Transparency Myanmar

transparency.myanmar@gmail.com

International Media (3)
Document

Snapshot of the item below:
International Media (3)

ဘာသာပြန်သတင်းများ (၃)

မြန်မာ့တပ်မတော် အသွင်ပြောင်းလဲမှု

(The Jerusalem Post မှ 30 Sept 2013 ရက်စွဲပါ “Myanmar’s military transformation” သတင်းဆောင်း ပါးကို ဘာသာပြန်ဆိုသည်)

သေချာသည့်အချက်တစ်ခုမှာ တပ်မတော်သည် မကြာမီလာတော့မည့် ကာလတစ်ခုအထိ မြန်မာနိုင်ငံရေးတွင် အရေးကြီးသောကဏ္ဍမှ ဆက်လက်ပါဝင်ကာ အတွင်းသားအစိတ်အပိုင်းအဖြစ် အနည်းဆုံးအားဖြင့် ရှိနေဦးမည့် လက္ခဏာပင်ဖြစ်သည်။

ပြီးခဲ့သော စက်တင်ဘာလ ၁၈ ရက်သည် ၁၉၈၈ အာဏာသိမ်းမှု ၂၄ နှစ်ပြည့်သောနေ့ဖြစ်သည်။ ယင်း ဖြစ်ရပ်သည် လွတ်လပ်ရေးရပြီး မြန်မာ့နိုင်ငံရေးသမိုင်းတွင် တပ်မတော်၏ တတိယမြောက်ကြားဝင်စွက်ဖက်မှု တစ်ခု ဖြစ်သည်။

ထိုအချိန်အထိ မြန်မာနိုင်ငံကို Burma ဟု တရားဝင်သုံးနှုန်းခဲ့ပြီး နောက်တစ်နှစ်တွင် Myanmar ဟု ပြောင်းလဲ ပစ်ခဲ့သည်။

တပ်မတော်၏ ပထမအကြိမ် ကြားဝင်စွက်ဖက်မှုမှာ ၁၉၅၈ တွင် အိမ်စောင့်အစိုးရတာဝန်ထမ်းဆောင်ရန် ဝန်ကြီးချုပ်ဦးနုက ကမ်းလှမ်းခဲ့ချိန်ဖြစ်ပြီး၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက ယာယီအိမ်စောင့် အစိုးရဝန်ကြီးချုပ်အဖြစ်တာဝန်ယူကာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။

၁၉၆၂ တွင် တပ်မတော်၏ ဒုတိယအကြိမ် ကြားဝင်စွက်ဖက်မှုဖြစ်ပေါ်ခဲ့သည်။ ပထမအကြိမ်နှင့်မတူပဲ ဒီမိုကရေစီအစိုးရကို အာဏာသိမ်းယူခဲ့ခြင်းဖြစ်ပြီး၊ ဝန်ကြီးချုပ်ဦးနုနှင့် အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးကာ လွှတ်တော်ကို ဖျက်သိမ်းခဲ့သည်။

၁၉၈၈ ခုနှစ် အာဏာသိမ်းမှုတွင် အာဏာရှင် ဦးနေဝင်း အစိုးရ အဆုံးသတ်သွားခဲ့ပြီး၊ မြန်မာ့နိုင်ငံရေးတွင် စစ်ဖက်ခေါင်းဆောင် မျိုးဆက်သစ်များ ထွက်ပေါ်လာခဲ့သည်။

နိုင်ငံရေးအသွင်ပြောင်းမှု ဘယ်လိုဖြစ်လာသလဲဟူသော မေးခွန်းသည် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်က လက်ရှိလွှမ်းမိုးနေမှုကို နားလည်သဘောပေါက်ရန်အတွက် အရေးကြီးသောအချက် ဖြစ်သည်။

တပ်မတော်သည် အသွင်တစ်မျိုးမှ နောက်တစ်မျိုးသို့ သူ့ကိုယ်သူကူးပြောင်းရာတွင် ရှင်းလင်းသည့်ပုံစံတစ်ခု ရှိသည်။ ပထမဦးစွာ တပ်မတော်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှတဆင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ဖြင့်အုပ်ချုပ်ခဲ့သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဖြင့် အစားထိုးရန်လည်း ကြိုးစားခဲ့သည်။

နဝတ အစိုးရကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နယက နှင့် ပြည်ခိုင်ဖြိုးပါတီအဖြစ် အသွင်ပြောင်းသည်။ ထို့နောက် ၂၀၁၀ မတ်လတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသိန်းစိန်ကို အစိုးရသစ်ဖွဲ့စည်း အပ်နှင်းပေးပြီးနောက် နယက အဖွဲ့ကို ဖျက်သိမ်းလိုက်သည်။

ထိုကဲ့သို့ တပ်မတော်၏ အသွင်ကူးပြောင်းမှုများ အဆက်ဆက် ဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိအနေအထားတွင် တကယ့် အာဏာလွှဲပြောင်းမှုကို မတွေ့ရပါ။ လက်ရှိအစိုးရကိုလည်း ယခင်တပ်မတော်အစိုးရ အကြီးအကဲ ဦးဆောင်ရေး ဆွဲထားသော ၂၀၀၈ အခြေခံဥပဒေအရ ဖွဲ့စည်းပေးထားခြင်းဖြစ်သည်။

လက်ရှိမြန်မာ့နိုင်ငံရေးကို ၂၀၁၂ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့၏ ရလဒ်များက ပုံသွင်း လျက်ရှိသည်။

၂၀၁၀ ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုး USDP ပါတီက အောင်ပွဲခံခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများ တွင် NLD ပါတီက ၄၄ နေရာအနက် ၄၃ နေရာ အနိုင်ရရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက အောင်ပွဲခံခဲ့သော်လည်း လွှတ်တော်တွင်းအတိုက်အခံတို့၏ စုပေါင်း အင်အားသည် အာဏာရပြည်ခိုင်ဖြိုးအစိုးရကို စိန်ခေါ် (သို့) ခြိမ်းခြောက်နိုင်လောက်အောင် အင်အား မတောင့်သေးပါ။

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးစသော အစိုးရ၏ တပ်ခွဲသုံးခွဲ (သို့) မဏ္ဍိုင်သုံးခုစလုံးမှာလည်း ဗိုလ်ချုပ်ဟောင်းများနှင့် စစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီဝင်များကသာ လွှမ်းမိုးထားကြသည်။ တပ်မတော်၏ ထင်သာမြင်သာအခွင့်ထူးအချို့မှာ လွှတ်တော်ကိုယ်စားလှယ် နေရာ ၂၅ ရာခိုင်နှုန်းကို ရွေးကောက်ပွဲမလိုဘဲ ရယူထားခြင်း၊ အရေးပေါ်အခြေအနေတွင် အစိုးရထံမှ အာဏာလွှဲယူနိုင်ခြင်း၊ အခြေခံဥပဒေ ပြင်ဆင်မှုမှန်သမျှ လွှတ်တော်တွင် ၇၅ ရာခိုင်နှုန်း ကျော်ထောက်ခံမှုရရန်လိုအပ်ခြင်း စသည်တို့ဖြစ်သည်။

ထို့အပြင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာကဲ့သို့သော လုံခြုံရေးဆိုင်ရာဆိုင်ရာဝန်ကြီးဌာနများကို လည်း တပ်မတော်အရာရှိများကသာ ထိန်းချုပ်ထားကြသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သည်လည်း အစိုးရအဖွဲ့၏ အာဏာအကြီးဆုံးကောင်စီတစ်ခုအဖြစ် ၂၀၀၈ အခြေခံဥပဒေတွင် ရေးဆွဲထားသည်။ အတိတ်က လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်နေသော ဗိုလ်ချုပ်ကြီးများကိုလည်း ၂၀၀၈ အခြေခံဥပဒေက အာမခံချက်ပေးထားသည်။

ယခုနှစ်ဇူလိုင်လတွင်မူ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့်အခြေခံဥပဒေပါ အငြင်းပွားစရာအချို့ကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် အဖွဲ့ဝင် ၁၀၉ ဦးပါ ကော်မတီကို လွှတ်တော်က ဖွဲ့စည်းပေးခဲ့သည်။ ၎င်းကော်မတီတွင် NLD နှင့် UNSDP အပါအဝင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ကြသည်။

အငြင်းပွားစရာအချက်များအနက်မှ ဖိအားများသော ကိစ္စရပ်နှစ်ခုဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မလာအောင် တားဆီးထားသော စည်းကမ်းချက်ကို ဖယ်ရှား (သို့) ပြင်ဆင်ရေးနှင့် ပြည်နယ်များအား ၎င်းတို့၏ ဝန်ကြီးချုပ်များကို ရွေးချယ်ခွင့်ပြုရေးတို့ကို ကော်မတီက ဖြေရှင်းရန် ကြိုးစားလျက်ရှိသည်။

ကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို ဒီဇင်ဘာ ၃၁ ရက်မတိုင်မှီ လွှတ်တော်သို့ တင်ပြမည် ဖြစ်သည် မြန်မာ့နိုင်ငံရေးသည် လက်ရှိတွင် ယိုင်နဲ့နဲ့ ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေသော်လည်း၊ နောက်ပြန် မလှည့်တော့ဟု မှတ်ချက်ပေးရန် အချိန်စောနေသေးသည်။ နောက်ပြန်မလှည့်တော့သော်ငြားလည်း နှောင့်နှေး ကြန့်ကြာလွန်းသည်ဟု အချို့ကဆိုကြသည်။

လက်ရှိအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုအများစုနှင့် အပစ်ရပ်သဘောတူညီမှုများ ရရှိထားသော် လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေးနှင့် ပတ်သက်၍ အငြင်းပွားစရာမရှိသော နိုင်ငံရေးအဖြေထွက်လာရန် အာမခံနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် နိုင်ငံရေးတွင် တပ်မတော်က မွေးရာပါအခွင့်အရေးသဖွယ် နေရာယူထားခြင်းကို ရုတ်သိမ်းရန်အတွက် ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်မည်ဟုလည်း အာမခံနိုင်ခြင်း မရှိသေးပါ။

ဒါတင်မကသေးပါ။ ၂၀၁၅ ရွေးကောက်ပွဲများ လွတ်လပ်မျှတမှာလားဆိုသည့် ကိစ္စ မရေရာသေးသည့်အပြင်၊ တပ်မတော်အား လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းပေးထားသည့် အခြေခံဥပဒေ စည်းကမ်းကို ပြင်ဆင်မည်ဟူ သော အာမခံချက်လည်း မရှိသေးပါ။

လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍အရာရာကို အကောင်းမြင်နိုင်သကဲ့သို့၊ သမိုင်းကြောင်းဆိုင်ရာ ပြဿနာများရှိမှု၊ တပ်မတော်၏ မွေးရာပါနေရာယူမှုစသော အကြောင်းရင်းခံများရှိနေသောကြောင့် ရေရှည်ပြေလည်မည့် အဖြေထွက်နိုင်ရေးနှင့် ပတ်သက်၍ ပြစ်တင်ဝေ ဖန်စရာ အကြောင်းများလည်း ရ