Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂.၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရ အပစ်အခတ်ရပ်စဲရေးသဘောတူ

(Reuters မှ 1 February 2012 ရက်စွဲပါ Myanmar agrees to ceasefire with Mon separatists ကို ဘာသာ ပြန်ဆိုသည်)

  1. ပြုပြင်ပြောင်းလဲမှုများဆက်လုပ်ရန် မြန်မာကို အီးယူတိုက်တွန်း

(AP သတင်းဌာနမှ 31 Jan 2012 ရက်စွဲပါ EU urges Burma to keep reforms ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအတွက် ကချင်၏ စိန်ခေါ်မှု

(The Diplomat မှ 1 February 2012 ရက်စွဲပါ Trefor Moss ရေးသားသော Burma’s Kachin Challenge ကို ဘာသာ ပြန်ဆိုသည် )

  1. မြန်မာနိုင်ငံသို့ အပြေးအလွှား သွားနေကြပြီ

(1 February 2012 ရက်စွဲပါ The Straits Times မှ Nirmal Ghosh ရေးသားသော Gold rush to Burma as country opens up ကို ဘာသာ ပြန်ဆိုသည်)

*******************************************************************************

မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရ အပစ်အခတ်ရပ်စဲရေးသဘောတူ

(Reuters မှ 1 February 2012 ရက်စွဲပါ Myanmar agrees to ceasefire with Mon separatists ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရသည် ဗုဒ္ဓဟူးနေ့က မွန်တိုင်းရင်းသားသူပုန်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သည်ဟု ငြိမ်းချမ်းရေးအတွက် စေ့စပ် ညှိနှိုင်းပေးသူ တစ်ဦးက ပြောသည်။ ယခုသဘောတူညီမှုမှာ အရပ်သားအစိုးရက စီးပွားရေးအရ အရေးယူမှုများ လွတ်မြောက်ရေးအတွက် ယာယီ ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှ နောက်ဆုံးရလဒ်တစ်ခု ဖြစ်သည်။

ယခုစစ်တပ်နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ ဦးသိန်းစိန် အစိုးရလက်ထက် (၇) ဦးမြောက် သဘောတူညီခြင်း ဖြစ်သည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် ယင်းတို့၏ ပိတ်ဆို့အရေးယူမှုများကို ပြန်လည်သုံးသပ်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းနှင့် ဧပြီလကြားဖြတ် ရွေးကောက်ပွဲတွင် တရားမျှတရေးတို့အပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် ငြိမ်းချမ်းရေး ပြုလုပ်ရေးကိုလည်း အခြေအနေများ သတ်မှတ်ထားသည်။

မွန်ပြည်သစ်ပါတီသည် မွန်အမျိုးသားလွတ်မြောက်ရေးတပ် (MNLA) ၏ နိုင်ငံရေးအဖွဲ့တစ်ခုဖြစ်ပြီး ၁၉၄၈ ခုနှစ်ကတည်းက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရေးအတွက် ပုံစံအမျိုးမျိုးဖြင့် တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်သည်။ ယခုအခါ နှစ်ဦးနှစ်ဖက်သည် ဆက်ဆံရေးရုံးများ ထားရှိရန်နှင့် လက်နက်ဖြင့် သွားလာရာတွင် အကန့်အသတ်ဖြင့် သွားလာရန် သဘောတူကြကြောင်း စေ့စပ်ညှိနှိုင်းသူတစ်ဦးက Reuters သို့ ပြောသည်။

“မွန်ပြည်နယ်အစိုးရနဲ့ NMSP တို့ဟာ ဒီမနက် အချက်ငါးချက်ပါတဲ့ အကြိုညှိနှိုင်းသဘောတူချက်ကို လက်မှတ်ရေးထိုးပါတယ်။” ဟု ဦးလှမောင်ရွှေက မော်လမြိုင်မှ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

တိုင်းရင်းသားအုပ်စုအများစုသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် ကြိုးစားခဲ့ကြသူများဖြစ်သည်။ လက်ရှိအစိုးရသည် KNU နှင့်လည်းကောင်း၊ SSA (တောင်)နှင့်လည်းကောင်း ညှိနှိုင်းမှုများ အောင်မြင်ခဲ့သည်။ သို့သော်အင်အားကြီးသော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ညှိနှိုင်းမှုများမှာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှုများကြောင့် အောင်မြင်မှု မရသေးပေ။ အကူအညီပေးရေးအဖွဲ့များ၏ အဆိုအရ ကချင်ပြည်နယ်တွင် လူငါးသောင်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြသည်ဟု သိရသည်။

ကချင်ပြည်နယ်သည် မြန်မာနှင့် တရုတ်နှစ်နိုင်ငံစလုံးအတွက် စွမ်းအင်အကျိုးစီးပွားအတွက် ဗဟိုချက်ဖြစ်သည်။ ကချင်ပြည်နယ်တွင် ရေအား လျှပ်စစ်စီမံကိန်းများ၊ ယူနန်သို့သွားမည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ ရှိသည်။

********************************************************************

ပြုပြင်ပြောင်းလဲမှုများဆက်လုပ်ရန် မြန်မာကို အီးယူတိုက်တွန်း

(AP သတင်းဌာနမှ 31 Jan 2012 ရက်စွဲပါ EU urges Burma to keep reforms ကို ဘာသာပြန်ဆိုသည်)

မြန်မာခေါင်းဆောင်များအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ကိုင်သွားရန် ဥရောပသမဂ္ဂ ခေါင်းဆောင်များက တိုက်တွန်း ပြောဆိုလိုက်ပြီး အကယ်၍ အစိုးရအနေဖြင့် ဥရောပသမဂ္ဂ၏ မျှော်လင့်ချက်များ ပြည့်မီအောင် လုပ်ဆောင်ပေးနိုင်မည်ဆိုပါက ပိတ်ဆို့အရေးယူမှုများကို ထပ်မံလျှော့ချပေးမည်ဖြစ်ကြောင်း ကတိကဝတ်ပြု ပြောဆိုလိုက်သည်။

“မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ ပြောင်းလဲမှုတွေပေါ်ထွန်းလာတာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ မြန်မာအစိုးရ အနေနဲ့လည်း ဆုံးဖြတ်ထားတဲ့ အတိုင်း ပြုပြင်ပြောင်းလဲရေးလမ်းကိုဆက်လျှောက်သွားဖို့ ကျွန်တော်တို့က အားပေးအားမြှောက်ပြုပါတယ်” ဟု အီးယူ ဥက္ကဋ္ဌ Herman Van Rompuy က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဘရပ်ဆဲလ်မြို့၌ ပြောကြားသည်။ “ယခု ပြောင်းလဲမှုတွေဟာ အီးယူနဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်လာရေးအတွက် အင်မတန်အရေးကြီးတဲ့ အလားအလာသစ်တစ်ခုဖြစ်ပါတယ်။ လာမယ့်ရက်သတ္တပတ်တွေထဲမှာဖြစ်ပေါ်လာမယ့် တိုးတက် ဖြစ်ထွန်းမှုတွေကို ကျွန်တော်တို့အီးယူက စောင့်ကြည့်သွားမှာပါ။ အထူးသဖြင့်ပြောရရင် နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ်ပေးတာတို့၊ လွတ်လပ်ပြီး  မျှတမှုရှိတဲ့ ရွေးကောက်ပွဲ ကျင်းပပေးတာတို့၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ရပ်တန့်အောင်လုပ်ဆောင်တာတို့ စတာတွေပဲဖြစ်ပါတယ်” ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းကြာမြင့်စွာ တင်းကြပ်သော စစ်အုပ်ချုပ်ရေးစနစ်လက်အောက်သို့ ရောက်ရှိခဲ့ရာမှ မကြာသေးခင် တစ်နှစ်အတွင်း ထူးခြားသော ပြုပြင်ပြောင်းလဲမှုများထွက်ပေါ်လာရာ လေ့လာစောင့်ကြည့်သူများအတွက် အံ့အားသင့်စရာဖြစ်ခဲ့သည်။

အဆိုပါ ပြုပြင်ပြောင်းလဲမှုများကြောင့် အီးယူက မြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုအချို့ကို ဇန်နဝါရီလတွင် စတင်လျှော့ချပေးခဲ့သည်။ အီးယူက မြန်မာခေါင်းဆောင်များ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းပေးခြင်းဖြင့် ပိတ်ဆို့အရေးယူမှုကို စတင်လျှော့ချပေးခဲ့ခြင်းဖြစ်သည်။ “တကယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားတာတွေ ဖြစ်လာတယ်ဆိုရင် မြန်မာအပေါ်သတ်မှတ်ပြဋ္ဌာန်းထားတဲ့ တင်းကြပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက် လျှော့ချပေးသွားမှာ ဖြစ်ပါတယ်” ဟု Van Rompuy ကပြောကြားသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်မည့်ကိစ္စမှာ ၎င်းအတွက် ဖြစ်နိုင်ခြေရှိကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အပါအဝင် အခြားထိပ်တန်းခေါင်းဆောင်များ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မှုများပြုလုပ်ခဲ့ပြီးနောက် ဒေးဗစ်ကင်မရွန်းက ယင်းသို့ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

ကင်မရွန်းအနေဖြင့် မြန်မာပြည်သို့သွားရောက်လည်ပတ်ရန် အစီအစဉ်ရှိ၊ မရှိဟူသောအချက်ကို သိလို၍ AP သတင်းဌာနကမေးမြန်းရာတွင် “ကျွန်တော့်အနေနဲ့ အားလုံးကို တိုးသာဆုတ်သာရှိအောင် အရှင်ထားပါတယ်၊ အပြတ် မဖြတ်ထားပါဘူး” ဟုဖြေကြားပြီး ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်တွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် အရေးကိစ္စကြောင့် အလွန်အမင်း အလုပ်ရှုပ်နေကြောင်း ပြောဆိုသည်။ “ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို အနီးကပ်စောင့်ကြည့်သွားမှာဖြစ်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ ကူညီလို့ရမယ့်ကိစ္စအားလုံး လုပ်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။

****************************************************************************

မြန်မာနိုင်ငံအတွက် ကချင်၏ စိန်ခေါ်မှု

(The Diplomat မှ 1 February 2012 ရက်စွဲပါ Trefor Moss ရေးသားသော Burma’s Kachin Challenge ကို ဘာသာ ပြန်ဆိုသည် )

ကချင်ပြည်နယ်တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မှုများအလုပ်မဖြစ်ပေ။ သမ္မတဦးသိန်းစိန်၏ အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အများစုနှင့် စစ်ပွဲများရပ်ဆိုင်းရေးတွင် တိုးတက်မှုများရရှိခဲ့ရာ ပြီးခဲ့သည့် အပတ်က ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)(SSA North) နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သို့သော် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့သည် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွင် သဘောတူညီချက် မရရှိခဲ့ပေ။ ထို့ကြောင့် ယခင်အတိုင်းတိုက်ပွဲများ ဆက်ဖြစ်ပြီး သေကြေမှုများပိုဖြစ်ခဲ့သည်။ KIO က ပြောကြားရာတွင် မြန်မာအစိုးရသည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုကို အလေးအနက် ပြုလုပ်ခြင်းမရှိဟုဆိုသည်။

မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသောပြည်တွင်းစစ်များရပ်ဆိုင်းသွားအောင် ပြုလုပ်ခြင်းသည် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးစိတ်ဓာတ်ရှိသော အစိုးရအတွက် အဆုံးစွန်ဆုံးသောစမ်းသပ်ချက်ပင်ဖြစ်သည်။ မြန်မာ့တပ်မတော်သည် KIA နှင့် ၁၇ နှစ်ကြာအပစ်အခက်ရပ်စဲထားမှုကိုချိုးဖောက်၍ တိုက်ပွဲများအသစ်အဖန်ဖြစ်ပွားမှုမှာ ပြီးခဲ့သည့် ဇွန်လကမှ စတင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲများဖြစ်ပြီးခြောက်လအကြာတွင် သမ္မတသည် တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် အမိန့်ထုတ်ခဲ့သည်။ ယခင်ကတိုင်းရင်းသားရေးရာကိစ္စများကိုင်တွယ်ရာတွင် အင်အားပိုမိုသုံး၍ ဖြေရှင်းသည့်နည်းမှာ ယခုတိုးတက်မှုများ ပြသနေသည့် အခြေအနေတွင် သင့်တော်ခြင်းမရှိတော့ပြီဆိုသည်ကို ပြသနေသည်။

KIO အားတွေ့ဆုံဆွေးနွေးရေးစားပွဲသို့ ပြန်လည်ခေါ်ဆောင်လာနိုင်ရန် ဦးသိန်းစိန်သည် ရရှိထားသော အစပြုအောင်မြင်မှုများမှစ၍ ကချင် ခေါင်းဆောင်ပိုင်းနှင့် ယုံကြည်မှုတည်ဆောက်ရန်လိုအပ်သည်။ ၎င်းတို့အနေဖြင့် တိုင်းရင်းသားများအပေါ် အဆုံးမရှိဒဏ်ခတ်နေမည့်သူမဟုတ်ကြောင်း၊ ပြောင်းလဲလိုသည့် ဆန္ဒရှိသူဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းအား ယုံကြည်မှုရစေရန်လည်းလိုသည်။ ပထမဆုံးအနေဖြင့် ဦးသိန်းစိန်သည် ၎င်း၏ ဒီဇင်ဘာလက ထုတ်ပြန်သော အပစ်အခက်ရပ်ရေးအမိန့်ကို တပ်မတော်ကလိုက်နာအောင် လုပ်ဆောင်ရမည် ဖြစ်သည်။ သတင်းများအရဇန်နဝါရီလတွင် ကချင်ပြည်နယ်သို့ အစိုးရတပ်များ ပိုမိုရောက်ရှိနေသည်ဟုသိရှိရသည်ဖြစ်ရာ တပ်မတော်သည် ပြည်နယ်များတွင် မိမိအမိန့်ဖြင့်သာ ဆက်လက် လုပ်ဆောင်နေသည့် သဘောကို ပြနေသည်။ အကယ်၍သာ ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် သမ္မတ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ထောက်ခံကူညီသူဖြစ်လျှင် ၎င်းသည် ကချင်ပြည်နယ်ရှိ ၎င်း၏ တပ်မှူးများအား စစ်တန်းလျားပြန်ရန် အမိန့်ထုတ်ပေလိမ့်မည်ဟု သတင်းများက အကြံပြု ဆွေးနွေးကြသည်။

ပစ်ခတ်မှုများအမှန်တကယ် ရပ်ဆိုင်းသွားပါကဦးသိန်းစိန်သည် နိုင်ငံတကာ ကြားဝင်ညှိနှိုင်းပေးမှုများကို စဉ်းစားသင့်သည်။ ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကြရသောဒုက္ခသည် ငါးသောင်းခန့်အတွက် ကုလသမဂ္ဂက အကူအညီပေးရန် ခွင့်ပြုခဲ့စဉ်က သမ္မတကြီးသည် ချီးကျူးမှုကို ခံခဲ့ရသည်။ ထိုသို့သောအကူအညီမျိုးကို ထပ်မံတိုးချဲ့ရန် လိုအပ်သည်။ ထို့အပြင် ငြိမ်းချမ်းရေးစကားပြောရာတွင် KIO နှင့်သာမကပဲ ထာဝရ ငြိမ်းချမ်းရေး မရမချင်း မသေချာသော အခြားအပစ်အခတ်ရပ်စဲထားသောတိုင်းရင်းသားအုပ်စုများနှင့်ပါ စကားပြောရာတွင် ကြားနေညှိပေးသူများ ဖိတ်ခေါ်ရန် လိုသည်။ ဖိလစ်ပိုင်သည် ၎င်း၏ ကာလကြာရှည် တိုက်ခိုက်နေသောသူပုန်များနှင့် မလေးရှား၏ အကူအညီဖြင့် ငြိမ်းချမ်းရေးအတွက် အာမခံချက်ရှိသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ၊ မြန်မာနိုင်ငံအတွက် ထင်ရှားသော စံပြနမူနာ ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အသစ်တစ်ခုကို အာဆီယံနှင့် ကုလသမဂ္ဂတို့မှ စပွန်ဆာ ပြုလုပ်၍ ကြားနေအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုတွင် ကျင်းပမည်ဆိုပါက KIO ရော မြန်မာနိုင်ငံ၏ လားရာ မသေချာမှုအတွက် စိုးရိမ်သော နိုင်ငံတကာအသိုင်းအဝိုင်းအတွက်ပါ လက်ခံနိုင်မည့် အခြေအနေဖြစ်သွားနိုင်သည်။

ယခုအချိန်အထိမူဦးသိန်းစိန်သည် ၎င်း၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို သံသယရှိသူများ၏ စိန်ခေါ်မှုများကို ကြုံတွေ့နေရဆဲဖြစ်ပြီး နှစ်ပေါင်း(60) ကျော် ကြာပြီဖြစ်သော တိုင်းရင်းသားသူပုန်များအရေးသည် ၎င်းအတွက် အကြီးဆုံးစိန်ခေါ်မှု ဖြစ်နေသည်။

***************************************************************************

မြန်မာနိုင်ငံသို့ အပြေးအလွှား သွားနေကြပြီ

(1 February 2012 ရက်စွဲပါ The Straits Times မှ Nirmal Ghosh ရေးသားသော Gold rush to Burma as country opens up ကို ဘာသာ ပြန်ဆိုသည်)

ဒေသတွင်းတွင် အားလုံးက ရွှေတွင်းတွေ့သကဲ့သို့ အလျင်အမြန် သွားရောက်နေကြသော နေရာတစ်ခု ထွက်ပေါ်လာနေရာ အားလုံး သွားနေသော နေရာမှာ မြန်မာနိုင်ငံ ဖြစ်သည်။ မြန်မာအစိုးရသည် ယခင်တင်းကြပ်စွာ ထိန်းချုပ်ထားသော စီးပွားရေးကို တံခါးဖွင့်ပြီး၊ ပြုပြင် ပြောင်းလဲရေးများ အရှိန်မြှင့်ခဲ့သောအခါ အချို့အနောက်နိုင်ငံအရေးယူမှုများလည်း ဖြေလျော့သောအခါ၊ အမေရိကန်၊ ဂျာမနီနှင့် ဂျပန်တို့အပါအဝင် စီးပွားရေးသမားများသည် နောက်ထပ်ငါးကြီးတစ်ကောင် ရှာဖွေရန် မြန်မာနိုင်ငံသို့ အမြန်သွားရောက်ကြလေသည်။

ရန်ကုန်မှ ဟိုတယ်များ အခန်းပြည့်နေသည်မှာ ရက်သတ္တပတ် အတော်ကြာနေပြီ ဖြစ်သည်။ အိမ်ခြံမြေဈေးများကလည်းတက်၊ ငှားရမ်းခများကလည်း နိုင်ငံခြားသားများ ဝင်ရောက်လာမှုကြောင့် ဈေးတက်လာသည်။ ရင်းနှီးမြှုပ်နှံမည့် သူများသည် သတ္တုတွင်း၊ စွမ်းအင်မှ စ၍ ခရီးသွားကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ အဆုံး ရနိုင်မည့် အခွင့်အလမ်းများကို ကင်းထောက် ရှာဖွေနေကြသည်။ "မြန်မာနိုင်ငံမှာ စပြီး နေရာတကျ ဖြစ်နေပါပြီ။ အန္တရာယ်လည်း ရှိနေတုန်းပဲ။ ဒါပေမယ့် ရှေ့ဆက် တိုးတက်မှုတွေ ရှိနေတယ် ဆိုတာလည်း ရှင်းရှင်းလင်းလင်း တွေ့နေရပါတယ်" ဟု စင်္ကာပူ အခြေစိုက် Centennical Asia Advisors မှ CEO Manu Bhaskaran က ပြောသည်။

ကမ္ဘာတစ်ဝှမ်းမှ စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ တိုး၍ သွားနေခြင်းက တိုးတက်မှု၏ သက်သေပင် ဖြစ်သည်။ ယခုလတွင် အမေရိကန် အဖွဲ့တစ်ခု လာရောက်ရန် ရှိသည်။ ပြီးခဲ့သည့်လက ဘီလီယံနာ ဂျော့ဆိုရော့စ် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်၍ အလှူအတန်း လုပ်ငန်းများ လုပ်ကိုင်မည် ဖြစ်သည်။ ဒီဇင်ဘာလက ဂျာမနီမှ အကြီးဆုံးဘဏ်နှင့် ဂျာမန်အစိုးရ ရင်းနှီးမြှုပ်နှံမှုဌာနမှ အမှုဆောင်များ သွားရောက်ခဲ့သလို ဂျပန်နိုင်ငံမှ ဟီတာချီ၊ တိုရှီဘာ၊ မစ်စုအိ၊ အိတိုချူ၊ JX Nippon Oil and Energy နှင့် မာဂူဘီနီ တို့ ပါဝင်သော အဖွဲ့လည်း လာရောက်ခဲ့ပြီးဖြစ်သည်။

ဝေးကွာသော အရပ်မှ ရင်းနှီးမြှုပ်နှံမည့်သူများဖြစ်သည့် နော်ဝေး၊ ဘရာဇီးနှင့် ရုရှားတို့သည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြသည်။ အိမ်နီးခြင်းများ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ်တို့သည် ရန်ကုန်တွင် ကုန်စည်ပြပွဲများ ကျင်းပပြီး အခြေခံ အဆောက်အဦ စီမံကိန်းများ လုပ်ကိုင်နိုင်ရန် ကြိုးစားနေကြသည်။

ထိုသို့ စိတ်ပါဝင်စားမှု မြင့်တက်လာခြင်းမှာ အစိုးရက နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို လျင်မြန်စွာ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုနှုန်းများကို ဝေဖန်နေသူများကပင် အံ့အားသင့်ကြရသည်။ တနင်္လာနေ့က The Straits Times နှင့် သီးသန့် အင်တာဗျူးတွင် သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများအတွက် ကတိကဝတ်များ ပြောကြားပြီး ယင်းတို့သည် မြန်မာနိုင်ငံတွင် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ ရရှိသည်အထိ ဆက်လက်လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အစောပိုင်းက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF မှ အမှုဆောင် Meral Karasulu က သတင်းထောက်များသို့ ပြောကြားရာတွင် "မြန်မာနိုင်ငံဟာ တိုးတက် ကြီးထွားမယ့် အလားအလာ ကြီးမားစွာရှိပြီး အာရှရဲ့ နောက်ထပ် စီးပွားရေးပါဝါ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သူ့မှာရှိတဲ့ သယံဇာတရယ်၊ နုပျိုတဲ့ လုပ်သားအင်အားစုရယ်၊ ကမ္ဘာပေါ်က အားကောင်းတဲ့ စီးပွားရေးနိုင်ငံရဲ့ အချို့ အချက်တွေ တူနေတာတွေရယ်ကို အသာစီး ရယူ အသုံးချနိုင်မယ် ဆိုရင်ပေါ့လေ" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၆၂ သန်းရှိပြီး အာဆီယံတွင် အင်ဒိုနီးရှားပြီးလျှင် ဒုတိယအများဆုံး ဖြစ်ပြီး မြန်မာနိုင်ငံသည် အမှန်တကယ်ပင် အခွင့်အလမ်း ကြီးမားစွာ ရှိသောနိုင်ငံဖြစ်သည်။ သဘာဝဓာတ်ငွေ့ကဲ့သို့သော သဘာဝသယံဇာတအတွက် ဂုဏ်ယူရသည်။ ယင်းတွင် နုပျိုသော အလုပ် လုပ်နိုင်သော အင်အားရှိပြီး၊ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးတွင် အခွင့်အလမ်းများစွာ ရှိနေပါသေးသည်။

သို့သော် Bhaskaran ညွှန်ပြသကဲ့သို့ မြန်မာနိုင်ငံသည် စစ်အာဏာရှင် စနစ်အောက်တွင် ဆယ်စုနှစ် များစွာ နေလာခဲ့ရခြင်းကြောင့် အချို့စီးပွားရေးလုပ်ရာတွင် အန္တရာယ်အချို့ ရှိနေပါသေးသည်။

ပြဿနာများအနက် အချို့ကို ဖော်ပြရသော်၊ မြန်မာနိုင်ငံတွင် ငွေကြေးကဏ္ဍတွင် တိုးတက်မှု မရှိခြင်း၊ စတော့ဈေးကွက် မရှိခြင်း၊ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းနှစ်ခုရှိပြီး မတည်ငြိမ်ခြင်းနှင့် လျှပ်စစ်ဓာတ်အား မကြာခဏ မလုံလောက်မှုများရှိသည်။ အနိမ့်ဆုံးလစာ မည်မျှပေးရမည်ဟု ဥပဒေက သတ်မှတ်ထားခြင်းမရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးစနစ်က ပျက်ယွင်းနေသည်။ လူငယ်များမှာ ယနေ့အင်္ဂလိပ်လို ပြောဆိုမှု နည်းပါးလာခြင်းများ ရှိသည်။

"အားလုံး အပြေးအလွှား သွားနေကြတာတော့ အမှန်ပဲ။ ဒါပေမယ့် ဘယ်သူမှ ငွေမထုတ်ကြသေးဘူး။ လူတွေက သွားလည်နေကြတယ်။ အလားအလာကောင်းတွေ ရှိတယ်ဆိုတာ အသိအမှတ်ပြုကြတယ်။ ဒါပေမယ့် သူတို့ သတိနဲ့စောင့်ကြည့်နေဆဲပဲ ဖြစ်ပါတယ်" ဟု သြစတြေးလျမှ Macquarie တက္ကသိုလ်မှ မြန်မာ့စီးပွားရေး စောင့်ကြည့်သည့် ဌာနမှ အကြီးအကဲ ပါမောက္ခ ရှောင်တာနဲ က ပြောကြားသည်။

အဓိကအတားအဆီးတစ်ခုမှာ ငွေလဲလှယ်နှုန်း၌ တရားဝင်နှင့် မှောင်ခိုဈေးနှုန်းတွင် များစွာ ကွာဟနေမှု ဖြစ်ပြီး တရားဝင်ငွေလဲနှုန်း အရ အမေရိကန် တစ်ဒေါ်လာလျှင် ၆.၅ ကျပ် ဖြစ်သော်လည်း၊ မှောင်ခိုနှုန်းမှာ တစ်ဒေါ်လာလျှင် ၈ဝဝ ကျပ်ခန့် ဖြစ်နေခြင်းမှာ စီးပွားရေးကို ရှုပ်ထွေးစေသည်။

နောက်ထပ် အဓိက ကိစ္စတစ်ခုမှာ အလုပ်သများ ဥပဒေ ပြုပြင်ပြောင်းလဲရေး ဖြစ်သည်။ အလုပ်ရှင်ရော အလုပ်သမားကိုပါ အကာအကွယ်ပေးရန် လိုအပ်သည်။ အလုပ်သမား သမဂ္ဂများ ဖွဲ့ရန် ခွင့်ပြုသော ဥပဒေသည် သက်ရောက်မှု မရှိသေးပေ။

မြန်မာနိုင်ငံတွင် ကျွမ်းကျင်သည့် အလုပ်သမား ရှားပါးခြင်းကလည်း ကိစ္စတစ်ရပ် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသောအခါ စင်္ကာပူအပါအဝင် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသော မြန်မာများ ပြန်လာ၍ အလုပ်လုပ်ရန် မျှော်လင့်ရပေသည်။ ပြုပြင်ပြောင်းလဲရေးများ ရုတ်တရက် ပြောင်းလဲ သွားနိုင်သည့် အန္တရာယ်ကိုလည်း သံသယ ရှိသူများက သတိပေးထားသည်။

သို့သော် အစိုးရသည် ယင်း၏ ငွေလဲနှုန်း သတ်မှတ်ရေး ကိစ္စတွင် ဗဟိုဘဏ်ကို အာဏာ ပေးထားခြင်း၊ ကုန်သွယ်ရေးအတွက် ဈေးကွက် တည်ဆောက်ရန် လုပ်ကိုင်လျက် ရှိခြင်းတို့ကြောင့် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု သုံးသပ်သူများက ဆိုကြသည်။ "ထိပ်ပိုင်းက ပုဂ္ဂိုလ်တွေကတော့ တကယ် ကြိုးစားနေကြတာပါ။ သူတို့က ချက်ခြင်း လုပ်ချင်နေကြတာ" ဟု တာနဲလ်က သုံးသပ်သည်။

စင်္ကာပူသို့ အလည်အပတ် ရောက်ရှိခဲ့သော ဦးသိန်းစိန်သည် ကဏ္ဍအမျိုးမျိုးမှ မြန်မာ အစိုးရဝန်ထမ်းများကို စင်္ကာပူတွင် လေ့ကျင့် သင်ကြားပေးရန် သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့သည်။ တရားစီရင်ရေး၊ ဘဏ်နှင့် ငွေကြေးမှသည် ကုန်သွယ်ရေးနှင့် ခရီးသွား ကဏ္ဍမှ တာဝန်ရှိသူများအား လေ့ကျင့် သင်ကြားပေးရေး ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှိနေသော ကန့်သတ်ချက်များသည် တရုတ်နှင့် ဗီယက်နမ်တွင် တံခါးဖွင့်စဉ်က တွေ့ရသော အကန့်အသတ်များနှင့် မတူဟု Bhaskaran က သုံးသပ်သည်။ "ဒါတွေက ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ မဟုတ်ပါဘူး။ တချို့ စီးပွားရေးအရေးယူမှုတွေ ရုတ်သိမ်းသွားရင် စီးပွားရေးနဲ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ပါက တိုးတက်မှုတွေ မရပ်မနားလာပါလိမ့်မယ်" ဟု ယင်းက ပြောသည်။

*****************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs