Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2010.googlegroups.com


NLD ထိပ်ပိုင်းခေါင်းဆောင်များ နိုင်ငံခြား သံတမန်များနှင့် တွေ့ဆုံမည်

Fri 09th Oct, 2009

Mizzima News

သောကြာနေ့ နံနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်နိုင်ငံ သံတမန်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၎င်းဆွေးနွေးမှု၏ ရလဒ်သဘောထားများကို မိမိတို့လေ့လာစီစစ်လျက် ရှိကြောင်း အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီက ပြောကြားခဲ့သည်။

NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုံးကြိုင်က အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ဩစတြေးလျနိုင်ငံများမှ သံတမန်များသည် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စီစဉ်ခဲ့ကြသည်ဟု ဆိုသည်။

ယနေ့မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော သံတမန်များသည် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင်များနှင့် လာရောက်တွေ့ဆုံရန် ဆန္ဒရှိကြောင်း ဦးအုံးကြိုင်က ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ NLD အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် တွေ့ဆုံလိုခြင်း၏ အကြောင်းရင်းကို သံတမန်များက ဖော်ပြထားခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့သော အကြောင်းအရာများနှင့် ပတ်သက်လိမ့်မည်ဟု ၎င်းက ပြောဆိုလိုက်သည်။

အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင်နှင့် အနောက်နိုင်ငံ သံတမန်များ ဆွေးနွေးခဲ့သော အကြောင်းအရာ အသေးစိတ်ကိုမူ ယခုအချိန်ထိ မသိရှိနိုင်သေးပါ။

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များကို ဆက်သွယ်အကြောင်းကြားနေဆဲ ဖြစ်ပြီး ဦးဝင်းတင်မှာမူ ကျန်းမာရေးအခြေအနေကြောင့် တက်ရောက်နိုင်မည် မဟုတ်ကြောင်း ဦးအုံးကြိုင်က ဆက်လက်ပြောကြားခဲ့သည်။

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အတွင်းရေးမှူး ဦးလွင် အပါအဝင် ကော်မတီဝင်အချို့ မရောက်ရှိသေးသော်လည်း ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးလွန်းတင်နှင့် ဦးခင်မောင်ဆွေ စသော ကျန်ကော်မတီဝင်များ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်ရှိ ဌာနချုပ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

စက်တင်ဘာလကုန်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ပြေလျော့သွားစေရန် အတူတကွ ပူးပေါင်းဆောင်ရွက်လိုကြောင်း ကမ်းလှမ်းခဲ့ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု ဥရောပသမဂ္ဂနှင့် ဩစတြေးလျနိုင်ငံများမှ သံတမန်များနှင့် တွေ့ဆုံလိုကြောင်း တောင်းဆိုခဲ့သည်ဟု သိရှိရသည်။

အထက်ပါ ကမ်းလှမ်းမှု၏ နောက်ဆက်တွဲ အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်တို့ ပြီးခဲ့သည့် သီတင်းပတ်က ၂ ကြိမ် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

 




0 comments:

Post a Comment