Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 29th June 2010

"မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီး၏ အငယ်ဆုံးသားသည် လွှတ်တော် အမတ်နေရာကို လူသိမခံဘဲ ယခင်နှစ်က ရယူထားခဲ့ကြောင်းနှင့် နောက်တစ်ချက်မှာ သူ၏ ဖခင်၏ နေရာကို ဆက်ခံရန် ပြင်ဆင်နေကြောင်း" တောင်ကိုရီးယား သတင်း အစီရင်ခံစာများက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

သို့သော်လည်း တောင်ကိုရီးယား၏ အဓိက ထောက်လှမ်းရေး ဌာနက အဆိုပါ သတင်းများကို သံသယ ရှိကြောင်း လျင်မြန်စွာ သုံးသပ် တင်ပြလိုက်သည်။

အသက် ၆၈ နှစ်ရှိ 'ကင်' သည် တစ်ချိန်ချိန်တွင် တတိယသား ကင်ဂျုံအမ်းအား အာဏာလွှဲပေးရန် စီစဉ်ထားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြသော်လည်း ကင်ဂျုံအမ်းနှင့် ပတ်သက်၍ အနည်းငယ်သာ သိရှိထားကြသည်။

ခေါင်းဆောင်ကြီးကင် ၂၀၀၈ ခုနှစ်အတွင်း လေဖြတ် ဝေဒနာ ခံစားခဲ့ရကြောင်း ကြားသိပြီး နောက်ပိုင်း မြောက်ကိုရီးယား၏ အာဏာ ဆက်ခံမှုနှင့် ပတ်သက်သော မှန်းဆချက်များ ခပ်စိပ်စိပ် ထွက်ပေါ်လာခဲ့သည်။

ကင်ဂျုံအီးသည် ၁၉၉၄ ခုနှစ် ၎င်း၏ဖခင် သေဆုံးပြီးနောက် အာဏာ အမွေဆက်ခံကာ မြောက်ကိုရီးယားကို ခေါင်းဆောင်ခဲ့ခြင်းသည် ကွန်မြူနစ် လောကတွင် ပထမဆုံးဖြစ်၍ နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့သော လုပ်ငန်းတစ်ခု ဖြစ်သည်။

သိုဝှက်တတ်သော မြောက်ကိုရီးယားတွင် အာဏာလွှဲပြောင်းမှု လက္ခဏာ တစ်စုံတရာ ရှိမရှိကို အနီးကပ် စောင့်ကြည့်ခြင်း ခံရသည့် လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲများကို ယခင်နှစ် မတ်လက ကျင်းပခဲ့ရာ ကင်ဂျုံအမ်း ပါဝင် အရွေးခံခဲ့သည်ဟု သတင်းများ ကြားသိရသည်။ သို့သော်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ စာရင်းတွင် ၎င်း၏ နာမည် မပါသည့် အတွက် ၎င်းယှဉ်ပြိုင်ခဲ့ခြင်း မရှိ (သို့မဟုတ်) အခြားနာမည် တစ်ခုကို အသုံးပြုခဲ့သည် စသဖြင့် မှန်းဆချက်များ ထွက်ပေါ်စေခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံ အကြောင်း နှံ့စပ်သည့် အဆင့်မြင့် အနောက်နိုင်ငံ သတင်းရပ်ကွက် တစ်ခုက "ကင်ဂျုံအမ်းသည် (ရာဘာ တံဆိပ်တုံး နှိပ်ခွင့်ရ) ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂၁၆ တွင် ရွေးကောက်ခံရသည်" ဟု ပြောကြားခဲ့ခြင်းကို တောင်ကိုရီးယား စောင်ရေများ သတင်းစာ ဒေါင်အေအီဘိုက အင်္ဂါနေ့တွင် ပြန်လည် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲအပြီး ၂လအကြာတွင် အမည်မဖော်သော မြောက်ကိုရီးယားများထံမှ သတင်းရရှိခဲ့ခြင်း ဖြစ်သည်ဟု နာမည် မထုတ်ဖော်သော အနောက်နိုင်ငံ သတင်းရပ်ကွက်က ပြောကြားကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

အခြား နေ့စဉ် သတင်းစာ ဂျွန်အန်းအီလ်ဘိုကလည်း အလားတူ သတင်းကို ဖော်ပြခဲ့ပြီး ကင်ဂျုံအမ်းသည် မြောက်ကိုရီးယား၏ လာမည့် ခေါင်းဆောင်အဖြစ် သတင်းထွက်လာပြီးနောက် အစိုးရ အဖွဲ့သို့ တရားဝင် ဝင်ရောက်ခဲ့ကြောင်း အတည်ပြုနိုင်သည့် မှတ်ချက်များ ထွက်ပေါ်ခဲ့သည်ဟု တင်ပြထားသည်။

တောင်ကိုရီးယား၏ အဓိက ထောက်လှမ်းရေးဌာန NIS ၏ ပြောရေးဆိုခွင့် ရှိသူက "ကင်ဂျုံအမ်း လွှတ်တော် အမတ်ဖြစ်ရန် အလားအလာ နည်းသည်ဟု မိမိတို့ အဖွဲ့အစည်းက ယုံကြည်ထားကြောင်း" ပြောကြားခဲ့သည်။ ဌာန၏ မူဝါဒအရ အမည်မဖော်လိုသော ပြောရေးဆိုခွင့် ရှိသူက ထောက်လှမ်းရေးဌာန၏ ထင်မြင်ချက်ကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

ခေါင်းဆောင်ကြီး ကင်ဂျုံအီး၏ မွေးနေ့သည် ဖေဖော်ဝါရီ (၂ လပိုင်း) ၁၆ ရက် ဖြစ်သောကြောင့် မဲဆန္ဒနယ် အမှတ် ၂၁၆ သည် မြောက်ကိုရီးယားတွင် အထူးဝိသေသကို ဆောင်သည်ဟု ဂျွန်အန်းအီလ်ဘို သတင်းစာက ဆိုသည်။ အနောက်နိုင်ငံ သတင်းရင်းမြစ်သည် သတင်းထောက်များနှင့် ဆိုးလ်တွင် တနင်္လာနေ့က တွေ့ဆုံစဉ် သတင်းပေး ပြောကြားခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။

ဂျူနီယာကင်၏ ရွေးကောက်ပွဲ သတင်းကို မြောက်ဖက်က တမင် လျှို့ဝှက်ထားခြင်း ဖြစ်ပုံရသည်ဟု သိရှိရကြောင်း ဒေါင်အေအီဘို သတင်းစာက ဖော်ပြသည်။

ရွေးကောက်ပွဲ အပြီး အစိုးရ သတင်းဌာနက ထုတ်ပြန်သော မြောက်ကိုရီးယား လွှတ်တော် ကိုယ်စားလှယ် ၆၈၇  ဦး၏ စာရင်းတွင် "ကင်ဂျွန်" ဟူသော နာမည် ပါဝင်ခဲ့သော်လည်း ခေါင်းဆောင်ကြီး၏ သားဖြစ်သူက နာမည်ဝှက် အသုံးပြုခဲ့ခြင်း ရှိ/မရှိကို တရားဝင် အတည်ပြုနိုင်ခြင်း မရှိဟု သတင်းစာက ရေးသားသည်။

ကင်ဂျုံအမ်း၏ အသက်အတိအကျ နှင့်တကွ ၎င်း၏ အကြောင်းကို များများစားစား မသိနိုင်သော်လည်း ၎င်းသည် အသက် ၂၀ နှင့် ၃၀ ကြားရှိပြီး ဆွစ်ဇာလန်တွင် ပညာသင်ကြားခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။ ကင်ဂျုံအီး၏ ယခင် ဆူရှီ စားတော်ကဲက ၂၀၀၃ ခုနှစ်က အတွေ့အကြုံကို ပြန်ပြောပြရာတွင် "ကင်ဂျုံအမ်းသည် သူ့အဖေနှင့် တူကာ ၎င်းအဖေကဲ့သို့ ပြုမူနေထိုင်ကြောင်း၊ ခေါင်းဆောင်ကြီး သဘောအကျဆုံးသား ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

ယုံဟတ် သတင်းဌာန၊ YTN ရုပ်သံနှင့် အခြားသတင်းစာများကလည်း အလားတူ သတင်းမျိုးကို ဖော်ပြခဲ့ကြသည်။ မြောက်ပိုင်း၏ အာဏာ ဆက်ခံမှုကို တောင်ကိုရီးယား၌ စိတ်ဝင်စားမှု မြင့်တက်နေခြင်းကို သတင်းစာများက မီးမောင်း ထိုးပြကြခြင်း ဖြစ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင်များသည် ဆင်းရဲနွမ်းပါးသော နိုင်ငံ၏ အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်ထားပြီး နျူကလီယာနှင့် ဒုံးပျံ အစီအစဉ်များကိုလည်း ဆောင်ရွက်နေသလို ၎င်းတို့၏ ပြိုင်ဘက် တောင်ကိုရီးယားကို ဖျက်ဆီးပစ်မည်ဟု ပုံမှန် ခြိမ်းခြောက်လေ့ရှိကြသည်။

"မြောက်ကိုရီးယားသည် ကင်ဂျုံအမ်းအား ၎င်း၏ ပြည် ၂၄ သန်းက ချစ်ခင်လေးစားစေရန် ရည်ရွယ်ကာ ဝါဒဖြန့် စီမံချက်ကို လုပ်ဆောင်နေပြီး ကင်ဂျုံအမ်းအား ဂုဏ်ပြုသည့် သီချင်းနှင့် ကဗျာများ ထုတ်လွင့်နေသည်" ဟု အမျိုးသား ထောက်လှမ်းရေးဌာန NIS အကြီးအကဲ ဝမ်ဆိုင်ဟွန်းက လွှတ်တော် အမတ်များအား ယခင်အပတ်က ပြောကြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သော လွှတ်တော်အမတ်များ၏ အဆိုအရ သိရှိရသည်။

မြောက်ကိုရီးယားက ပါတီ ခေါင်းဆောင်သစ်များ ရွေးချယ်ရန် ရှားရှားပါးပါး အလုပ်သမား ပါတီ ညီလာခံကို စက်တင်ဘာလတွင် ကျင်းပမည်ဟု စနေနေ့က ပြောကြားခဲ့ရာ ကင်ဂျုံအန်းကို ထိပ်တန်းပါတီ တာဝန်ပေးရန် ရည်ရွယ်ခြင်း ဖြစ်ပုံရသည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

မတ်လအတွင်းက လူ့အသက်များ ဆုံးရှုံးခဲ့ရသော တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှု အပေါ် တောင်ကိုရီးယားက ပြုံးယမ်းကို အပြစ်တင် စွပ်စွဲခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်ခဲ့သည်။ ပြုံးယမ်းကို အရေးယူရန် ဆိုးလ်က လုံခြုံရေး ကောင်စီသို့ တောင်းဆိုထားပြီး ပြုံးယမ်းကလည်း မည်သည့် တိုက်ခိုက်မှုမှ မပြုလုပ်ခဲ့ဟု လုံးဝ ငြင်းဆိုခဲ့သလို ၎င်းအပေါ် အရေးယူမှု မှန်သမျှသည် စစ်ပွဲကို အစပျိုးခြင်းသာ ဖြစ်သည်ဟု သတိပေး ခြိမ်းခြောက်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment