Transparency Myanmar

transparency.myanmar@gmail.com

DVB News, 28th June 2010

နိုင်ငံ အနောက်ပိုင်း ဒေသရှိ ရိုဟင်ဂျာ လူမျိုးစုများ အပေါ် မြန်မာ အစိုးရက ကျူးလွန်နေသော နှိပ်စက် ညှင်းပန်းမှုများသည် လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများတွင် အကျုံးဝင်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

အဓမ္မ ခိုင်းစေမှု၊ ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှု၊ စနစ်တကျ မုဒိန်းကျင့်မှု စသဖြင့် မြန်မာ စစ်ဖက် အရာရှိတို့၏ ရိုဟင်ဂျာတို့အပေါ် ကျူးလွန်မှုများမှာ ပျံ့နှံ့လျက် ရှိသည်ဟု ဖော်ပြထားသော "မြန်မာနိုင်ငံ အနောက်ပိုင်းမှ လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ" အစီရင်ခံစာကို ပါမောက္ခ Willian Schabas က ကြီးကြပ်ပြီး Irish Centre for Human Rights ICHR က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ Schabas သည် Sierra Leone's Truth and Reconciliation Commission တွင်လည်း တစ်စိတ်တစ်ပိုင်း ပါဝင် လှုပ်ရှားနေသူ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုးစုများသည် အလွန် ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရေရှည် ခံစားနေရသည်မှာ ဆယ်စုနှစ်ပေါင်း အတော်ကြာခဲ့ပြီဟု Schabas က ဆိုသည်။ သို့သော်လည်း ၎င်းတို့၏ အခက်အခဲ ပြဿနာကို နှစ်ပေါင်း များစွာ လျစ်လျူရှုခြင်း ခံခဲ့ရပြီး ၎င်းတို့ မျိုးနွယ်စု၏ အနေအထား ရင်းမြစ်ကိုလည်း ယခုတိုင် စစ်ဆေးနေဆဲ အဆင့်တွင်သာ ရှိသည်ဟု အစီရင်စာတွင် ဆက်လက် ဖော်ပြထားသည်။

ရိုဟင်ဂျာ မွတ်ဆလင် အုပ်စုကို မြန်မာနိုင်ငံတွင် တရားဝင် အဆင့်အတန်း ပေးအပ်ရန် ငြင်းဆိုထားခြင်းမှာ "လူသားမျိုးနွယ် အပေါ် ရာဇဝတ်မှု ကျူးလွန်မှုအတွက် နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေနှင့် အကျုံးဝင်နေသော အချက်များကို ပြေဖျောက်လိုသည့် လက္ခဏာ ဖြစ်ပုံရသည်" ဟု Schabas က ပြောကြားထားသည်။

ယခုအုပ်စုမှ ထုတ်ပြန်လိုက်သော အထောက်အထားများသည် သဘောတူ၊ လက်ခံ၊ ယုံကြည်နိုင်သော အချက်များ ဖြစ်သည်ဟု အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး Michael Martin က ဒဗ်ဗလင်တွင် အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနား၌ ပြောကြားလိုက်သည်။ ရိုဟင်ဂျာ မျိုးနွယ်စု အပေါ် ကျူးလွန်ထားသည့် လူသား မဆန်သော ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် အလားတူ တောင်းဆိုထားသော အစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအရာရှိ Tomas Ojea Quintana က ကုလ လုံခြုံရေး ကောင်စီသို့ တင်ပြအပြီးတွင် ယခု အစီရင်ခံစာ ဆက်လက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ICHR အစီရင်ခံစာ အတွက် စုံစမ်း စစ်ဆေးမှုကို Nancie Prudhomme နှင့် Joseph Powderly တို့က ၂၀၀၉ ခုနှစ်အတွင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံများသို့ သီတင်းပတ် ၄ ပတ်ကြာ သွားရောက် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ရိုဟင်ဂျာ ဒုက္ခသည် ၄ သိန်းခန့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားသည့် အချိန်တွင် ထိုင်းနိုင်ငံကမူ ၂၀၀၉ အစောပိုင်းတွင် ရိုဟင်ဂျာ လှေစီးဒုက္ခသည်များကို အစာနှင့်ရေ မပါဘဲ ပင်လယ်ပြင်သို့ ပြန်လွှတ်ခဲ့ခြင်းကြောင့် အများစု သေဆုံးခဲ့ရသည့် အပေါ် နိုင်ငံတကာ အမြင်တွင် အပြစ်တင်စရာ ဖြစ်ခဲ့သည်။

ဗုဒ္ဓဘာသာ အဓိက ကိုးကွယ်သော မြန်မာနိုင်ငံ အစိုးရသည် အစ္စလမ် ဘာသာဝင် ရိုဟင်ဂျာ ၈ သိန်း နီးပါးကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပြီး ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များ တရားဝင် ခံစားခွင့်နှင့် တရားဝင် အခွင့်အရေးများကို ပိတ်ပင်ခဲ့သည်။ ရိုဟင်ဂျာများသည် မျိုးသုဉ်းသွားနိုင်သည့် အန္တရာယ်များစွာ ရှိနေသော ကမ္ဘာ့လူသားမျိုးနွယ်စု တစ်ခု ဖြစ်သည်ဟု ပဲရစ် အခြေစိုက် ကျန်းမာရေး ကယ်ဆယ် စောင့်ရှောက်မှုအဖွဲ့ Medicins San Frontiers MSF က တင်ပြ ဆွေးနွေးထားသည်။

ဘင်္ဂလားဒေ့ရှ် အရှေ့ပိုင်း ကော့ဘဇား ခရိုင်တွင် နေထိုင်နေသော ရိုဟင်ဂျာ ဒုက္ခသည် ခန့်မှန်း အရေအတွက် ၄သိန်းခန့် အနက် ကုလသမဂ္ဂ ဒုက္ခသည် စခန်းတွင် မှတ်ပုံတင် နေထိုင်ခွင့်ရသည့် အရေအတွက်မှာ ၃ သောင်းပင် မပြည့်ပေ။ ကျန်နေသော ဒုက္ခသည်များအား မှတ်ပုံတင်ရန် ကုလသမဂ္ဂ၏ ကြိုးစားမှုများကို ဒက်ကားအစိုးရက အပြင်းအထန် ငြင်းဆန်မည်ဟု ယုံကြည်ရပြီး တိုင်းပြည်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်များ ပိုမိုဝင်ရောက် လာစေလိမ့်မည်ဟု ၎င်းတို့က အကြောင်းပြ ကန့်ကွက်နေသည်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းများတွင် Prudhomme နှင့် Powderly တို့၏ ကွင်းဆင်း လေ့လာမှုများကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးတွင် ယခင် ယူဂိုဆလားဗီးယားနိုင်ငံ အတွက် စုံစမ်း စစ်ဆေးမှုကို ဦးစီးကွပ်ကဲဖူးသူ John Ralston က ကူညီပေးခဲ့သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment