Transparency Myanmar

transparency.myanmar@gmail.com

The Hindu, 23rd July 2010

      အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့က မြန်မာနိုင်ငံအား မျှတသော ရွေးကောက်ပွဲများ ကျင်းပရန်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် သောကြာနေ့က တောင်းဆိုလိုက်သည်။

      အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် ဥရောပသမဂ္ဂ ကိုယ်စားပြု ဟန်ဂေရီ နိုင်ငံခြားရေး ဝန်ကြီး ဂျာနို့စ် မာတွန်ရီတို့သည် ဗီယက်နမ် မြို့တော် ဟန္နိုင်းတွင် အာဆီယံ ဒေသတွင်း ဖိုရမ် ARF ကို တက်ရောက်လျက် ရှိသည်။

      ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဇန်နဝါရီလက ကတိပေးခဲ့ပြီး ရက်သတ်မှတ်ခြင်း မရှိသေးသည့် မြန်မာနိုင်ငံမှ စစ်ဖက် အစိုးရနှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများ၊ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှု ကြီးထွားနေမှုများသည် တပတ်ကြာ အာဆီယံ အစည်းအဝေးကို လွှမ်းမိုးနေသည်။

      မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံရေး အကျဉ်းသား အားလုံး အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း၊ အခြေခံ လူ့အခွင့်အရေးများကို ပေးစားခြင်း၊ တိုင်းရင်းသား လူမျိုးစုများ အပေါ် တိုက်ခိုက်မှု ရပ်ဆိုင်းခြင်း စသည်တို့ အပါအဝင် ဂုဏ်သိက္ခာ ပြည့်ဝသော ရွေးကောက်ပွဲ တစ်ခု အတွက် လိုအပ်သောအခြေအနေများကို သူ့နေရာနှင့်သူ ဆောင်ရွက်သွားသင့်သည်ဟု ကလင်တန်က သောကြာနေ့တွင် ဟနွိုင်း၌ သတင်းထောက်များအား ပြောကြားသည်။

      မြန်မာစစ်ဖက်အစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သည်မှာ အနှစ် ၂၀ နီးပါး ကြာမြင့်ပြီ ဖြစ်သည်။

      ဟန်ဂေရီ နိုင်ငံခြားရေး ဝန်ကြီး မာတွန်ရီက "မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများသည် တိုင်းပြည်ကို ပိုကောင်းသော အနာဂါတ်သို့ ဦးတည် ထိန်းကျောင်းရန် အခွင့်အလမ်းကို ပေးနေသော်လည်း မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီးထိန်းသိမ်း ထားမှုကြောင့် အပြစ်အနာများလွန်း အားကြီးသော ရွေးကောက်ပွဲများကိုသာ ဖြစ်ပေါ်စေလိမ့်မည်" ဟု သောကြာနေ့ အစောပိုင်းက ပြောကြားခဲ့သည်။

      နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က သောကြာနေ့က မှတ်ချက်ပေးရာတွင် "ကိုရီးယား ကျွန်းဆွယ် နျူကလီယာ ကင်းစင်ရေးကို မြှင့်တင် အားပေးသည့် လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ နှင့် ၁၇၁၈ တို့အပြင် နျူကလီယာ မပြန့်ပွားရေးစာချုပ်ကို မြန်မာနိုင်ငံ လိုက်နာသည် ဆိုခြင်းကို သေချာအောင် ပြုလုပ်ရန် အာဆီယံ အဖွဲ့ဝင်များကို တိုက်တွန်းလိုက်သည်။"

      အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှာ ဘရူနိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် တို့ဖြစ်သည်။ 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 23rd July 2010

      ပုံမှန်အားဖြင့် လူမြင်မခံ၊ ပုန်းရှောင်တတ်သော မြန်မာအစိုးရ ထိပ်သီးခေါင်းဆောင် နယူးဒေလီသို့ နိုင်ငံတော် ခရီးစဉ်လာမည့်အချိန်တွင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ရှင်းလင်းသော အသိပေးလွှာကို အိန္ဒိယက မြန်မာသို့ ပေးပို့လိမ့်မည်ဟု မျှော်လင့်ကြောင်း သောကြာနေ့တွင် အမေရိကန် ပြည်ထောင်စုက ထုတ်ဖော် ပြောကြားလိုက်သည်။

      အထိန်းသိမ်းခံ မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယခင်က အခိုင်အမာ ထောက်ခံခဲ့ဖူးသော အိန္ဒိယ ထိပ်သီးခေါင်းဆောင်ပိုင်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ လာမည့် အပတ်၌ တွေ့ဆုံကြမည် ဖြစ်သည်။

      "ပုံစံတွေ ပြောင်းပစ်ဖို့ လိုအပ်နေပြီဆိုတဲ့ အကြောင်းကို မြန်မာအစိုးရထံ ရှင်းရှင်းလင်းလင်း အသိပေးကြဖို့ အိန္ဒိယနဲ့ တခြားနိုင်ငံတွေကို ကျွန်တော်တို့တိုက်တွန်း အားပေးသွားမှာပါ" ဟု အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Philip Crowley က မြန်မာ၏ ကမ္ဘာသိ အမည် Burma ကို သုံးစွဲ ပြောကြားလိုက်သည်။

      "မြန်မာ အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ နိုင်ငံတိုင်းဟာ သူတို့ရဲ့ တာဝန်ရှိမှုတွေကို မြန်မာနိုင်ငံ အပေါ် တိုက်ရိုက်၊ ဆက်သွယ်၊ ဖိအားပေးဖို့ အတွက် 'တာဝန်ရှိမှု' ကို မျှဝေခွဲယူလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စုက ယုံကြည်ထားပါတယ်" ဟု Crowley က ဆိုသည်။

      အဆိုပါ တာဝန်ရှိမှုများတွင် ဒေသတစ်ခုလုံး နျူကလီယာ ပြန့်ပွားနိုင်သော အန္တရာယ်မှ ကာကွယ်ရေး၊ မြန်မာ အစိုးရအား ၎င်း၏ အတိုက်အခံများ၊ ပြည်တွင်း တိုင်းရင်းသား အုပ်စုများနှင့် ပိုမို အပြုသဘောဆောင်သော တွေ့ဆုံမှုများ ပြုလုပ်သင့်ကြောင်း တိုက်ရိုက် ပြောကြားရေး စသည်တို့ ပါဝင်သည်ဟု Crowley က ပြောကြားသည်။

      လူ့အခွင့်အရေး အုပ်စုများက "အကြမ်းမဖက် ငြိမ်းချမ်းရေးဝါဒီ မဟတ္တမ ဂန္ဒီ၏ မြေပေါ်တွင် သန်းရွှေ အတွက် ကော်ဇောနီ ဖြန့်ခင်းနေပြီ" ဟု သတိပေး တပ်လှန့်လိုက်သည်။

      သို့ရာတွင် အိန္ဒိယနိုင်ငံသည် ကြီးထွားနေသော အာရှ စီးပွားရေး နိုင်ငံများ အာသာငမ်းငမ်း မက်မောနေသော ရေနံနှင့် ဓာတ်ငွေ့ သယံဇာတများ ရှိနေသည့် ၎င်းတို့၏ အိမ်နီးချင်း မြန်မာနိုင်ငံတွင် မဟာဗျူဟာမြောက် အခွင့်အလမ်းများ တရုတ်နိုင်ငံထံ လက်လွှတ် ဆုံးရှုံးနေရခြင်းနှင့် ပတ်သက်၍ စိုးရိမ် ပူပန်နေသည်ဟု အကဲခတ် လေ့လာသူ အချို့က ပြောကြားသည်။

      အိန္ဒိယနှင့် ဆက်ဆံရေး တိုးတက်နေသည့် အမေရိကန် ပြည်ထောင်စုသည် လက်ရှိ အိုဘားမား အစိုးရက "အထီးကျန် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ နှစ်ရှည် ပိတ်ဆို့မှုများသည် ရလဒ် ထွက်ပေါ်ခဲ့ခြင်း မရှိ" ဟု သုံးသပ်ခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရနှင့် တွေ့ဆုံ ဆွေးနွေးမှုကို ယမန်နှစ်က စတင်ခဲ့သည်။

      သို့သော်လည်း နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်သည် ဗီယက်နမ်တွင် ယခု အပတ် ကျင်းပနေသော ဒေသတွင်း ဆွေးနွေးပွဲများတွင် မြန်မာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မည်သည့် တွေ့ဆုံမှုမှ မပြုလုပ်ခဲ့ဟု Crowley က ပြောကြားသည်။

      ဤအစား ကလင်တန်က မြန်မာနိုင်ငံအား ၎င်းတို့၏ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများနှင့် ဒီမိုကရေစီ ချို့တဲ့ ကင်းမဲ့မှုများနှင့် စပ်လျဉ်း၍ လူသိရှင်ကြား အပြစ်ဖော် သတိပေးလိုက်ပြီး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် တိုင်းရင်းသား လူမျိုးစုများ အပေါ် တိုက်ခိုက်မှုများ အဆုံးသတ်ရန် မြန်မာ အစိုးရကို တိုက်တွန်းလိုက်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Times of India, 24th July 2010

      အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကြောင့် ကုလသမဂ္ဂ အဖွဲ့ကြီးကို ထိခိုက်မှုများ ဖြစ်ရကြောင်း တာဝန်ပြီးဆုံးတော့မည့် ကုလသမဂ္ဂ သံတမန် တစ်ဦးက ပြစ်တင်ဝေဖန်လိုက်သည်။ အထူးသဖြင့် အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံတို့ ကဲ့သို့သော အဓိက အရေးကိစ္စများတွင် ဘာမျှမလုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ၎င်း၏လက်ထက်တွင် ကမ္ဘာ့အဖွဲ့အစည်းကြီး၏ တာဝန်ယူမှု အပိုင်းများ လျော့နည်းလာခဲ့ကြောင်း ဆိုသည်။

      Inga-Britt Ahlenius သည် အသက် ၇၂ နှစ် အရွယ်ရှိ ဆွီဒင်လူမျိုး စာရင်းစစ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး၊ ပြီးခဲ့သည့် အပတ်က အထွေထွေ အတွင်းရေးမှူးချုပ် လက်အောက်ခံရုံး ဖြစ်သော Office of Internal Oversight Services (OIOS) ထွက်ခဲ့သူ တစ်ဦးဖြစ်ပြီး စာမျက်နှာ ၅၀ ပါ ရုံးတွင်း မှတ်စုတစ်ခု ရေးသားခဲ့သည်။ အဆိုပါစာတွင် ဘန်ကီမွန်းသည် သူမ၏ရုံးတွင် ဝင်ရောက် စွက်ဖက်မှုများ ရှိပြီး၊ သူမ၏ ရုံးဝန်ထမ်း ခန့်အပ်မှုများတွင် ပိတ်ပင်မှုများ ရှိခဲ့သည်ဟု စွပ်စွဲထားသည်။

      "သင်၏ အပြုအမှုများသည် အလွန်တရာ ဆိုးဝါးသော အခြေအနေတွင် ရှိသည်။ သင့်၏ အပြုအမူများမှာ နမူနာ ပြစရာ မရှိပဲ၊ သင့်အတွက် ရှက်စရာ ကောင်းသည်ဟု ကျွနိုပ် ခံယူသည်" ဟု ရေးသားထားသည်။ "ပြောရမှာတော့ ဝမ်းနည်းပါသည်။ အတွင်းရေးမှူးချုပ်မှာ ပျက်စီးရာ လမ်းစဉ်ကို သွားနေပါသည်" ဟု ဆိုထားသေးသည်။

      အဆိုပါ စိတ်ဆိုးမာန်ဆိုး ရေးထားသော စာအား လူသိရှင်ကြား ထုတ်ပြန်ခဲ့ရာ၊ ဘန်ကီမွန်း၏ အရာထမ်းချုပ် Vijay Nambiar က အဆိုပါစာမှာ မျှတမှု မရှိကြောင်း ပြောကြားခဲ့သည်။

      Ahlenius က ပြောကြားရာတွင် ဘန်ကီမွန်း၏ သတင်းပေါက်ကြားမှုများကို အကာအကွယ် ပေးမှုမှာ စိုးရိမ်စရာ ပိုကောင်းကြောင်းနှင့် ကုလသမဂ္ဂ အတွင်းတွင် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခု စင်ပြိုင်ထောင်ရန် ကြိုးစားခဲ့သည်ဟု စွပ်စွဲခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 22nd July 2010

      မကြာမီ ပြုလုပ်တော့မည့် အမေရိကန် တောင်ကိုရီးယား ရေတပ်စစ်ရေးလေ့ကျင့်မှုများကို ကမ္ဘာ့ ငြိမ်းချမ်းရေးအပေါ် ခြိမ်းခြောက်မှုအဖြစ် ကြာသပတေးနေ့တွင် မြောက်ကိုရီးယားက ပြစ်တင် ရှုတ်ချလိုက်ချိန်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်မှာ အာရှ-ပစ္စဖိတ် လုံခြုံရေးဖိုရမ်အတွက် ဗီယက်နမ်သို့ ရောက်ရှိနေသည်။

      တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှု အတွက် အပယ်ခံ ကွန်မြူနစ်နိုင်ငံအပေါ် အမေရိကန်က အသစ်ထပ်မံ အရေးယူပိတ်ဆို့ခဲ့ခြင်းကို ဟနွိုင်းရောက် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ကန့်ကွက်လိုက်ပြီး "ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ ကြေညာချက်ကို သူတို့ ချိုးဖောက်နေတာပါ" ဟု ပြောကြားခဲ့သည်။

      ဒီလိုလုပ်ရပ်တွေဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် သာမကဘဲ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုကိုပါ ကြီးကြီးမားမား ခြိမ်းခြောက်နေပါတယ်ဟု ပြောရေးဆိုခွင့်ရှိသူ ရီတုန်အီက သတင်းထောက်များအား ပြောကြားသည်။

      "တကယ်လို့သာ အမေရိကန်က ကိုရီးယားကျွန်းဆွယ် နျူကလီယာကင်းရှင်းရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် စစ်ရေးလေ့ကျင့်မှုတွေ၊ အရေးယူ ပိတ်ဆို့မှုတွေ လုပ်မဲ့အစား ဒိုင်ယာလော့ အတွက် ဝန်းကျင် အနေအထား တစ်ခု ဦးဆောင်ပြီး ဖန်တီးတာကိုပဲ လုပ်ရမှာပါ" ဟု ၎င်းက ဆိုသည်။

      ရေတပ်သား ၄၆ ဦး သေဆုံးခဲ့သော မတ်လက ချိုနန် သင်္ဘောနစ်မြုပ်မှုကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများသိသာစွာ မြင့်တက်ခဲ့ပြီး "နျူကလီယာ လက်နက်အားကိုး မြောက်ကိုရီးယား" က အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ၎င်းအပေါ် အရေးယူဒဏ်ခတ်ပါက စစ်ဖြစ်လိမ့်မည်ဟု သတိပေး ခြိမ်းခြောက်ခဲ့သည်။

      မကြာမီ ပြုလုပ်မည့် ရေတပ် စစ်ရေး လေ့ကျင့်ခန်းများတွင် လေယာဉ်တင် သင်္ဘောတစ်စင်း၊ ဖျက်သင်္ဘောများနှင့် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်ပြီး 'ကာကွယ်မှု' သဘော သဘာဝရှိကာ မြောက်ကိုရီးယား၏ ရန်စကျူးကျော်မှုအပေါ် ဟန့်တားခြင်းအဖြစ် ရှင်းလင်းစွာ ပြသမှုတစ်ခု ဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စုက ပြောကြားသည်။

      ကလင်တန်က "အရေးယူ ပိတ်ဆို့မှုများသည် ပြုံယမ်း ခေါင်းဆောင်ပိုင်းကိုသာကွက်၍ ဖိအားပေးရန် ရည်ရွယ်ထားပြီး အစိုးရ၏လမ်းလွဲသော၊ အန္တရာယ်များသော ဦးစားပေး ကိစ္စများကြောင့် နှစ်ရှည်လများ ဒုက္ခခံစားနေရသူ မြောက်ကိုရီးယား ပြည်သူများအပေါ် ရည်ရွယ်ခြင်းမဟုတ်" ဟု ပြောဆိုလိုက်သည်။

      နိုင်ငံခြားရေးဌာန အရာရှိများက ပြောကြားရာတွင် ကလင်တန်သည် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယဉ်ကျားချီနှင့် ကြာသပတေးနေ့ နှောင်းပိုင်း ဟန္နိုင်းတွင် နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပစဉ် အတွင်း ဘီဂျင်းအား ၎င်း၏မဟာမိတ် မြောက်ကိုရီးယားကို ပိုမိုလွှမ်းမိုး ထိန်းကျောင်းရန် တောင်းဆိုလိမ့်မည်ဟု သိရှိရသည်။

      သို့သော်လည်း အာဆီယံ ဒေသတွင်း ဖိုရမ် ARF အဖွဲ့ဝင် ၂၇ နိုင်ငံသည် အာရှ ပစ္စဖိတ် ဒေသတစ်ခုလုံးနှင့် အကျုံးဝင်သည့် လုံခြုံရေး ကိစ္စများကို တွေ့ဆုံ ဆွေးနွေးလျက် ရှိသဖြင့် သောကြာနေ့အထိ နှစ်နိုင်ငံ အစည်းအဝေးကို ကျင်းပရန် မျှော်လင့်၍ မရသေးဟု ကလင်တန်၏ ကိုယ်စားလှယ် အဖွဲ့မှ အရာရှိများက ဆိုသည်။

      မြောက်ကိုရီးယား၏ "တည်ငြိမ်မှု ပျက်ပြားစေသော၊ ဥပဒေနှင့် ဆန့်ကျင်သော၊ ရန်စ လှုံ့ဆော်သော" မူဝါဒများ ရပ်ဆိုင်းသွားအောင် ဖိအားပေးရန် အတွက် အရံ အစီအစဉ်များ ရှာဖွေရန် ယန်ကျားချီကို ကလင်တန်က တောင်းဆိုလိမ့်မည်ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Philip Crowley က ပြောကြားသည်။

      "ဒီကြီးမားတဲ့ အရေးယူမှုတွေဟာ မြောက်ကိုရီးယား အဓိက ခေါင်းဆောင်ပိုင်းကို သက်ရောက်မှု ရှိမှာ ဖြစ်တဲ့ အတွက် အမေရိကန် အပါအဝင် အခြားနိုင်ငံတွေနဲ့ ဘယ်လို ညှိနှိုင်းမယ် ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့အတွက်အချက်တွေ ပြောင်းလဲလာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့် ထားပါတယ်" ဟု ၎င်းက ဝါရှင်တန်တွင် ပြောကြားသည်။

      ဇန်နဝါရီလက ထိုင်ဝမ်သို့ လက်နက် ရောင်းချမှုကြောင့် အမေရိကန် ပြည်ထောင်စုနှင့် စစ်ဖက် ဆက်ဆံရေး အေးစက်နေသော ဘီဂျင်းနှင့် ဝါရှင်တန်တို့ အကြား ခပ်တန်းတန်း ဖြစ်နှင့်ပြီးသား ဆက်ဆံရေးကို ယခု ချိုနန် နစ်မြုပ်မှုနှင့် ပတ်သက်၍ ကြီးထွားလာသော တင်းမာမှုများက ဆက်လက် စမ်းသပ်လျက် ရှိသည်။

      မြောက်ကိုရီးယား ရေငုတ်သင်္ဘောက တိုပီဒိုဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲထားသော နိုင်ငံစုံ စစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက်များကို တောင်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများက လက်ခံ ကိုးကားကြသည်။

      အထက်ပါ စွပ်စွဲမှုကို ပြုံယမ်းက စိတ်ဆိုးမာန်ဆိုး ငြင်းဆန်ခဲ့ပြီး တရုတ်နိုင်ငံကလည်း ၎င်း၏ ကွန်မြူနစ် မဟာမိတ်ကို အပြစ်တင်ခြင်း မပြုခဲ့ပါ။

      ကုလသမဂ္ဂက ၎င်းတိုက်ခိုက်မှုကို ဒေသတွင်း ငြိမ်းချမ်းရေး အပေါ် ခြိမ်းခြောက်မှု အဖြစ် ပြစ်တင် ရှုတ်ချခဲ့ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက်များအပေါ်များစွာ စိုးရိမ်ပူပန်မိသည်ဟု ဖော်ပြခဲ့သော်လည်း မြောက်ကိုရီးယား၏ ငြင်းဆန်မှုကိုလည်း အလေးဂရုပြုခဲ့ပြီး အပြစ်တင်ခြင်း မပြုလုပ်ခဲ့ပါ။ ရလာဒ်မှာ ပြုံယမ်းက အောင်ပွဲအဖြစ် ဂုဏ်ပြု ကြိုဆိုလိုက်ခြင်းပင် ဖြစ်သည်။

      ပင်လယ်ဝါတွင် ပြုလုပ်မည့် ရေတပ် လေ့ကျင့်မှုကို ကန့်ကွက်ကြောင်း တရုတ်က ဝါရှင်တန်နှင့် ဆိုးလ်ကို ထပ်မံ သတိပေးခဲ့သည်။

      တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကွင်ရိုင်းက အုပ်စု အားလုံးအား "ခေါင်းအေးအေးထား၍ စိတ်ရှည် သည်းခံကြရန်နှင့် ဒေသတွင်း တင်းမာမှုကို ပိုမို ဆိုးလာစေမည့် အရာ မှန်သမျှ မပြုလုပ်ကြရန်" တောင်းဆိုခဲ့သည်။

      ARF ကြေညာစာတမ်း မူကြမ်းတွင် ချိုနန် နစ်မြုပ်မှုနှင့် ပတ်သက်၍ အထူးပင် စိုးရိမ်ကြောင်း ဖော်ပြထားပြီး ဇူလိုင်လ ၉ ရက် ကုလသမဂ္ဂ ကြေညာချက်ကို ထောက်ခံထားသည်။ မြောက်ကိုရီးယားကို အပြစ်တင်ခြင်း (သို့) တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း တွေ့ရှိချက်ကို အသိအမှတ်ပြုခြင်း မရှိပါ။

      ကြေညာချက် မူကြမ်းတွင် မြောက်ကိုရီးယား နျူကလီယာ ဖျက်သိမ်းရေး ဆိုင်ရာ ၆ နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် စတင်ရန် တောင်းဆိုထားသည်။

      ရပ်တန့်နေသော ၆ နိုင်ငံ ဆွေးနွေးပွဲနှင့် ပတ်သက်သည့် နိုင်ငံများ ဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား နှစ်နိုင်ငံ၊ ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့မှ ကိုယ်စားလှယ်များ ယခု ARF သို့ တက်ရောက်ကြမည် ဖြစ်သော်လည်း ဒိုင်ယာလော့ ပြန်လည် စတင်ရေး အတွက် တိုးတက်မှု အနည်းငယ်သာ ရှိလိမ့်မည်ဟု အကဲခတ် လေ့လာသူများက မျှော်လင့်ထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Washington Post, Paulo S'ergio Pinheiro , 23rd July 2010

      နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် ယခုအပတ်တွင် အာဆီယံ ဒေသတွင်း ဖိုရမ်သို့ တက်ရောက်နေရာ၊ မြန်မာနိုင်ငံအပေါ် ဆက်ဆံရေး အတွက် အမေရိကန်၏ ကြိုးပမ်းမှုကို စစ်ဆေးရန် အချိန်ကောင်း ဖြစ်သည်။ သမ္မတ Obama တက်လာသောအခါ နိုင်ငံတကာ အသိုင်းအဝိုင်းသည် ကမ္ဘာ့ပြဿနာများအတွက် နိုင်ငံပေါင်းစုံနှင့် ဆွေးနွေးမည့် အမေရိကန်၏ ဝါဒကို အလွန်တရာ စိတ်ဝင်စားခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အရေးကိစ္စသည် အခြားကိစ္စများထက် ပိုမိုပြောဆိုရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာရှင်သည် ဆယ်စုနှစ်များစွာ မိမိတိုင်းသူပြည်သားများကို နှိပ်စက်လျက်ရှိပြီး၊ ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခြင်းကြောင့် အာဏာလွှဲပေးရန် ပျက်ကွက်ခဲ့သည်။

      ၂၀၀၉ နှစ်ဆန်းပိုင်းက မြန်မာနိုင်ငံနှင့် ပတ်သက်၍ အမေရိကန်၏မူဝါဒကို ပြန်လည် သုံးသပ်လျက် ရှိကြောင်း ကလင်တန်က ကြေညာချက် ထုတ်ပြန်ခဲ့ရာ ကျွန်ုပ်အပါအဝင် အမေရိကန် အစိုးရသစ်ကို စောင့်ကြည့်သူများက လက်ခုပ်တီးခဲ့ကြသည်။ ကျွန်ုပ်သည် မြန်မာအစိုးရဖန်တီးခဲ့သော ပြဿနာများကို ဖော်ထုတ်ရန် ကြိုးစားသည့် အနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများ အတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖြစ် ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရာ စဉ်းစား တွေးခေါ်မှု အသစ်အချို့သည် တန်ဖိုးရှိလိမ့်မည်ဟု ကျွန်ုပ်နားလည်သည်။ သို့သော် Obama အစိုးရသည် ရှင်းပြ၍ မရနိုင်သော ခြေလှမ်းမှားများကို အစောပိုင်း ကတည်းက ပြုလုပ်ခဲ့ပြန်သည်။

      ပထမဆုံး Obama အစိုးရသည် ၎င်း၏မူဝါဒသစ် အလုပ်ဖြစ်ရေးအတွက် ရှစ်လခန့် အချိန်ယူခဲ့သည်။ မြန်မာ အစိုးရသည် ယခုနှစ် ရွေးကောက်ပွဲ ကျင်းပရန် ရှိနေချိန်တွင် ဖိနှိပ်မှုများကို ပိုမိုပြုလုပ်လျက်ရှိရာ၊ အမေရိကန် ပြည်ထောင်စုသည် မည်သို့တုန့်ပြန်မည် ဆိုသည်ကို ကမ္ဘာလုံးဆိုင်ရာ အခြေအတင် ဆွေးနွေးမှု ပြုလုပ်ရန် ပျက်ကွက်ခဲ့သည်။ ဝါရှင်တန်သည် ၎င်း၏ ရည်မှန်းချက်များကို ဆက်သွယ်ပြောပြရန် မပြုလုပ်နိုင်ခဲ့ရုံမက၊ ၎င်း၏ ငြိမ်သက်နေခြင်း အတွက် သံတမန် အများစု၏ အမြင်များ ရှုတ်ထွေးစေခဲ့သည်။ ထိုအချိန်အတွင်း မြန်မာအစိုးရအပေါ် ဖိအားများ လျော့နည်းခဲ့ပြီး အခြားတိုင်းပြည်များကလည်း အမေရိကန်၏ မူဝါဒ ပြန်လည် သုံးသပ်မှု၏ အဖြေကို စောင့်နေခဲ့ကြသည်။ မူဝါဒသစ်ကို နောက်ဆုံး ကြေညာသောအခါ အရေးယူမှုများကို ဆက်လက် ရှိနေစေပြီး ဆက်ဆံရေး တိုးမြှင့်ရန် ကြေညာခဲ့ရာ ထူးထူးခြားခြား ဘာမျှမရှိသော ထူးခြားကောင်းမွန်မှု မရှိသော မူဝါဒ ဖြစ်သည်။ ထိုမူဝါဒအတွက် အဘယ်ကြောင့် ရှစ်လခန့် အချိန်ယူရသည်ဆိုသည်မှာ မရှင်းလင်းသည့် အချက်ပင် ဖြစ်သည်။

      ဒုတိယ အချက်အားဖြင့် အမေရိကန် အစိုးရသည် မြန်မာနိုင်ငံ အပေါ် မူဝါဒနှင့် ပတ်သက်၍ အထူး ညှိနှိုင်းရေး အရာရှိတစ်ဦးကို ကွန်ဂရက်က အာဏာပေးအပ်နှင်းရန် လိုအပ်ခဲ့ခြင်း ဖြစ်သည်။ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် ခေါင်းဆောင်ရန် အရည်အချင်း အပြည့်ရှိသည်။ သို့သော် ၎င်းသည် အာရှနှင့် ပတ်သက်၍ အမေရိကန် မူဝါဒရေးရာ ကိစ္စကိုလည်း တာဝန်ခံထားရသည် ဖြစ်ရာ၊ မြန်မာနိုင်ငံအပေါ် အဆက်မပြတ် အာရုံပြုရန် အချိန်အကန့်အသတ် ရှိနေပြန်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပေါ် အဆက်မပြတ် အာရုံပြု ကြည့်နေရန် ပျက်ကွက်ခြင်းသည် စိတ်ပျက်ဖွယ် ဖြစ်ရသည်။

      နောက်ဆုံးအချက်မှာ အမေရိကန် ပြည်ထောင်စုသည် မြန်မာအစိုးရနှင့် တိုက်ရိုက် ဆက်ဆံရာတွင် အံ့သြဖွယ် ကောင်းစွာပင် ၎င်းတစ်ဦးတည်း ချဉ်းကပ်သွားခြင်းပင် ဖြစ်သည်။ ကျွန်ုပ် နားမလည်နိုင်ဖြစ်ရသော အချက်မှာ အမေရိကန် အစိုးရသည် တွေ့ဆုံဆွေးနွေးရာတွင် အခြား ပါတနာများ ခေါ်မသွားပဲ၊ ၎င်းအနေဖြင့် မြန်မာ အစိုးရအပေါ် သြဇာလွှမ်းမိုးမှု ရှိလိမ့်မည်ဟု တွေးထင်နေသည့် အချက်ပင် ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် တရုတ်နှင့် ရုရှားတို့၏ ထောက်ခံမှု ရှိသည် ဆိုသည်ကို မြန်မာ အစိုးရက သိသည်။ ၎င်းတွင် သဘာဝ သံယံဇာတများမှ နှစ်စဉ် ဒေါ်လာဘီလီယံနှင့် ချီ၍ ရရှိနေသည်။ အမေရိကန် ပြည်ထောင်စုအနေဖြင့် လက်ရှိ အရေးယူမှုမျိုးနှင့် မြန်မာနိုင်ငံအပေါ် သြဇာ လွှမ်းမိုးမှု မရရှိနိုင်ပေ။ မြန်မာ အစိုးရအပေါ် အရေးပါ အရာရောက်သူ တစ်ဦးဦးကို ခေါ်သွင်းမသွားဘဲ၊ အမေရိကန် အနေဖြင့် သြဇာလွှမ်းမိုးမှု မရှိနိုင်ပေ။

      ထို့ကြောင့် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာ အစိုးရကို သြဇာလွှမ်းမိုးမှု ရှိစေလိုလျှင် ၎င်း၏ ချဉ်းကပ်မှုပုံစံကို လုံးဝချက်ချင်း ပြောင်းလဲပစ်ရမည် ဖြစ်သည်။ ကိုယ်စားလှယ် ခန့်အပ်မှုကို အသာထား အမေရိကန် အနေဖြင့် မြန်မာနိုင်ငံ မူဝါဒကို လူကြီးပိုင်းမှ ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်သည်။ မြန်မာအစိုးရသည် အပေါ်စီးမှ အသာရနေပြီ ဖြစ်သည်။ အမေရိကန် အနေဖြင့် နိုင်ငံပေါင်းစုံ ပါဝင် သဘောတူသော ဖိအားမျိုး မရှိပဲနှင့်တော့ မြန်မာအစိုးရအား တွေ့ဆုံ ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သူ့ဘာသာသူ အကျင့်စရိုက် ပြောင်းပါစေတော့ဟုသာ လွှတ်ထားရပေလိမ့်မည်။

      တိတိကျကျ ပြောရလျှင် အမေရိကန် ပြည်ထောင်စုသည် သူ၏ မဟာမိတ်များကို လက်လှမ်းမှီ စည်းရုံးသည့် အနေဖြင့် ယခုအာဆီယံဒေသတွင်း ဖိုရမ်တွင် စတင်သင့်ပေသည်။ ယခု မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုနှင့် ပတ်သက်သည့်အချက်များ မရှိသောကြောင့် ရွေးကောက်ပွဲရလဒ်ကို နိုင်ငံအများစုက လက်မခံကြောင်း သေချာစေရန် ပြုလုပ်ခြင်းမျိုး လုပ်ရမည် ဖြစ်သည်။ အမေရိကန်အနေဖြင့် ကျွန်ုပ်၏နေရာတွင် ဆက်ခံသော Tomas Ojea Quintana တောင်းဆိုထားသော မြန်မာ အစိုးရ ကျူးလွန်ထားသော လူသားချင်း မစာနာသော ရာဇဝတ်မှုများနှင့် မစာနာသော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ အတွက် ကုလသမဂ္ဂမှ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် အချက်ကို လူသိရှင်ကြား ကြိုဆိုသင့်ပြီး၊ နိုင်ငံပေါင်းစုံက စုပေါင်း၍ အဆိုပါ စုံစမ်းမှု ဖြစ်ပေါ်ရေး ဝိုင်းဝန်း လုပ်ဆောင်သင့်လှပေသည်။ လက်ရှိ အမေရိကန်၏ အရေးယူမှုများကို ပိုမို အားကောင်းအောင် ပြုလုပ်ပြီး၊ မြန်မာ အစိုးရနှင့်အတူ အလုပ်လုပ်နေသော စင်္ကာပူနှင့် ဒူဘိုင်းရှိ ဘဏ်များကို ပစ်မှတ်ထားသင့်သည်။ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းဝယ်မှု ပိတ်ပင်ရန် ချမှတ်သင့်သည်။ ထို့အပြင် လာမည့်နှစ်အစောပိုင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ Universal Periodic Review တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စကို ပြန်လှန် စစ်ဆေးရာတွင် ဦးဆောင်သော နိုင်ငံ သုံးနိုင်ငံအနက် အမေရိကန်က တစ်ဦးအဖြစ် ပါဝင် အခွင့်အလမ်း ယူသင့်လှသည်။

      အချို့ကတော့ ပြောလိမ့်မည်။ ယခုကဲ့သို့ အမေရိကန် ပြည်ထောင်စုအား သူ၏ နိုင်ငံခြားရေးရာ မူဝါဒတွင် ဦးစားပေးစာရင်း သတ်မှတ်ပေးရေးအတွက် မျှော်လင့်နေခြင်းမှာ သဘာဝမကျဟု ဆိုလိမ့်မည် ဖြစ်သည်။ ကျွန်ုပ်သည် မြန်မာ အစိုးရနှင့် ဆက်ဆံခဲ့ရပြီး ဖြစ်ရာ၊ မြန်မာ ဗိုလ်ချုပ်များကို သြဇာ လွှမ်းမိုးနိုင်ရန် မည်မျှ ခက်ခဲသည် ဆိုသည်ကို အများစုထက် ပို၍သိသည်။ သေချာသည့် အချက်တစ်ခုမှာ အကယ်၍ အမေရိကန် ပြည်ထောင်စု အနေဖြင့် အမှန်တကယ် မြန်မာ အစိုးရကို တစ်ခုခု ပြောင်းလဲစေလိုသည်ဟု ဆိုလျှင် ၎င်း၏ကြိုးစားအားထုတ်မှုများသည် မဟာဗျူဟာ ကျရမည်။ အာရုံပြုမှု မှန်ကန်ရမည်။ မဆုတ်မနစ် ကြိုးစားရမည်။

      မြန်မာနိုင်ငံ၏ လာမည့် ရွေးကောက်ပွဲကို ပေးထားချက် အဖြစ် မှတ်ယူလျှင် သမ္မတ Obama နှင့် နိုင်ငံခြားရေး ဝန်ကြီး Cliton တို့အဖို့ ၎င်းတို့၏ မူဝါဒကို ပြင်ဆင်ရန် အချိန်အကန့်အသတ် ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် စတင်သည့် အနေဖြင့် ၎င်းတို့သည် မြန်မာနိုင်ငံနှင့် သူ၏ အခြေအနေအပေါ် အရေးတကြီး ကိစ္စရပ်အဖြစ် မှတ်ယူရန် လိုအပ်သည်။ ထို့နောက် အမေရိကန် ဆိုသည်မှာ ၎င်းတို့ ပြောသကဲ့သို့ ဘာကောင် ဆိုသည်ကို ကမ္ဘာသို့ ပြသရန် လိုတော့မည် ထင်သည်။

(ဤစာရေးသားသူသည် Brown တက္ကသိုလ်၏ Watsan Institute for International Studies တွင် နိုင်ငံတကာ ဆက်ဆံရေး ပူးတွဲ ပါမောက္ခ တစ်ဦး ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖြစ် ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိ တာဝန် ထမ်&#