Transparency Myanmar

transparency.myanmar@gmail.com

နယူးယောက် ဆန္ဒပြသူများကို ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက ဝေဖန်

 

ကိုကို၊အောက်တိုဘာ ၁၁ ရက်၊၂၀၀၉

 

            မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဆိုသူရဲ့ကားကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ဆန္ဒပြသူအချို့က ဖိနပ်နဲ့ပစ်ပေါက်ခဲ့မှုအား ၂၀၀၉ အောက်တိုဘာ ၁၂-၁၈ ရက်ထုတ် The Voice ဂျာနယ်ရဲ့ ခေါင်းကြီးပိုင်းမှာ ဝေဖန်ရေးသား ထားပါတယ်။

          ထိုသို့ရေးသားရာမှာ ဆန္ဒပြသူများက မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဆိုသူ အား ဖိနပ်ဖြင့်ပစ်ပေါက်ခြင်းကို  တိုက်ရိုက်ရေးသားခြင်းမပြုဘဲ " အီရတ်နိုင်ငံတွင် သမ္မတ ဘုရှ်ကို ဆန္ဒပြခဲ့သူတစ်ဦးကို အတုယူ၍ အလားတူလုပ်ဆောင်ခဲ့ခြင်းသည် ကမ္ဘာ့အလယ်တွင် မြန်မာတို့သည် အီရတ်တို့ကဲ့သို့ပင် လူကြီးလူကောင်းမဆန်သော၊မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုးအဖြစ် သက်သေထူခြင်းဖြစ်ရာ မြန်မာတစ်ဦးအနေ  ဖြင့်များစွာ အရှက်ရမိပါသည်" လို့ရေးသားထားပါတယ်။

          ထို့အပြင် The Voice Journal အယ်ဒီတာက " ထိုအပြုအမူမျိုးသည် မြန်မာတို့အ နေဖြင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းဖြစ်နိုင်ခြေရှိ၊ မရှိသက်သေ ထူနေခြင်းလည်း ဖြစ်ပေသည်။…..အသိမဲ့ ထောက်ခံအားပေးမိသော မြန်မာများရှိနေမည်ကို များစွာရိပ်မိသော ကြောင့်ယခုခေါင်းကြီးကို ရေးသားလိုက်ရပါသည်" လို့ဆက်လက်ရေးသားထားပြန်ပါတယ်။

          အဲဒီခေါင်းကြီးရဲ့ နောက်ဆုံးအပိုဒ်မှာတော့ "ကျွန်ုပ်တို့အားလုံးသည် စနစ်တခု၏ သားကောင်များဖြစ်ခဲ့ကြပြီး ထိုစနစ်ကို ယခုအခါ ပြင်ဆင်ရန် အခွင့်ရနေချိန်ဖြစ်ရာ စနစ်နှင့် စနစ်အတွင်းကျရာကဏ္ဍမှ ဝင်ရောက်သရုပ်ဆောင်ကပြနေသူများကို ခွဲခြားနိုင်ရေးသည် များစွာအရေးကြီးပါကြောင်း ဖော်ပြ လိုက်ပါသည်။" လို့ ဖော်ပြထားပါတယ်။

          အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှ ပုဂ္ဂလိက သတင်းမီဒီယာ ၄ခုကို ယခု နှစ်မှာပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သတင်းရယူနိုင်ဖို့ စီစဉ်ပေးခဲ့တဲ့အတွက် Living Color Media၊ 7 Day ၊ ရန်ကုန်တိုင်းမ်နဲ့ မြန်မာတိုင်းမ် မီဒီယာများမှ သတင်းသမားများ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့ပါတယ်။ ထိုသို့ရောက်ရှိနေစဉ် ပြည်တွင်းမြန်မာမီဒီယာများမှ ပုဂ္ဂိုလ်များဟာ မြန်မာစစ်အစိုးရကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ကိုလည်း ရောက်ရှိခဲ့ကြောင်း မျက်မြင် သက်သေများက သတင်းပေးပို့ခဲ့ပါတယ်။ မြန်မာပြည်တွင်းက သတင်းသမားများအနေနဲ့ ဆန္ဒပြပွဲတွေကိုလာရောက်ပြီး အမေရိကန်ပြည် ထောင်စုရောက် မြန်မာများနဲ့ တွေ့ဆုံအားပေး နှုတ်ဆက်ခဲ့ပေမယ့် ဆန္ဒပြပွဲသတင်းများကို တော့ သူတိုရဲ့ မီဒီယာတွေမှာ မဖော်ပြနိုင်ခဲ့ကြပါဘူး။

          The Voice Journal အယ်ဒီတာရဲ့ နယူးယောက်က မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဆိုသူနဲ့ နိုင်ငံခြားရေးဝန်ကြီးဆိုသူများအား ဆန္ဒပြခဲ့သူများနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ခေါင်းကြီးပိုင်းအပေါ် ယနေ့မြန်မာသတင်းဌာနမှ ဦးမြင့်လှိုင်က

"ကျွန်တော်အနေနဲ့ စစ်အစိုးရခေါင်းဆောင် ဆိုသူတွေကို ဖိနပ်နဲ့ပေါက်မှုဟာ မှန်သလား၊ မှားသလားဆိုတာကို ဝေဖန်သုံးသပ်ခြင်း မပြုလုပ်လိုပါဘူး။ ဒီဖြစ်ရပ်ကို သုံးသပ်သူတွေဟာ သူတို့ရှိနေတဲ့ နေရာ၊ သူတို့မြင်တဲ့ မြင်ကွင်းကနေ သူတို့ ကြိုက်နှစ်သက်သလို ဝေဖန်ခွင့် ရှိပါတယ်။

ကျွန်တော် ဝေဖန်သုံးသပ်လိုတာကတော့ အခု ရေးသားထားတဲ့ ခေါင်းကြီးပိုင်းပါ စာသားတွေကို ဖြစ်ပါတယ်။ ဒီနေရာမှာ ရှင်းရှင်းလင်း ထပ်ပြောပါ့မယ်။ မှန်ဖြင့်ဆောက်မည့်အိမ်၊ စနစ်များနှင့် လူများ ဆိုတဲ့ ခေါင်းကြီးပိုင်းမှာ ရေးသားထားတဲ့ စာသားကို ဝေဖန်မှာပါ။ အဲဒီစာသားရေးတဲ့ ပုဂ္ဂိုလ်ဟာ အခြေအနေတစ်ခုကြောင့် ဒီခေါင်းကြီးပိုင်းကို ရေးရတာလည်း ဖြစ်နိုင်တယ်။ သူရေးသားထားသလို သူကိုယ်တိုင် ယုံကြည်လို့ ရေးတာလည်း ဖြစ်နိုင်တယ်။ ဒါတွေဟာ ကျွန်တော်တို့ မမြင်ရတဲ့အရာပါ။ ဒါကြောင့် မမြင်ရတဲ့အရာကို မဝေဖန်ပါဘူး။ မြင်ရတဲ့ အယ်ဒီတာဆိုသူရဲ့ စာသားတွေကိုသာ ဝေဖန်မှာ ဖြစ်ပါတယ်။

စ ပြောချင်တဲ့ အချက်ကတော့ "အီရန်နိုင်ငံတွင် သမ္မတဘုရှ်ကို ဆန္ဒပြခဲ့သူတစ်ဦးကို အတုယူ၍ အလားတူ လုပ်ဆောင်ခဲ့ခြင်းသည် ကမ္ဘာ့အလယ်တွင် မြန်မာတို့သည် အီရတ်ကဲ့သို့ပင် လူကြီးလူကောင်းမဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုးအဖြစ် သက်သေထူခြင်း ဖြစ်ရာ မြန်မာတစ်ဦးအနေဖြင့် များစွာ အရှက်ရမိပါသည်။" စာသားပါ အချက်အလက်နဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ အီရတ်မှာ အမေရိကန်သမ္မတ ဘုရှ် ကို ဆန္ဒပြသူက ဖိနပ်နဲ့ပေါက်တာ မဟုတ်ပါ။ သတင်းသမားက ဖိနပ်နဲ့ ပေါက်တာ ဖြစ်ပါတယ်။ သူက ဖိနပ်နဲ့ ပေါက်သင့်တယ်လို့ ယူဆတဲ့အတွက် ဖိနပ်နဲ့ပေါက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက မြန်မာအယ်ဒီတာတစ်ဦးအနေနဲ့ ဖိနပ်နဲ့ ပေါက်တဲ့ အဖြစ်ကို ကြိုက်သလို ရှုံ့ချလို့ ရပါတယ်။ သို့သော်လည်း အီရတ်ကဲ့သို့ပင် လူကြီးလူကောင်းမဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုးအဖြစ်ဆိုတဲ့ အသုံးအနှုန်းကိုတော့ မသုံးနှုန်းသင့်ဘူးလို့ မြင်ပါတယ်။ အဲဒီ အသုံးအနှုန်းဟာ အီရတ်လူမျိုးအားလုံးကို စော်ကားလိုက်ခြင်း ဖြစ်ပါတယ်။ The Voice Journal ဟာ မြန်မာပြည် ဒီမိုကရေစီ ကူးပြောင်းရေး အခန်းကဏ္ဍမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်နေပြီး ဒီမိုကရေစီဆိုင်ရာ အတွေးအခေါ်များ ရေးသားနေတဲ့ ဂျာနယ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုလို သုံးနှုန်းရေးသားလိုက်ခြင်းကြောင့် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်မှုအတွက် ရှေ့ဆောင်လမ်းပြ လုပ်ကိုင်နေသူများဟာ အခြားလူမျိုးတွေကို စော်ကားတတ်တဲ့ သူတွေများလားလို့ စာဖတ်သူတွေနဲ့ ကမ္ဘာ့ပြည်သူတွေ တွေးတောသွားမိမှာ စိုးရိမ်မိပါတယ်။

ဒုတိယအချက်အနေနဲ့ ပြောလိုတာကတော့ ထိုအပြုအမူမျိုးသည် မြန်မာတို့အနေဖြင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်နိုင်ခြေရှိ၊ မရှိသက်သေ ထူနေခြင်းလည်း ဖြစ်ပေသည်ဆိုတဲ့ စာသားဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီစာသားတွေကို နားလည်တာကတော့ အဲဒီလို ဖိနပ်နဲ့ပေါက်တဲ့ အပြုအမူအတွက် မြန်မာတွေဟာ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်နိုင်ခြေ ရှိ၊ မရှိကို The Voice Journal အယ်ဒီတာက ပြန်လည် သုံးသပ်နေပုံပါပဲ။ ဒါဆိုရင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ခြေတော်ရင်းမှာ ဘုရားသား သံဃာတော်တွေကို တုတ်နဲ့ရိုက်ဖို့ အမိန့်ပေးသူတွေ၊ တောင်ဥက္ကလာပ ငွေကြာရံဘုန်းတော်ကြီးကျောင်းကို ညအချိန်မှာ ဝင်ရောက်စီးနင်းပြီး သက်တော်ကြီးရင့်နေပြီ ဖြစ်တဲ့ ဆရာတော်ကြီးကို ဖမ်းဆီးကာ ကျန်သံဃာတွေကို ရိုက်နှက် ဖမ်းဆီးဖို့ အမိန့်ပေးသူတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းကိုရော ဘယ်လိုသုံးသပ်မလဲ။ အဲဒီလို လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းကိုရော The Voice Journal အယ်ဒီတာအနေနဲ့ ဘယ်လို သုံးသပ်လိုပါသလဲ။ သိချင်ပါတယ်။

ထပ်ရေးထားတာက အသိမဲ့ ထောက်ခံအားပေးမိသော မြန်မာများ ရှိနေမည်ကို များစွာ ရိပ်မိသောကြောင့် ယခုခေါင်းကြီးကို ရေးသားလိုက်ပါသည် ဆိုတဲ့ စာသားပါ။ လူသားနဲ့ တိရိစ္ဆာန်နဲ့ ကွာခြားတဲ့ အချက်ဟာ အသိရှိမှု ကွာဟချက် ဖြစ်ပါတယ်။ ဒီတော့ အခုဖော်ပြတဲ့ စာသားမှာ ရေးထားတဲ့ အသိမဲ့ ထောက်ခံအားပေးမိသော မြန်မာများ ရှိနေမည်ကို များစွာ ရိပ်မိသောကြောင့် ဆိုတဲ့စာသားက ဘာကို ဆိုလိုပါသလဲ။ မပြေးသော်လည်း ကန်ရာရှိ ဆိုသလို မြန်မာတွေဟာ သိမြင်တတ်မှုမရှိဘူးလို့ ပြောဆိုတာမျိုး ဖြစ်မနေဘူးလား။ အခုလို ခေါင်းကြီးပိုင်းမှာ မရေးသားလိုက်ရင် အသိမဲ့ မြန်မာတွေက The Voice Journal အယ်ဒီတာ ညွှန်းဆိုတဲ့ လုပ်ရပ်ကို ထောက်ခံမိမှာကို စိုးရိမ်တာလား၊ ဒါတွေဟာ တွေးတောစရာပါ။ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ခေါင်းကြီးပိုင်းရဲ့ နောက်ဆုံးစာသားတွေထဲမှာ စနစ် နှင့် စနစ် အတွင်းကျရာကဏ္ဍမှ ဝင်ရောက်သရုပ်ဆောင်ကပြနေသူများကို ခွဲခြားနိုင်ရေး သည် များစွာအရေးကြီးပါကြောင်း ဖော်ပြလိုက်ရပါသည်လို့ရေးသားထားပါတယ်။

          အဲဒီစာသားတွေကို ရှေ့ကဖော်ပြချက်တွေနဲ ဆက်စပ်စဉ်းစားတဲ့အခါ မြန်မာပြည် ကိုပြောင်းလဲဖို့လုပ်နေကြပြီ၊ဒီလိုအချိန်မှာ အနိမ့်ဆုံးနေနဲ့ မကောင်းတဲ့စနစ်နဲ့ အဲဒီစနစ်အတွင်းသရုပ်ဆောင်ကပြနေသူများကို ခွဲခြားသိဖို့ အရးကြီးတယ်ဆိုပြီးရေးသားထားတာလို့ နားလည်ပါတယ်။

          စနစ်ထဲမှာကျရာကဏ္ဍကနေ ဝင်ရောက်သရုပ်ဆောင်ကပြနေကြရတယ်ဆိုတာဟာ ဘာသဘောကိုပြောတာပါလဲ။ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အကြောင်းတခုခု  ကြောင့် အသိဥာဏ်မဲ့လုပ်ဆောင်ကြေရတာကို ပြောတာလား။ မဟုတ်ဘူး၊မမှန်ဘူးဆိုတာ ကိုသိရက်နဲ့ ဆက်မိုက်နေကြတာလား။ အဲဒီလို လုပ်ဆောင်နေသူတွေရဲ့ အသိရှိမှုရေချိန်က ဘယ်နားမှာလဲ။ ဝင်ရောက်သရုပ်ဆောင်ကပြနေသူများဟာ အသိရှိမှု ရေချိန်နိမ့်ကျသူတွေ ဖြစ်ကြရင်ကော မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ လှပနိုင်ပါ့မလား၊ ဒါတွေဟာ ဖော်ပြထားတဲ့ စာသားတွေနောက်က စိတ်ဝင်တစားတွေးရမယ့် အချက်တွေဖြစ်နေပါတယ်။

          သတင်းစာ၊ဂျာနယ်တွေရဲ့ ခေါင်းကြီးပိုင်းဟာ အင်မတန်အရေးကြီးပါတယ်။ အဲဒီ ခေါင်းကြီးပိုင်းဟာ သက်ဆိုင်ရာ စာစောင်တွေရဲ့ အာဘော်ကို ပြောနေသလို သဘောထား ရပ်တည်ချက်တွေကိုလည်း ထင်ဟပ်နေတတ်ပါတယ်။

          ဒီတော့ အခုရေးသားထားတဲ့ ခေါင်းကြီးပိုင်းကို ဖတ်မိသူတစ်ယောက်က The Voice Journal ဟာ အခြားလူမျိုးတစ်မျိုးကို စော်ကားတတ်သူများရဲ့ ဂျာနယ်၊ကိုယ့်လူမျိုး ကိုယ် နိမ့်ချကြည့်တတ်သူတွေရဲ့ ဂျာနယ်၊ကိုယ့်ကိုကိုယ်အထင်ကြီးပြီး သူတပါးကို အထင်သေးသူများရဲ့ဂျာနယ် စသည်ဖြင့် စာဖတ်ပရိတ် သတ်တစ်ဦးဦးက သုံးသပ်သွားမလားလို့ စိုးရိမ်မိပါတယ်။

          The Voice Journal ဟာ ကျွန်တော်စိုးရိမ်မိသလို ယူဆရမယ့်ဂျာနယ်မဟုတ် လောက်ဘူးလို့ ထင်ပါတယ်။ တနည်းအားဖြင့် ပြောရရင် မီဒီယာဟာ တိုင်းပြည်ရဲ့ နား၊မျက်စိ၊တိုင်းပြည်ရဲ့ အားပါ။ဒီအချက်တွေကို The Voice Journal ဖန်တီးသူတွေကောင်းကောင်း သိပါလိမ့်မယ်။

          ဒါကြောင့်သူတို့တွေဟာလည်း ပြည်သူတွေကို မှားယွင်းတဲ့ အတွေးအခေါ် အသိအ မြင်တွေ မပေးဘဲ တိုင်းပြည်ရဲ့ အသိအမြင်ဖွံ့ဖြိုးမှုအတွက် ကျရာနေရာက တာဝန်ထမ်း ဆောင်မယ်လို့ ယူဆပါတယ်" လို့ ဝေဖန်သွားခဲ့ပါတယ်။

ယနေ့မြန်မာ သတင်း ဝက်ဘ်ဆိုက် မှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment