![]() | yangonchronicle 2011 |
၂၀.၇.၂၀၁၁
ဘာသာပြန်သတင်းများ
မြန်မာတို့၏ ဥက္ကဋ္ဌနေရာ ကြိုးပမ်းမှုကို အာဆီယံက အကောင်းမြင် နားလည်သုံးသပ်
(Monsters and Critics မှ 19 July 2011 ရက်စွဲပါ “Asean gives Myanmar chairmanship bid positive consideration” သတင်းကို ဘာသာ ပြန်ဆိုသည်)
လူ့အခွင့်အရေး မှတ်တမ်းများကြောင့် မကြာခဏ နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသည့် မြန်မာနိုင်ငံ အား ၂၀၁၄ အတွက် အဖွဲ့၏ ဥက္ကဋ္ဌနေရာကို တာဝန်ယူခွင့် ပေးရန် အာဆီယံအဖွဲ့က သဘောတူဖွယ် ရှိနေသည်ဟု အင်ဒိုနီးရှားက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
“မြန်မာနိုင်ငံက ၂၀၁၄ အတွက် အာဆီယံဥက္ကဋ္ဌ တာဝန်ယူဖို့ ဆန္ဒပြင်းပြနေကြောင်း၊ အဆင်သင့် ဖြစ်နေကြောင်း ထုတ်ဖေါ်ပြောဆိုတာကို ကျွန်တော်တို့ နားထောင်ကြားသိခဲ့ရပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီးတွင် ပြောကြားသည်။ “ဒီကိစ္စကို ကျွန်တော်တို့ အကောင်းဖက်ကနေ စဉ်းစားသုံးသပ်နေကြပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေး နှစ်ပေါင်း ၂၀ အပြီး ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပခဲ့သည့်အပြင် နှစ်ပေါင်း များစွာ အကျယ်ချုပ် ထိန်းသိမ်းထားခဲ့သည့် ဒီမိုကရေစီလိုလားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုဝင်ဘာလတွင် ပြန်လွှတ်ပေးခဲ့သည်။
သို့သော်လည်း ရွေးကောက်ပွဲနိုင် ပါတီသည် တပ်မတော် နောက်ခံပါတီ ဖြစ်ပြီး ယခင် တပ်မတော်အစိုးရ အဖွဲ့ဝင်ဟောင်းများဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ အဆိုပါ ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်၍ အာဏာပိုင် အသစ်များသည်လည်း မြန်မာနိုင်ငံ၏ ဆိုးဝါးလှသော လူ့အခွင့်အရေးညှင်းပန်းမှု မှတ်တမ်းများကို တိုးတက်အောင် လုပ်ဆောင်ခြင်းမရှိ ဟု လူ့အခွင့်အရေး အုပ်စုများက ထောက်ပြဝေဖန်လျက်ရှိသည်။
***********************************************************
ထိုင်း - မြန်မာ နယ်စပ်တွင် ထိုင်းစစ်ဖက် ရဟတ်ယာဉ် ၂ စင်း ပျက်ကျ
(Associated Press မှ 19 July 2011 ရက်စွဲပါ “Two helicopters crashed in Thailand ” သတင်း ကို ဘာသာ ပြန်ဆိုသည်)
ပြီးခဲ့သော သီတင်းပတ်ကုန်က ရဟတ်ယာဉ် မတော်တဆဖြစ်မှုတွင် သေဆုံးခဲ့ရသော ထိုင်းစစ်သား ၅ ဦး ၏ အလောင်းများကို ကောက်ယူရန် တာဝန်ဖြင့် ပျံသန်းရှာဖွေနေသော ထိုင်းစစ်တပ် ရဟတ်ယာဉ် တစ်စင်းမှာ လိုက်ပါလာသူ ၉ ဦးနှင့်အတူ ထိုင်း - မြန်မာ နယ်ခြား တောတောင် ထူထပ် သော ဒေသတွင် ထပ်မံ ပျက်ကျသွားခဲ့သည်ဟု သိရှိရသည်။
အမေရိကန်လုပ် Black Hawk ရဟတ်ယာဉ်သည် ရာသီဥတု ဆိုးဝါးမှုကြောင့် ပျက်ကျခဲ့ရခြင်း ဖြစ်ပြီး အနောက်ပိုင်း ပတ်ချာဘူရီပြည်နယ်တွင် ၃ ရက်အတွင်း ရဟတ်ယာဉ် ၂ စင်း မတော်တဆ ဖြစ်မှုကြောင့် အသေအပျောက် ၁၄ ဦး အထိရှိမည်ဟု မျှော်လင့်ရကြောင်း ထိုင်းစစ်တပ် တာဝန်ရှိသူ များက ပြောကြားသည်။
ကယ်ဆယ်ရေးအဖွဲ့များ ခြေလျင်သွားရောက်ရန် မလွယ်ကူသော တောတောင် ထူထပ်၊ ရွှံ့နွံ ထူထပ်သော ဒေသ တွင် အဆိုပါ ရဟတ်ယာဉ် ၂ စင်း ပျံသန်းပျက်ကျခဲ့ခြင်း ဖြစ်သည်။ ဒုတိယ ပျက်ကျသော ရဟတ်ယာဉ်ပေါ်တွင် ရုပ်သံ ရိုက်ကူးသူ တစ်ဦးနှင့် တပ်မတော်အရာရှိ ၈ ဦး လိုက်ပါ သွားသည်ဟု ဆိုသည်။ လူ ငါး ဦး သေဆုံးခဲ့သော တနင်္ဂနွေနေ့က ပျက်ကျခဲ့သည့် ဗီယက်နမ်စစ်ပွဲခေတ် ရဟတ်ယာဉ်ကို တောတောင် ထူထပ်သော ဒေသတွင် အလုပ်လုပ်ရင်း ပျောက်ဆုံးနေသော အစိုးရအရာရှိများအား ရှာဖွေရန် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
အင်္ဂါနေ့က ဒုတိယ မတော်တဆမှုတွင် သေဆုံးသွားပြီဟု ယူဆသော အရာရှိများထဲတွင် ဘန်ကောက် အနောက်ပိုင်း စစ်ဒေသမှူး ဗိုလ်ချုပ် တဝမ် ရမ်ဆရီလည်း ပါဝင်သည်ဟု သိရှိရသည်။
Black Hawk ရဟတ်ယာဉ် ပေါက်ကွဲသံကို အဲဒီနယ်က ဒေသခံတွေ ကြားရတယ် ဆိုပေမယ့် ပါသွားတဲ့ သူတွေရဲ့ ကံကြမ္မာကို အတိအကျ မပြောနိုင်သေးပါဘူးဟု ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဆင်ဆမ်ကွေကမ်နတ်က ပြေကြားသည်။
ထိုင်းနိုင်ငံတွင် စစ်ဖက် ရဟတ်ယာဉ်များ မတော်တဆပျက်ကျမှုမှာ မထူးဆန်းလှပါ။ ၂၀၀၈ ခုနှစ် ဇွန်လ မှ အောက်တိုဘာလအတွင်း အင်ဂျင်ချို့ယွင်းမှု (သို့မဟုတ်) ရာသီဥတု ဆိုးဝါးမှုကြောင့် Bell UH- 1H ရဟတ်ယာဉ် ၃ စင်း ပျက်ကျခဲ့ပြီး ဖြစ်သည်။
***********************************************************
Xinjiang ရဲစခန်းအား တိုက်ခိုက်မှုသည် အကြမ်းဖက်မှုဟု တရုတ်ပြော
(19 July 2011 ရက်စွဲပါ BBC News မှ Xinjiang police attack was terrorism, China says ကို ဘာသာ ပြန်ဆိုသည်)
တနင်္လာနေ့က Xinjiang ပြည်နယ်တွင် ရဲစခန်း တစ်ခုအား သေလောက်အောင် တိုက်ခိုက်ခံရခြင်းသည် Uighur တိုင်းရင်းသားများမှ အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်ကြောင်း တရုတ်တာဝန်ရှိသူများက အပြစ်တင် ပြောကြားခဲ့သည်။
ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်မီဒီယာသို့ ပြောကြားရာတွင် တိုက်ခိုက်သူများထဲမှ တစ်ဦးသည် ခွဲထွက်ရေး ကြွေးကြော်သံများ ရေးထား သော စာတမ်းကို ကိုင်ဆောင်ထားသည်ဟု ဆိုသည်။
သို့သော် Uighur တက်ကြွ လှုပ်ရှားသူများက ပြောကြားရာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ တာဝန်ရှိသူများက ပြောကြားရာတွင် Hotan မြို့တွင် ဖြစ်ပွားသော အရေးအခင်းတွင် ရဲအချို့နှင့် အရပ်သား အချို့ အသတ်ခံရကြောင်း ပြောသည်။ နိုင်ငံပိုင် မီဒီယာက သတင်း ထုတ်ပြန်ရာတွင် ရဲစခန်းအား လူစုလူဝေးဖြင့် တိုက်ခိုက်ပြီး၊ လူအချို့အား ဓါးစာခံအဖြစ် ခေါ်ဆောင်သွား သည်ဟု ဆိုသည်။ လုံခြုံရေးတပ်ဖွဲ့များက ဓါးစာခံအချို့ကို ကယ်နိုင်ခဲ့သော်လည်း အချို့မှာ အသတ်ခံရသည်ဟု ဆိုသည်။
နိုင်ငံပိုင် Global Times က ဒေသဆိုင်ရာ တာဝန်ရှိသူ Hou Hanmin ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြရာတွင် အဆိုပါလုပ်ရပ်သည် သေချာ စီမံထားသော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်ဟု ဆိုသည်။
“အကြမ်းဖက်သူတွေက ပေါက်ကွဲစေတဲ့ အရာတွေကို သယ်လာပါတယ်။ သူတို့ က ရဲစခန်းနား မှာရှိတဲ့ စက်မှု နဲ့ ကူးသန်းရောင်းဝယ်ရေး ဒေသခံရုံး နဲ့ အခွန်ရုံး ကို အရင် စတင် ဖျက်ဆီး ဝင်ရောက်ပါတယ် ” ဟု ၎င်းက ပြောသည်။
“သူတို့ မှားပြီးဝင်မိပြီလို့ သိတော့ ရဲစခန်းကို အောက်ထပ်ကနေစပြီး တိုက်ခိုက်ပါတယ်။ နောက် ဒုတိယထပ်ကနေ ခွဲထွက်ရေးစာတမ်းတွေ ပါတဲ့အလံ ထောင်ပါတယ်” ဟု ဆိုသည်။
သို့သော် ဂျာမန်အခြေစိုက် အုပ်စုဖြစ်သော World Uighur Congress က ပြောကြားရာတွင် ရဲက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအား သေနတ်ဖြင့် ပစ်ခတ်ရာ Uighur လူမျိုး ( ၁၄ ) ဦး သေဆုံးပြီး ( ၇၀ ) အဖမ်းခံရကြောင်း၊ ထို့ကြောင့် နှစ်ဖက် တိုက်ခိုက်မှုကို ဖြစ်စေကြောင်း ပြောသည်။
“ထိုသို့သော မငြိမ်သက်မှုများကို ရှောင်ရှားနိုင်ရန် တရုတ်အာဏာပိုင်များသည် စနစ်တကျ ဖိနှိပ်မှုများကို ချက်ခြင်း ရပ်ပစ်ရမည်” ဟု အဆိုပါ အုပ်စုက ကျေညာချက်တွင်ဖော်ပြထားသည်။
Xinjiang ၏ လူဦးရေ အများစုသည် Uighur လူမျိုးများ ဖြစ်ပြီး၊ မူဆလင် ဘာသာ ကိုးကွယ်သူများ ဖြစ်ကာ ဗဟို အာရှ၏ အားကောင်းသော ယဉ်ကျေးမှု ရှိသည်။ ၎င်းတို့က Han တရုတ်လူမျိုးများ ဝင်ရောက်နေထိုင်ပြီး ၎င်းတို့၏ ယဉ်ကျေးမှုကို ဖျက်ဆီးနေသည်ဟု ပြောကြားလျက်ရှိသည်။
2009 ခုနှစ်က Xinjiang တွင် Uighur လူမျိုးများနှင့် Han တရုတ် လူမျိုးများကြား အဓိကရုဏ်း ဖြစ်ပွားရာ လူ (၂၀၀) ခန့် သေဆုံးခဲ့သည်။
*******************************************************
တရုတ်ပြည်တွင်း ဝက်သားဈေးနှုန်းမြင့်တက်မှုလျှော့ ချရန် အစိုးရကြားဝင်ဆောင်ရွက်
(BBC သတင်းကိုဘာသာပြန်ဆိုသည်။)
တရုတ်နိုင်ငံအနှံ့အပြားဝယ်ယူစားသုံးမှုများပြားသည့် ဝက်သားဈေးနှုန်းများမြင့်တက်လာမှုကိုလျှော့ချရန် အစိုးရကစရိတ်စိုက်ထုတ်သည့် အနေ ဖြင့် ဈေးကွက်တွင်းသို့ ဝက်သားများဝင်ရောက်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင်း ဝက်သားဈေးနှုန်းများ ၆၀ ရာခိုင်နှုန်းအထိမြင့်တက်ကာ သုံးနှစ်အတွင်း ငွေကြေးဖောင်းပွမှုအမြင့်ဆုံး အနေအထားသို့ ရောက်ရှိသွားပြီးနောက် တရုတ် အစိုးရက ယခုလို ဈေးကွက်တွင်းဝက်သားဖြန့်ဖြူးသွားရန်စီစဉ်ခြင်းဖြစ်သည်။ ထို့ပြင် အစိုးရအနေဖြင့် ပြည်တွင်း ဈေးကွက် အတွက် အရန်အဖြစ်ထားရှိမည့် ဝက်သားပမာဏကိုလည်း တိုးမြှင့်သွားမည်ဖြစ်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံတွင်း ဝက်သားဈေးနှုန်းများတိုးမြင့်လာခြင်းမှာ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဝက်များတွင်ကူးစက်ရောဂါများဖြစ်ပွားပြီး ဝက်ကောင်ရေ အများအပြား သုတ်သင်ရှင်းလင်းလိုက်ရပေရာ ဝက်အသားထွက်နှုန်းတိုးမြှင့်ရန် နှောင့်နှေးနေခြင်းကြောင့်ဖြစ်သည်။ ထိုသို့ဝက်အသားထွက်နှုန်း ကျဆင်း နေသည့် တစ်ချိန်တည်းမှာပင် ဝက်သားဝယ်လိုအားမြင့်တက်လာခဲ့သည်။ အကြောင်းမှာ စားသုံးသူများငွေကြေးသုံးစွဲမှုနှုန်း မြင့်တက်လာ ခြင်းကြောင့်ဖြစ်သည်ဟု BBC သတင်းကဆိုသည်။
တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအဆိုအရ အရန်ဝက်သားတန်ချိန် နှစ်သိန်းရှိကြောင်း၊ အဆိုပါအသားများကို လိုအပ်ချိန်တွင် ဈေးကွက်တွင်းသို့ ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဈေးကွက်လေ့လာဆန်းစစ်သူများကမူ လက်ရှိအရန်ဝက်သား ပမာဏသည် တရုတ်နိုင်ငံ၏ တစ်ရက် သို့မဟုတ် နှစ်ရက်တာမျှ ဝက်သားစားသုံးမှုပမာဏနှင့် တူညီကြောင်းပြောကြားသည်။ တရုတ်ပြည်သူများသည် လက်ရှိအနေအထား၌ တစ်နှစ်လျှင် ဝက်သားတန်ချိန် သန်း ၅၀ ခန့်စားသုံးလျက်ရှိ သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသားများသာမက ဝက်အရှင်များကိုပါ ထောက်ပံ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ယခုနှစ်အတွင်း ဝက်မွေးမြူရေးအခန်းကဏ္ဍတွင် ယွမ်ငွေ ၂ ဒဿမ ၅ ဘီယီလံ(ဒေါ်လာ ၃၈၄ သန်း) ခန့်ဝင်ရောက်ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်း သိရသည်။ မွေးမြူရေးလုပ်ငန်းရှင်များ ဝက်မွေးမြူမှုပိုမိုတိုးမြှင့်လာစေရန် တရုတ်အစိုးရက ဝက်မွေးမြူရေးလုပ်ငန်းအတွက် များပြားသည့် စရိတ်စိုက်ထုတ်မှုများပြုလုပ်သွားမည်ဟု ဆိုသည်။
မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိုးမြှင့်မွေးမြူမည့် ဝက်တစ်ကောင်ချင်းစီအတွက် အစိုးရထံမှ ယွမ်ငွေ ၁၀၀ ရရှိမည်ဖြစ်ကြောင်း၊ ပြင်ပအကြောင်း အရင်း သို့မဟုတ် ရောဂါဘယကြောင့် သေဆုံးသွားသောဝက်တစ်ကောင်ချင်းစီအတွက် လျော်ကြေးငွေအဖြစ် ယွမ်ငွေ ၈၀၀ အစိုးရက ပေးဆောင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
တရုတ်ပြည်တွင်း ဝက်သားဈေးနှုန်းများမြင့်တက်မှုသည် စားသုံးသူများသူများအတွက်များစွာအခက်အခဲဖြစ်စေသလို ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေသည့်ကိစ္စအတွက် နောက်ကွယ်မှအဓိကအကြောင်းအရင်းတစ်ခုလည်းဖြစ်သည်။ တရုတ်ပြည်စားသုံးသူဈေးနှုန်းညွှန်းကိန်းမှာ ယခင်နှစ်က နှင့် နှိုင်းယှဉ်ပါက ယခုနှစ်ဇွန်လတွင် ၆ ဒဿမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အဆိုပါနှုန်းထားသည် ၂၀၀၈ ခုနှစ်ဇွန်လနောက်ပိုင်း အမြင့်မားဆုံး အဆင့်ဖြစ်သည်။
တရုတ်အမျိုးသားစာရင်းစစ်ဗျူရိုက ဇွန်လအတွင်း ရှိခဲ့သည့် ဝက်သားဈေးနှုန်းများသည် ယမန်နှစ်ကထက် ၅၇ ဒဿမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားသည်။
**********************************************************************
ပရာဗီဟာရာဘုရားကျောင်းအနီးမှ ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များ ရုပ်သိမ်းရန် နိုင်ငံတကာတရားရုံးအမိန့်ချမှတ်
(BBC သတင်းကိုဘာသာပြန်ဆိုသည်)
နယ်နိမိတ်ပိုင်ဆိုင်မှုအတွက်အငြင်းပွားနေသည့် နှစ်နိုင်ငံနယ်စပ်ဒေသရှိ ရှေးဟောင်းဘုရားကျောင်းရှိရာနေရာမှ ထိုင်းနှင့် ကမ္ဘောဒီးယား တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းရန် ကုလသမဂ္ဂ နိုင်ငံတကာတရားရုံးတော်က ဇူလိုင်လ ၁၈ ရက်နေ့တွင်အမိန့်ချမှတ်လိုက်သည်။
ယခုနှစ်အစောပိုင်းကာလတွင် ပရာဗီဟာရားအမည်ရ အဆိုပါ ရှေးဟောင်းဘုရားကျောင်း အနီးတစ်ဝိုက်၌ နှစ်နိုင်ငံတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယားနိုင်ငံက နိုင်ငံတကာတရားရုံးတော်သို့ တရားစီရင်ပေးရန် လျှောက်ထားခဲ့သည်။
ပရာဗီဟာရာဘုရားကျောင်းသည် ကမ္ဘောဒီးယားနိုင်ငံနှင့်သာသက်ဆိုင်သော်လည်း ဘုရားကျောင်းအနီးတစ်ဝိုက်မှ ဧရိယာအတော်များများမှာ
ထိုင်းနိုင်ငံထဲသို့ရောက်ရှိနေသည်။ ယခုအခါ နိုင်ငံတကာတရားရုံးတော်က ကမ္ဘောဒီးယားနှင့် ထိုင်းနှစ်နိုင်ငံနယ်စပ်ကို ပိုင်းခြားသတ်မှတ်ထားသည့် နှစ်ပေါင်း ၄၀ သက်တမ်းရှိ စီရင်ထုံးကို ပြန်လည်ရှင်းလင်းဖွင့်ဆိုရန် ကြိုးပမ်းလျက်ရှိသည်။ ထိုင်းနိုင်ငံက အဆိုပါ အမှုကိုရုပ်သိမ်းစေလိုသည့်ဆန္ဒရှိပြီး တရားရုံးတော်၏ အမိန့်အာဏာကိုမူ လေးစားလိုက်နာသွားပါမည်ဟု ပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် ပရာဗီဟာရားဘုရားကျောင်းကို ယူနက်စကိုအဖွဲ့က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ချီးမြှင့် လိုက်ပြီးနောက် ကမ္ဘောဒီးယားနှင့် ထိုင်း အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုများကြီးထွားလာခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ယင်းဘုရားကျောင်း အနီးတစ်ဝိုက်၌ ထိုင်းနှင့်ကမ္ဘောဒီးယားတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးသေဆုံးခဲ့ရသည်။
ဧပြီလတွင်လည်း ဘုရားကျောင်းအနောက်ဘက်အနီးတစ်ဝိုက် နယ်စပ်ဒေသတစ်လျှောက် တိုက်ခိုက်မှု များထပ်မံဖြစ်ပွားပြန်ရာ လူ ၁၈ ဦး သေဆုံးခဲ့ရသည်။
************************************************************
ဘာလီဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်ပြဿနာကို အဓိကအလေးပေးမည်
(BBC သတင်းကိုဘာသာပြန်ဆိုသည်)
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အခြားသော သံတမန်ကြီးများ တွေ့ဆုံပြီး ဒေသတွင်းဆွေးနွေးပွဲစတင်ကျင်းပရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဇူလိုင်လ ၁၈ ရက်နေ့ BBC သတင်းအရသိရသည်။ အဆိုပါဆွေးနွေးပွဲတွင် တရုတ်နိုင်ငံနှင့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တောင်တရုတ်ပင်လယ်ပြင်တွင်းရေပိုင်နက်ရရှိရေးအတွက်အငြင်းပွားမှုများကို အဓိက အာရုံစိုက်ဆွေးနွေးသွားမည်ဖြစ်သည်ဟု ဆိုသည်။
အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက ၎င်းတိုပ၏ ဒေသတွင်းပြဿနာများဖြေရှင်းသည့် နည်းလမ်းမှာ ငြိမ်းချမ်းသောလမ်းစဉ်သာ ဖြစ်ကြောင်း အခိုင်အမာထုတ်ဖော်ပြောဆိုခဲ့သော်လည်း လတ်တလောကာလများအတွင်း တောင်တရုတ်ပင်လယ်ပြင်ပိုင်နက်အတွက်အငြင်းပွားမှုများသည် ဒေသ တွင်း ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပေါ်စေခဲ့သည်ကိုတွေ့ရသည်။
အာဆီယံအတွက်လွန်စွာအရေးပါလာသည့် ကုန်သွယ်ရေးမိတ်ဘက်နိုင်ငံဖြစ်သောတရုတ်နှင့် အာဆီယံအဖွဲ့ဝင်အချို့အကြား အမျက်ဒေါသ ထွက်စေသည့်မပြေလည်မှုများဆက်တိုက်ဖြစ်ပေါ်နေသောအရေးကိစ္စကြောင့် အာဆီယံအဖွဲ့က ဒေသတစ်ခုလုံးအတွက်စိုးရိမ်ပူပန်မိ ကြောင်းထုတ်ဖော် ပြောဆိုထားသည်။
တောင်တရုတ်ပင်လယ်ပြင်သည် ကမ္ဘာပေါ်တွင် ရေကြောင်းသွားလာမှုများပြားရှုပ်ထွေးသည့် နေရာများအနက်တစ်ခုအပါအဝင်ဖြစ်သလို တူးဖော် အသုံးချမှုမပြုလုပ်ရသေးသော ရေနံနှင့်သဘာဝဓာတ်ငွေ့အမြောက်အမြားလည်းတည်ရှိရာနေရာဖြစ်သည်။ အဆိုပါ ပင်လယ်ပြင်တွင်း ရေပိုင်နက်ရရှိရေးအတွက် ဘရူနိုင်း၊ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ် နှင့် ဗီယက်နမ်တို့က တစ်ပြိုင်နက်တည်းတောင်းဆိုလျက်ရှိသည်။ အာဆီယံ အဖွဲ့က ၎င်းအနေဖြင့် အဆိုပါမတူညီမှုများကို စီမံခန့်ခွဲနိုင်မည့်နည်းလမ်းတစ်ခုရှာဖွေရမည်ဖြစ်ကြောင်း၊ သို့မှသာ ဒေသတွင်း သဟဇာတဖြစ်မှု ပြန်လည်ပေါ်ပေါက်လာမည်ဖြစ်ကြောင်းပြောဆိုထားသည်။
တစ်ချိန်တည်းမှာပင် အာဆီယံအနေဖြင့် ထိုင်းနှင့်ကမ္ဘောဒီးယားအကြားလတ်တလောဖြစ်ပေါ်လျက်ရှိသည့် နယ်စပ်ပြဿနာအပေါ် ဆွေးနွေးမှုပြုလုပ်ရမည်ဖြစ်သလို လာမည့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌရာထူး မြန်မာနိုင်ငံရယူနိုင်ခွင့် ရှိ၊ မရှိဟူသော ကိစ္စအတွက်လည်း ဆုံးဖြတ်ချက်ချမှတ်ရမည်ဖြစ်သည်။ လူ့အခွင့်အရေး စောင့်ကြည့်သည့် အုပ်စုများကမူ မြန်မာနိုင်ငံအား အာဆီယံဥက္ကဌရာထူး လွှဲပြောင်းပေးမည့် ကိစ္စသည် အရှေ့တောင်အာရှဒေသအတွက် အကျပ်အတည်း တစ်ခုဖြစ်လာလိမ့်မည်ဟု ပြောကြားသည်။
အဆိုပါ စိန်ခေါ်မှုများကို အာဆီယံမည်သို့မည်ပုံစီမံခန့်ခွဲသည်ဟူသောကိစ္စသည် အာဆီယံအဖွဲ့အနေဖြင့်မည်မျှအတိုင်းအတာအထိ စွမ်းဆောင်ရည် ရှိသည်ဟူသောအချက်ကို ဖော်ကျူးလိမ့်မည်ဖြစ်သည်။
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.

