများ လက်ဝါးကြီးအုပ် အမြတ်ထုတ်နေခြင်းကို မြန်မာလူထုက မကျေနပ်ကြောင်း အတိအလင်းပြသခဲ့သည်။

ယခုတည်ငြိမ်မှုပျက်ပြားနေသော ရခိုင်ပြည်နယ်သည် တရုတ်တို့မဟာဗျူဟာမြောက် အလေးထားသော ရေနံဓာတ်ငွေ့အမြွှာပိုက်လိုင်းစီမံကိန်း စတင်ရာဒေသဖြစ်နေသည့်အပြင်၊ တရုတ်အကျိုးစီးပွား အမြောက်အမြားတည်ရှိသော ကချင်ပြည်နယ်တွင်လည်း စစ်မက်ဖြစ်ပွားနေသောကြောင့် မြန်မာနိုင်ငံတွင်းမှ ယင်းတို့၏ အကျိုးစီးပွားများ ဆုံးရှုံးနိုင်သည့်အလားအလာကို တရုတ်နိုင်ငံက စိုးရိမ်ပူပန်နေဖွယ်ရှိသည်ဟု မြန်မာ့နိုင်ငံရေး အကဲခတ်လေ့လာသူအချို့က မှတ်ချက်ပေး ပြောကြားထားသည်။

***********************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၈.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံမှ ပြင်းထန်သောဖြစ်ရပ်များသည် မီဒီယာနှင့်ဆင်ဆာအတွက်စမ်းသပ်မှုဖြစ်

(14 June 2012 ရက်စွဲပါ Reuters ၏ Violence tests Myanmar’s media, and its censors ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ့ပြုပြင်ပြောင်းလဲမှုများက ကိုကာကိုလာကို ဆွဲခေါ်နိုင်ပြီ

(AFP သတင်းမှ 15 June 2012 ရက်စွဲပါ “Myanmar Reform brings return of Coca-Cola” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ဒေါ်အောင်ဆန်းစုကြည်-မြန်မာနိုင်ငံ၏ နယ်လ်ဆင်မင်ဒဲလား

(16 June 2012 ရက်စွဲပါ The Week ၏ခေါင်းကြီးပိုင်းဖြစ်သော Aung San Suu Kyi: Myanmar’s Nelson Mandela ကိုဘာသာပြန်ဆိုသည်)

****************************

ဘာသာပြန်သတင်းများ        

မြန်မာနိုင်ငံမှ ပြင်းထန်သောဖြစ်ရပ်များသည် မီဒီယာနှင့်ဆင်ဆာအတွက်စမ်းသပ်မှုဖြစ်

(14 June 2012 ရက်စွဲပါ Reuters ၏ Violence tests Myanmar’s media, and its censors ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ်က စစ်တပ်အုပ်ချုပ်မှုမှ ကင်းလွတ်လာခဲ့ပြီးနောက် တင်းကြပ်စွာဆုပ်ကိုင်ထားသော စာပေစိစစ်ရေးသည် ဖြေလျော့မှုများပြုလုပ်လာရာ အတိုက်အခံနိုင်ငံရေးသမားများ၏ အမြင်မှစ၍ အစိုးရ၏အဂတိလိုက်စားမှုကို စွပ်စွဲမှုများအဆုံး ထင်မထားသောသတင်းများ လွတ်လပ်စွာ ဖော်ပြခွင့် ပြုလာသည်။

သို့သော် ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာအများစုနှင့် မူဆလင်ရိုဟင်ဂျာများအကြား ပြင်းထန်သောပဋိပက္ခများ ဖြစ်ပွားလာပြီးနောက် ယခင်နည်းလမ်းဟောင်းများ ပြန်လည်ပေါ်ထွက်လာသည်။အစိုးရက သတင်းများပုံနှိပ်မဖော်ပြမီ တင်ပြရန် မေးခွန်းများထုတ်ခဲ့ပြီး ဆင်ဆာတဖြည်းဖြည်း ပြန်လည်ဝင်ရောက်လာသည်။

“ကျွန်တော်တို့ရေးချင်တာရေးလို့မရသေးပါဘူး”ဟု ထင်ရှားသော သတင်းစာဆရာ မောင်ဝံသကပြောသည်။

“စာပေစိစစ်ရေးက အတည်ပြုတာကိုပဲ ကျွန်တော်တို့ ရေးနိုင်ပါတယ်။ဒါတောင် ကျွန်တော်တို့ သတိပေးခံခဲ့ရပါသေးတယ်”ဟု ၄င်းက ယခုမငြိမ်သက်မှုများတွင် အစိုးရ၏သတိပေးမှုကိုညွှန်း၍ပြောသည်။

အစိုးရသည် ပြင်ပကမ္ဘာတွင် မျက်နှာပန်းလှရန်ကြိုးပမ်းလျက်ရှိရာ ရခိုင်ပြည်နယ်မှပဋိပက္ခသည် မြန်မာနိုင်ငံမှမီဒီယာများအတွက် ကြီးမားသောစမ်းသပ်မှုတစ်ခု အသေအချာဖြစ်သည်။

ယခုပဋိပက္ခသည် မြန်မာနိုင်ငံအတွက် အလွန်တရာအကဲဆတ်သည့် ကိစ္စတစ်ခုဖြစ်သည်။ရိုဟင်ဂျာများကို မြန်မာနိုင်ငံ၏ အမျိုးမျိုးသော တိုင်းရင်းသားအုပ်စုများတွင် တစ်စုအပါအဝင်ဖြစ်သည်ဟု အသိအမှတ်မပြုခဲ့ကြပေ။ ၄င်းတို့ မြန်မာနိုင်ငံတွင်ရှိနေမှုကို အများစုက ဆန့်ကျင်နေကြသည်။

ရခိုင်ပြည်နယ်မှ ၅ ရက်တာ ပြင်းထန်သော အဓိကရုဏ်းများတွင် လူ(၂၁)ဦး သေဆုံးကြောင်းနိုင်ငံပိုင် မီဒီယာများကပြောသည်။စတင် ဖြစ်ပွားရသောအကြောင်းအရင်းမှာ ရှုတ်ထွေးနေဆဲဖြစ်သော်လည်း ပြီးခဲ့သောလက ဗုဒ္ဓဘာသာရခိုင်အမျိုးသမီးတစ်ဦးအား ယခုအခါတရားရုံးသို့ရောက်ရှိနေသော မွတ်ဆလင်အမျိုးသားသုံးဦးမှ အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည့်ကိစ္စမှ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သေချာသလောက်ရှိသည်။

အဆိုပါဖြစ်ရပ်ကို ပြစ်ဒဏ်ပေးသည့်အနေဖြင့် အထက်ပါဖြစ်ရပ်နှင့် မဆိုင်သော မွတ်ဆလင်(၁၀)ဦးမှာ အသတ်ခံခဲ့ရသည်။

လျှပ်တပြတ်ဂျာနယ်သည် အသတ်ခံရသောအမျိုးသမီး၏ ခန္ဓာကိုယ်ဓာတ်ပုံကို ခွင့်ပြုချက်မရဘဲ ဖော်ပြခဲ့သောအခါ စာပေစိစစ်ရေးသည် ပြန်လည်ဝင်ရောက်အရေးယူခဲ့သည်။အင်တာနက်တွင်မူ ဓာတ်ပုံများထွက်ပေါ်နေဆဲဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေက ပုဂ္ဂလိကမီဒီယာများမှ သတင်းစာဆရာများကို သတိပေးချက် ထုတ်ပြန်ခဲ့ရာ အကယ်၍ ၄င်းတို့သည်တည်ငြိမ်မှုအတွက် အန္တရာယ်ရှိပြီး ပြင်းထန်သောလုပ်ရပ်များအတွက် အားပေးသောစကားလုံးများ အသုံးပြုခဲ့ပါက ထောင်ဒဏ် (၉)ချမှတ်ခံရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော် နိုင်ငံပိုင်မီဒီယာများသည် မွတ်ဆလင်(၁၀)ဦးသေဆုံးခြင်းနှင့် ပတ်သက်၍ တောင်အာရှမှ ဆင်းသက်လာသူများကို နှိမ့်ချခေါ်ဝေါ်သော“ကုလား”ဟု သုံးနှုန်း၍ သတင်းဖော်ပြခဲ့ရာ အစိုးရသည် ၄င်း၏ဥပဒေကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။

မီဒီယာများသည် မိမိတာဝန်မိမိယူ၍ ကိုယ်တိုင်တည်းဖြတ်မှုများ အားကောင်းစွာ ပြုလုပ်လာချိန်တွင် ဦးမြင့်ဆွေ၏ ပြောဆိုမှုများကို အာရုံပြုလာကြရပါသည်။

“ဒီသတိပေးမှုဟာ လူတိုင်းကိုစိတ်ပျက် ပြီး စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်” ဟုအမည်မဖော်လိုသူ ရန်ကုန်အခြေစိုက်အယ်ဒီတာတစ်ဦးကပြောပါသည်။အမှန်တကယ်တွင် ပြည်တွင်းမီဒီယာများသည် အဆိုပါမ ငြိမ်သက်မှုများနှင့် ပက်သက်၍ အနည်းငယ်သာရေးသား ဖော်ပြခဲ့ကြခြင်း ဖြစ်သည်ဟု ၄င်းကဖြည့်စွက်ပြောပါ သည်။ပြီး

ရာစုနှစ်တစ်ဝက်ခန့်တိုင် သီးချင်းတိုင်း၊ စာအုပ်တစ်အုပ်တိုင်း၊ ကာတွန်းတိုင်း၊ သတင်းတစ်ပိုဒ်တိုင်းနှင့် အနုပညာပစ္စည်းတိုင်းသည် စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ဌာန၏ အတည်ပြုချက်ကိုယူခဲ့ကြရပါသည်။

သို့သော် ၂၀၁၁ မတ်လ အရပ်သားအစိုးရအာဏာယူလာအပြီးတွင် အာဏာပိုင်များသည် ဆင်ဆာပြုလုပ်မှုကို ဖြေလျော့လာခဲ့ပြီး မကြာမီတွင် ပုံနှိပ်မီဒီယာများအတွက် စိစစ်မှုများပြုလုပ်တော့မည် မဟုတ်ကြောင်း မေလက ပြောကြားခဲ့သည်။

သို့သော် ယခု နောက်ဆုံးသတိပေးမှုကြောင့် ဆင်ဆာများ ဖယ်ရှားတော့မည်ဆိုသည်မှာ အမှန်တကယ် ဖြစ်လာမည်လောဟု သံသယများဖြစ်စေခဲ့ကြောင်း အယ်ဒီတာများကပြောသည်။

“ရီစရာတော့ အကောင်းသားဗျ။ဆင်ဆာတွေ လျှော့ပေးတော့မယ်လို့ပြောနေပေမယ့် တကယ်တမ်းကျတော့ ပိုပြီးကန့်သတ်မှုတွေလုပ်လာတော့ ယုံရပါ့မလားလို့ စဉ်းစားစရာတွေဖြစ်လာပါတယ်”ဟု မြန်မာဓနစီးပွားရေးမဂ္ဂဇင်းမှ အယ်ဒီတာ သီဟစောကပြောသည်။

“ကျွန်တော်တို့အတွက်တာ့ ကျွန်တော်တို့အပိုင်းကို ဆက်ပြီးလုပ်ရမှာပဲ။တိကျနိုင်သမျှ တိကျအောင်ရေးမှာပါပဲ” ဟု၎င်းကပြောသည်။

တစ်ချိန်တည်းတွင် အင်တာနက်ရှိသတင်းဂျာနယ်များ၏ ဖိုရမ်များနှင့် Facebook စာမျက်နှာများတွင် ရခိုင်ပြည်နယ်မငြိမ်သက်မှုနှင့် ပတ်သက်၍ အမြင်များနှင့်မှတ်ချက်များ ထောင်ချီ၍ထွက်ပေါ်လာခဲ့ပြီး အများစုမှာစိတ်ကို ဆွပေးသလိုဖြစ်စေခဲ့ကာ အမျိုးသားရေးနှင်ပတ်သက်၍ ဒေါသများဖြစ်စေသည်။

စစ်တပ်မှဖိနှိပ်ခဲ့သော ကာလတလျှောက် အမှန်များသာ ပြောကြားခဲ့မှုများကြောင့် အများ၏ ချီးကျူးမှုခံရသော DVB နှင့် အခြားနိုင်ငံခြားမီဒီယာများကို သတင်းစာဆရာများအပါအ၀င် အချို့ပြည်သူများကဝေဖန်လာခဲ့ကြသည်။

အဆိုပါသတင်းဌာနများသည် နိုင်ငံမဲ့ရိုဟင်ဂျာများဘက်မှ ဘက်လိုက်ခဲ့သည်ဟု စွပ်စွဲခဲ့ကြပါသည်။ဗုဒ္ဓ ဘာသာများက ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်တွင် မီးရှို့မှုများ၊ အဓိကရုဏ်းများနှင့် ဓားချင်းခုတ်တိုက်ခိုက်မှု များဖြစ်အောင်ပြုလုပ်ခဲ့သည်ဟု အပြစ်တင်ခဲ့ကြပါသည်။

DVB မှကော်ပီအယ်ဒီတာ David Stout ကပြောကြားရာတွင် အချို့မီဒီယာအဖွဲ့များ၏ ဝက်ဘ်ဆိုဒ်များတွင်ဖော်ပြထားသော မစိစစ်နိုင်သည့် အမျိုးသားရေးခံစားချက်ပို့စ်များသည် အမှန်တကယ်ဖြစ်ပျက်သည်များကို သတင်းရေးသားရာတွင် တာဝန်ယူမှုနှင့်ထိန်းညှိမှုလိုအပ်ပုံကို မီးမောင်းထိုးဖော်ပြလိုက်ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

“အခုဟာက ဘယ်မှာမှန်တယ်၊ ဘယ်ဟာကကောလဟာလ ဖြစ်တယ်ဆိုတာ ပြောဖို့ခက်နေပါတယ်။ ဖြစ်ပြီးတာတွေ၊ ဖြစ်လတ္တံဟာတွေ၊ ဖြစ်နိုင်တာတွေနဲ့ပတ်သက်ပြီး စွပ်စွဲရေးသားထားချက်တွေရှိပါတယ်။ အတည်မပြုနိုင်တဲ့ တာဝန်ယူမှုမရှိတဲ့ သတင်းတွေ၊ ပို့စ်တွေ အများကြီးကျွန်တော်တွေ့ရပါတယ်”ဟု ၄င်းကပြောသည်။

အင်တာနက်အသုံးပြုနိုင်မှုသည် မြန်မာနိုင်ငံတွင်နည်းပါးပြီး လူဦးရေ၏ ၀.၂% သာအွန်လိုင်းအသုံးပြုနိုင်သည်ဟု အချို့ကခန့်မှန်းသည်။သို့သော် လူငယ်အများစုသည် သတင်းများနှင့် အမြင်များဖလှယ်ရန် လူမှုရေးဝက်ဘ်ဆိုဒ်များကို တိုး၍သုံးလာကြသည်။ ကမ္ဘာအနှံ့တွင်လည်း မြန်မာနိုင်ငံမှထွက်သွားရသူ အများအပြားရှိနေသည်။

Facebook စာမျက်နှာများနှင့် ဝက်ဘ်ဆိုဒ်များရှိ စိတ်ကိုဆွပေးသော အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုလေ့လာပါက ဒုက္ခတွေ့နိုင်ကြောင်း မောင်ဝံသက သတိပေးခဲ့သည်။ဆင်ဆာပြုလုပ်ခြင်းမှာလည်း အဖြေမဟုတ်ကြောင်း ၄င်းကပြောသည်။

“ဒါတွေကို ဆင်ဆာလုပ်သင့်တယ်။ ကန့်သတ်သင့်တယ်လို့တော့ ကျွန်တော်မယုံကြည်ပါဘူး။စာဖတ်သူတွေဟာ အမှန်နဲ့အမှားကိုခွဲခြား၊ ကြောင်းကျိုးဆင်ခြင်ပြီး ခံစားမှုနောက်မလိုက်ဘဲ သုံးသပ်သင့်ပါတယ်”ဟု ၄င်းကပြောသည်။

                            **********************************************

မြန်မာ့ပြုပြင်ပြောင်းလဲမှုများက ကိုကာကိုလာကို ဆွဲခေါ်နိုင်ပြီ

(AFP သတင်းမှ 15 June 2012 ရက်စွဲပါ “Myanmar Reform brings return of Coca-Cola” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၌ ဆယ်စုနှစ်(၆)စုခန့် လစ်ဟာနေခဲ့သော ကိုကာကိုလာက အရှေ့တောင်အာရှ နောက်ဆုံးပေါ် မြန်မာဈေးကွက်သို့ ဝင်ရောက်တော့မည်ဟု ကြာသပတေးနေ့က ကြေညာလိုက်ပြီဖြစ်ရာ ကမ္ဘာကျော်အမေရိကန် အချိုရည်မရှိသော နိုင်ငံများအဖြစ် ကျူးဘားနှင့်မြောက်ကိုရီးယား နှစ်နိုင်ငံမျှသာ ကျန်ရစ်ခဲ့တော့မည်ဖြစ်သည်။

ကိုကာကိုလာသည် အရှေ့တောင်အာရှတံခါးပိတ်နိုင်ငံတွင် စတင်နေသော ပြုပြင်ပြောင်းလဲမှုများ၏ နောက်ဆုံးပေါ် အကျိုးခံစားခွင့်လက္ခဏာတစ်ခု ဖြစ်လာသည်။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုတားမြစ်ထားခြင်းကို ဖြေလျော့ပေးတော့မည်ဟု ကြေညာပြီးနောက်တွင် ကိုကာကိုလာကုမ္ပဏီက အထက်ပါ အစီအစဉ်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကနဦးတွင် အိမ်နီးချင်းနိုင်ငံများမှ‘ကုတ်ခ်’ကို မြန်မာနိုင်ငံသို့ တင်ပို့မည်ဖြစ်သော်လည်း ထုံးစံအတိုင်း ဒေသခံစီးပွားဖက်ကို ရှာဖွေသွားမည်ဟု အတ္တလန်တာအခြေစိုက် ကုမ္ပဏီကဆိုသည်။ လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် သိသိသာသာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် မျှော်လင့်ထားသည်ဟုလည်း ကိုကာကိုလာက ပြောကြားသည်။

“ကမ္ဘာတစ်လွှား ပြောင်းလဲမှု၊ တိုးတက်မှုတွေ ဖြစ်ပေါ်တဲ့ အချိန်တိုင်းမှာ ကိုကာကိုလာဟာ အမြဲတမ်း အကောင်းဖက်က ရှုမြင်ရပ်တည်ခဲ့ပါတယ်”ဟု ကိုကာကိုလာအကြီးအကဲ မူတာကင့်က ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လူ့အခွင့်အရေးလေးစားခြင်း၊ လာဘ်ပေးမှုရှောင်ကြဉ်ခြင်းတို့အပါအဝင် ကျင့်ဝတ်သိက္ခာ စံညွှန်းများကို လိုက်နာသွားမည်ဟု ကိုကာကိုလာက ထုတ်ပြန်ကြေညာသည်။

ကုမ္ပဏီနှင့် တွဲဖက်ထားသော လူမှုရန်ပုံငွေအဖွဲ့“ကိုကာကိုလာဖောင်ဒေးရှင်း”ကလည်း မြန်မာနိုင်ငံတွင် အမျိုးသမီးများကို မြှင့်တင်ပေးမည့် အလုပ်အကိုင် ဖန်တီးရေးစီမံချက်များကို ပံ့ပိုးရန်အတွက် ဒေါ်လာ ၃ သန်းကူညီမည်ဟု ပြောကြားသည်။

၁၉၆၂ မှစ၍ တပ်မတော်က အာဏာသိမ်းထားခဲ့သော မြန်မာနိုင်ငံတွင် ကိုကာကိုလာအနေဖြင့် ယခင်က စီးပွားရေးလုပ်ကိုင်ခဲ့ခြင်းမရှိပါဟု ကုမ္ပဏီက ဆိုသည်။

ကမ္ဘာတစ်လွှားဩချယူရသော ယခင်အစိုးရ အာဏာပိုင်များက မနှစ်က အရပ်သားတစ်ပိုင်းအစိုးရ ဖွဲ့စည်းကာ အာဏာလွှဲပေးခဲ့ခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာပြည်သူလူထုက သံသယဖြင့် စောင့်ကြည့်ခဲ့ကြသည်။

အဂတိလိုက်စားမှုတွင် နာမည်ကျော်သော ယခင်အစိုးရအဖွဲ့ဝင်များကြားတွင် ရှားရှားပါးပါး လူသူတော်တစ်ဦးဖြစ်သူ သမ္မတဦးသိန်းစိန်သည် ကနဦးတွင် အဝေဖန်ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများစွာ လွှတ်ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးဆွေးနွေးရန်ကမ်းလှမ်းခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်နိုင်ငံရေးနယ်ပယ်တွင် တရားဝင်လှုပ်ရှားရန် ညှိနှိုင်းဆွေးနွေးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခြင်းတို့ကို ဆက်တိုက်ပြုလုပ်ကာ နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြု ချီးကျူးမှုကိုရယူခဲ့သည်။

သမ္မတဘားရက်အိုဘားမား အစိုးရကလည်း မြန်မာနိုင်ငံအပေါ် ငွေကြေးဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုတားမြစ်ချက်များကို ဖြေလျော့ပေးကြောင်း တုန့်ပြန်ကြေညာခဲ့သည်။

သို့သော်လည်း အမေရိကန်ပြည်ထောင်စုသည် အခြားနိုင်ငံများစွာနှင့်မတူခြားနားစွာဖြင့်၊ မြန်မာပို့ကုန်တားမြစ်ချက်ကို ဖယ်ရှားခြင်းမပြုပဲ၊ ကျောက်မျက်၊ ကျွန်းသစ်နှင့် အခြားထွက်ကုန်များသည် တပ်မတော်တွင်းမှ အပြောင်းအလဲ ငြင်းဆန်သူ လှေခါးထစ်သမားများအား အမြတ်ထွက်စေသော လုပ်ငန်းများဖြစ်သည်ဟု ကန့်ကွက်ထားသည်။

                                                *************************************************

ဒေါ်အောင်ဆန်းစုကြည်-မြန်မာနိုင်ငံ၏ နယ်လ်ဆင်မင်ဒဲလား

(16 June 2012 ရက်စွဲပါ The Week ၏ခေါင်းကြီးပိုင်းဖြစ်သော Aung San Suu Kyi: Myanmar’s Nelson Mandela ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ထိပ်တန်းအစိုးရဆန့်ကျင်သူသည် နေအိမ်အချုပ်ဖြင့် ဆယ်စုနှစ်များနေခဲ့ရပြီး ယခုအခါ ကမ္ဘာအနှံ့ခရီးသွား၍ လွှတ်တော်တွင်လည်း ရောက်ရှိသွားပြီဖြစ်သည်။သူသည် တိုက်ပွဲများအောင်နိုင်ခဲ့ပြီးလော။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် မည်သည့်နေရာ၌ ပါဝင်လုပ်ဆောင်နေသနည်း။

သူသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီလိုလားချက်များအတွက် ကိုယ်စားပြုသောအားကောင်းသည့် စံပြုဇာတ်ကောင်တစ်ခုဖြစ်ခဲ့ပြီး၊ ရာစုနှစ်တစ်ဝက်ခန့်နိုင်ငံကို ခေတ်နောက်ပြန်စွဲခဲ့သည့် ဖိနှိပ်သောစစ်တပ် အုပ်ချုပ်သူများအား စိန်ခေါ်ခဲ့ရာ တဖက်မှတဖြည်းဖြည်း လျော့ပေးသွားခဲ့ပြီး နောက်ဆုံးတွင် အနိုင်ရခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မွေးကတည်းက သူ့တိုင်းပြည်၏ မျှော်လင့်ချက်များကို ကိုယ်စားပြုရန်  ဘုရားသခင်က ဖန်တီးပေးထားသည့်နှယ်ဖြစ်သည်။သူ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်အပြီးတွင် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်မြောက်၍ လွပ်လပ်ရေးရအောင်ညှိနှိုင်းပေးခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် အသက်(၂)နှစ်အရွယ်၊ တိုင်းပြည်လွတ်လပ်ရေးမရမီ ခြောက်လအလို ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံခဲ့ရပါသည်။ ၁၉၆၂ ခုနှစ်တွင်စစ်တပ်မှ အာဏာသိမ်းခဲ့ပါသည် ။ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယတွင် ပညာသင်ကြားခဲ့သည်။နောက်ပိုင်းတွင် သူသည်ဗြိတိသျှပညာရှင် မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့ပြီး ဗြိတိန်သို့ပြောင်းရွှေ့ကာ Oxford နှင့် လန်ဒန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။၁၉၈၈ ခုနှစ်ဒီမိုကရေစီဆန္ဒပြပွဲများကိုမနှိမ်နှင်းမှီ လပိုင်းအလိုတွင် မြန်မာနိုင်ငံရှိသူ၏ နေမကောင်းသောမိခင်ကြီးအား ပြုစုရန်မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည်။

သူမည်သို့ ထင်ရှားလာသနည်း။

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးတစ်ဦးအနေဖြင့် သူသည်စစ်အစိုးရအားဆန့်ကျင်ရေး ရှင်းရှင်းလင်းလင်း ပြော၍ လူထုကြီးကိုနိုးထလာစေခဲ့သည်။ “သူ့ကိုတွေ့လိုက်တဲ့ခဏမှာ ကျွန်တော်သိလိုက်တယ်။သူဟာ ကျွန်တော့ရဲ့ ခေါင်းဆောင်ပဲလို့”ဟု ဒီမိုကရေစီရေးလှုပ်ရှားသူ ဦးခင်မောင်ဆွေက ပြောသည်။စစ်တပ်က ဆန္ဒပြမှုများကို သွေးထွက်သံယိုနှိမ်နှင်းပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် သန်း(၆၀)သော သူနှင့်တစ်နိုင်ငံ တည်းသားများအတွက် နိုင်ငံရေးအရယုံကြည်ချက်ပြင်းသူတစ်ဦးအဖြစ်နေရာယူခဲ့သည်။သူသည် ပထမဆုံး လူထုကိုပြောသော မိန့်ခွန်းမှစ၍ ၁၉၄၇ သူ၏ဖခင်ကွယ်လွန်ပြီးကတည်းက တစ်ဦးတည်းသောခေါင်းဆောင်အဖြစ် မြန်မာပြည်သူများက လက်ခံခဲ့ကြသည်ဟု Rutgers တက္ကသိုလ်ပါမောက္ခဟောင်းနှင့် မြန်မာ့အရေးကျွမ်းကျင်သူ Josef Silverstein ကပြောကြားခဲ့သည်။

စစ်တပ်ကသူ့အား မည်သို့ကိုင်တွယ်ခဲ့သနည်း။

စစ်အစိုးရသည် သူ၏ ဥာဏ်ပညာကြီးမှု၊ လူချစ်လူခင်များမှုကို ကြောက်ရွံ့သောကြောင့် ၁၉၈၉ တွင် နေအိမ်အကျယ်ချုပ်စတင်ထားရှိခဲ့ပြီး တစ်ခါတစ်ရံ တိုက်ပိတ်ထားမှုအပါအဝင် ဆယ်စုနှစ်နှစ်စုနီးပါး အကျယ်ချုပ်ထားရှိခဲ့သည်။သို့သော် သူ၏ နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှုကို ဖယ်ရှားရန်စီမံခြင်းမပြုနိုင်ခဲ့ပေ။ စစ်အစိုးရသည် အမည်ကို Burma မှ Myanmar သို့ပြောင်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၂% အနိုင်ရမှုကို အသိအမှတ်မပြုခဲ့ပေ။ “အာဏာလက်ရှိသူတွေက အာဏာလက်လွတ်သွားမှာ စိုးရိမ်တဲ့အတွက် အဂတိတရားတွေ ဖြစ်ခဲ့ပါတယ်” ဟု သူက ထိုနှစ်တွင်ပြောခဲ့သည်။သူသည် ထိုနှစ်တွင်ပင် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သော်လည်း မြန်မာနိုင်ငံသို့ ပြန်မသွားနိုင်မည်ကို ကြောက်ရသဖြင့် ဆုလက်ခံယူရန် Oslo သို့မလာနိုင်ခဲ့ပေ။ ယခုအခါ ထိုအရာများပြောင်းလဲခဲ့ပြီဖြစ်သည်။ သူသည် မကြာသေးမီက အိမ်နီးချင်း ထိုင်းနိုင်ငံသို့(၂၄)နှစ်အတွင်း ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။ယခုအပတ်တွင် ဥရောပသို့ထွက်ခွာလာခဲ့ပြီး ဆွစ်ဇာလန်၊ ပြင်သစ်၊ အိုင်ယာလန် နှင့် ဗြိတိသျှ၏ ပါလီမန်နှစ်ရပ်လုံးတွင် မိန့်ခွန်းပြောမည်ဖြစ်သည်။ ထို့အပြင် နော်ဝေနိုင်ငံ၏ မြို့တော်တွင် နိုဘယ်ဆုလက်ခံခြင်း မိန့်ခွန်းကိုပြောမည်ဖြစ်သည်။

အဘယ်ကြောင့် သူ့အား လွှတ်ပေးခဲ့သနည်း။

ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်မှုမှာ ယခုနှစ်များအတွင်း မြန်မာစစ်တပ်က အတင်းလုပ်ဆောင်နေသော ဒီမိုကရေစီသို့ ယာယီခြေလှမ်းများ၏ အမြင်သာအထင်သာဆုံး ရလာဒ်ဖြစ်သည်။ အဆုံးသတ် အကြောင်းတရားများမှာ ၂၀၀၇ တွင်ရောက်ရှိခဲ့သည်။၂၀၀၇ တွင် ဘုန်းတော်ကြီးများ ဦးဆောင်သောရွှေဝါရောင် တော်လှန်ရေးဖြစ်သောအခါ စစ်အစိုးရသည် အုံကြွမှုကိုချေမှုန်းခဲ့ပြီး တဖက်မှ ဒီမိုကရေစီသို့သွားနေသည်ဟု အချက်ပြနိုင်ရန် ထိုနှစ်တွင် အခြေခံဥပဒေသစ်ကို အပြီးရေးဆွဲခဲ့သည်။ ထိုအခြေခံဥပဒေအရ အရပ်သားအစိုးရကိုဖန်တီးခဲ့သော်လည်း စစ်တပ်တွင် အာဏာအများစု ရှိနေဆဲဖြစ်သည်။စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ နိုဝင်ဘာတွင် နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။

ယခုသူ၏ တရားဝင်နေရာသည် ဘာလဲ။

သူသည် မြန်မာနိုင်ငံဒီမိုကရေစီ ပြန်ရရေးအတွက်အရေးပါသော အဓိကလုပ်ဆောင်သူတစ်ဦးဖြစ်သည်။ သူလွတ်မြောက်လာခဲ့ပြီးနောက် ဦးသိန်းစိန်၏ အရပ်သားအစိုးရနှင့် စတင်ညှိနှိုင်းခဲ့သည်။ အစိုးရသည် နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးခဲ့သည်။သမဂ္ဂများ တရားဝင်ခွင့်ပြုခဲ့သည်။စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် သဘောတူခဲ့သည်။ လွတ်လပ်စွာဖော်ထုတ်နိုင်ခွင့်မှာ အနောက်နိုင်ငံစံများနှင့်တိုင်းတာလျှင် အလှမ်းဝေးနေဆဲ ဖြစ်သော်လည်း အဖြေမထွက်သော လက်ရှိအခြေအနေကို ဝေဖန်ခွင့်ရလာပြီဖြစ်သည်။ လူထု၏ အားပေးမှုကြောင့် NLD သည် ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး လွှတ်တော်အတိုက်အခံခေါင်းဆောင်အဖြစ် တရားဝင်ဖြစ်လာသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာပြီလော။

အမှန်တကယ်မဖြစ်သေးပါ။ မကြာသေးမီက မြန်မာနိုင်ငံကို (၁)မှ(၁၀)အထိ စကေးတွင် မည်မျှဒီမိုကရေစီ ကျနေသနည်းဟူသော အမေးအတွက် ဒေါ်အောင်ဆန်းစုကြည်က “အခုမှ (၁) သို့သွားနေဆဲ ဖြစ်ပါတယ်”ဟု ဖြေကြားခဲ့သည်။ လွှတ်တော်တွင် အမတ်နေရာ(၆၀၀)ကျော်ရှိသည့်အနက် ၄င်းပါတီသည်(၄၃)နေရာသာ နေရာရရှိသည်။ ယခုအပတ်တွင် မြန်မာနိုင်ငံအနောက်ပိုင်း၌ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်လူနည်းစုကြား ပဋိပက္ခဖြစ်ကြရာ အစိုးရက မာရှယ်လောကြေညာခဲ့သည်။ ထိုအဖြစ်အပျက် မဖြစ်ပွားမီက ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာပြည်သူများအား မြန်မာနိုင်ငံ၏ အနာဂါတ်အတွက် မဆင်မခြင် အကောင်းမြင်ခြင်းမပြုရန် သတိပေးခဲ့သည်။ “ဒီလိုမြင်တာဟာ ရှင်တို့အတွက်လည်း အထောက်အကူမဖြစ်ဘူး။ ကျွန်မတို့ကိုလည်း အထောက်အကူမပြုပါဘူး”ဟု ဆိုသည်။

အမေရိကန်နှင့် တရုတ်ကြားမှစစ်မြေပြင်

မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်အရင်းအမြစ်များရှိပြီး ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့များရှိခြင်းကြောင့် ကြီးမားသော အလားအလာများ ရှိသည်။ ထိုအလားအလာကြောင့် အနောက်နိုင်ငံ စွမ်းအင်ကုမ္ပဏီများ၏ စိတ်ဝင်စားမှုများ ကြီးထွားလာခဲ့သည်။အထူးသဖြင့် ဒီဇင်ဘာလက အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီးတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန် အရေးယူမှုများ ရုတ်သိမ်းပေးရေးကို သတိထား၍ စတင်တိုက်တွန်းခဲ့ကြသည်။သို့သော် မြန်မာနိုင်ငံ၏ မြောက်ဖက်အိမ်နီးချင်း တရုတ်နိုင်ငံသည် လာမည့်နှစ်တွင် ပြီးစီးမည့် အဓိကပိုက်လိုင်းစီမံကိန်းအပါအ၀င် မြန်မာနိုင်ငံတွင် ဒေါ်လာ ၂၇ ဘီလျံရင်းနှီးမြှုပ်နှံထားပြီးဖြစ်ရာ အများထက်အသာစီးရလျက် ရှိသည်။Beijing က သေးငယ်သောမြန်မာနိုင်ငံအပေါ် အရိပ်ထိုးမှုမှာ ပြီးခဲ့သည့်နှစ်က အမျိုးသားရေးစိတ်ဓာတ်နှင့် ပတ်သက်၍ အနှုတ်လက္ခဏာဆောင်သော စိတ်များ မြန်မာများကြားတွင် ဖြစ်ပေါ်ခဲ့ရာ ၉၀% လျှပ်စစ်အားတရုတ်သို့ရောင်းမည့် ဒေါ်လာ ၃.၆ ဘီလျံတန် ရေအားလျှပ်စစ်စီမံကိန်းကို မြန်မာတို့ ပယ်ဖျက်ခဲ့သည်။သို့သော် ဒေါ်အောင်ဆန်းစုကြည်က သတိနှင့် ပြောဆိုခဲ့ရာတွင် မြန်မာနိုင်ငံက အနောက်နိုင်ငံများအား တံခါးဖွင့်ပေးခြင်းသည် တရုတ်နှင့် ဆက်ဆံရေးမသင့်မြတ်ခြင်းသို့ ဦးမတည်သင့်ကြောင်း ပြောဆိုခဲ့သည်။ “မြန်မာနိုင်ငံကို အမေရိကန်နဲ့တရုတ်ကြားက စစ်မြေပြင်တစ်ခုအဖြစ် ရှုမြင်လာမှာကို ကျွန်မအမြဲတစေ စိုးရိမ်နေခဲ့ပါတယ်”ဟု သူက ယခုလပိုင်းတွင် ပြောသည်။ မြန်မာနိုင်ငံသည် အဆိုပါ နိုင်ငံကြီးနှစ်ခုကြားတွင် ဟန်ချက်ညီသွားနိုင်သော ဒေသဖြစ်သင့်သည်ဟု သူကပြောသည်။

***********************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs