Transparency Myanmar

transparency.myanmar@gmail.com

နယူးယောက် ဆန္ဒပြသူများကို ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက ဝေဖန်

 

ကိုကို၊အောက်တိုဘာ ၁၁ ရက်၊၂၀၀၉

 

            မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဆိုသူရဲ့ကားကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ဆန္ဒပြသူအချို့က ဖိနပ်နဲ့ပစ်ပေါက်ခဲ့မှုအား ၂၀၀၉ အောက်တိုဘာ ၁၂-၁၈ ရက်ထုတ် The Voice ဂျာနယ်ရဲ့ ခေါင်းကြီးပိုင်းမှာ ဝေဖန်ရေးသား ထားပါတယ်။

          ထိုသို့ရေးသားရာမှာ ဆန္ဒပြသူများက မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဆိုသူ အား ဖိနပ်ဖြင့်ပစ်ပေါက်ခြင်းကို  တိုက်ရိုက်ရေးသားခြင်းမပြုဘဲ " အီရတ်နိုင်ငံတွင် သမ္မတ ဘုရှ်ကို ဆန္ဒပြခဲ့သူတစ်ဦးကို အတုယူ၍ အလားတူလုပ်ဆောင်ခဲ့ခြင်းသည် ကမ္ဘာ့အလယ်တွင် မြန်မာတို့သည် အီရတ်တို့ကဲ့သို့ပင် လူကြီးလူကောင်းမဆန်သော၊မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုးအဖြစ် သက်သေထူခြင်းဖြစ်ရာ မြန်မာတစ်ဦးအနေ  ဖြင့်များစွာ အရှက်ရမိပါသည်" လို့ရေးသားထားပါတယ်။

          ထို့အပြင် The Voice Journal အယ်ဒီတာက " ထိုအပြုအမူမျိုးသည် မြန်မာတို့အ နေဖြင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းဖြစ်နိုင်ခြေရှိ၊ မရှိသက်သေ ထူနေခြင်းလည်း ဖြစ်ပေသည်။…..အသိမဲ့ ထောက်ခံအားပေးမိသော မြန်မာများရှိနေမည်ကို များစွာရိပ်မိသော ကြောင့်ယခုခေါင်းကြီးကို ရေးသားလိုက်ရပါသည်" လို့ဆက်လက်ရေးသားထားပြန်ပါတယ်။

          အဲဒီခေါင်းကြီးရဲ့ နောက်ဆုံးအပိုဒ်မှာတော့ "ကျွန်ုပ်တို့အားလုံးသည် စနစ်တခု၏ သားကောင်များဖြစ်ခဲ့ကြပြီး ထိုစနစ်ကို ယခုအခါ ပြင်ဆင်ရန် အခွင့်ရနေချိန်ဖြစ်ရာ စနစ်နှင့် စနစ်အတွင်းကျရာကဏ္ဍမှ ဝင်ရောက်သရုပ်ဆောင်ကပြနေသူများကို ခွဲခြားနိုင်ရေးသည် များစွာအရေးကြီးပါကြောင်း ဖော်ပြ လိုက်ပါသည်။" လို့ ဖော်ပြထားပါတယ်။

          အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှ ပုဂ္ဂလိက သတင်းမီဒီယာ ၄ခုကို ယခု နှစ်မှာပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သတင်းရယူနိုင်ဖို့ စီစဉ်ပေးခဲ့တဲ့အတွက် Living Color Media၊ 7 Day ၊ ရန်ကုန်တိုင်းမ်နဲ့ မြန်မာတိုင်းမ် မီဒီယာများမှ သတင်းသမားများ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့ပါတယ်။ ထိုသို့ရောက်ရှိနေစဉ် ပြည်တွင်းမြန်မာမီဒီယာများမှ ပုဂ္ဂိုလ်များဟာ မြန်မာစစ်အစိုးရကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ကိုလည်း ရောက်ရှိခဲ့ကြောင်း မျက်မြင် သက်သေများက သတင်းပေးပို့ခဲ့ပါတယ်။ မြန်မာပြည်တွင်းက သတင်းသမားများအနေနဲ့ ဆန္ဒပြပွဲတွေကိုလာရောက်ပြီး အမေရိကန်ပြည် ထောင်စုရောက် မြန်မာများနဲ့ တွေ့ဆုံအားပေး နှုတ်ဆက်ခဲ့ပေမယ့် ဆန္ဒပြပွဲသတင်းများကို တော့ သူတိုရဲ့ မီဒီယာတွေမှာ မဖော်ပြနိုင်ခဲ့ကြပါဘူး။

          The Voice Journal အယ်ဒီတာရဲ့ နယူးယောက်က မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဆိုသူနဲ့ နိုင်ငံခြားရေးဝန်ကြီးဆိုသူများအား ဆန္ဒပြခဲ့သူများနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ခေါင်းကြီးပိုင်းအပေါ် ယနေ့မြန်မာသတင်းဌာနမှ ဦးမြင့်လှိုင်က

"ကျွန်တော်အနေနဲ့ စစ်အစိုးရခေါင်းဆောင် ဆိုသူတွေကို ဖိနပ်နဲ့ပေါက်မှုဟာ မှန်သလား၊ မှားသလားဆိုတာကို ဝေဖန်သုံးသပ်ခြင်း မပြုလုပ်လိုပါဘူး။ ဒီဖြစ်ရပ်ကို သုံးသပ်သူတွေဟာ သူတို့ရှိနေတဲ့ နေရာ၊ သူတို့မြင်တဲ့ မြင်ကွင်းကနေ သူတို့ ကြိုက်နှစ်သက်သလို ဝေဖန်ခွင့် ရှိပါတယ်။

ကျွန်တော် ဝေဖန်သုံးသပ်လိုတာကတော့ အခု ရေးသားထားတဲ့ ခေါင်းကြီးပိုင်းပါ စာသားတွေကို ဖြစ်ပါတယ်။ ဒီနေရာမှာ ရှင်းရှင်းလင်း ထပ်ပြောပါ့မယ်။ မှန်ဖြင့်ဆောက်မည့်အိမ်၊ စနစ်များနှင့် လူများ ဆိုတဲ့ ခေါင်းကြီးပိုင်းမှာ ရေးသားထားတဲ့ စာသားကို ဝေဖန်မှာပါ။ အဲဒီစာသားရေးတဲ့ ပုဂ္ဂိုလ်ဟာ အခြေအနေတစ်ခုကြောင့် ဒီခေါင်းကြီးပိုင်းကို ရေးရတာလည်း ဖြစ်နိုင်တယ်။ သူရေးသားထားသလို သူကိုယ်တိုင် ယုံကြည်လို့ ရေးတာလည်း ဖြစ်နိုင်တယ်။ ဒါတွေဟာ ကျွန်တော်တို့ မမြင်ရတဲ့အရာပါ။ ဒါကြောင့် မမြင်ရတဲ့အရာကို မဝေဖန်ပါဘူး။ မြင်ရတဲ့ အယ်ဒီတာဆိုသူရဲ့ စာသားတွေကိုသာ ဝေဖန်မှာ ဖြစ်ပါတယ်။

စ ပြောချင်တဲ့ အချက်ကတော့ "အီရန်နိုင်ငံတွင် သမ္မတဘုရှ်ကို ဆန္ဒပြခဲ့သူတစ်ဦးကို အတုယူ၍ အလားတူ လုပ်ဆောင်ခဲ့ခြင်းသည် ကမ္ဘာ့အလယ်တွင် မြန်မာတို့သည် အီရတ်ကဲ့သို့ပင် လူကြီးလူကောင်းမဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုးအဖြစ် သက်သေထူခြင်း ဖြစ်ရာ မြန်မာတစ်ဦးအနေဖြင့် များစွာ အရှက်ရမိပါသည်။" စာသားပါ အချက်အလက်နဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ အီရတ်မှာ အမေရိကန်သမ္မတ ဘုရှ် ကို ဆန္ဒပြသူက ဖိနပ်နဲ့ပေါက်တာ မဟုတ်ပါ။ သတင်းသမားက ဖိနပ်နဲ့ ပေါက်တာ ဖြစ်ပါတယ်။ သူက ဖိနပ်နဲ့ ပေါက်သင့်တယ်လို့ ယူဆတဲ့အတွက် ဖိနပ်နဲ့ပေါက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက မြန်မာအယ်ဒီတာတစ်ဦးအနေနဲ့ ဖိနပ်နဲ့ ပေါက်တဲ့ အဖြစ်ကို ကြိုက်သလို ရှုံ့ချလို့ ရပါတယ်။ သို့သော်လည်း အီရတ်ကဲ့သို့ပင် လူကြီးလူကောင်းမဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုးအဖြစ်ဆိုတဲ့ အသုံးအနှုန်းကိုတော့ မသုံးနှုန်းသင့်ဘူးလို့ မြင်ပါတယ်။ အဲဒီ အသုံးအနှုန်းဟာ အီရတ်လူမျိုးအားလုံးကို စော်ကားလိုက်ခြင်း ဖြစ်ပါတယ်။ The Voice Journal ဟာ မြန်မာပြည် ဒီမိုကရေစီ ကူးပြောင်းရေး အခန်းကဏ္ဍမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်နေပြီး ဒီမိုကရေစီဆိုင်ရာ အတွေးအခေါ်များ ရေးသားနေတဲ့ ဂျာနယ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုလို သုံးနှုန်းရေးသားလိုက်ခြင်းကြောင့် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်မှုအတွက် ရှေ့ဆောင်လမ်းပြ လုပ်ကိုင်နေသူများဟာ အခြားလူမျိုးတွေကို စော်ကားတတ်တဲ့ သူတွေများလားလို့ စာဖတ်သူတွေနဲ့ ကမ္ဘာ့ပြည်သူတွေ တွေးတောသွားမိမှာ စိုးရိမ်မိပါတယ်။

ဒုတိယအချက်အနေနဲ့ ပြောလိုတာကတော့ ထိုအပြုအမူမျိုးသည် မြန်မာတို့အနေဖြင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်နိုင်ခြေရှိ၊ မရှိသက်သေ ထူနေခြင်းလည်း ဖြစ်ပေသည်ဆိုတဲ့ စာသားဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီစာသားတွေကို နားလည်တာကတော့ အဲဒီလို ဖိနပ်နဲ့ပေါက်တဲ့ အပြုအမူအတွက် မြန်မာတွေဟာ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်နိုင်ခြေ ရှိ၊ မရှိကို The Voice Journal အယ်ဒီတာက ပြန်လည် သုံးသပ်နေပုံပါပဲ။ ဒါဆိုရင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ခြေတော်ရင်းမှာ ဘုရားသား သံဃာတော်တွေကို တုတ်နဲ့ရိုက်ဖို့ အမိန့်ပေးသူတွေ၊ တောင်ဥက္ကလာပ ငွေကြာရံဘုန်းတော်ကြီးကျောင်းကို ညအချိန်မှာ ဝင်ရောက်စီးနင်းပြီး သက်တော်ကြီးရင့်နေပြီ ဖြစ်တဲ့ ဆရာတော်ကြီးကို ဖမ်းဆီးကာ ကျန်သံဃာတွေကို ရိုက်နှက် ဖမ်းဆီးဖို့ အမိန့်ပေးသူတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းကိုရော ဘယ်လိုသုံးသပ်မလဲ။ အဲဒီလို လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းကိုရော The Voice Journal အယ်ဒီတာအနေနဲ့ ဘယ်လို သုံးသပ်လိုပါသလဲ။ သိချင်ပါတယ်။

ထပ်ရေးထားတာက အသိမဲ့ ထောက်ခံအားပေးမိသော မြန်မာများ ရှိနေမည်ကို များစွာ ရိပ်မိသောကြောင့် ယခုခေါင်းကြီးကို ရေးသားလိုက်ပါသည် ဆိုတဲ့ စာသားပါ။ လူသားနဲ့ တိရိစ္ဆာန်နဲ့ ကွာခြားတဲ့ အချက်ဟာ အသိရှိမှု ကွာဟချက် ဖြစ်ပါတယ်။ ဒီတော့ အခုဖော်ပြတဲ့ စာသားမှာ ရေးထားတဲ့ အသိမဲ့ ထောက်ခံအားပေးမိသော မြန်မာများ ရှိနေမည်ကို များစွာ ရိပ်မိသောကြောင့် ဆိုတဲ့စာသားက ဘာကို ဆိုလိုပါသလဲ။ မပြေးသော်လည်း ကန်ရာရှိ ဆိုသလို မြန်မာတွေဟာ သိမြင်တတ်မှုမရှိဘူးလို့ ပြောဆိုတာမျိုး ဖြစ်မနေဘူးလား။ အခုလို ခေါင်းကြီးပိုင်းမှာ မရေးသားလိုက်ရင် အသိမဲ့ မြန်မာတွေက The Voice Journal အယ်ဒီတာ ညွှန်းဆိုတဲ့ လုပ်ရပ်ကို ထောက်ခံမိမှာကို စိုးရိမ်တာလား၊ ဒါတွေဟာ တွေးတောစရာပါ။ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ခေါင်းကြီးပိုင်းရဲ့ နောက်ဆုံးစာသားတွေထဲမှာ စနစ် နှင့် စနစ် အတွင်းကျရာကဏ္ဍမှ ဝင်ရောက်သရုပ်ဆောင်ကပြနေသူများကို ခွဲခြားနိုင်ရေး သည် များစွာအရေးကြီးပါကြောင်း ဖော်ပြလိုက်ရပါသည်လို့ရေးသားထားပါတယ်။

          အဲဒီစာသားတွေကို ရှေ့ကဖော်ပြချက်တွေနဲ ဆက်စပ်စဉ်းစားတဲ့အခါ မြန်မာပြည် ကိုပြောင်းလဲဖို့လုပ်နေကြပြီ၊ဒီလိုအချိန်မှာ အနိမ့်ဆုံးနေနဲ့ မကောင်းတဲ့စနစ်နဲ့ အဲဒီစနစ်အတွင်းသရုပ်ဆောင်ကပြနေသူများကို ခွဲခြားသိဖို့ အရးကြီးတယ်ဆိုပြီးရေးသားထားတာလို့ နားလည်ပါတယ်။

          စနစ်ထဲမှာကျရာကဏ္ဍကနေ ဝင်ရောက်သရုပ်ဆောင်ကပြနေကြရတယ်ဆိုတာဟာ ဘာသဘောကိုပြောတာပါလဲ။ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အကြောင်းတခုခု  ကြောင့် အသိဥာဏ်မဲ့လုပ်ဆောင်ကြေရတာကို ပြောတာလား။ မဟုတ်ဘူး၊မမှန်ဘူးဆိုတာ ကိုသိရက်နဲ့ ဆက်မိုက်နေကြတာလား။ အဲဒီလို လုပ်ဆောင်နေသူတွေရဲ့ အသိရှိမှုရေချိန်က ဘယ်နားမှာလဲ။ ဝင်ရောက်သရုပ်ဆောင်ကပြနေသူများဟာ အသိရှိမှု ရေချိန်နိမ့်ကျသူတွေ ဖြစ်ကြရင်ကော မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ လှပနိုင်ပါ့မလား၊ ဒါတွေဟာ ဖော်ပြထားတဲ့ စာသားတွေနောက်က စိတ်ဝင်တစားတွေးရမယ့် အချက်တွေဖြစ်နေပါတယ်။

          သတင်းစာ၊ဂျာနယ်တွေရဲ့ ခေါင်းကြီးပိုင်းဟာ အင်မတန်အရေးကြီးပါတယ်။ အဲဒီ ခေါင်းကြီးပိုင်းဟာ သက်ဆိုင်ရာ စာစောင်တွေရဲ့ အာဘော်ကို ပြောနေသလို သဘောထား ရပ်တည်ချက်တွေကိုလည်း ထင်ဟပ်နေတတ်ပါတယ်။

          ဒီတော့ အခုရေးသားထားတဲ့ ခေါင်းကြီးပိုင်းကို ဖတ်မိသူတစ်ယောက်က The Voice Journal ဟာ အခြားလူမျိုးတစ်မျိုးကို စော်ကားတတ်သူများရဲ့ ဂျာနယ်၊ကိုယ့်လူမျိုး ကိုယ် နိမ့်ချကြည့်တတ်သူတွေရဲ့ ဂျာနယ်၊ကိုယ့်ကိုကိုယ်အထင်ကြီးပြီး သူတပါးကို အထင်သေးသူများရဲ့ဂျာနယ် စသည်ဖြင့် စာဖတ်ပရိတ် သတ်တစ်ဦးဦးက သုံးသပ်သွားမလားလို့ စိုးရိမ်မိပါတယ်။

          The Voice Journal ဟာ ကျွန်တော်စိုးရိမ်မိသလို ယူဆရမယ့်ဂျာနယ်မဟုတ် လောက်ဘူးလို့ ထင်ပါတယ်။ တနည်းအားဖြင့် ပြောရရင် မီဒီယာဟာ တိုင်းပြည်ရဲ့ နား၊မျက်စိ၊တိုင်းပြည်ရဲ့ အားပါ။ဒီအချက်တွေကို The Voice Journal ဖန်တီးသူတွေကောင်းကောင်း သိပါလိမ့်မယ်။

          ဒါကြောင့်သူတို့တွေဟာလည်း ပြည်သူတွေကို မှားယွင်းတဲ့ အတွေးအခေါ် အသိအ မြင်တွေ မပေးဘဲ တိုင်းပြည်ရဲ့ အသိအမြင်ဖွံ့ဖြိုးမှုအတွက် ကျရာနေရာက တာဝန်ထမ်း ဆောင်မယ်လို့ ယူဆပါတယ်" လို့ ဝေဖန်သွားခဲ့ပါတယ်။

ယနေ့မြန်မာ သတင်း ဝက်ဘ်ဆိုက် မှ ကူးယူဖော်ပြပါသည်။


'' အရေးနှင့် ပတ်သက်၍ ပြည်သူတစ်ဦး၏ ခံစားချက်
(ပြည်သူတစ်ဦး)
10th Oct, 2009
Eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။
ယခုတလော မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတင်းပေါင်းများစွာ ကြားနေ၊ သိနေ၊ ဖတ်နေရပါသည်။ မြန်မာနိုင်ငံတွင် ကြီးမားသော ပြောင်းလဲမှုဟု မဆိုသာသော်လည်း အချိုးအကွေ့တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပပေးမည် (လုပ်ပေးမည်ဟု ယူဆရသည်) ဖြစ်သောကြောင့် အကြွင်းမဲ့ အာဏာရှင်စနစ်မှ ဒီမိုကရက်တစ် အစိုးရအဖြစ်သို့ ပြောင်းလဲမှုတစ်ခု ဖြစ်ပါသည်။
ထိုအချိန်တွင် အမေရိကန်ကလည်း မြန်မာအစိုးရအပေါ် မူဝါဒပြောင်းပြီး တိုက်ရိုက် ဆက်ဆံရေး ပြုလုပ်လာပါသည်။ တရုတ်နှင့် မြန်မာဆက်ဆံရေးကလည်း အရင်လို မဟုတ်တော့သော အခြေအနေတွင် ရှိနေပြန်ပါသည်။ အခြေအနေများက အရင်နှင့်မတူ ပြောင်းလာနေပြီ ဖြစ်သည်။ သို့သော် ယခုရေးလိုသော အကြောင်းမှာ ဤအကြောင်းအရာ မဟုတ်သလို ယင်းနှစ်နိုင်ငံအနေအထားကို ပြောရမည်ဆိုပါက များစွာထပ်ပြော ရမည်ဖြစ်သဖြင့် ဆက်လက်မရှင်းလင်းလိုတော့ပါ။ ရေးလိုသည့် အကြောင်းအရာ ဘက်သို့သာ ဦးတည်၍ ရေးလိုပါသည်။
စာရေးသူသည် ယခုစစ်တပ်အုပ်ချုပ်သော အစိုးရကို ကြိုက်နှစ်သက်သူ မဟုတ်ပါ။ အထူးသဖြင့် မြန်မာနိုင်ငံ၏ အကြွင်းမဲ့ အာဏာရှင်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်သမျှ အကောင်းအဆိုးအားလုံးမှာ သူ့မှာသာ တာဝန်ရှိသည်ဟု စာရေးသူယူဆပါသည်။ ဖြစ်ပျက်သမျှအားလုံး အကောင်းဘက်သို့ ဦးတည်မှုမှာ အနည်းငယ်သာ ရှိပြီး ပျက်စီးမှုများကို ဦးတည်သည်က များပါသည်။
ယခု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ကတိပြုထားကြောင်း နိုင်ငံစုံ မီဒီယာများတွင် တွေ့နေရသည်။ စစ်မှုထမ်းဟောင်း အစည်းအဝေးတွင် ပြောကြားသော မိန့်ခွန်းကို ကိုးကား၍ ပြောဆိုနေကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ ပြည်သူများအနေနှင့် ကတော့ ထိုမိန့်ခွန်းကို ကြည့်ပြီး ဘာမျှ ထူးခြားသည်ဟု မခံစားရပါ။ မြန်မာပြည်တွင် မိန့်ခွန်းဆိုသည်မှာ သတင်းစာ ထဲ ထည့်ကောင်းရုံ ပြောခြင်းဖြစ်ပြီး လက်တွေ့ဘာမှ လုပ်မပေးသည်မှာ ထုံးစံလို ဖြစ်နေသောကြောင့် ဖြစ်သည်။
သို့သော် ယခုကိစ္စ ၂၀၁၀ ရွေးကောက်ပွဲကိစ္စမှာမူ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် လုပ်ပေးမည်ဟု ဆိုကြပါစို့။ အဘယ်ကြောင့်ဆိုသော် သူ့ဘက်မှလည်း ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြီး ဖြစ်နေ၍ ဖြစ်ပါသည်။ သို့သော် နောက်ဆုံးနီးသောအခါမှ တေ့၍ ရွေးကောက်ပွဲကို ဖျက်ချင်လျှင်၊ သူလုပ်၍ ရပါသေးသည်။ အာဏာရှင်နိုင်ငံတွင် လုပ်၍မရဘူးဆိုတာ ဘာမှမရှိပါ။ နိုင်ငံတကာ၏ ရှုံ့ချမှု၊ ဖိအားပေးမှုများ ကို လျစ်လျူရှုနိုင်စွမ်း သူ့မှာ ရှိပါသည်။
ယခုပြောလိုသည့် အဓိက အကြောင်းအရာမှာ ယခုမှ စပါမည်။ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပ ပေးမည့် ရှုထောင့်မှ ရေးပါမည်။
ရွေးကောက်ပွဲမလုပ်ခင် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ဖြေရှင်းရန် အဓိကပြဿနာများ ရှိနေသေး ပါသည်။ နိုင်ငံတကာမှလည်း ဖိအားပေးနေသော အချက်များဖြစ်သည်။
ပထမအချက်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်ကိစ္စ ဖြစ်သည်။ သူ့အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးဘဲ ရွေးကောက်ပွဲ လုပ်လို့ရပါသည်။ လွှတ်ပေးလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အခြေခံဥပဒေဖြင့် ရွေးကောက်ပွဲဝင်လို့ မရအောင် ကန့်သတ်ပြီး ဖြစ်သည်။
ဒုတိယအချက် အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရန် ကိစ္စဖြစ်သည်။ ထိုကိစ္စ အနေဖြင့်လည်း တချို့ကို လွှတ်ပြီး တချို့ကို ချန်ထားလည်း ရသည်။ ထိုကိစ္စမှာ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် လွှတ်လွှတ် မလွှတ်လွှတ် ရွေးကောက်ပွဲ ကျင်းပ၍ရသည်။ ကျွန်တော့်အမြင်ပြောရလျှင် သူ့အနေနှင့် အလေးအနက် ထားလိမ့်မည် မဟုတ်ဟု ယူဆပါသည်။
တတိယအချက်ဖြစ်သည့် ငြိမ်းချမ်းရေး ယူထားသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ ကိစ္စဖြစ်သည်။ နိုင်ငံတကာက တိုင်းရင်းသားအဖွဲ့များပါ ရွေးကောက်ပွဲဝင်ရမည်ဟု ဖိအားပေးပါသည်။ ယခုကိစ္စမှာ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးထက် သူတို့ လက်နက်ကိုင်ထားသော ကိစ္စ မည်သို့လုပ်ကြမလဲ ဟုမေးစရာ ရှိလာပါပြီ။ အစိုးရကတော့ တပ်မတော်လက်အောက် သွတ်သွင်း၍ နယ်ခြားစောင့်တပ် ပြုလုပ်ရေး ဖိအားပေးနေပါသည်။ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ဤကိစ္စမှာ ရွေးကောက်ပွဲ မကျင်းပမီ အပြီး ဆုံးဖြတ်ရမည့် မဖြစ်မနေ ကိစ္စဖြစ်နေပါသည်ဟု စာရေးသူ ယူဆပါသည်။ အများပြောသလို နောက်အစိုးရ တက်မှ ကြည့်ရှင်းဟု လုပ်၍မရဟု ထင်ပါသည်။ (နောက်အစိုးရလည်း သူပဲ ဖြစ်ပါသည်) အခြေခံဥပဒေအရ တိုင်းရင်းသား လက်နက်ကိုင် တပ်များသည် မြန်မာ့တပ်မတော်၏ လက်အောက်တွင် နယ်ခြားစောင့်တပ် အသွင်ဖြင့်သာ ရှိရမည်ဟု ဆိုသောကြောင့်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် အဖြူအမည်း ဆုံးဖြတ် ပေးရလိမ့်မည်ဟု ထင်ပါသည်။ ညှိနှိုင်း၍ ရလျှင်ရ မရလျှင် သူပုန်ဟု သတ်မှတ်ရလိမ့်မည်ဟု လူပြိန်းပြော ပြောရမည် ထင်ပါသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ကျွန်တော်၏ ပုဂ္ဂလိက အမြင်ဖြင့် ပြောရလျှင် နိုင်ငံတစ်နိုင်ငံတွင် တပ်မတော် တစ်ခုတည်းသာ ရှိသင့်သည်ဟု ထင်ပါသည်။ ဗိုလ်ချုပ်မှူးကြီး အပေါ် ဤတစ်ခုတော့ ကျွန်တော် ထောက်ခံသည်။ မဟုတ်လျှင် သူတလူ ငါတမင်းနှင့် ပြည်တွင်းစစ် ဖြစ်သွားနိုင်ပါသည်။
လူမျိုးရေး ပြဿနာများ ရှိသော ကချင်၊ ကရင်၊ ရှမ်း စသည့် အဖွဲ့အစည်းများကို ကျွန်တော် မပြောလိုပါ။ သူတို့၏ အချို့ရပ်တည်မှုများမှာ လူမျိုးရေးအရ မှန်ကန်သည့် အချက်များ ရှိနေပါသည်။ ဤနေရာတွင် ကချင်အဖွဲ့၏ ပြောဆိုမှုတစ်ခုကို ကျွန်တော် အလွန်ကြိုက်ပါသည်။ ကချင်အနေဖြင့် နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို မူအားဖြင့် သဘောတူကြောင်း၊ သို့သော် ယခုအချိန်မှာ ပြောင်းရန် အချိန်မဟုတ်သေးကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အမှန်တကယ် လုပ်ဆောင် နိုင်ချိန်မှသာ ပြောင်းလဲမှာ ဖြစ်ကြောင်း သူ၏ ရပ်တည်ချက်ကို ပြောသွားသည်မှာ အလွန်သင့်မြတ် လှပေသည်။
ကျွန်တော် အထူးပြောလိုသည်မှာ ယခု လတ်တလော လိပ်ခဲတည်းလည်း ဖြစ်နေသော '' နှင့် ကိစ္စကို ဖြစ်ပါသည်။ ကိုးကန့်ကိစ္စမှာ ပြီးသွားပြီ ဖြစ်သဖြင့် ပြောစရာ မကျန်တော့ပေ။
'' တပ် (UWSA) မှာ မူးယစ်ဆေးဝါးကြောင့် ငွေကြေးတောင့်တင်းပြီး လက်နက်အင်အားလည်း ကောင်းပါသည်။ ထို့အတွက်ကြောင့် အစိုးရကို ဂရုမစိုက်ဘဲ လုပ်ချင်ရာ လုပ်နေသည်ဟု မြင်ပါသည်။ နောက်တစ်ချက်မှာ '' က သူ့ကို တရုတ်က အကာအကွယ်ပေးလိမ့်မည်ဟု ယူဆနေမည်လား မပြောတတ်ပေ။
'' များမှာ ၁၉၉၃ ဝန်းကျင်ခန့်က စပြီး ငြိမ်းချမ်းရေးယူပြီးစက မြန်မာနိုင်ငံတွင်း ခြောက်လုံးပြူး ခါးကြားထိုးကာ ရမ်းကားချင်တိုင်း ရမ်းကားခဲ့ကြသည်။ ကျွန်တော်တို့ ပြည်သူများ သဘောမတွေ့ခဲ့ကြပါ။ သူတို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ မာဖီးယားများသာ ဖြစ်ပါသည်။ သူတို့ ယခု နယ်ခြားစောင့်တပ် ကိစ္စ သဘောမတူခဲ့ပါက သဘောတူသည်အထိ ပြေလည်စွာ ညှိနှိုင်းသင့်သည်ဟု ထင်ပါသည်။ ကျွန်တော် ပုဂ္ဂလိက ခံစားချက်အရ ပြောရလျှင် မြန်မာတပ်များ '' များကို အပြတ်ချေမှုန်းပစ်စေလိုသူ ဖြစ်ပါသည်။ သို့သော် တိုက်ပွဲများ ဖြစ်ခဲ့လျှင်မူ နှစ်ဖက်စလုံးအထိနာမည်သာ ဖြစ်သည်။ အရင်တုန်းက မြန်မာ့တပ်မတော်ဆိုလျှင် ယခု ''များလောက်ကတော့ဟု ပြော၍ရသည်။ ယခု မြန်မာ့တပ်မတော်မှာ သဘာဝဓာတ်ငွေ့မှ ရသော ငွေများဖြင့် လက်နက်တော့ ဖြည့်တင်းထားပါရဲ့၊ တိုက်ရည်ခိုက်ရည် အရည်အချင်းက သုညဖြစ်နေသည်ဟု ထင်ပါသည်။ မြန်မာ့တပ်မတော် စစ်မတိုက်ရသည်မှာ နှစ်ပေါင်း ၁၇ နှစ်လောက် ရှိပြီ ဖြစ်၍ စစ်မတိုက်တတ်တော့ပါ။ နောက်တစ်ချက်မှာ မြန်မာ့တပ်မတော်မှာ ဗိုလ်တစ်ထောင် တပ်သားနတ္ထိတပ် ဖြစ်နေခြင်းကလည်း အဓိကအကြောင်းတစ်ချက် ဖြစ်သည်။ တပ်သားအဖြစ် တပ်ထဲဝင်မည့်သူ မရှိပါ။ နောက်အဓိက အကြောင်းတစ်ခုမှာ တပ်မတော်သား အားလုံး ဆင်းရဲမွဲတေမှုကြောင့် စိတ်ဓာတ်ပျက်ပြားနေကြခြင်း ဖြစ်သည်။
ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ငါ့တပ်မတော်ကြီး ကတော့ အင်အား တောင့်တင်းလှချည်ရဲ့ ဟု မထင်စေလိုပါ။ သိကောင်းလည်း သိနေနိုင်သည်။ စစ်မတိုက်ရ၍ ဟန်မပျက် ရပ်တည်နေနိုင်ခြင်း ဖြစ်သည်။ စစ်တိုက်ရမည် ဆိုလျှင် ထွက်ပြေးမည့်စစ်ဗိုလ် တစ်ဝက်လောက် ရှိမလား မပြောတတ်။
ကျွန်တော့်သဘော ပြောရလျှင် '' များကို ပြုတ်ပြုတ်ပြုန်းသွားအောင် တိုက်ပစ်လိုက်စေချင်သည်။ သို့သော် အသေအပျောက်များမည် ဖြစ်၍ ''ကိုတော့ စာရင်းထဲ ထည့်မပြောပါ။ ကိုယ့်လူမျိုးစစ်သားများ မသေစေလိုပါ။
အရေးကြီးသော အချက်တစ်ခုမှာ မူးယစ်ဆေးဝါးကိစ္စဟု ခေါင်းစဉ်တပ်ထားသဖြင့် နိုင်ငံတကာမှ ဘာမှ မပြောနိုင်ပါ။ တရုတ်ကလည်း '' ကို ထောက်ခံပေးရန်အတွက်လည်း ဝန်လေးနေသည့် အကြောင်းများလည်း ရှိနေပြီ ဖြစ်ပေသည်။
ယခုအခါ မြန်မာနိုင်ငံက တရုတ်ကို ကျောက်ဖြူတွင် ရေနက်ဆိပ်ကမ်း လုပ်ခွင့်ပေးထားပြီး ဓာတ်ငွေ့ပိုက်လိုင်းရော၊ ရေနံပိုက်လိုင်းပါ မြန်မာပြည်ကို ဖြတ်၍ တရုတ်နိုင်ငံတွင်းသို့ သွယ်တန်းခွင့်ပြုထားပါသည်။ ထိုစီမံကိန်းအရ ရထားလမ်းလည်း တရုတ်ပြည်အထိ ပါသေးသည်။ ထိုစီမံကိန်းကြီးသည် တရုတ်ပြည်အတွက် မဟာဗျူဟာအရ အရေးပါသော စီမံကိန်းကြီး ဖြစ်နေသောကြောင့် ယခု လောလောဆယ်တွင်တော့ မြန်မာအစိုးရကို မျက်နှာ ထောက်ထားစရာများ ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် '' အရေးအခင်းတွင် '' ကိုတော့ဖြင့် မျက်နှာသာ ပေးရန် လိုလိမ့်မည်မထင်ပေ။ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်လျှင်တော့ အကောင်းဆုံး ဖြစ်နိုင်လိမ့်မည်ဟု ပြည်သူတစ်ဦး၏ ခံစာချက်များကို ဖော်ထုတ်အပ်ပါသည်။

အမေရိကန်သမ္မတ ရှေ့လတွင် အာရှတိုက်သို့ ပထမဆုံးခရီးထွက်မည် ဟု အိမ်ဖြူတော်ပြော

(AFP – October 8th, 2009)

အမေရိကန်ပြည်ထောင်စု သမ္မတ Barak Obama သည် ၎င်း၏ ပထမဆုံး အာရှတိုက် ခရီးစဉ်အဖြစ် တရုတ်၊ ဂျပန်၊ စင်ကာပူနှင့် တောင်ကိုရီးယား နိုင်ငံများသို့ စီးပွားရေး ပျက်ကပ်နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှု ကိစ္စရပ်များ ဆွေးနွေးနိုင်ရန် ရှေ့လတွင် သွားရောက်မည် ဖြစ်ပါသည်။

အဆိုပါ ခရီးစဉ်သည် အိုဘားမား၏ အရေးကြီးသော ထိပ်တန်းအာရှ အင်အားကြီးနိုင်ငံများနှင့် အမေရိကန်တို့၏ ဆက်ဆံရေးအတွက် အလေးအနက်ထားသော ရုတ်တရက်ကြိုးပမ်းမှု အဖြစ် မှတ်တိုင်ထူမည်ဖြစ်ပါသည်။ အီရန်နှင့် မြောက်ကိုရီးယားတို့၏ နျူကလီယာကိစ္စတို့ကဲ့သို့သော ဦးစားပေးရမည့် အရေးကြီးသော အမေရိကန် နိုင်ငံခြားရေး မူဝါဒများအပေါ် ထောက်ခံမှု ရရှိရေးအတွက်လည်း ဖြစ်ပါသည်။

အမေရိကန်သမ္မတသည် ဝါရှင်တန်မှ နိုဝင်ဘာလ ၁၁ ရက်တွင် ထွက်ခွာမည် ဖြစ်ပြီး ခရီးစဉ်မှာ ၈ ရက်ကြာမည် ဖြစ်သည်။ ထို့ကြောင့် အမေရိကန် ပြည်တွင်းမှ ပြဿနာများနှင့် အခြားဆောင်ရွက်ရန် အကြောင်းအရာများကိုမူ ခေတ္တထားခဲ့ရမည် ဖြစ် သည်။

သူသည် ဂျပန်နိုင်ငံသို့ ပထမဦးဆုံး သွားရောက်မည် ဖြစ်ပြီး ထို့နောက် စင်ကာပူနိုင်ငံတွင် ကျင်းပမည့် အာရှ - ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (Asia Pacific Economic Cooperation) သို့ တက်ရောက်မည် ဖြစ်သည်။

အိုဘားမားသည် အမေရိကန်ခေါင်းဆောင်နှင့် အာဆီယံ ASEAN ၁၀ နိုင်ငံမှ ခေါင်းဆောင်များအကြား ပထမဆုံး တရားဝင် စကားပြောရန် အစီအစဉ်ရှိပါသည်။ အဆိုပါ အစီအစဉ်တွင် မြန်မာစစ်အစ