International Media (1)နိုင်ငံတကာသတင်းများ
မြန်မာနိုင်ငံနှင့် လက်ရှိ ဖောက်ဖျက်ကျူးလွန်မှုများ
(17 Nov 2013 ရက်စွဲပါ The Peninsula မှ Nang Lao Liang Won ရေးသားသော Myanmar and its ongoing abuse ကို ဘာသာပြန်ဆိုသည်)
ကျွန်မသည် မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသား အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ ကျွန်မသည် အမိမြေတွင် ဆယ်စုနှစ် ပေါင်းများစွာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက် အလုပ်လုပ်နေသူ တစ်ဦးဖြစ်ပါသည်။ ယခုနှစ်တွင် ကျွန်မသည် National Endowment for Democracy ၌ ဧည့်ဖဲလိုးအဖြစ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို သုတေသနပြုရန် အခွင့်အလမ်းရရှိခဲ့ပါသည်။ ကျွန်မ ဝါရှင်တန်တွင် ရှိနေစဉ် မြန်မာနိုင်ငံမှ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များနှင့် လည်းကောင်း၊ နယ်စပ်တစ်လျှောက်ရှိ ပြောင်းလဲမှုများကိုလည်းကောင်း မျက်ခြေမပြတ် ရှိနေခဲ့ပါသည်။
လွန်ခဲ့သည့်နှစ်နှစ်အတွင်း မြန်မာနိုင်ငံတွင် ကြီးစွာပြောင်းလဲမှုများ ဖြစ်လျက်ရှိရာ၊ ဝါရှင်တန်တွင် ကြားနေရသော မြန်မာနိုင်ငံနှင့် ပတ်သက်သော ချီးကျူးစကားများကို လက်တွေ့ဖြစ်နေသော အမှန်တရားနှင့် ချိန်ထိုးကြည့်ပါက သဘော မတူညီနိုင်စရာများ ဖြစ်နေပါတော့သည်။ ကျွန်မ၏ ဇာတိရှမ်းပြည်နယ်နှင့် အခြားတိုင်းရင်းသား နယ်မြေများတွင် တင်းမာသော နိုင်ငံရေးနှင့် လက်နက်ကိုင် ပဋိပက္ခများ ကြုံတွေ့နေရဆဲဖြစ်ပါသည်။ တိုင်းပြည်တစ်လွှားတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ပျံ့နှံလျက်ရှိပြီး ဥပဒေ၏ အရေးယူခံရခြင်း မရှိပဲ ကျူးလွန်လျက်ရှိပါသည်။
သတ္တုတွင်း၊ ဓါတ်ငွေ့ပိုက်လိုင်းနှင့် ရေလှောင်တမံကဲ့သို့သော ပရော့ဂျတ်အကြီးစားများကို အကြမ်းမဖက်သော နည်းဖြင့် ဆန္ဒပြကြသော တက်ကြွလှုပ်ရှားသူများ၊ သာမန်လယ်သမားများနှင့် ရွာသားများကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းနှင့် ထောင်ချခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ရဲများက အင်အားသုံး၍ နှိမ်နင်းခြင်းများ ပြုလုပ်ပါသည်။
ဤအာဏာပိုင်များသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို အမှန်တကယ် ခြိမ်းခြောက်နေသော အကြမ်းဖက်မှုများကို ရပ်တန့်ရန် ဆန္ဒပြင်းပြမှုမရှိပေ။ အစိုးရသည် ရှမ်းပြည်နယ် မြောက်ပိုင်း၏ အသဲနှလုံးဖြစ်သော လားရှိုး အပါအဝင်တွင် ဖြစ်ခဲ့ သော မွတ်ဆလင်လူနည်းစုအပေါ် တိုက်ခိုက်မှုများအပေါ် ဝင်ရောက်ကိုင်တွယ်မှု မပြုခဲ့နိုင်ခြင်းသည် အထူးသဖြင့် တုန်လှုပ် ဖွယ်ဖြစ်ပါသည်။ ကျွန်မအနေဖြင့် ကျွန်မတို့ တိုင်းပြည်တွင် ဆိုးရွားသော ပြင်းထန်သော ဖြစ်ရပ်များ မြင်တွေ့ခဲ့ရဘူးသော်လည်း မေလက ဖြစ်ပွားသေ မွတ်ဆလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုမျိုးကိုမူ စိတ်ကူးထဲတွင် မထည့်ခဲ့ဘူးပေ။
မိတ်ဆွေများ၊ ဆွေမျိုးများနှင့် လုပ်ဖော်ကိုင်ဖက်များသည် တဖြည်းဖြည်းတိုး၍ ကြောက်ရွံ့လာရသော ဝန်းကျင် အခြေအနေအကြောင်း ပြောလာကြပါသည်။ လူအုပ်ကြီးကြားထဲတွင် မျက်နှာစိမ်းများ တွေ့လာရပြီး၊ အကြမ်းဖက်မှု ပြီးဆုံးသွားပါက ပျောက်သွားတက်ကြရာ လူစိမ်းများ၊ မိမိတို့ အသိုင်းအဝိုင်း အပြင်မှလူများ တွေ့နိုင်မည်ကို မျှော်လင့် ထားကြရပြီ ဖြစ်ပါသည်။ ၎င်းတို့သည် ထိုသို့သော အကြမ်းဖက်မှုမျိုး အချိန်မရွေး မည်သည့်နေရာတွင်မဆို ဖြစ်နိုင်မည်ကို စိုးရွံ့လာကြ ကြောင်း ဖော်ထုတ်ပြောဆိုလာကြပါသည်။ မိမိတို့ အတိတ်မှ ဖြစ်ရပ်များနှင့် မတူတော့သော အစွန်းရောက်ဝါဒ၏ ရာသီဥတု အခြေအနေကို စိတ်ပျက်လာကြပါသည်။
ကျွန်မအနေဖြင့် မကြာသေးမီက အကြမ်းဖက်မှုများကို အနီးကပ်လေ့လာခဲ့ရာ မြန်မာနိုင်ငံတစ်ဝှမ်းတိုက်ခိုက်မှု များတွင် ပုံစံတစ်ခု (Pattern) ရှိနေသည်ကို စတင်တွေ့ရှိရပါသည်။ ပထမဆုံး အမျိုးသမီးတစ်ဦး သို့မဟုတ် မိန်းမငယ် လေးတစ်ဦးကို ဘာသာမတူသူ အခြားတစ်စုံတစ်ယောက်က သွေးထွက်သံယိုတိုက်ခိုက်ခြင်း သို့မဟုတ် အဓမ္မပြုကျင့်ခြင်း ခံရ မည် ဖြစ်ပါသည်။ ထိုအဖြစ်အပျက်က စနစ်တကျ စီမံထားသော ဗုဒဘာသာ လူအုပ်ကြီးကို ရပ်ရွာထဲမှ မွတ်ဆလင်များ တိုက်ခိုက်ခြင်း၊ ၎င်းတို့၏ နေအိမ်များ မီးရှို့ခြင်း၊ စီးပွားရေး လုပ်ငန်းများ၊ ကျောင်းများ၊ ဘုရားရှိခိုးရန်နေရာများကို မီးရှို့ခြင်း အရပ်သားများ ရိုက်နှက်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခြင်းများ ပြုလုပ်ကြပါသည်။ ထိုအချိန်တွင် လုံခြုံရေးတပ်ဖွဲ့များကဘေး မှ စောင့်ကြည့်နေမည် ဖြစ်ပါသည်။
မြန်မာခေါင်းဆောင်များသည် အကြမ်းဖက်မှုများကို အရေးယူမှုမရှိခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဆုံးဖြတ်ချက် များကို လစ်လျူရှုနေကြပါသည်။ မြန်မာနိုင်ငံသည် ယခုအခါ ပြင်ပကမ္ဘာနှင့် တိုးတက်ဆက်ဆံလျက် ရှိနေပြီဖြစ်ရာ မီဒီယာ များ ဆက်ဆံရေးများ ငြိမ်းချမ်းရေး မစ်ရှင်များမှတဆင့် တိုင်းပြည် ပုံရိပ်ကောင်းအောင် တက်နိုင်သမျှ ကြိုးပမ်းအား ထုတ်သင့်လှပါသည်။
လူ့အခွင့်အရေး ချိုးဖောက်သူများသည် ရာဇဝတ်မှုများကို ကျူးလွန်မိ ရက်သား ဖြစ်နေသည်မှာ မြန်မာနိုင်ငံ၌ ဆယ်စုနှစ်များစွာ တိုင်ခဲ့ပြီဖြစ်ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ၎င်းတို့၏ ကျူးလွန်မှုများကို မှတ်တမ်းတင်ခြင်း ရှုတ်ချခြင်းများ ပြုလုပ်နေသည့် နည်းတူ ပြည်သူများကမူ ကျူးလွန်မှုများအတွက် တရားစီရင်ရေး စနစ်တစ်ခု ရှိရန် မျှော်လင့် နေကြပါသည်။ ကုလသမဂ္ဂအထွေထွေ ညီလာခံက နှစ်စဉ်မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက် ချမှတ်ရာတွင် တိုင်းပြည်တွင် အမှန်တကယ် ဖြစ်နေသော အမှန်တရားကို အတိအကျ ထင်ဟပ်သည့် အလေးအနက်ထောက်ခံ အကြံပြုမှု များ ဖြစ်ရပါမည်။
အကယ်၍ ကျွန်မတို့၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက် ထောက်ခံလာခဲ့သော တိုင်းပြည်များသည် လက်ရှိ အခြေအနေကို သင့်တော်ကောင်းမွန် လာပြီဟုဆိုပြီး လက်ရှိကျူးလွန်မှုများကို မျက်ကွယ်ပြု မမြင်ချင်ယောင်ဆောင်မည် ဆိုပါက ကျွန်မတို့၏ အိမ်မက်ဖြစ်သော တရားစီရင်ရေးစနစ်မှာ မြန်မာနိုင်ငံ၏ အနာဂတ်တွင် ဖြစ်လာစရာ အကြောင်း မရှိတော့ပေ။
မြန်မာပြည်ရှိ ရိုဟင်ဂျာများကြောင့် မျက်ရည်များပင်ကျခဲ့ရဟု OIC အထွေထွေ အတွင်းရေးမှူး ပြောကြား
(AP သတင်းဌာနမှ 17 Nov 2013 ရက်စွဲပါ OIC’s secretary general says he was moved to tears by Rohingya Muslims in Myanmar ကိုဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာအစွန်းရောက်လူအုပ်ကြီး၏ လိုက်လံတိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ကာ ရှောင်ပြေးခဲ့ ကြရသည့် ရိုဟင်ဂျာ မွတ်စလင်အသိုင်းအဝိုင်းရှိရာသို့ သွားရောက်လည်ပတ်ခဲ့ရာတွင် ၎င်းတို့၏ ဖြစ်ရပ်ကိုကြည့်ပြီး မျက်ရည် လည်ခဲ့ရသည်ဟု အစ္စလာမစ်နိုင်ငံများ၏ အကြီးဆုံးအဖွဲ့ဖြစ်သော OIC ၏ အထွေထွေအတွင်းရေးမှူး Ekmeleddin Ihsanoglu က စိတ်ခံစားချက်အပြည့်ဖြင့် ပြောကြားလိုက်သည်။
“ကျွန်တော်ဒီလိုခံစားချက်မျိုးတစ်ခါမှ မရခဲ့ဖူးပါဘူး” ဟု Ekmeleddin Ishanoglu က သုံးရက်တာ မြန်မာနိုင်ငံ ခရီးစဉ်ပြီးဆုံးသွားပြီးနောက် စနေနေ့တွင် ပြောကြားသည်။ ၎င်းနှင့် အတူမြန်မာနိုင်ငံသို့ အစ္စလာမစ်ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(OIC) မှကိုယ်စားလှယ်များလည်း လိုက်ပါခဲ့ကြပြီး ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ အစိုးရဝန်ကြီးများ၊ ပရဟိတအဖွဲ့ များ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေ အပြင်ဘက်၌ အမှိုက်စများဖြင့်ချုပ်လုပ်ထားသော တဲများတွင်နေထိုင်နေကြရသည့် ရိုဟင်ဂျာများကိုတွေ့မြင်ရသည်မှာ မိမိစိတ်ထဲတွင် ပြင်းထန်သော ခံစားချက်များဖြစ်ပေါ်ခဲ့ရကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်ငိုခဲ့ရတယ်” ဟု Ekmeleddin Ihsanoglu ကပြောကြားသည်။
လူဦးရေ သန်း ၆၀ ခန့်တွင် ဗုဒ္ဓဘာသာဝင်အများဆုံးရှိသည့် မြန်မာနိုင်ငံသည် ရာစုနှစ်ဝက်မျှ စစ်အုပ်ချုပ်ရေး စနစ်အောက်သို့ ရောက်ရှိခဲ့ရာမှ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် အရပ်သားအုပ်ချုပ်ရေးစနစ်ကို စတင်ပြောင်းလဲ ကျင့်သုံးခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် လူပေါင်း ၂၄၀ ကျော်သေဆုံးခဲ့ပြီး ၂၄၀၀၀၀ ခန့် အိုးပစ်အိမ်ပစ် ရှောင်ပြေးခဲ့ကြရသည့် ဘာသာရေးဂိုဏ်းဂနဆိုင်ရာ ဆူပူအကြမ်းဖက် မှုများကြောင့် ပုံပျက်ပန်းပျက် ဖြစ်ခဲ့ရသည်။
ယင်းဆူပူအကြမ်းဖက်မှုတွင် ရိုဟင်ဂျာအများစု ဓားစာခံဖြစ်ခဲ့ရသည်။ ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်တွင် မျိုးဆက် ပေါင်းများစွာ နေထိုင်ခဲ့ကြသော်လည်း ၎င်းတို့အား မြန်မာအစိုးရက နိုင်ငံသားဖြစ်ခွင့်မပြုခဲ့ပေ။
ရွှေ့ပြောင်းဒုက္ခသည်စခန်းတွင် နေထိုင်သော ကလေးငယ်များမှာ တစ်နှစ်ကျော်ကာလအထိ စာသင်ကျောင်းသို့ သွားရောက်နိုင်ခြင်း မရှိကြပေ။ ဒုက္ခသည်စခန်းမှ အပြင်ဘက်သို့ ကျန်းမာရေးဆေးကုသမှု သို့မဟုတ် အခြားအရေးကြီး အကြောင်းကိစ္စကြောင့် သွားရောက်လိုပါက ငွေကြေးလာဘ်လာဘများစွာ ပေးကြရသည်။ လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ အကူအညီများပေးအပ်နေသည့် စေတနာ့ဝန်ထမ်းများမှာ ရခိုင်ဗုဒ္ဓဘာသာဝင်များ၏ ခြိမ်းခြောက်မှုများနှင့် ဆက်တိုက်ရင်ဆိုင်နေခဲ့ရသည်။ ရခိုင်ဗုဒ္ဓဘာသာဝင်များက ၎င်းစေတနာ့ဝန်ထမ်းများသည် ရိုဟင်ဂျာများကို မျက်နှာသာပေး ကာ ဘက်လိုက်လျက်ရှိသည်ဟု စွပ်စွဲကြသည်။
စစ်တွေအပြင်ဘက်ရှိ ဒုက္ခသည်စခန်းသို့ သွားရောက်လည်ပတ်ကြည့်ရှုစဉ် OIC အဖွဲ့မှ အခြားသော ကိုယ်စားလှယ် များနှင့် မိမိသည် လူ ၅၀၀၀ ခန့်ရှိသော လူအုပ်ကြီးနှင့်ကြုံတွေ့ခဲ့ရကြောင်း၊ သို့သော် ဘာသာစကား အခက်အခဲကြောင့် မိမိ တို့အနေဖြင့် စကားပြောဆိုဆက်ဆံနိုင်ခဲ့ခြင်းမရှိကြောင်း Ekmeleddin Ihsanoglu ကပြောကြားသည်။
“သူတို့က တစ်သီးတခြားစီကွဲထွက်နေတာ။ သူတို့ကြောက်နေကြတယ်။ ကျွန်တော်တို့အဲဒီကိုရောက်သွားတော့ သူတို့ ပျော်ကြတယ်။ ဒါပေမဲ့ သူတို့ ပျော်ရွှင်မှုက မျက်ရည်တွေကျပြီးရတဲ့ ပျော်ရွှင်မှုမျိုးပါ” ဟု ၎င်းကဆိုသည်။ Ekmeleddin Ihsanoglu က ယင်းလူအုပ်ကြီးအား အစ္စလာမ်ဘာသာစကားဖြင့် “ဘုရားသခင် စောင့်ရှောက်မှုပေးပါစေ” ဟု နှုတ်ဆက် ပြောဆိုခဲ့ရာ လူအုပ်ကြီးကလည်း ကောင်းစွာပြုမူတုံ့ပြန်ခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်ဖြစ်ခဲ့တဲ့ ခံစားချက်ကို ရှင်းမပြတတ်လောက်အောင်ပါပဲ”
မြန်မာနိုင်ငံသို့ OIC အဖွဲ့ လာရောက်လည်ပတ်မှုကို ရန်ကုန်နှင့် စစ်တွေမြို့များ၌ ကန့်ကွက်ဆန္ဒပြမှု များပြုလုပ်ခဲ့ ကြသည်။ “OIC ထွက်သွားပါ” “ကျုပ်တို့ပြည်တွင်းရေးကို ဝင်မစွက်ပါနဲ့” ဟူသော စာတန်းများကိုင်ဆောင်ကာ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ကိုတွေ့ရသည်။
သို့သော်လည်း အဆိုပါခရီးစဉ်သည် အောင်မြင်မှုရှိသော ခရီးစဉ်တစ်ရပ်ဖြစ်ကြောင်း၊ အကြောင်းမှာ မွတ်စလင် လူနည်းစုများ တိုက်ခိုက်ခံနေရမှုအပေါ် နှုတ်ဆိတ်နေခဲ့သည့် မြန်မာအစိုးရ၏ ဖိတ်ကြားမှုကြောင့် ယင်းခရီးစဉ် ဖြစ်ပေါ်လာရ ခြင်းဖြစ်ကြောင်း ၎င်းကသုံးသပ်ပြောဆိုသည်။
ရိုဟင်ဂျာပြည်သူ ရှစ်သိန်းခန့် နိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သက်သည့် အရေးကိစ္စကို ဖြေရှင်းသွားမည်ဟု မြန်မာ အစိုးရက အာမခံပြောဆိုခဲ့ သော်လည်း အသေးစိတ်အစီအစဉ်ကို မသိရှိရကြောင်း ၎င်းကဆိုသည်။
“တကယ်လို့ ဒီကိစ္စကို မဖြေရှင်းဘူးဆိုရင် ပြဿနာက ပိုမိုကြီးထွားလာမှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးရှိသော်လည်း ရိုဟင်ဂျာများကို ထည့်သွင်းထားခြင်းမရှိပေ။ ရိုဟင်ဂျာ များမှာ နှစ်ကာလကြာရှည်စွာ စနစ်တကျ ခွဲခြားဆက်ဆံခံခဲ့ကြရပြီး လွံတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ ပညာသင်ယူခွင့်နှင့် အလုပ်အကိုင် လုပ်ပိုင်ခွင့်တို့မရရှိခဲ့ပေ။