Transparency Myanmar

transparency.myanmar@gmail.com

တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်အကြား သမိုင်းတွင်မည့် ကုန်သွယ်မှု သဘော တူညီချက် စာချုပ်တစ်ရပ်ကို ဇွန်လ ၂၈ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ သဘော တူညီချက်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ က ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြောင့် အစိုးရ နှစ်ရပ် ကွဲထွက်သွားသည့် အချိန်နောက်ပိုင်း အထူးခြားဆုံးသော သဘောတူညီမှု ဖြစ်သည်။

စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘော တူညီချက်အရ ရာနှင့်ချီသော နှစ်နိုင်ငံ ထုတ်ကုန်ပစ္စည်း ပေါင်းများစွာ အခွန်ကင်းလွတ်ခွင့် ရရှိမည် ဖြစ်ပြီး ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၁၁၀ ဘီလီယံသို့ ရောက်ရှိနေနှင့်ပြီ ဖြစ်သော အပြန်အလှန် ကုန်သွယ်မှုကိုလည်း တိုးမြှင့်ပေးနိုင်မည် ဖြစ်သည်။

ယင်းကုန်သွယ်ရေး သဘောတူညီချက် စာချုပ်သည် ထိုင်ဝမ်ဘက်ကို မျက်နှာသာ ပေးထားသော်လည်း ဘေဂျင်းအစိုးရက စာချုပ်ကြောင့် ရေရှည်နိုင်ငံရေး အကျိုးအမြတ် ရရှိမည်ဟု မျှော်လင့်လျက် ရှိကြောင်း သတင်းထောက်များက ပြောကြားသည်။ ဘေဂျင်းအစိုးရက စာချုပ်သည် ထိုင်ဝမ်နှင့် ပြည်မကြီးအကြား ရေရှည် ညီညွတ်ရေးတစ်ရပ်ကို အကောင်အထည် ဖော်ပေးမည့် အရာအဖြစ် ရှုမြင်သည်။

ထို့ပြင် ယင်းသဘော တူညီချက်သည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က ရွေးကောက် တင်မြှောက်ခံရသော ထိုင်ဝမ်သမ္မတ မာရင်ကျိုး၏ ကြိုးပမ်းမှု ရလဒ်တစ်ခုအဖြစ် ရှုမြင်ခြင်း ခံရသည်။ ထိုင်ဝမ်သမ္မတ မာရင်ကျိုးက တရုတ်ပြည်မကြီးနှင့် ဖြစ်ပေါ်လျက် ရှိသော တင်းမာမှုများကို လျှော့ချသွားမည် ဖြစ်ကြောင်း ရွေးကောက် တင်မြှောက်ခံရစဉ်က သန္နိဋ္ဌာန်ချ ပြောဆိုခဲ့ဖူးသည်။
ဝန်ဆောင်မှုအခန်းကဏ္ဍများ

ကုန်သွယ်ရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တရုတ်နိုင်ငံ၊ ချုံကင်းမြို့တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံပိုင် ရုပ်သံ မီဒီယာများကလည်း ထုတ်လွှင့်ပြသခဲ့သည်။ ထိုင်ဝမ် သံတမန် Chiang Pin-Kung က "အခု ကိစ္စဟာ ပြည်မကြီးနဲ့ ရေရှည် ဆက်ဆံရေး တိုးတက် ကောင်းမွန်ဖို့အတွက် အလွန်အမင်း အရေးကြီးပါတယ်" ဟု ပြောကြားသည်။

သမိုင်းတွင်မည့် သဘောတူညီချက်ကြောင့် ကုန်ပစ္စည်း တင်ပို့မှုကို အဓိက အားထားရသော ထိုင်ဝမ်အတွက် စီးပွားရေးအရ အကျိုးအမြတ် ထွက်စေမည် ဖြစ်သည်။ လက်ရှိ အချိန်ကာလတွင် တရုတ်ပြည်သို့ ဒေါ်လာ ၈၀ ဘီလီယံရှိသော ကုန်ပစ္စည်းများ စီးဆင်း ဝင်ရောက်လျက် ရှိပြီး တရုတ်ပြည်ဘက်မှ ဒေါ်လာ ၃၀ ဘီလီယံ တန်ဖိုးခန့် တင်ပို့လျက် ရှိသည်။

တရုတ်ပြည်မကြီးသို့ ထိုင်ဝမ်မှ တင်ပို့သည့် ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများမှာ သဘော တူညီချက်ကြောင့် အခွန် ကင်းလျှော့ချမှု (သို့မဟုတ်) ကင်းလွတ်မှု ရရှိမည် ဖြစ်သည်။ ထို့ပြင် ထိုင်ဝမ်ကုမ္ပဏီများလည်း ပြည်မကြီးမှ ဘဏ်၊ အာမခံ အစရှိသကဲ့သို့သော ဝန်ဆောင်မှု လုပ်ငန်းများနှင့် ချိတ်ဆက် လုပ်ကိုင်ခွင့်ပါ ရရှိကြလိမ့်မည် ဖြစ်သည်။

ထိုင်ဝမ်တွင် အဆိုပါ သဘောတူညီချက်ကို မလိုလားသူများက လမ်းမပေါ် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ သို့သော် သဘောထား ဆန္ဒစစ်တမ်း ကောက်ယူမှုအရ ထိုင်ဝမ် နိုင်ငံသား အများစုက အဆိုပါ ကုန်သွယ်ရေး သဘောတူညီချက်ကို လိုလိုလားလား ရှိကြသည်။

ထိုင်ဝမ်မှ ဝေဖန် သုံးသပ်သူများက ယင်းသဘော တူညီချက်ကြောင့် ဈေးနှုန်း ချိုသာလွန်းသော ကုန်ပစ္စည်းများ ဝင်ရောက်လာကာ စီးပွားရေးတွင် အားနည်းချက်များ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောဆိုသည်။

ဘေဂျင်းအစိုးရသည် ကုန်သွယ်ရေး သဘောတူညီချက်ကို အသုံးပြုကာ ထိုင်ဝမ်ကျွန်းပေါ် သူ၏ စီးပွားရေး လွှမ်းမိုးရေးအတွက် နိုင်ငံရေး အထောက်အပံ့ ရရှိရန် မျှော်လင့်နေခြင်း ဖြစ်ကြောင်း ဝေဖန် ပြောဆိုမှုများလည်း ရှိသည်။

ရှန်ဟိုင်းအခြေစိုက် BBC သတင်းထောက် Chris Hogg က ပြည်မကြီးသည် အဆိုပါ သဘော တူညီချက်နှင့် ပတ်သက်၍ လွန်စွာ စိတ်အား ထက်သန်လျက် ရှိသည်ဟု ပြောကြားသည်။ တရုတ်နိုင်ငံမှ တင်ပို့သော ဒေါ်လာ ၃ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများ အခွန်သက်သာမှု ရရှိမည် ဖြစ်သည်။ သို့သော် Chris Hogg ၏ အဆိုအရ ယင်း သဘော တူညီချက်သည် စီးပွားရေးထက် နိုင်ငံရေးနှင့် ပိုမို ပတ်သက်နေသည်ဟု ဆိုသည်။

ဘေဂျင်းအစိုးရသည် ထိုင်ဝမ်နှင့် ပြည်မကြီး ပြန်လည် ညီညွတ်မှု ပေါ်ထွက်ရေးအတွက် ကာလကြာရှည်စွာ နည်းလမ်း ရှာဖွေခဲ့သည်။ ထို့ပြင် Chris Hogg က "ဒီကုန်သွယ်ရေး သဘော တူညီချက်ဟာ တရုတ်ပြည်ရဲ့ လတ်တလော သွေးဆောင်စည်းရုံးမှု တစ်ခုပါ။ ထိုင်ဝမ်ပြည်သူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ဖို့ ဘေဂျင်းအစိုးရရဲ့ ကြိုးပမ်းမှု တစ်ရပ်လို့လည်း ပြောလို့ရပါတယ်" ဟု ဖြည့်စွက် ပြောဆိုသည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ထိုင်ဝမ်ပြည်သားများသည် မိမိတို့၏ ညီအကိုများ ဖြစ်သော ပြည်မကြီးအနေဖြင့် အကျိုးအမြတ်များကို စွန့်လွှတ်နိုင်ကြောင်း အစောပိုင်းက ထုတ်ဖော် ပြောဆိုခဲ့သည်။ ထိုင်ဝမ်နှင့် တရုတ် ပြည်မကြီးတို့သည် ၁၉၄၉ ခုနှစ်က ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြောင့် အစိုးရ တစ်ခုစီဖြင့် ခွဲခြား အုပ်ချုပ်နေရသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment