Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အသက်ဝင်ဖို့ အားထုတ်ကြိုးပမ်းရဦးမည်

********************************

ဆောင်းပါးကဏ္ဍ

အသက်ဝင်ဖို့ အားထုတ်ကြိုးပမ်းရဦးမည်

ဘုန်းထက်ဝင်း

စနစ်၏ အနှစ်သာရ

ဒီမိုကရေစီစနစ်၏ အနှစ်သာရမှာ အချုပ်အခြာအာဏာသုံးရပ်ဖြစ်သော အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့ကို ခွဲခြား၍ အပြန်အလှန်ထိန်းညှိနိုင်ခြင်း ဖြစ်ပါသည်။ ယခင် အာဏာပိုင်စနစ်မှာ လူပုဂ္ဂိုလ်တစ်ဦးကိုသာလျှင် အာဏာဗဟိုချက် ဖြစ်ခဲ့သောကြောင့် အချုပ် အခြာအာဏာသုံးရပ်ကို ပေါင်းစပ်ကျင့်သုံးခဲ့သည်။ တနည်းအားဖြင့်ဆိုရလျှင် လူပုဂ္ဂိုလ်တစ်ဦး၏ အတွေးအကြံ၊ မူဝါဒများသည်သာ အင်စတီကျူးရှင်း တစ်ခုလို လည်ပတ်အလုပ်လုပ်နေခဲ့သောကြောင့် ဖြစ်သည်။ ယခုအခါတွင်တော့ အဆိုပါ အတွေးအကြံများ၊ မူဝါဒများကို လွှတ်တော်ဟူသော နိုင်ငံရေး အင်စတီကျူးရှင်းအသစ်တွင် ဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းစေခြင်းဖြင့် လည်ပတ် အလုပ်လုပ်နေပြီဖြစ်သည်။

နိုင်ငံရေး Forum တစ်ခုပင်

ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ကျင်းပခဲ့သည်မှာ ယနေ့ (ဤစာရေးသားသောရက်) ဆိုလျှင် သုံးရက်နေ့ပင် ရှိပြီဖြစ်သည်။ လွှတ်တော်တွင် တင်သွင်းသောအဆိုများ၊ မေးခွန်းများနှင့် ဥပဒေကြမ်းများ အားလုံးသည် နိုင်ငံ့အရေးအရာများပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစု ကြည်နှင့် NLD ပါတီမှ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါကဤနည်းနှင်နှင် အဆိုများ၊ မေးခွန်းများနှင့် ဥပဒေကြမ်းများ တင်သွင်ခြင်းများကို ပြုလုပ်ရမည်သာ ဖြစ်သည်။ လွှတ်မြောက်လာခဲ့ပြီးဖြစ်သော ၈၈မျိုးဆက်ကျောင်းသားများ သည်လည်း လွှတ်တော်ကိုစောင့်ကြည့် လေ့လာရမည်သာဖြစ်သည်။ တနည်းဆိုရလျှင် လွှတ်တော်မှာ နိုင်ငံရေးသဘောမတူညီမှုများကို Forum အသွင်ဖြင့် လည်းကောင်း၊ dialogue အသွင်ဖြင့်လည်းကောင်း ညှိနှိုင်းဆောင်ရွက်ရမည့် နေရာပင်ဖြစ်သည်။ တတိယပုံမှန် အစည်းအဝေးပထမနေ့၌ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှုတ်ခွန်းဆက် စကားတွင်လည်း ဤသဘောကိုပင် “ပြည်ထောင်စုအကျိုး၊ ပြည်သူ့အကျိုးကို ဖော်ဆောင်ရာတွင် တာဝန်နှင့် လုပ်နည်း မတူသော်လည်း ရည်ရွယ်ချက်၊ ရည်မှန်းချက်များ တူညီသည့်အတွက် မိမိတို့၏ ပန်းတိုင်ဖြစ်သော ဒီမိုကရေစီစနစ်ဖြင့် ပြည်ထောင်စု ကြီး တည်ဆောက်မည်ဆိုသည့် ပန်းတိုင်အားကိုယ့်တာဝန်ကိုယ် ကျေပွန်စွာထမ်းဆောင်ရင်းအတူတကွ ချီတက်လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

အထိန်းနှင့်အထေ ယန္တရား

မြန်မာနိုင်ငံ၏ လွှတ်တော်မှာရေးရာကော်မတီများ ဖွဲ့စည်းထားသည့် စနစ်ဖြစ်သောကြောင့် ရေးရာကော်မတီများ အဓိက တာဝန်များအတိုင်း  ကြားနာစစ်ဆေးမှုများ၊ ဥပဒေကြမ်းရေးသားမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်သည်။ သို့မှသာ လွှတ်တော်မှာ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို အပြန်အလှန်ထိန်းကျောင်းနိုင်သည့် အသက်ဝင်သည့် လွှတ်တော် ဖြစ်လာမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ပါလီမန်စနစ် ဒီမိုကရေစီအတွေ့အကြုံသာ ရှိသည့်အတွက် အစပိုင်းတွင် လွှတ်တော်အသက်ဝင်ရေးအတွက် များစွာအားထုတ် ကြိုးပမ်းဆောင်ရွက်ရပါဦးမည်။ ဤနေရာတွင် မီဒီယာ၏ အခန်းကဏ္ဍမှာလည်း လွန်စွာအရေးကြီးပါသည်။ ယခုအခါတွင် မီဒီယာ လွတ်လပ်ခွင့်ကို လွှတ်တော်၏ လုပ်ထုံးလုပ်နည်း မှားယွင်းနေမှုများ၊ လွှတ်တော်တွင် ပြောဆိုဆွေးနွေးသင့်သည့် နိုင်ငံ့အရေးအရာများကို မူဝါဒ ချမှတ်သူများနှင့် ပြည်သူများသိအောင် ဖော်ထုတ်ရေးသားတင်ပြနိုင်ရမည်။

လွှတ်တော်အမတ်များ၏ အရည်အသွေး

အထက်ကဆိုခဲ့သလို မြန်မာနိုင်ငံ၏ လွှတ်တော်မှာရေးရာ ကော်မတီများဖွဲ့စည်း အလုပ်လုပ်စေသောစနစ် ဖြစ်သောကြောင့် ဆိုင်ရာဆိုင်ရာ ကော်မတီများတွင် ပါဝင်သော လွှတ်တော်အမတ်များ၏ အရည်အသွေးသည်လည်း များစွာအရေးပါလာမည် ဖြစ်သည်။ ကော်မတီဝင် လွှတ်တော် အမတ်များသည် ပညာရှင်များ မဟုတ်သော်ငြားလည်း ပြည်ထောင်စု အကျိုးစီးပွားအတွက် သက်ဆိုင်ရာမူဝါဒများကို နိုင်ငံရေးဆုံးဖြတ်ချက် ပေးရမည် ဖြစ်သောကြောင့် နိုင်ငံရေးစေတနာနှင့် အလုံစုံခြုံငုံကြည့်မြင့်နိုင်မှု (macro view) တို့ဖြင့်သာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။

ယခင်လွှတ်တော် အစည်းအဝေးများတွင် အဆိုနှင့် မေးခွန်းများမှား၍ မေးခဲ့ကြခြင်းမျိုး၊ ပြည်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင်းမေးရမည့် မေးခွန်းနှင့် တင်သွင်းရမည့် အဆိုများကို ပြည်ထောင်စုလွှတ်တော်တွင် ဆောင်ရွက်ခြင်းမျိုးလည်း ဖြစ်ခဲ့ရာ မီဒီယာများမှ ယင်းမှားယွင်းမှုများကို ထောက်ပြ ဝေဖန်မှုများလည်း ရှိခဲ့သည်။ ယခုတကြိမ် လွှတ်တော်တွင်တော့ ထိုသို့မှားယွင်းမှုမျိုးကို အထူးသတိထားရှောင်ရှားဖို့ လိုအပ်ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြည်ထောင်စုအဆင့် လုပ်ပိုင်ခွင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့၏ လုပ်ပိုင်ခွင့်တို့ကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လျှင် ယင်းသို့ မှားယွင်းမှုမျိုး ကြုံတွေ့နိုင်မည် မဟုတ်ပါ။

တတိယလွှတ်တော်များတွင်လည်း

ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များသည်လည်း လွှတ်တော်အသက်ဝင်ဖို့ များစွာအားထုတ် ကြိုးပမ်းရပါဦးမည်။ ပြည်နယ် လွှတ်တော်များနှင့် တိုင်းဒေသကြီးလွှတ်တော်များသည်  ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးအပ်ပြဋ္ဌာန်းထားသော လုပ်ပိုင်ခွင့်များကို မကျော်လွန်ဘဲ မိမိတို့ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို အားထုတ်ဖော်ဆောင်နိုင်ရမည်ဖြစ်သည်။ အရာရာကို ပြည်ထောင်စုအစိုးရမှ မျှော်လင့်နေ၍ မဖြစ်ပါ။ မိမိတို့၏ ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိအစိုးရများနှင့် လက်တွဲ၍ ဒေသဖွံ့ဖြိုးရေးကို အားထုတ်ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် ဆိုရလျှင် ဒီမိုကရေစီအတွေ့အကြုံမရှိသည်မှာ နှစ်ပေါင်း ၅၀ မျှရှိပြီဖြစ်သော မြန်မာနိုင်ငံမှာ စနစ်အသက်ဝင်ရေးအတွက် အရည်အချင်းများ၊ အတွေ့အကြုံများလိုအပ်နေမည်သာ ဖြစ်သော်လည်းရှိသမျှ အင်အားဖြင့်၊ နိုင်ငံရေးစေတနာများဖြင့် အားထုတ်ကြိုးပမ်းသွားရမည် ဖြစ်သည်။ ဝေဖန်ထောက်ပြသည့် မီဒီယာမှာလည်းစနစ်သစ်နှင့် အံ့ဝင်သည့် အရည်အချင်းများကို မြှင့်တင်သွားရဦးမည် ဖြစ်သည်။ နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးသည်လည်း ဒီမိုကရေစိတ်ဓာတ်များ အမြစ်တွယ်လာဖို့ စဉ်ဆက်မပြတ်အားထုတ် ကြိုးပမ်းသွားလျှင် ရင့်ကျက်ပြည့်ဝသည့် ဒီမိုကရေစီကို တစ်နေ့သ၌ မလွဲမသေရရှိလာမည် ဖြစ်ပါကြောင်း….။

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment