Transparency Myanmar

transparency.myanmar@gmail.com

တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်အကြား သမိုင်းတွင်မည့် ကုန်သွယ်မှု သဘော တူညီချက် စာချုပ်တစ်ရပ်ကို ဇွန်လ ၂၈ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ သဘော တူညီချက်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ က ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြောင့် အစိုးရ နှစ်ရပ် ကွဲထွက်သွားသည့် အချိန်နောက်ပိုင်း အထူးခြားဆုံးသော သဘောတူညီမှု ဖြစ်သည်။

စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘော တူညီချက်အရ ရာနှင့်ချီသော နှစ်နိုင်ငံ ထုတ်ကုန်ပစ္စည်း ပေါင်းများစွာ အခွန်ကင်းလွတ်ခွင့် ရရှိမည် ဖြစ်ပြီး ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၁၁၀ ဘီလီယံသို့ ရောက်ရှိနေနှင့်ပြီ ဖြစ်သော အပြန်အလှန် ကုန်သွယ်မှုကိုလည်း တိုးမြှင့်ပေးနိုင်မည် ဖြစ်သည်။

ယင်းကုန်သွယ်ရေး သဘောတူညီချက် စာချုပ်သည် ထိုင်ဝမ်ဘက်ကို မျက်နှာသာ ပေးထားသော်လည်း ဘေဂျင်းအစိုးရက စာချုပ်ကြောင့် ရေရှည်နိုင်ငံရေး အကျိုးအမြတ် ရရှိမည်ဟု မျှော်လင့်လျက် ရှိကြောင်း သတင်းထောက်များက ပြောကြားသည်။ ဘေဂျင်းအစိုးရက စာချုပ်သည် ထိုင်ဝမ်နှင့် ပြည်မကြီးအကြား ရေရှည် ညီညွတ်ရေးတစ်ရပ်ကို အကောင်အထည် ဖော်ပေးမည့် အရာအဖြစ် ရှုမြင်သည်။

ထို့ပြင် ယင်းသဘော တူညီချက်သည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က ရွေးကောက် တင်မြှောက်ခံရသော ထိုင်ဝမ်သမ္မတ မာရင်ကျိုး၏ ကြိုးပမ်းမှု ရလဒ်တစ်ခုအဖြစ် ရှုမြင်ခြင်း ခံရသည်။ ထိုင်ဝမ်သမ္မတ မာရင်ကျိုးက တရုတ်ပြည်မကြီးနှင့် ဖြစ်ပေါ်လျက် ရှိသော တင်းမာမှုများကို လျှော့ချသွားမည် ဖြစ်ကြောင်း ရွေးကောက် တင်မြှောက်ခံရစဉ်က သန္နိဋ္ဌာန်ချ ပြောဆိုခဲ့ဖူးသည်။
ဝန်ဆောင်မှုအခန်းကဏ္ဍများ

ကုန်သွယ်ရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တရုတ်နိုင်ငံ၊ ချုံကင်းမြို့တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံပိုင် ရုပ်သံ မီဒီယာများကလည်း ထုတ်လွှင့်ပြသခဲ့သည်။ ထိုင်ဝမ် သံတမန် Chiang Pin-Kung က "အခု ကိစ္စဟာ ပြည်မကြီးနဲ့ ရေရှည် ဆက်ဆံရေး တိုးတက် ကောင်းမွန်ဖို့အတွက် အလွန်အမင်း အရေးကြီးပါတယ်" ဟု ပြောကြားသည်။

သမိုင်းတွင်မည့် သဘောတူညီချက်ကြောင့် ကုန်ပစ္စည်း တင်ပို့မှုကို အဓိက အားထားရသော ထိုင်ဝမ်အတွက် စီးပွားရေးအရ အကျိုးအမြတ် ထွက်စေမည် ဖြစ်သည်။ လက်ရှိ အချိန်ကာလတွင် တရုတ်ပြည်သို့ ဒေါ်လာ ၈၀ ဘီလီယံရှိသော ကုန်ပစ္စည်းများ စီးဆင်း ဝင်ရောက်လျက် ရှိပြီး တရုတ်ပြည်ဘက်မှ ဒေါ်လာ ၃၀ ဘီလီယံ တန်ဖိုးခန့် တင်ပို့လျက် ရှိသည်။

တရုတ်ပြည်မကြီးသို့ ထိုင်ဝမ်မှ တင်ပို့သည့် ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများမှာ သဘော တူညီချက်ကြောင့် အခွန် ကင်းလျှော့ချမှု (သို့မဟုတ်) ကင်းလွတ်မှု ရရှိမည် ဖြစ်သည်။ ထို့ပြင် ထိုင်ဝမ်ကုမ္ပဏီများလည်း ပြည်မကြီးမှ ဘဏ်၊ အာမခံ အစရှိသကဲ့သို့သော ဝန်ဆောင်မှု လုပ်ငန်းများနှင့် ချိတ်ဆက် လုပ်ကိုင်ခွင့်ပါ ရရှိကြလိမ့်မည် ဖြစ်သည်။

ထိုင်ဝမ်တွင် အဆိုပါ သဘောတူညီချက်ကို မလိုလားသူများက လမ်းမပေါ် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ သို့သော် သဘောထား ဆန္ဒစစ်တမ်း ကောက်ယူမှုအရ ထိုင်ဝမ် နိုင်ငံသား အများစုက အဆိုပါ ကုန်သွယ်ရေး သဘောတူညီချက်ကို လိုလိုလားလား ရှိကြသည်။

ထိုင်ဝမ်မှ ဝေဖန် သုံးသပ်သူများက ယင်းသဘော တူညီချက်ကြောင့် ဈေးနှုန်း ချိုသာလွန်းသော ကုန်ပစ္စည်းများ ဝင်ရောက်လာကာ စီးပွားရေးတွင် အားနည်းချက်များ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောဆိုသည်။

ဘေဂျင်းအစိုးရသည် ကုန်သွယ်ရေး သဘောတူညီချက်ကို အသုံးပြုကာ ထိုင်ဝမ်ကျွန်းပေါ် သူ၏ စီးပွားရေး လွှမ်းမိုးရေးအတွက် နိုင်ငံရေး အထောက်အပံ့ ရရှိရန် မျှော်လင့်နေခြင်း ဖြစ်ကြောင်း ဝေဖန် ပြောဆိုမှုများလည်း ရှိသည်။

ရှန်ဟိုင်းအခြေစိုက် BBC သတင်းထောက် Chris Hogg က ပြည်မကြီးသည် အဆိုပါ သဘော တူညီချက်နှင့် ပတ်သက်၍ လွန်စွာ စိတ်အား ထက်သန်လျက် ရှိသည်ဟု ပြောကြားသည်။ တရုတ်နိုင်ငံမှ တင်ပို့သော ဒေါ်လာ ၃ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများ အခွန်သက်သာမှု ရရှိမည် ဖြစ်သည်။ သို့သော် Chris Hogg ၏ အဆိုအရ ယင်း သဘော တူညီချက်သည် စီးပွားရေးထက် နိုင်ငံရေးနှင့် ပိုမို ပတ်သက်နေသည်ဟု ဆိုသည်။

ဘေဂျင်းအစိုးရသည် ထိုင်ဝမ်နှင့် ပြည်မကြီး ပြန်လည် ညီညွတ်မှု ပေါ်ထွက်ရေးအတွက် ကာလကြာရှည်စွာ နည်းလမ်း ရှာဖွေခဲ့သည်။ ထို့ပြင် Chris Hogg က "ဒီကုန်သွယ်ရေး သဘော တူညီချက်ဟာ တရုတ်ပြည်ရဲ့ လတ်တလော သွေးဆောင်စည်းရုံးမှု တစ်ခုပါ။ ထိုင်ဝမ်ပြည်သူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ဖို့ ဘေဂျင်းအစိုးရရဲ့ ကြိုးပမ်းမှု တစ်ရပ်လို့လည်း ပြောလို့ရပါတယ်" ဟု ဖြည့်စွက် ပြောဆိုသည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ထိုင်ဝမ်ပြည်သားများသည် မိမိတို့၏ ညီအကိုများ ဖြစ်သော ပြည်မကြီးအနေဖြင့် အကျိုးအမြတ်များကို စွန့်လွှတ်နိုင်ကြောင်း အစောပိုင်းက ထုတ်ဖော် ပြောဆိုခဲ့သည်။ ထိုင်ဝမ်နှင့် တရုတ် ပြည်မကြီးတို့သည် ၁၉၄၉ ခုနှစ်က ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြောင့် အစိုးရ တစ်ခုစီဖြင့် ခွဲခြား အုပ်ချုပ်နေရသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

China Knowledge, 29th June 2010

Mesnac ကုမ္ပဏီ လီမိတက်သည် နှစ်စဉ် တာယာ ၈၅၅,၀၀၀ တင်ပို့ရန် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် အမေရိကန် ဒေါ်လာ ၆၉.၈၃ သန်း တန်ဖိုးရှိ စာချုပ် ချုပ်ဆိုခဲ့ကြောင်း ဇွန်လ ၂၆ ရက်နေ့က ကြေညာခဲ့သည်။

Mesnac သည် Shenzhen တွင် စာရေးပေါက်သော ကုမ္ပဏီ ဖြစ်ကာ မူလအားဖြင့် Software နှင့် ပစ္စည်းကိရိယာ ထုတ်လုပ်သော ကုမ္ပဏီ ဖြစ်သည်။ ၎င်းက ယခုစာချုပ်သည် ၂၀၀၉ ခုနှစ် ဝင်ငွေ၏ ၄၂ % ရှိမည် ဖြစ်ပြီး ၂၀၁၀ နှင့် ၂၀၁၁ ငွေကြေး ရသုံးစာရင်းတွင် များစွာ အကျိုးရှိမည် ဖြစ်ကြောင်း ပြောခဲ့သည်။

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းသည် မတည် ရင်းနှီးငွေ အမေရိကန် ဒေါ်လာသန်း ၁၀၀ နှင့် တည်ထောင်ထားပြီး၊ သံမဏိပစ္စည်း၊ လျှပ်စစ်စွမ်းအင်၊ ဘိလပ်မြေနှင့် ရာဘာများ ဖြည့်ဆည်းပေးသော ကုမ္ပဏီ ဖြစ်သည်။

သတင်းများ အဆိုအရ Great Wall Financial Leasing Co. Ltd သည် Mesnac မှ ရီမန်ဘီ ၇၉.၅ သန်း တန်ဖိုးရှိ စက်ကိရိယာများကို ဝယ်ယူပြီး Good Friend Tyre Co.Ltd သို့ အငှားချထားမည် ဖြစ်ကြောင်း သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, 28th June 2010

နိုင်ငံ အနောက်ပိုင်း ဒေသရှိ ရိုဟင်ဂျာ လူမျိုးစုများ အပေါ် မြန်မာ အစိုးရက ကျူးလွန်နေသော နှိပ်စက် ညှင်းပန်းမှုများသည် လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများတွင် အကျုံးဝင်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

အဓမ္မ ခိုင်းစေမှု၊ ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှု၊ စနစ်တကျ မုဒိန်းကျင့်မှု စသဖြင့် မြန်မာ စစ်ဖက် အရာရှိတို့၏ ရိုဟင်ဂျာတို့အပေါ် ကျူးလွန်မှုများမှာ ပျံ့နှံ့လျက် ရှိသည်ဟု ဖော်ပြထားသော "မြန်မာနိုင်ငံ အနောက်ပိုင်းမှ လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ" အစီရင်ခံစာကို ပါမောက္ခ Willian Schabas က ကြီးကြပ်ပြီး Irish Centre for Human Rights ICHR က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ Schabas သည် Sierra Leone's Truth and Reconciliation Commission တွင်လည်း တစ်စိတ်တစ်ပိုင်း ပါဝင် လှုပ်ရှားနေသူ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုးစုများသည် အလွန် ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရေရှည် ခံစားနေရသည်မှာ ဆယ်စုနှစ်ပေါင်း အတော်ကြာခဲ့ပြီဟု Schabas က ဆိုသည်။ သို့သော်လည်း ၎င်းတို့၏ အခက်အခဲ ပြဿနာကို နှစ်ပေါင်း များစွာ လျစ်လျူရှုခြင်း ခံခဲ့ရပြီး ၎င်းတို့ မျိုးနွယ်စု၏ အနေအထား ရင်းမြစ်ကိုလည်း ယခုတိုင် စစ်ဆေးနေဆဲ အဆင့်တွင်သာ ရှိသည်ဟု အစီရင်စာတွင် ဆက်လက် ဖော်ပြထားသည်။

ရိုဟင်ဂျာ မွတ်ဆလင် အုပ်စုကို မြန်မာနိုင်ငံတွင် တရားဝင် အဆင့်အတန်း ပေးအပ်ရန် ငြင်းဆိုထားခြင်းမှာ "လူသားမျိုးနွယ် အပေါ် ရာဇဝတ်မှု ကျူးလွန်မှုအတွက် နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေနှင့် အကျုံးဝင်နေသော အချက်များကို ပြေဖျောက်လိုသည့် လက္ခဏာ ဖြစ်ပုံရသည်" ဟု Schabas က ပြောကြားထားသည်။

ယခုအုပ်စုမှ ထုတ်ပြန်လိုက်သော အထောက်အထားများသည် သဘောတူ၊ လက်ခံ၊ ယုံကြည်နိုင်သော အချက်များ ဖြစ်သည်ဟု အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး Michael Martin က ဒဗ်ဗလင်တွင် အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနား၌ ပြောကြားလိုက်သည်။ ရိုဟင်ဂျာ မျိုးနွယ်စု အပေါ် ကျူးလွန်ထားသည့် လူသား မဆန်သော ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် အလားတူ တောင်းဆိုထားသော အစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအရာရှိ Tomas Ojea Quintana က ကုလ လုံခြုံရေး ကောင်စီသို့ တင်ပြအပြီးတွင် ယခု အစီရင်ခံစာ ဆက်လက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ICHR အစီရင်ခံစာ အတွက် စုံစမ်း စစ်ဆေးမှုကို Nancie Prudhomme နှင့် Joseph Powderly တို့က ၂၀၀၉ ခုနှစ်အတွင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံများသို့ သီတင်းပတ် ၄ ပတ်ကြာ သွားရောက် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ရိုဟင်ဂျာ ဒုက္ခသည် ၄ သိန်းခန့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားသည့် အချိန်တွင် ထိုင်းနိုင်ငံကမူ ၂၀၀၉ အစောပိုင်းတွင် ရိုဟင်ဂျာ လှေစီးဒုက္ခသည်များကို အစာနှင့်ရေ မပါဘဲ ပင်လယ်ပြင်သို့ ပြန်လွှတ်ခဲ့ခြင်းကြောင့် အများစု သေဆုံးခဲ့ရသည့် အပေါ် နိုင်ငံတကာ အမြင်တွင် အပြစ်တင်စရာ ဖြစ်ခဲ့သည်။

ဗုဒ္ဓဘာသာ အဓိက ကိုးကွယ်သော မြန်မာနိုင်ငံ အစိုးရသည် အစ္စလမ် ဘာသာဝင် ရိုဟင်ဂျာ ၈ သိန်း နီးပါးကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပြီး ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များ တရားဝင် ခံစားခွင့်နှင့် တရားဝင် အခွင့်အရေးများကို ပိတ်ပင်ခဲ့သည်။ ရိုဟင်ဂျာများသည် မျိုးသုဉ်းသွားနိုင်သည့် အန္တရာယ်များစွာ ရှိနေသော ကမ္ဘာ့လူသားမျိုးနွယ်စု တစ်ခု ဖြစ်သည်ဟု ပဲရစ် အခြေစိုက် ကျန်းမာရေး ကယ်ဆယ် စောင့်ရှောက်မှုအဖွဲ့ Medicins San Frontiers MSF က တင်ပြ ဆွေးနွေးထားသည်။

ဘင်္ဂလားဒေ့ရှ် အရှေ့ပိုင်း ကော့ဘဇား ခရိုင်တွင် နေထိုင်နေသော ရိုဟင်ဂျာ ဒုက္ခသည် ခန့်မှန်း အရေအတွက် ၄သိန်းခန့် အနက် ကုလသမဂ္ဂ ဒုက္ခသည် စခန်းတွင် မှတ်ပုံတင် နေထိုင်ခွင့်ရသည့် အရေအတွက်မှာ ၃ သောင်းပင် မပြည့်ပေ။ ကျန်နေသော ဒုက္ခသည်များအား မှတ်ပုံတင်ရန် ကုလသမဂ္ဂ၏ ကြိုးစားမှုများကို ဒက်ကားအစိုးရက အပြင်းအထန် ငြင်းဆန်မည်ဟု ယုံကြည်ရပြီး တိုင်းပြည်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်များ ပိုမိုဝင်ရောက် လာစေလိမ့်မည်ဟု ၎င်းတို့က အကြောင်းပြ ကန့်ကွက်နေသည်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းများတွင် Prudhomme နှင့် Powderly တို့၏ ကွင်းဆင်း လေ့လာမှုများကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးတွင် ယခင် ယူဂိုဆလားဗီးယားနိုင်ငံ အတွက် စုံစမ်း စစ်ဆေးမှုကို ဦးစီးကွပ်ကဲဖူးသူ John Ralston က ကူညီပေးခဲ့သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua News, 29th June 2010

ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတ နိုင်ငံ (DPKK မြောက်ကိုရီးယား)၌ စက်တင်ဘာလတွင် ကျင်းပမည့် ကမ္ဘာ့ ရုပ်ရှင်ပွဲတော်တွင် မြန်မာ ကွာလတီ ရုပ်ရှင် အချို့ မိတ်ဆက် ပြသရန် အတွက် မြန်မာနိုင်ငံ ပါဝင် ဆင်နွှဲမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သတင်းရပ်ကွက်က အင်္ဂါနေ့တွင် ပြောကြားသည်။

မြောက်ကိုရီးယား မြို့တော် ပြုံးယမ်းတွင် စက်တင်ဘာ ၁၇ မှ ၂၄ အထိ ကျင်းပမည့် ၈ ရက်ကြာ ရုပ်ရှင်ပွဲတော်တွင် ပြသမည့် မြန်မာရုပ်ရှင် ၅ ကားမှာ ဆဋ္ဌဂံ၊ လျှို့ဝှက်သောနှင်း၊ မျှော်လင့်ခြင်းများစွာ၊ ကြိုးတန်းနှင့် အတိတ်က အရိပ် တို့ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရုပ်ရှင်ကားများသည် မြောက်ကိုရီးယားတွင် ပြသမည့် ပထမဆုံး မြန်မာ ရုပ်ရှင်များ ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာအစိုးရက ၂၀၀၈ ခုနှစ် အတွက် အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆု ၇ ခုကို အနုပညာရှင်များအား ချီးမြှင့်ခဲ့သည်။

၂၀၀၈ အတွင်း ပြသခဲ့သော ရုပ်ရှင် ၁၂ ကား အနက်မှ အကယ်ဒမီဆု ၇ ခု ရွေးထုတ်ခဲ့ရာတွင် "အများနှင့် မသက်ဆိုင်သူ" ရုပ်ရှင်က အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု ရရှိသွားသည်။

မြန်မာနိုင်ငံတွင် ၁၉၅၂ မှစ၍ ယခုအချိန်အထိ အကယ်ဒမီ ထူးချွန်ဆုပေါင်း ၃၁၉ ခုကို အနုပညာရှင်များအား ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 29th June 2010

"မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီး၏ အငယ်ဆုံးသားသည် လွှတ်တော် အမတ်နေရာကို လူသိမခံဘဲ ယခင်နှစ်က ရယူထားခဲ့ကြောင်းနှင့် နောက်တစ်ချက်မှာ သူ၏ ဖခင်၏ နေရာကို ဆက်ခံရန် ပြင်ဆင်နေကြောင်း" တောင်ကိုရီးယား သတင်း အစီရင်ခံစာများက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

သို့သော်လည်း တောင်ကိုရီးယား၏ အဓိက ထောက်လှမ်းရေး ဌာနက အဆိုပါ သတင်းများကို သံသယ ရှိကြောင်း လျင်မြန်စွာ သုံးသပ် တင်ပြလိုက်သည်။

အသက် ၆၈ နှစ်ရှိ 'ကင်' သည် တစ်ချိန်ချိန်တွင် တတိယသား ကင်ဂျုံအမ်းအား အာဏာလွှဲပေးရန် စီစဉ်ထားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြသော်လည်း ကင်ဂျုံအမ်းနှင့် ပတ်သက်၍ အနည်းငယ်သာ သိရှိထားကြသည်။

ခေါင်းဆောင်ကြီးကင် ၂၀၀၈ ခုနှစ်အတွင်း လေဖြတ် ဝေဒနာ ခံစားခဲ့ရကြောင်း ကြားသိပြီး နောက်ပိုင်း မြောက်ကိုရီးယား၏ အာဏာ ဆက်ခံမှုနှင့် ပတ်သက်သော မှန်းဆချက်များ ခပ်စိပ်စိပ် ထွက်ပေါ်လာခဲ့သည်။

ကင်ဂျုံအီးသည် ၁၉၉၄ ခုနှစ် ၎င်း၏ဖခင် သေဆုံးပြီးနောက် အာဏာ အမွေဆက်ခံကာ မြောက်ကိုရီးယားကို ခေါင်းဆောင်ခဲ့ခြင်းသည် ကွန်မြူနစ် လောကတွင် ပထမဆုံးဖြစ်၍ နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့သော လုပ်ငန်းတစ်ခု ဖြစ်သည်။

သိုဝှက်တတ်သော မြောက်ကိုရီးယားတွင် အာဏာလွှဲပြောင်းမှု လက္ခဏာ တစ်စုံတရာ ရှိမရှိကို အနီးကပ် စောင့်ကြည့်ခြင်း ခံရသည့် လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲများကို ယခင်နှစ် မတ်လက ကျင်းပခဲ့ရာ ကင်ဂျုံအမ်း ပါဝင် အရွေးခံခဲ့သည်ဟု သတင်းများ ကြားသိရသည်။ သို့သော်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ စာရင်းတွင် ၎င်း၏ နာမည် မပါသည့် အတွက် ၎င်းယှဉ်ပြိုင်ခဲ့ခြင်း မရှိ (သို့မဟုတ်) အခြားနာမည် တစ်ခုကို အသုံးပြုခဲ့သည် စသဖြင့် မှန်းဆချက်များ ထွက်ပေါ်စေခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံ အကြောင်း နှံ့စပ်သည့် အဆင့်မြင့် အနောက်နိုင်ငံ သတင်းရပ်ကွက် တစ်ခုက "ကင်ဂျုံအမ်းသည် (ရာဘာ တံဆိပ်တုံး နှိပ်ခွင့်ရ) ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂၁၆ တွင် ရွေးကောက်ခံရသည်" ဟု ပြောကြားခဲ့ခြင်းကို တောင်ကိုရီးယား စောင်ရေများ သတင်းစာ ဒေါင်အေအီဘိုက အင်္ဂါနေ့တွင် ပြန်လည် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲအပြီး ၂လအကြာတွင် အမည်မဖော်သော မြောက်ကိုရီးယားများထံမှ သတင်းရရှိခဲ့ခြင်း ဖြစ်သည်ဟု နာမည် မထုတ်ဖော်သော အနောက်နိုင်ငံ သတင်းရပ်ကွက်က ပြောကြားကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

အခြား နေ့စဉ် သတင်းစာ ဂျွန်အန်းအီလ်ဘိုကလည်း အလားတူ သတင်းကို ဖော်ပြခဲ့ပြီး ကင်ဂျုံအမ်းသည် မြောက်ကိုရီးယား၏ လာမည့် ခေါင်းဆောင်အဖြစ် သတင်းထွက်လာပြီးနောက် အစိုးရ အဖွဲ့သို့ တရားဝင် ဝင်ရောက်ခဲ့ကြောင်း အတည်ပြုနိုင်သည့် မှတ်ချက်များ ထွက်ပေါ်ခဲ့သည်ဟု တင်ပြထားသည်။

တောင်ကိုရီးယား၏ အဓိက ထောက်လှမ်းရေးဌာန NIS ၏ ပြောရေးဆိုခွင့် ရှိသူက "ကင်ဂျုံအမ်း လွှတ်တော် အမတ်ဖြစ်ရန် အလားအလာ နည်းသည်ဟု မိမိတို့ အဖွဲ့အစည်းက ယုံကြည်ထားကြောင်း" ပြောကြားခဲ့သည်။ ဌာန၏ မူဝါဒအရ အမည်မဖော်လိုသော ပြောရေးဆိုခွင့် ရှိသူက ထောက်လှမ်းရေးဌာန၏ ထင်မြင်ချက်ကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

ခေါင်းဆောင်ကြီး ကင်ဂျုံအီး၏ မွေးနေ့သည် ဖေဖော်ဝါရီ (၂ လပိုင်း) ၁၆ ရက် ဖြစ်သောကြောင့် မဲဆန္ဒနယ် အမှတ် ၂၁၆ သည် မြောက်ကိုရီးယားတွင် အထူးဝိသေသကို ဆောင်သည်ဟု ဂျွန်အန်းအီလ်ဘို သတင်းစာက ဆိုသည်။ အနောက်နိုင်ငံ သတင်းရင်းမြစ်သည် သတင်းထောက်များနှင့် ဆိုးလ်တွင် တနင်္လာနေ့က တွေ့ဆုံစဉ် သတင်းပေး ပြောကြားခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။

ဂျူနီယာကင်၏ ရွေးကောက်ပွဲ သတင်းကို မြောက်ဖက်က တမင် လျှို့ဝှက်ထားခြင်း ဖြစ်ပုံရသည်ဟု သိရှိရကြောင်း ဒေါင်အေအီဘို သတင်းစာက ဖော်ပြသည်။

ရွေးကောက်ပွဲ အပြီး အစိုးရ သတင်းဌာနက ထုတ်ပြန်သော မြောက်ကိုရီးယား လွှတ်တော် ကိုယ်စားလှယ် ၆၈၇  ဦး၏ စာရင်းတွင် "ကင်ဂျွန်" ဟူသော နာမည် ပါဝင်ခဲ့သော်လည်း ခေါင်းဆောင်ကြီး၏ သားဖြစ်သူက နာမည်ဝှက် အသုံးပြုခဲ့ခြင်း ရှိ/မရှိကို တရားဝင် အတည်ပြုနိုင်ခြင်း မရှိဟု သတင်းစာက ရေးသားသည်။

ကင်ဂျုံအမ်း၏ အသက်အတိအကျ နှင့်တကွ ၎င်း၏ အကြောင်းကို များများစားစား မသိနိုင်သော်လည်း ၎င်းသည် အသက် ၂၀ နှင့် ၃၀ ကြားရှိပြီး ဆွစ်ဇာလန်တွင် ပညာသင်ကြားခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။ ကင်ဂျုံအီး၏ ယခင် ဆူရှီ စားတော်ကဲက ၂၀၀၃ ခုနှစ်က အတွေ့အကြုံကို ပြန်ပြောပြရာတွင် "ကင်ဂျုံအမ်းသည် သူ့အဖေနှင့် တူကာ ၎င်းအဖေကဲ့သို့ ပြုမူနေထိုင်ကြောင်း၊ ခေါင်းဆောင်ကြီး သဘောအကျဆုံးသား ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

ယုံဟတ် သတင်းဌာန၊ YTN ရုပ်သံနှင့် အခြားသတင်းစာများကလည်း အလားတူ သတင်းမျိုးကို ဖော်ပြခဲ့ကြသည်။ မြောက်ပိုင်း၏ အာဏာ ဆက်ခံမှုကို တောင်ကိုရီးယား၌ စိတ်ဝင်စားမှု မြင့်တက်နေခြင်းကို သတင်းစာများက မီးမောင်း ထိုးပြကြခြင်း ဖြစ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင်များသည် ဆင်းရဲနွမ်းပါးသော နိုင်ငံ၏ အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်ထားပြီး နျူကလီယာနှင့် ဒုံးပျံ အစီအစဉ်များကိုလည်း ဆောင်ရွက်နေသလို ၎င်းတို့၏ ပြိုင်ဘက် တောင်ကိုရီးယားကို ဖျက်ဆီးပစ်မည်ဟု ပုံမှန် ခြိမ်းခြောက်လေ့ရှိကြသည်။

"မြောက်ကိုရီးယားသည် ကင်ဂျုံအမ်းအား ၎င်း၏ ပြည် ၂၄ သန်းက ချစ်ခင်လေးစားစေရန် ရည်ရွယ်ကာ ဝါဒဖြန့် စီမံချက်ကို လုပ်ဆောင်နေပြီး ကင်ဂျုံအမ်းအား ဂုဏ်ပြုသည့် သီချင်းနှင့် ကဗျာများ ထုတ်လွင့်နေသည်" ဟု အမျိုးသား ထောက်လှမ်းရေးဌာန NIS အကြီးအကဲ ဝမ်ဆိုင်ဟွန်းက လွှတ်တော် အမတ်များအား ယခင်အပတ်က ပြောကြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သော လွှတ်တော်အမတ်များ၏ အဆိုအရ သိရှိရသည်။

မြောက်ကိုရီးယားက ပါတီ ခေါင်းဆောင်သစ်များ ရွေးချယ်ရန် ရှားရှားပါးပါး အလုပ်သမား ပါတီ ညီလာခံကို စက်တင်ဘာလတွင် ကျင်းပမည်ဟု စနေနေ့က ပြောကြားခဲ့ရာ ကင်ဂျုံအန်းကို ထိပ်တန်းပါတီ တာဝန်ပေးရန် ရည်ရွယ်ခြင်း ဖြစ်ပုံရသည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

မတ်လအတွင်းက လူ့အသက်များ ဆုံးရှုံးခဲ့ရသော တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှု အပေါ် တောင်ကိုရီးယားက ပြုံးယမ်းကို အပြစ်တင် စွပ်စွဲခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်ခဲ့သည်။ ပြုံးယမ်းကို အရေးယူရန် ဆိုးလ်က လုံခြုံရေး ကောင်စီသို့ တောင်းဆိုထားပြီး ပြုံးယမ်းကလည်း မည်သည့် တိုက်ခိုက်မှုမှ မပြုလုပ်ခဲ့ဟု လုံးဝ ငြင်းဆိုခဲ့သလို ၎င်းအပေါ် အရေးယူမှု မှန်သမျှသည် စစ်ပွဲကို အစပျိုးခြင်းသာ ဖြစ်သည်ဟု သတိပေး ခြိမ်းခြောက်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Dail Dispatch Online, By Shirin Ebadi and Jody Williums, 26th June 2010

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်၏ တစ်ချိန်ချိန်တွင် ရွေးကောက်ပွဲများ ကျင်းပလိမ့်မည်ဟု မျှော်လင့်ရပေသည်။ စစ်အစိုးရကမူ ရွေးကောက်ပွဲသည် စစ်မှန်သော ဒီမိုကရေစီသို့ သွားသော ခြေလှမ်းဖြစ်ကြောင်း ပြောခဲ့သော်လည်း လက္ခဏာအားလုံးကမူ ဆန့်ကျင်ဖက်သို့သာ ညွှန်ပြနေသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် မှားနေသော ရွေးကောက်ပွဲ ဖြစ်စဉ်တွင် မပါဝင်တော့ဘဲ ပါတီကို အဖျက်ခံခဲ့သည်။ ၎င်းတို့က ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ပြီး၊ စစ်အစိုးရ၏ အာဏာကို မက်မောစွာ ဆုပ်ကိုင်ထားမှုကို အမြစ်တွယ်စေမည်သာ ဖြစ်သည်ဟု ယုံကြည်နေကြသည်။ လက်ရှိ အစိုးရ လက်အောက်တွင် အခြေခံ လူ့အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ နှိပ်ကွပ်ခြင်းတို့မှာ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သည့် မြန်မာနိုင်ငံ၏ နေ့စဉ် ဖြစ်ပျက်နေသော အမှန်တရားများပင် ဖြစ်တော့သည်။

တစ်ချိန်တည်းမှာပင် ဇွန်လ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ ကျရောက်ပြီး၊ သူမအနေဖြင့် နေအိမ် အကျယ်ချုပ်ဖြင့် နေထိုင်ရသည်မှာ ၁၄ နှစ် ရှိပြီ ဖြစ်သည်။

သူမ၏ ဖြစ်စဉ်မှာ ထူးခြားသည်။ သို့သော် မြန်မာနိုင်ငံတွင် ခံစားနေရသော ရာပေါင်း ထောင်ပေါင်း များစွာသော အမျိုးသမီးထု၏ ဒုက္ခများ၏ နမူနာလည်း ဖြစ်နေသည်။ ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ကြာဆုံး ပြည်တွင်းစစ်ကြောင့် ရက်စက်သော စစ်အစိုးရ လက်အောက်တွင် အမျိုးသမီးများသည် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပင် ဒုက္ခဝေနေသော ဘဝထဲတွင် ထောင်ချောက်မိ နေသည်။

ကျွန်ုပ်တို့သည် နယူးယောက်တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများအပေါ် ကျူးလွန်ထားသော ရာဇဝတ်မှုများ အတွက် နိုင်ငံတကာ တရားရုံးတွင် တရားသူကြီး အဖြစ် ထိုင်စဉ် ခံစားရသော မြန်မာ အမျိုးသမီး အချို့နှင့် တွေ့ဆုံခဲ့ရသည်။ ကျွန်ုပ်တို့သည် သတ္တိကောင်းသော အမျိုးသမီး ၁၂ ဦးထံမှ ထိပ်လန့် တုန်လှုပ်ဖွယ် ကောင်းသော ထွက်ဆိုချက်များကို ကြားနာခဲ့ရသည်။ ၎င်းတို့ တိုင်းပြည်တွင် စစ်အစိုးရ လက်ထဲတွင် လူ့အခွင့်အရေးအရ နှိပ်စက်ခံရသော ၎င်းတို့၏ အတွေ့အကြုံများကို ပြောပြကြသည်။

Chang Chang က မြန်မာ စစ်တပ်မှ စစ်သားများ အုပ်စုလိုက် သူမ၏ရွာတွင် ဝင်ရောက် စီးနင်းပြီး အုပ်စုလိုက် အမျိုးသမီးများကို အဓမ္မကျင့်ကြောင်း ပြောပြခဲ့သည်။ ထိုသတင်း ပျံ့နှံ့မှုကြောင့် သူမကို အရှက်ရစေပြီး၊ သူမ၏ အသိုင်းအဝိုင်းက သူမကို ကျဉ်ခဲ့ကြသည်။

Naw Ruth Tha က သူမ၏ အကြောင်းကို ပြောပြရာတွင် ရက်ပေါင်းများစွာ စစ်သားများက သူမကို ပစ္စည်း အလေးများ ထမ်းပိုးစေပြီး၊ ညအချိန်များတွင် စစ်သားများ၏ အဓမ္မပြုကျင့် ခံရပုံများကို ပြောပြခဲ့သည်။ ထိုအချိန်တွင် သူမသည် ကိုယ်ဝန်ငါးလ ရှိနေချိန် ဖြစ်ကြောင်း ပြောသည်။

မပုစိန်သည် သူမ၏ ရွာတစ်ခုလုံးအား စစ်သားများ၏ မီးရှို့ဖျက်ဆီးပုံအား ပြောပြရာတွင် ငိုကြွေးသည်။

အမှန်တကယ်တွင်မူ အထက်တွင် ဖော်ပြခဲ့သော အမျိုးသမီးများသည် ဖိနှိပ်သော စစ်အစိုးရ လက်အောက်တွင် ရုန်းကန်နေကြရသော ထောင်ပေါင်းများစွာသော အမျိုးသမီးများ၊ ကလေးများ၊ အမျိုးသားများ ကိုယ်စား ရပ်တည်ပေးကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ဖြစ်ရပ်များတွင် နိုင်ငံရေးအရ ဆန့်ကျင်၍ နှိပ်စက်၍ ထောင်ချခြင်းမှအစ အရပ်သားများကို လိင်ဆိုင်ရာ ကျေးကျွန်အဖြစ် အသုံးပြုခြင်း၊ မိုင်းရှင်းရာတွင် လူကို အသုံးပြုခြင်းများ အဆုံးပါဝင်သည်။

ယခုကဲ့သို့သော နှိပ်စက်မှုများကို ပုံမှန် အဖြစ်အပျက်ဟု လက်ခံရန် လုံးဝမသင့်ပေ။ သို့သော် နိုင်ငံတကာက ရှားရှားပါးပါး အလေးပေး ပြောဆိုမှု အနည်းငယ်ရှိသည်မှလွဲ၍၊ တကမ္ဘာလုံးက ဘာမျှ ပြောဆိုမှု မရှိခြင်းကြောင့် စစ်အစိုးရသည် ထိုအပြုအမူများကို တရားဝင်သဖွယ် ဆက်လက် ကျူးလွန်လျက် ရှိနေသည်။ ကျွန်ုပ်တို့ ကြားနာခဲ့ရသော ထွက်ဆိုချက်များသည် စစ်အစိုးရက တိုးတက် ကျူးလွန်လျက် ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားချင်း မစာနာသော ရာဇဝတ်မှုများ အတွက် နောက်ထပ် အတည်ပြုချက်များပင် ဖြစ်သည်။ ထိုသို့သော လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများ၊ အထူးသဖြင့် အမျိုးသမီးများ အပေါ် ရည်ရွယ် ကျူးလွန်မှုများကို ဆက်လက် ကျူးလွန်ရန် ခွင့်မပြုသင့်ပေ။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေး အတွက် ယခုပင် တစ်ခုခု လုပ်ကြရတော့မည် ဖြစ်သည်။

လုပ်ရမည့် အလုပ်များအနက် တစ်ခုမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် အဆိုပါ ရာဇဝတ်မှုများကို စစ်ဆေးရန် စုံစမ်းရေး ကော်မရှင်တစ်ခု ဖွဲ့စည်းရေး စဉ်းစားရန် ဖြစ်သည်။ ထိုကဲ့သို့သော ကော်မရှင်သည် မြန်မာ စစ်အစိုးရအား နိုင်ငံတကာ တရားရုံးသို့ တင်နိုင်ရေးအတွက် ပြုလုပ်ရမည့် ခရီးရှည်ကြီးတွင် ပထမခြေလှမ်း ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများနှင် ပတ်သက်သော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Quintana က စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် တောင်းဆိုခဲ့ပြီး၊ ဗြိတိန်၊ သြစတြေးလျ၊ ဆွီဒင်နှင့် ချက်တို့က လူသိရှင်ကြား ထောက်ခံခဲ့သည်။ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး မြန်မာနိုင်ငံအား နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးသို့ တင်ပို့နိုင်ရေး ဆောင်ရွက်ရန် လုံခြုံရေး ကောင်စီအား ကျွန်ုပ်တို့နှင့် အတူ ကြားနာသော တရားသူကြီးများနှင့်အတူ ကျွန်ုပ်တို့က တောင်းဆိုသည်။

မြန်မာနိုင်ငံတွင် ယခု ကျင်းပမည့် ရွေးကောက်ပွဲများကလည်း နိုင်ငံတကာက အရေးယူမှု ပြုလုပ်ရမည့် ကဏ္ဍတစ်ခု ဖြစ်သည်။ ရွေးကောက်ပွဲများသည် အမျိုးသမီးများ အပါအဝင် လူထု အဖွဲ့အစည်းများနှင့် တိုင်ပင်ခြင်း မရှိဘဲ ရေးဆွဲ အတည်ပြုထားသော အခြေခံ ဥပဒေ အပေါ် အခြေခံ၍ ပြုလုပ်မည် ဖြစ်သည်။ အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် နမူနာကြောင့် နိုင်ငံရေး လောကထဲသို့ ဝင်ရောက်လာကြသည့် အမျိုးသမီး မျိုးဆက်များကို မဝင်ရောက်လာနိုင်အောင် ထိရောက်စွာ တားဆီးထားသည်။ မကြာသေးမီက တရားဝင် အတိုက်အခံပါတီ ဖျက်သိမ်းလိုက်ရခြင်းသည် ပြဿနာ အရင်းအမြစ်၏ သက်သေတစ်ခု ဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးနှင့် ဆယ်စုနှစ်များစွာ စစ်အစိုးရ၏ ပြည်သူများ အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် နှိပ်စက်မှုများကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် လာမည့် ရွေးကောက်ပွဲကို လက်ခံရန်ကိုသော်လည်းကောင်း၊ ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာမည့် အစိုးရအား တရားဝင် အသိအမှတ်ပြုရန်ကို သော်လည်းကောင်း တညီတညွတ်တည်း ငြင်းပယ်သင့်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အထက်က ဖော်ပြခဲ့သော မြန်မာ အမျိုးသမီးများကဲ့သို့ အနည်းဆုံး သတ္တိလေးတော့ ရှိကြောင်း ပြသသင့်သည်။ ၎င်းတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ တိုင်းပြည် ဒီမိုကရေစီအတွက် သူမ၏ ကိုယ်ရေးကိုယ်တာ အားလုံး အဆုံးရှုံးခံလျက် ဘဝတစ်ခုလုံး စွန့်လွှတ်မြှုပ်နှံခဲ့သည်။ နယူးယောက် တရားရုံးတွင် ထွက်ဆိုချက် ပေးခဲ့ကြသော အမျိုးသမီးများကလည်း ငြိမ်ခံနေရန် ငြင်းဆန်ကြသည်။ သူတို့ တိုင်းပြည် အမှန်တကယ် ပြောင်းလဲရေး အတွက် မျှော်လင့်လျက် သူတို့၏ ဘဝကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ကြသည်။ ကျွန်ုပ်တို့ကလည်း ပြောင်းလဲလာလိမ့်မည်ဟု ယုံကြည်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဘဝကို အလွယ်တကူ အရှုံးမပေးသော အထက် ဖော်ပြခဲ့သော အမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာပြည်သူများနှင့်အတူ ဒီမိုကရေစီရေးနှင့် တရားမျှတရေး အတွက် ရုန်းကန်နေရမှုများတွင် အတူတကွ ရပ်တည်သင့်သည်။ ယခုအချိန်သည် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် အချိန်ကောင်း ဖြစ်သကဲ့သို့ လာမည့် ရွေးကောက်ပွဲအားလည်း အတုအယောင် အလိမ်အညာသာ ဖြစ်ခြင်းကြောင့် ကန့်ကွက်ရန် အချိန်ကောင်းလည်း ဖြစ်သည်။

(စာရေးသားသူ Jody Williams သည် ၁၉၉၇ ခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဖြစ်ပြီး၊ Shirin Ehadi သည် ၂၀၀၃ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်သည်။ ၎င်းတို့သည် Ottawa အခြေစိုက် Nobel Women's Initiative ကို တည်ထောင်ခဲ့သူများ ဖြစ်ပြီး၊ မြန်မာနိုင်ငံ အမျိုးသမီးများ အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ အတွက် နိုင်ငံတကာ တရားရုံးတွင် တွေ့ရှိချက်များနှင့် တရားသူကြီးများ ထင်မြင်ချက်များကို ကြေညာချက် ထုတ်ပြန်ခဲ့သည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Christian Science Monitor, 28th June 2010

အခန်းတစ်ခု အတွင်းဝယ် သပ်သပ်ရပ်ရပ် ဝတ်ထားသော မြန်မာ ကျောင်းသားများ အတန်းလိုက် ထိုင်နေကြပြီး ၎င်းတို့၏ စာသင်ကြား ပို့ချနေသူ ဧည့်သည် ဆရာတစ်ဦးအား မေးခွန်းများ မေးလျက် ရှိသည်။ အတန်းမှာ Social Entrepreneurship အတန်း ဖြစ်ပြီး၊ သင်ကြားနေသော အကြောင်းအရာမှာ ဥရောပ သမဂ္ဂ အကြောင်း ဖြစ်သည်။

"ဆွစ်ဇာလန်က ဘာကြောင့် အီးယူမှ မပါတာလဲ။ ဆေးခြောက်က ဘာကြောင့် အချို့ တိုင်းပြည်မှာ တရားဝင်ပြီး၊ အချို့ နိုင်ငံတွေမှာ တရားမဝင်တာလဲ" ဟု မေးမြန်းလျက် ရှိရာ ဆရာက "မေးခွန်းကောင်းတွေပဲ" ဟု ခေါင်းညိမ့်လျက် ရှိသည်။

အဆိုပါ အတန်းကို Myanmar Egress က ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ Myanmar Egress သည် စစ်တပ် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် လူ့အဖွဲ့အစည်း အခြေပြု လှုပ်ရှားမှုများအတွက် တစ်နေရာတည်းတွင် အကုန် ရနိုင်သော ဆိုင်သဖွယ် ပြုလုပ်ထားသော အကျိုးအမြတ် အတွက် မဟုတ်သည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ၎င်းအဖွဲ့အား ၂၀၀၆ ခုနှစ်တွင် ပညာရှင်များနှင့် စီးပွားရေးသမားများက တည်ထောင်ထားပြီး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဘာသာမှအစ လူထုသို့ စကားပြောနည်း၊ အသင်းအဖွဲ့ တည်ထောင်ခြင်း စသည်များကို အခကြေးငွေဖြင့် ဖွင့်လှစ် သင်ကြားလျက် ရှိသည်။ ၎င်းတွင် ပြည်သူ့ရေးရာ မူဝါဒ သုတေသန ဌာနခွဲလည်း ရှိပြီး၊ လူသားချင်း ကယ်ဆယ်ရေး လုပ်ငန်းများကို တွက်ချက် တန်ဖိုးဖြတ်ခြင်းများ လုပ်ကိုင်လျက် ရှိကာ နိုင်ငံရေး အသိပညာ ပေးခြင်း လုပ်ငန်းကို တဖြည်းဖြည်း တိုးချဲ့လုပ်ကိုင်လာသည်။

သို့သော် ၎င်းတို့သည် အများစု မနှစ်သက်သော စစ်အစိုးရအပေါ် အတိုက်အခံ မပြုသောဖက်မှ ရပ်တည်နေခြင်းကြောင့် အချို့ ဒီမိုကရေစီ လှုပ်ရှားသူများကို ဒေါသထွက် စိတ်ဆိုးစေသည်။ ၎င်းတို့သည် အစိုးရနှင့် နီးကပ်သော ဆက်ဆံရေး ရှိသည်ဟု စွပ်စွဲမှုများ ရှိပြီး၊ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီအတွက် လမ်းညွှန်မြေပုံ ခုနှစ်ဆင့်မှ အများစု သဘောမတူသည့် ယခုနှစ် ရွေးကောက်ပွဲကို ထောက်ခံလျက် ရှိသည်။

ဝေဖန်သူများက အနှစ်နှစ်ဆယ်အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲသည် အရပ်သားအသွင် သဏ္ဍာန်ပြလျက် နောက်ကွယ်မှ စစ်တပ်က ကြိုးကိုင်ခြင်းကို ပြုလုပ်ခြင်းသာ ဖြစ်မည်ဟု ပြောကြသည်။ အမေရိကန် ပြည်ထောင်စုကလည်း မဲပေးမှုများမှာ လွတ်လပ်၍ တရား မျှတလိမ့်မည် မဟုတ်ဟု သတိပေးခဲ့သည်။

အချို့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများက Myanmar Egress နှင့် အခြား အစွန်းမရောက်သော အယူအဆ ရှိသည့် အုပ်စုများကို "တတိယအင်အားစု" (Third Force) ဟု အမည် တပ်ကြပြီး၊ ၎င်းအင်အားစုသည် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံများကြားတွင် လမ်းကြောင်းတစ်ခု ပေါ်ပေါက်ရေး ကြိုးစားနေကြသည်ဟု ဆိုသည်။

အချို့ကမူ Myanmar Egress အား ဒီမိုကရေစီ ပြောင်းလဲမှုအတွက် အင်အားစုတစ်ခု ဖြစ်သည်ဟု ဆိုရမည်ကို သံသယများ ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို အစိုးရနှင့် နီးကပ်သော ဆက်ဆံရေးများ ရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ အောင်ဇော်က ပြောသည်။ ၎င်းတို့သည် စစ်အစိုးရ၏ လမ်းညွှန်မြေပုံနှင့် ရွေးကောက်ပွဲကို ထောက်ခံနေသည့် သဘော ရှိသည်။ ထိုကိစ္စမှာမူ သဘောတူနိုင်စရာ မရှိပေ။

Myanmar Egress ကို တည်ထောင်သူများတွင် တစ်ဦး အပါအဝင် ဖြစ်သော ဦးတင်မောင်သန်းက ပြောကြားရာတွင် စစ်တပ်မှ နှစ်ပေါင်း ငါးဆယ်နီးပါး အုပ်ချုပ်လာသော တိုင်းပြည်တွင် ဒီမိုကရေစီသို့ အမြန်ဆုံး ပြောင်းလဲသွားလိမ့်မည်ဟု မျှော်လင့်နေခြင်းမှာ လောကကို လွယ်လွယ်လေးဟု တွေးရာ ရောက်ကြောင်း ပြောခဲ့သည်။ ပြုပြင် ပြောင်းလဲမှုများကို အခြေမှစ၍ ပြုလုပ်ရမည် ဖြစ်ပြီး၊ စည်းမျဉ်းများ သေချာသည့် တစ်နေ့မှသာ အဓိက ပြောင်းလဲမှုများကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။

လူငယ်များကို ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးများ လေ့ကျင့် သင်ကြားပေးခြင်း၊ တော်သူများ ဥာဏ်ကောင်းသူများကို နိုင်ငံခြားတွင် ပညာသင်စေခြင်းများသည် ဤပြောင်းလဲမှု အတွက် မျိုးစေ့ချခြင်း နည်းလမ်းတစ်ခု ဖြစ်ပြီး၊ "နိုင်ငံရေးအရ ကွက်လပ်တွေ ဘယ်လို ဖန်တီးရမယ် ဆိုတာကို ကျွန်တော်တို့ သိပါတယ်" ဟု ၎င်းက ပြောသည်။

ဆက်ဆံမလား သပိတ်မှောက်မလား

မြန်မာနိုင်ငံ အပေါ် မည်သို့ ဆက်ဆံမည်နည်းဟူသော ကိစ္စအပေါ် စကား အချေအတင် ဆွေးနွေးမှုများ နိုင်ငံတကာ နိုင်ငံရေး မျက်နှာစာတွင် ရှိခဲ့ဖူးသည်။ Obama အစိုးရသည် မြန်မာနိုင်ငံ အုပ်စိုးသူများနှင့် ထိတွေ့ ဆက်ဆံရန် ကြိုးစားရာ၊ မြင်သာ ထင်သာသော အောင်မြင်မှု အနည်းငယ်သာ တွေ့ခဲ့ရသည်။ ၎င်းတောင်းဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုမှုကို အစိုးရက လျစ်လျူပြုခဲ့သည်။ အမေရိကန်နှင့် အခြား အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူမှုများ ချမှတ်ခဲ့သော်လည်း ထိုင်းနှင့် တရုတ် အပါအဝင် ၎င်း၏ အိမ်နီးချင်းများက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ရှေ့လှမ်းတက်ရန် ကြိုးစားလျက် ရှိကြသည်။

အရေးယူ ပိတ်ဆို့မှုများသည် စစ်အစိုးရအား အားနည်းအောင် မပြုလုပ်နိုင်ကြောင်း အနောက်နိုင်ငံ သံတမန်များက ဝန်ခံခဲ့ကြသည်။ သံတမန်များက ပြောကြားရာတွင် ရွေးကောက်ပွဲနှင့် အရပ်သား အုပ်ချုပ်ရေးကို အာဏာ လွှဲပြောင်းပေးမှုအား အကန့်အသတ်ဖြင့် မစဉ်းစားပါ ဆိုလျှင်တောင်၊ ပြန်လည် သုံးသပ်ရမည့် အကြောင်း ဖြစ်လာပေလိမ့်မည်ဟု ဆိုသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် အပေါ် မည်သို့ ကိုင်တွယ်မည်လဲ ဆိုသည့်အပေါ်တွင်လည်း များစွာ မူတည်နေသည်။ သူမသည် နိုင်ငံတကာ ဇာတ်ကောင်တစ်ဦး ဖြစ်ဆဲ ဖြစ်ပြီး၊ လက်ရှိ ပြစ်ဒဏ်သည် ၂၀၁၁ ဖေဖော်ဝါရီလတွင် ပြီးဆုံးမည် ဖြစ်သည်။ သူမ၏ နိုင်ငံရေး ပါတီသည် ရွေးကောက်ပွဲတွင် ပါဝင်ရေး ကိစ္စနှင့် ပတ်သက်၍ ကွဲခဲ့ကြပြီး၊ ပါတီမှ ခွဲထွက်လာသော အဖွဲ့သည် ပါတီသစ်အဖြစ် မှတ်ပုံတင်ခဲ့သည်။

ကျောင်းသား သမဂ္ဂ ခေါင်းဆောင် ဖြိုးမင်းသိန်းသည် အစိုးရအား ဆန့်ကျင်မှုကြောင့် ထောင် ၁၄ နှစ်ကျခဲ့သည်။ ၎င်းသည် ယခုအခါ ပြည်ထောင်စု ဒီမိုကရက်တစ်ပါတီ (Union Democratic Party) ကို ခေါင်းဆောင်၍ ပါလီမန်၏ နေရာ တစ်ဝက်ကျော်တွင် ပါဝင် ယှဉ်ပြိုင်ရန် ရည်မှန်းထားသည်။ ၎င်းက အစိုးရသည် ၎င်း၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို မတရားသဖြင့် အခွင့်အရေးများ ပေးလျက် ရှိကြောင်း ဝေဖန်ခဲ့ပြီး၊ အခြားသော နိုင်ငံရေးပါတီ ၄၂ ခုအား အနိုင်ရရန် မျက်နှာသာ ပေးလျက် ရှိသည်ဟု ဆိုသည်။ အခွင့်အရေး ပေးမှုများတွင် ထင်ရှားသော အချက်တစ်ခုမှာ အခြားသော ပါတီများ၊ ပါတီဝင်များ စုစည်းခွင့် မရမီမှာပင် USDP သည် ၎င်းနှစ်ပေါင်းများစွာ စုဆောင်းထားသော အဖွဲ့ဝင်များကို ရရှိပြီး ဖြစ်ကြောင်းနှင့် အစိုးရ စီမံကိန်းများတွင် ၎င်း၏ အမည်ကို အသုံးပြုနေခြင်းများ ဖြစ်ကြောင်း ဆိုသည်။ သို့သော် ဖြိုးမင်းသိန်းက ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားပြီး၊ ပါလီမန်ကို အတိုက်အခံ အတွက် ပလက်ဖောင်းအဖြစ် အသုံးပြုနိုင်ရေး ကြိုးစားသွားမည်ဟု ဆိုသည်။

အနောက်နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုများ အလုပ် မဖြစ်ကြောင်း ၎င်းက သဘောတူသော်လည်း၊ ရုတ်သိမ်းရန်မူ အချိန်မတိုင်သေးဟု ဆိုသည်။ "တကယ်လို့ အစိုးရက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပြီး၊ ပါလီမန် ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အရေးယူမှုတွေ ရုတ်သိမ်းသင့်ပါတယ်။ ဒါပေမယ့် ဒီအစိုးရက ကတိတွေ အမြဲတမ်း ဖျက်တတ်ပါတယ်" ဟု ၎င်းက ဆိုသည်။

သို့သော် ယခု လာမည့် ရွေးကောက်ပွဲသည် သာမန် မြန်မာပြည်သူများ ကြားတွင် သံသယများ၊ စိတ်မဝင်စားမှုများနှင့် အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများကို ဖြစ်စေသည်။ အချို့ကမူ ဘာမျှ ဖြစ်လာမှာ မဟုတ်ဟု ခံယူထားကြသည့် နည်းတူ အချို့က နိုင်ငံရေး အကြောင်း ပြောရသည်မှာ အန္တရာယ် များလွန်းသည်ဟု ဆိုကြသည်။

စစ်အစိုးရ၏ စီးပွားရေးနှင့် ပတ်သက်၍ လုပ်မှားကိုင်မှားများကို စိတ်ပျက်စွာ ညည်းတွားလေ့ ရှိသော စီးပွားရေးလုပ်ငန်း အသေးလေးပိုင်ရှင် တစ်ဦးက ပြောကြားရာတွင် မူဝါဒ ချမှတ်ရာတွင် စစ်တပ် ပါဝင်မှု မဖြေလျော့နိုင်သရွေ့ မည်သည့် ပြောင်းလဲမှုမျှ အကျိုးရှိလိမ့်မည် မဟုတ်ကြောင်း ဆိုသည်။ အရပ်သားများ အုပ်ချုပ်မှုသို့ တဖြည်းဖြည်း အနာခံ အသွင် ကူးပြောင်းရေးသည်သာ တိုးတက်မှုအတွက် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ကြောင်း ၎င်းက ငြင်းချက်ထုတ်သည်။ ထိုအကြောင်းကြောင့် ယခု ရွေးကောက်ပွဲတွင် ၁၉၉၀ ခုနှစ်ကကဲ့သို့ အတိုက်အခံမှ အောင်မြင်သွားရေးကို ချဉ်ခြင်း မတပ်ကြောင်း ဆိုသည်။

"ကျွန်တော်တို့ စစ်တပ်ကို ထွက်ပေါက် ကောင်းကောင်း ပေးရပါလိမ့်မယ်။ မဟုတ်ရင် ချောင်ပိတ် အရိုက်ခံရတဲ့ ခွေးလို သူတို့က ပြန်ကိုက်ပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Nation, 28th June 2010

ထားဝယ်ဆိပ်ကမ်းကို အဓိက ဆိပ်ကမ်း အဖြစ် အဆင့်မြင့်ရန် ထိုင်းအစိုးရက ယခင် အပတ်တွင် သဘောတူလိုက်ပြီးနောက်တွင် အနောက်ဖက် ကမ်းခြေ၏ ရေနက် ဆိပ်ကမ်းအဖြစ် နောက်တစ်ကြိမ် ထွန်းတောက်လျက် ရှိကာ၊ ဆာတွန်ရှိ ပတ်ဘာရာ ဆိပ်ကမ်းမှာမူ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများကြောင့် သာမန် ဆိပ်ကမ်းအဖြစ်သာ အသုံးဝင်တော့မည် ဖြစ်သည်။

ထားဝယ် ဆိပ်ကမ်းသည် မဟာမဲခေါင် ဒေသခွဲ အတွင်းရှိ ကုန်းတွင်း လမ်းကြောင်းများနှင့် ချိတ်ဆက်ရန် မျှော်လင့်ထားကာ အဆိုပါ ဒေသတွင်းရှိ ထိုင်းနိုင်ငံသည် အရှေ့မှ အနောက်သို့ ကုန်စည်ပစ္စည်းများ ပို့ဆောင်ရာတွင် အချိန် တိုတောင်းခြင်း၊ ကုန်ကျစရိတ် နည်းပါးခြင်းတို့ကြောင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး လှုပ်ရှားမှုတိုင်း၏ ဗဟိုအချက်အချာ ဖြစ်လာသည်။

ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗား ဦးဆောင်သော အမျိုးသား ကုန်စည် ပို့ဆောင်ရေး ဖွံ့ဖြိုးမှု ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယခင်အပတ်က ကျင်းပခဲ့ရာ အမျိုးသား ကုန်စည် ပို့ဆောင်ရေး ဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာ အစီအစဉ်မှာ ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။

ထားဝယ်-ကန်ချနာဘူရီ ဖြတ်လမ်းကို ဖြတ်သန်းသွားသည့် ကုန်းတွင်း လမ်းကြောင်းများကို အသုံးပြုခြင်းဖြင့် တောင်တရုတ် ပင်လယ်နှင့် အင်ဒါမန် ပင်လယ်အကြား ကုန်စည် ပို့ဆောင်ချိန်ကို ၆ ရက်အထိ လျော့ချနိုင်ရန် အထောက်အကူ ရမည် ဖြစ်ပြီး ရေယာဉ် ထူထပ်သော မလက္ကာ ရေလက်ကြားကို အသုံးပြုပါက ၁၆ ရက် မှ ၁၈ ရက် အထိ ကြာမြင့်သည်ဟု ပို့ဆောင်ရေး ကျွမ်းကျင်သူ တစ်ဦးက ပြောကြားသည်။

ပတ်ဘာရာ ဆိပ်ကမ်းမ၏ှာမူ တနှစ်လျှင် ပေ ၂၀ ကွန်တိန်နာ တစ်သန်းထက် မကျော်သော ဝန်ဆောင်မှုကို ပေးမည့် ပြည်တွင်း ဆိပ်ကမ်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။

မြန်မာ အရှေ့တောင်ပိုင်း ထားဝယ်၌ ဘတ်ငွေသန်း ၃၀၀ ကျော် ကုန်ကျရန် မျှော်လင့်ထားသည့် အကြီးစား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွင် ထားဝယ် ဆိပ်ကမ်းမှာ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ ဘတ်ငွေ သန်း ၅၀ ကုန်ကျမည့် ဆိပ်ကမ်းအပြင် ဧက ၂၀၀၀၀၀ ရှိ မြေပေါ်တွင် စက်မှုဇုံနှင့် လူနေ အဆောက်အဦးများ၊ ကားလမ်းနှင့် ရထားလမ်း ကွန်ယက်များ ပါဝင်သော အကြီးစား စီမံကိန်း ဖြစ်သည်။

တည်ဆောက်ရေးလုပ်ငန်းကို ယခုနှစ် စတင်ရန် မျှော်လင့်ထားပြီး ၂၀၂၀ တွင် အပြီးသတ်မည် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး လုပ်ငန်း ဖြစ်သော အီတာလီယံ-ထိုင်း ကုမ္ပဏီ၏ စီမံချက် ဖြစ်သော အထက်ပါ စီမံကိန်းအတွက် ကုမ္ပဏီက မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမည့် လုပ်ဖော်ကိုင်ဘက်များ ရှာဖွေနေသည်။

အီတာလျံ-ထိုင်း ကုမ္ပဏီသည် အရှေ့တောင် အာရှ၏ ဖြတ်လမ်းသစ် တစ်ခုဖြစ်သော ထားဝယ်-ကန်ချနာဘူရီ အဝေးပြေး လမ်းမကြီး တိုင်းတာခြင်းနှင့် တည်ဆောက်ခြင်း ကန်ထရိုက် လုပ်ငန်းကို မြန်မာ အာဏာပိုင်များထံမှ ရရှိခဲ့ပြီးနောက် ၂၀၀၈ တွင် အထက်ပါ စီမံကိန်းနှင့် ပါဝင် ပတ်သက်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်-ကန်ချနာကူရီ ၄လမ်းသွား အဝေးပြေးလမ်း တည်ဆောက်မှုကို မကြာမီ စတင်မည် ဖြစ်ကာ ၂၀၁၃ တွင် ပြီးစီးရန် မျှော်လင့်ထားသည်။

ကုန်သွယ်ရေး ဒုတိယ ဝန်ကြီး အလွန်ခွန် သွန်လာဘွတ်သည် အဝေးပြေးလမ်း စီမံကိန်း စတင်မှု အပါအဝင် ကန်ချနာဘူရီ စစ်ဆေးရေးဂိတ်ရှိ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးကို မြှင့်တင်ရန် ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များနှင့် စေ့စပ် ဆွေးနွေးရန် အတွက် ယခုနှစ် အစောပိုင်းမှ စ၍ မြန်မာနိုင်ငံသို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့သည်။

ဤစီမံကိန်းသည် ထိုင်း ကန်ထရိုက်တာများ၏ မြန်မာပြည်တွင်း ဆောက်လုပ်ရေး စီမံကိန်းများ အတွက် ဘိလပ်မြေ၊ ဆောက်လုပ်ရေး ပစ္စည်းများနှင့် ဆောက်လုပ်ရေး စက်ပစ္စည်း ယန္တရားများ လွတ်လပ်စွာ စီးဆင်းမှု သာမကပဲ ထားဝယ်ဆိပ်ကမ်းကို အသုံးပြုကာ ထိုင်းနိုင်ငံ ကုန်းတွင်း လမ်းကြောင်းမှ အင်ဒါမန် ပင်လယ်သို့ ဆက်သွယ်မည့် ဘက်စုံသုံး ပို့ဆောင်ရေး စနစ်တစ်ခုကိုပါ ဖန်တီးပေးမည် ဖြစ်သည်။

ထို့အပြင် အရှေ့-အနောက် စီးပွားရေး စင်္ကြန်လမ်း (အဝေးပြေး R-9) ၊ တောင်ပိုင်း စီးပွားရေး စင်္ကြံလမ်း၊ တရုတ်နိုင်ငံ တောင်ပိုင်းမှ လာအို၊ ဗီယက်နမ်ကို ဖြတ်၍ စင်္ကာပူသို့ လည်းကောင်း၊ ထိုင်း၊ မလေးရှားသို့ လည်းကောင်း ဆက်သွယ်သည့် မြောက်ပိုင်း-တောင်ပိုင်း စီးပွားရေး စင်္ကြံလမ်း စသော ရထားလမ်း၊ ကားလမ်း ပါဝင်သည့် ကုန်းတွင်းလမ်းကြောင်း များစွာနှင့် ထားဝယ်-ကန်ချာနာဘူရီ ဖြတ်လမ်းကို ဆက်သွယ်နိုင်မည် ဖြစ်သည်။

 နိုင်ငံရေး ကိစ္စရပ်များ

ထားဝယ် ဆိပ်ကမ်းတွင် ကုန်တန်ချိန် ၃၀၀,၀၀၀ တင်ဆောင်ထားသော မည်သည့် သင်္ဘောမဆို ဆိုက်ကပ်နိုင်မည် ဖြစ်သည်။ သို့သော်လည်း အမျိုးသား ကုန်စည် ပို့ဆောင်ရေး မဟာဗျူဟာနှင့် ပတ်သက်၍ အစိုးရ၏ ယခုအကြိမ် ဆုံးဖြတ်မှုသည် အချို့ပို့ဆောင်ရေး လုပ်ငန်းရှင်များကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပြီး ၎င်းတို့က အစိုးရ၌ နိုင်ငံရေး ရည်ရွယ်ချက် ရှိသည်ဟု ယူဆနေကြသည်။

ထားဝယ် ရေနက် ဆိပ်ကမ်းသည် နိုင်ငံရေး ကိစ္စရပ်များကြောင့်ပင် အဓိက ဆိပ်ကမ်း တစ်ခုအဖြစ် မီးမောင်း ထိုးခံနေရခြင်း ဖြစ်သည်။ အစိုးရက ပတ်ဘာရာ ဆိပ်ကမ်းကို ယခုအထိ မတို့ထိရဲခြင်းမှာ တောင်ပိုင်းနေ ပြည်သူများက သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ခရီးသွား စီးပွားရေးလုပ်ငန်း အပေါ် ထိခိုက်မည်ကို စိုးရိမ်နေကြသောကြောင့် ဖြစ်သည်ဟု ကုန်စည် ပို့ဆောင်ရေး လုပ်ငန်း သတင်းရပ်ကွက် ပြောကြားသည်။ အကယ်၍ အစိုးရက ထားဝယ် ဆိပ်ကမ်းကို အဓိက ဆိပ်ကမ်းအဖြစ် အသုံးပြုမည် ဆိုပါက ခဲတစ်လုံးနှင့် ငှက်များစွာ ထိမှန်လိမ့်မည်ဟု နောက်ထပ် သတင်းရပ်ကွက် တစ်ခုက ပြောကြားသည်။

သေချာသည်မှာ မြန်မာနိုင်ငံက အကျိုးအမြတ် အများစုကို ရရှိသွားမည့် အချက် ဖြစ်သည်။

ဒုတိယအချက်မှာ ထိုင်းပင်လယ်ကွေ့တွင် လုပ်စားနေကြသည့် သင်္ဘောလိုင်းများမှာ အင်ဒါမန် ပင်လယ်တွင် လုပ်ငန်းများ ပိုမို ရရှိကာ ထားဝယ် ဆိပ်ကမ်းမှ အကျိုးအမြတ် ရရှိကြမည် ဖြစ်သည်။

တတိယ အချက်မှာ စက်မှုဇုံ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များသည်လည်း ထိုဒေသတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ ပိုမို ရရှိကြမည် ဖြစ်သည်။ အကယ်၍ အရှေ့ဖက် ကမ်းရိုးတန်း ရာယောင်းမြို့ မက်တာဖွတ် စက်မှုဇုံမှ ထုတ်လုပ်သူ အချို့ ထားဝယ်သို့ ရွှေ့ပြောင်း ထုတ်လုပ်ခဲ့ပါက အစိုးရ အပေါ်တွင် လေထုညစ်ညမ်းမှု ဆိုင်ရာ ဖိအားများ လျော့ကျသွားမည် ဖြစ်သည်။

ထိုအခါ အစိုးရ အနေဖြင့်လည်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများ ထွက်ပေါ်နေသည့် ပတ်ဘာရာ ဆိပ်ကမ်းကို အဓိက ရေနက် ဆိပ်ကမ်းအဖြစ် ဆက်လက် အကောင်အထည် ဖော်ပါက မြင့်တက်လာနိုင်သည့် ဖိအားများကိုလည်း ရင်ဆိုင်ရတော့မည် မဟုတ်ပါ။

"အစိုးရ အနေနဲ့ နောင်အချိန် တော်တော်ကြာမှပဲ အနောက်ဖက် ဝင်ပေါက် ကိုယ်ပိုင် အဓိက ဆိပ်ကမ်းနဲ့ တောင်ဖက် ကမ်းရိုးတန်း စက်မှုဇုံကို အကောင်အထည် ဖော်သင့်ပါတယ်" ဟု ပြောကြားသူမှာ ထိုင်းကုန်စည် ပို့ဆောင်ရေး အသင်းချုပ် ဥက္ကဌ ကရစ်ကလာ ဆွန်သီမတ် ဖြစ်သည်။

"နောက်ဆုံးကျရင်တော့ ကိုယ့်နှာခေါင်းနဲ့ ကိုယ် အသက်ရှူရမှာပေါ့ဗျာ" ဟု ၎င်းက ဆိုသည်။

သာမာဆတ် စီးပွားရေး သင်တန်းကျောင်းမှ ဒါရိုက်တာ၊ တွဲဖက် ပါမောက္ခ ရုတ်သံဘာနမ်ရောင်ကမူ "မည်သည့် မဟာဗျူဟာကို တိုင်းပြည်က အသုံးပြုမည် ဆိုသည့် အချက်ပေါ်တွင် မူတည်နေသည်" ဟု ပြောကြားသည်။

"တကယ်လို့ ၂၀၂၀ မှာ အာဆီယံဟာ ဈေးကွက်တစ်ခုတည်း ဖြစ်လာမယ်ဆိုတဲ့  ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုကို ကျွန်တော်တို့ ယုံကြည်တယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ထားဝယ်ဆိပ်ကမ်းဟာ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် အနားသတ် နိုင်ငံတွေ (ဘင်းမ်စတက်) စတဲ့ အနောက်ဖက်ဒေသ ဈေးကွက်တွေကို သွားဖို့ အဓိက ဆိပ်ကမ်းတစ်ခု၊ ထွက်ပေါက်တစ်ခု အဖြစ် အသုံးတော်ခံနိုင်မှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုင်းစက်မှုလုပ်ငန်း အသင်းချုပ် ဒုတိယ ဥက္ကဌ တာနစ်ဆိုရပ်က "လက်ရှိ မလက္ကာ ရေလက်ကြားကို ဖြတ်သန်းနေရသည့် ရေလမ်းကြောင်းမှာ အလွန် ကြပ်ညှပ် ပြွတ်သိပ်နေကြောင်း၊ ရေကြောင်း သယ်ယူပို့ဆောင်ရေး ပုံစံသည် လာမည့် ၁၀ နှစ် အတွင်း ကုန်းမှ ပင်လယ် (သို့) ပင်လယ်မှ ကုန်းကြောင်း ပုံစံမှ ပင်လယ်-ကုန်းကြောင်း ပေါင်းကူးတံတား ပုံစံသို့ ပြောင်းလဲသွားဖွယ် ရှိပြီး ပို့ဆောင်ရေး စရိတ် ချွေတာရေး အတွက် နောက်ထပ် ရွေးချယ်စရာ ဖြစ်လာကြောင်း" ပြောကြားသည်။

ထိုင်းနိုင်ငံ အနေဖြင့် ရေကြောင်း ဆက်စပ် ပို့ဆောင်ရေး လုပ်ငန်းမှ အကျိုးအမြတ်များ အသုံးချ၊ ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် 'ကြိုးကိုင်အစီအစဉ်' နှင့် 'လက်တွေ့အသုံးချ အစီအစဉ်' တို့ ရှိထားရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

မည်သို့ပင် ဖြစ်စေ၊ ဒေသတွင်း ကုန်စည် ပို့ဆောင်မှု အချက်အချာ ဖြစ်လာရန် အတွက် ထိုင်းနိုင်ငံတွင် အရှေ့-အနောက် ဆက်သွယ်နိုင်သည့် ရေနက်ဆိပ်ကမ်း အပါအဝင် ပို့ဆောင်ရေး ပုံစံအားလုံးနှင့် အကျုံးဝင်သည့် ရှင်းလင်းသော ကုန်စည် ပို့ဆောင်ရေး စီမံချက် တစ်ခု ရှိထားသင့်သည်ဟု ပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောဆိုသည်။

စာချုပ်အားဖြင့် ဆိုရသော် အစိုးရ အနေဖြင့် အမျိုးသား သင်္ဘောလိုင်း၊ သင်္ဘောကျင်း လုပ်ငန်းနှင့် ဆက်စပ် စက်မှုလုပ်ငန်းများ အတွက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကိုလည်း ရေးဆွဲထားသင့်ကြောင်း တင်ပြလိုက်ရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 27th June 2010

ဗြိတိန် ဝန်ကြီးချုပ် David Cameron သည် တရုတ်နိုင်ငံသို့ နိုဝင်ဘာလတွင် အလည်အပတ် သွားရောက်မည် ဖြစ်ကြောင်း ဒေါင်းနင်းလမ်းမှ အတည်ပြုခဲ့သည်။

ကနေဒါနိုင်ငံ တိုရန်တိုတွင် ကျင်းပနေသော G-20 ထိပ်သီး အစည်းအဝေးတွင် ၎င်းတို့နှစ်ဦး တွေ့ဆုံရာတွင် တရုတ်သမ္မတ ဟူကျင်းတောင်က Mr. Cameron သို့ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ ဆွေးနွေးရာတွင် နှစ်ဦးနှစ်ဘက် ခေါင်းဆောင်များက တရုတ်နှင့် ယူကေကြားတွင် ကုန်သွယ်မှု တိုးမြှင့်ရေးကို လုံးလုံး သဘောတူကြကြောင်း ဒေါင်းနင်းလမ်းက ပြောကြားခဲ့သည်။

Mr. Cameron သည် အိန္ဒိယ ဝန်ကြီးချုပ်နှင့်လည်း နွေးထွေး၍ အပေါင်းလက္ခဏာ ဆောင်သော ဆွေးနွေးမှု ရရှိခဲ့သည်။

Mr. Hu က နောက်တစ်ကြိမ် နိုဝင်ဘာလတွင် တောင်ကိုရီးယားနိုင်ငံ Seoul တွင် ကျင်းပမည့် G-20 ထိပ်သီး အစည်းအဝေး လာရောက်ရင်း တရုတ်နိုင်ငံသို့ လာရောက်ရန် ဗြိတိန် ဝန်ကြီးချုပ်အား ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

Mr. Hu က စကားပြန်မှ တဆင့် စကားပြောရာတွင် "အဆွေတော်အား ပထမဆုံး အကြိမ် တွေ့ဆုံရသည်ကို အလွန် ဝမ်းမြောက်မိပါတယ်။ အဆွေတော် ဗြိတိန် ဝန်ကြီးချုပ်ဖြစ်လာတာကို ချီးကျူးစကား ဆိုပါရစေ" ဟု ဆိုသည်။

တရုတ် သမ္မတက ပြောကြားရာတွင် Mr. Cameron သည် ဝန်ကြီးချုပ် ဖြစ်ပြီး ဒုတိယနေ့တွင် ၎င်းထံတွင် ဖုန်းဆက်ပြီး တရုတ်နိုင်ငံနှင့် အားကောင်းသော ဆက်ဆံရေး ထူထောင်ရန် အသင့်ရှိကြောင်း ပြသခဲ့သည်ဟု ဆိုသည်။

Mr. Hu က ဖြည့်စွက် ပြောကြားရာတွင် "ဒီအချက်က အဆွေတော် ကိုယ်တိုင်ရော၊ ဗြိတိသျှ အစိုးရသစ် အတွက်ပါ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ အရေးကြီးတဲ့ တာဝန် ထမ်းဆောင်ရမယ်လို့ ပြသလိုက်တာပါပဲ။ ကျွန်ုပ်တို့ အနေနဲ့ ဒီအချက်ကို အများကြီး အသိအမှတ် ပြုပါတယ်" ဟု ပြောခဲ့သည်။

Mr. Cameron ကလည်း "ဗြိတိန်နဲ့ တရုတ်ဆက်ဆံရေးဟာ အလွန် အရေးကြီးတဲ့အတွက် ကျွနိုပ်အနေနဲ့ ဦးဆောင် အခန်းကဏ္ဍကနေ ပါဝင်လိုပါတယ်" ဟု တုန့်ပြန်ခဲ့သည်။

"ကျွန်တော့်အနေနဲ့ မဟာဗျူဟာ မြောက်တဲ့ ဆွေးနွေးမှုတွေကို မျှော်လင့်နေပါမယ်" ဟု ဆိုခဲ့သည်။

သမ္မတ Hu နှင့် မိနစ် သုံးဆယ်ကြာ တွေ့ဆုံမှုတွင် Mr. Cameron သည် စွမ်းအားပြည့် ထူထောင်ခဲ့သော ကူးသန်းရောင်းဝယ်ရေးနှင့် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှုကို အဆင့်မြှင့်ရေး အတွက် ကိုယ်ပိုင် ကတိကဝတ်များလည်း ပြုခဲ့ကြောင်း ဒေါင်းနင်းလမ်းက ပြောကြားခဲ့သည်။

ခေါင်းဆောင်များသည် ရသုံးမှန်းခြေဆိုင်ရာ ငွေကြေးများ ပိုမို အင်အားကောင်းစွာ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေး နလံထူမှု အတွက် လက်ရှိ ကြိုးစား အားထုတ်မှုများသည် အသက်တမျှ အရေးကြီးကြောင်း သဘောတူကြသည်ဟု ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ဆိုသည်။

အဆိုပါ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် ခေါင်းဆောင် နှစ်ဦးတို့သည် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ပတ်သက်၍ ဒိုဟာ စားပွဲဝိုင်း ဆွေးနွေးမှုကို အဆုံးသတ်ရန် နှစ်ဦးစလုံးက ဆန္ဒရှိကြောင်း ဆိုခဲ့ပြီး၊ ဗြိတိန် - တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး မြှင့်တင်ရန် သဘောတူခဲ့ကြသည်။

တစ်ချိန်တည်းတွင်ပင် Mr. Cameron သည် အိန္ဒိယ ဝန်ကြီးချုပ် Manmohan Singh နှင့်လည်း စကားပြောခဲ့သည်ဟု ဒေါင်းနင်းလမ်းက ပြောသည်။

ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် ဗြိတိသျှ ဝန်ကြီးချုပ်သည် ဗြိတိန်-အိန္ဒိယ ဆက်ဆံရေး အတွက် ၎င်း၏ လေးနက်သော သံယောဇဉ်ကို ပြသခဲ့ပြီး နှစ်နိုင်ငံကြား အထူး ပါတနာရှစ် ထူထောင်လိုသော ၎င်း၏ မပျက်ပြယ်သော ဆန္ဒကိုလည်း ထုတ်ဖော် ပြသခဲ့သည်ဟု ဆိုသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဗြိတိန်-အိန္ဒိယ ကုန်သွယ်ရေး တိုးမြှင့်ရေး၊ စီးပွားရေး အဆက်အသွယ်များနှင့် ပညာရေး ဖလှယ်မှုများကို လေးနက်စွာ အာရုံပြု ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

ဒေါင်းနင်းလမ်းက ပြောကြားရာတွင် နိုင်ငံခြားရေးရာ မူဝါဒများကို ဆွေးနွေးရာတွင် အာဖဂန် နစ္စတန်နှင့် ပါကစ္စတန်တို့၏ တည်ငြိမ်ရေးသည် ဗြိတိန်နှင့် အိန္ဒိယတို့၏ အမျိုးသား လုံခြုံရေးအတွက် အရေးကြီးကြောင်း သဘောတူခဲ့သည်ဟု ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 28th June 2010

တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်သည့် တင်းမာမှုများကြားမှ အမေရိကန်၏ စစ်ရေးအရ ရန်မူမည့် အရိပ်အယောင်ကြောင့် မြောက်ကိုရီးယားနိုင်ငံက နျူကလီယာ ဗုံးအသစ် စမ်းသပ် ထုတ်လုပ်မည်ဟု ခြိမ်းခြောက်လျက် ရှိသည်။

နှစ်နိုင်ငံကြား စစ်ဖက် ကင်းရှင်းရေးဇုံ အတွင်းရှိ အပစ်ရပ် ကျေးရွာ ပန်မွန်ဂျုံသို့ အမေရိကန်က လက်နက်များ သယ်ယူနေသည်ဟုလည်း ပြုံးယမ်းက စွပ်စွဲထားသည်။

စစ်သင်္ဘော ကိစ္စနှင့် ပတ်သက်၍ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရပ်တည်ရန် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက တရုတ် သမ္မတအား တိုက်တွန်းအပြီး နာရီပိုင်း အကြာတွင် ပြုံးယမ်း၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် ချိုနန် စစ်သင်္ဘောကို မတ်လ ၂၆ ရက်က တိုပီဒိုဖြင့် ပစ်ခတ် နှစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်း စစ်ဆေးရေးမှူးများက ပြောကြားသည်။

နှစ်နိုင်ငံအကြား အငြင်းပွားရေပြင် နယ်နိမိတ် အနီးတွင် တောင်ကိုရီးယား စစ်သင်္ဘော ချိုနန် ၂ ပိုင်းပြတ် နစ်မြုပ်သွားခဲ့ရာ ရေတပ်သား ၄၆ ဦး အသက်ဆုံးရှုံးခဲ့သည်။

မြောက်ကိုရီးယားက လုံးဝ တာဝန် မရှိကြောင်း ငြင်းဆိုနေသည့် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် တုံ့ပြန် အရေးယူစေရန် တောင်ကိုရီးယားက ကြိုးစားနေသည်။

မြောက်ကိုရီးယား၏ ကြေညာချက်ကို အစိုးရ သတင်းဌာနက KCNA က ထုတ်ပြန်ခဲ့သော်လည်း ကွန်မြူနစ် တိုင်းပြည်တစ်ခု အနေဖြင့် ၎င်း၏ နျူကလီယာ ထုတ်လုပ်နိုင်စွမ်းကို မည်သို့ အားပေး လုပ်ဆောင်မည် ဆိုသည့် အသေးစိတ် အချက်များ မပါဝင်ပါ။

"မြောက်ကိုရီးယား အပေါ် အမေရိကန်ရဲ့ တောက်လျှောက် ရန်လိုနေတဲ့ မူဝါဒနဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုကို ကိုင်တွယ် ဖြေရှင်းဖို့ အတွက် နျူကလီယာ လက်နက်သစ် ထုတ်လုပ်ရေးကို အားပေးဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို ကိုရီးယား ကျွန်းဆွယ် အပေါ် လက်ရှိ အနှောင့်အယှက် ပေးနေတဲ့ ဖြစ်ပေါ်မှုတွေက မီးမောင်း ထိုးပြနေပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်ကို KCNA က ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် နျူကလီယာ စမ်းသပ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ရာ ၎င်းနိုင်ငံတွင် ပလူတိုနီယံနှင့် ယူရေနီယံ အခြေခံ လက်နက် အစီအစဉ် နှစ်မျိုးစလုံး ရှိနေသည်ဟု ယူဆရသည်။

အထက်ပါ မှတ်ချက်များသည် ၎င်းတို့ပိုင်ဆိုင်ထားပြီး ဖြစ်သည်ဟု နားလည် ထားကြသော လက်နက် ပုံစံထက် အဖျက်စွမ်းအား ပိုမို ကြီးမားသော ဟိုက်ဒရိုဂျင်ဗုံး ထုတ်လုပ်ရန် ကြိုးစားနေသည် ဟူသော အချက်ကို အရိပ်အယောင်ပြသည့် လက္ခဏာ ဖြစ်ဖွယ်ရှိသည်ဟု ဆိုးလ်မှ BBC သတင်းထောက် John Sudworth က ပြောကြားသည်။

ဟိုက်ဒရိုဂျင်ဗုံး ထုတ်လုပ်ရာတွင် အသုံးပြုသည့် နည်းပညာဖြစ်သော "နျူကလီယာ ပေါင်းစပ် ဓာတ်ပြုမှု" ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု မြောက်ကိုရီးယားက ပြီးခဲ့သော မေလတွင် ကြေညာခဲ့သည်။

သို့သော်လည်း အဆိုပါ တိုးတက် ပြောင်းလဲမှုမျိုးမှာ အဓိက နည်းပညာဆိုင်ရာ ခုန်ပျံကျော်လွှားမှု လိုအပ်သောကြောင့် မြောက်ကိုရီးယားတွင် အဆင့်မြင့် နည်းပညာ ရင်းမြစ်များ၊ နည်းပညာ အသုံးအဆောင်များ ရှိသည်ဆိုသည့် အချက်ကို ကျွမ်းကျင် ပညာရှင်များက သံသယ ရှိကြသည်ဟု BBC သတင်းထောက်က ဆိုသည်။

တနင်္လာနေ့က ထုတ်ပြန်သော ဒုတိယကြေညာချက်တွင် "နှစ်နိုင်ငံအကြား စစ်မက် ကင်းရှင်းရေးဇုံ အတွင်းရှိ အပစ်ရပ် ကျေးရွာ ပန်မွန်ဂျုံသို့ ဇွန်လ ၂၆ ရက်တွင် အမေရိကန်က လက်နက်များ သွင်းယူလာသည်" ဟု မြောက်ကိုရီးယားက စွပ်စွဲထားသည်။

အကယ်၍ လက်နက်များကို ဖယ်ရှားခြင်း မပြုပါက ပြင်းထန်သော စစ်ရေး တန်ပြန် ဆောင်ရွက်ချက်များ ပြုလုပ်သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြသည်။

အမေရိကန် တပ်ဖွဲ့များက "မိမိတို့ အစီရင်ခံစာများကို စစ်ဆေးနေသည်" ဟု ပြောကြားသည်။

ချိုနန် သင်္ဘောကိစ္စနှင့် ပတ်သက်၍ သမ္မတ အိုဘားမားက တရုတ်သမ္မတ ဟူကျင်းတောင်နှင့် တဲ့တိုး ပြောဆို ဆွေးနွေးခဲ့ခြင်းကြောင့် မြောက်ကိုရီးယား၏ စိတ်ဓာတ် စစ်ဆင်ရေး ကြေညာချက် နှစ်ခု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကုလ လုံခြုံရေးကောင်စီ၏ တညီတညွတ်တည်း တုံ့ပြန် အရေးယူမှုအတွက် တရုတ်နိုင်ငံ၏ ရပ်တည်မှုကို အရေးတကြီး လိုအပ်နေခြင်းမှာ ၎င်းတွင် ဗီတိုအာဏာ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

ဘေဂျင်းသည် ၎င်း၏ အိမ်နီးချင်း ဆင်းရဲသားနိုင်ငံ ပြိုလဲသွားမည်ကို စိုးရိမ်သောကြောင့် ပြုံးယမ်းအပေါ် ပြင်းထန်သော အရေးယူမှုများကို ယခင်က ကန့်ကွက်ခဲ့သည်။

သမ္မတ အိုဘားမားက "၎င်းအနေဖြင့် တရုတ်နိုင်ငံ၏ အနေအထားကို နားလည် သဘောပေါက်သော်လည်း ယခုကိစ္စတွင် သည်းခံ စိတ်ရှည်ခြင်းနှင့် ပြဿနာ တာရှည်အောင် တမင်တကာ မျက်စိမှိတ်ထားခြင်း နှစ်ခုမှာ ကွဲပြား ခြားနားသည်" ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.