Transparency Myanmar

transparency.myanmar@gmail.com

Human Rights Watch, 14th October 2010

အင်ဒိုနီးရှား အစိုးရ အနေဖြင့် မြန်မာနိုင်ငံ အပေါ် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို လူသိရှင်ကြား ထောက်ခံသင့်ကြောင်း Human Rights Watch က ယနေ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Dr.R.M.Marty M. Natalegawa ထံသို့ စာရေးသား ပေးပို့ရာတွင် ထည့်သွင်း ရေးသားခဲ့သည်။

"မြန်မာ နိုင်ငံတွင် စိုးရိမ်ဖွယ် ကျူးလွန်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက် ကိုင်တွယ်ရန် အင်ဒိုနီးရှား အနေဖြင့် အာရှ နိုင်ငံများ အကြားတွင် တာဝန်ယူသော ဦးဆောင်မှုဖြင့် ကြိုးစား ပြသင့်ပါတယ်" ဟု Human Rights Watch မှ အာရှ ဒုတိယ ဒါရိုက်တာ Elaine Pearson က ပြောကြားခဲ့သည်။ "နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့ဖို့ ထောက်ခံခြင်းဟာ အခု အင်ဒိုနီးရှား တက်တက်ကြွကြွ ချဉ်းကပ်နေတဲ့ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှု တိုးတက် ဖြစ်ပေါ်ရေး အတွက် လုပ်ငန်းစဉ်နဲ့ တစ်မျိုးတည်းပါပဲ" ဟု Pearson က ပြောသည်။

မြန်မာ နိုင်ငံတွင် ၂၀၀၂ ကတည်းက နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာသော ဥပဒေများကို ချိုးဖောက်မှုများနှင့် ချိုးဖောက်သူများကို စုံစမ်း အစီရင်ခံစာ တင်ရန် ကုလသမဂ္ဂ ကော်မရှင်အား ထူထောင် အခွင့်အာဏာ ပေးရေး ကိစ္စကို ထောက်ခံရန် Human Rights Watch က Dr.Natalegawa အား တိုက်တွန်းထားသည်။

Dr. Natakgawa သည် ယခင်က စိုးရိမ်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက် အခြား စွပ်စွဲချက်များ အပေါ် နိုင်ငံတကာ စုံစမ်းရေး အဖွဲ့ ဖွဲ့ရေး ကြိုးပမ်းခဲ့ဖူးသည်။ ၂၀၁၀ ခုနှစ် ဇွန်လက ယင်းသည် မေလ (၃၁) ရက်နေ့က ဂါဇာသို့ လာသော အကူအညီ ပေးရေး သင်္ဘောအား အစ္စရေး လုံခြုံရေးတပ်များသည် အင်အား သုံး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲချက်နှင့် ပတ်သက် ကုလသမဂ္ဂသို့ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ဖူးသည်။

"အင်ဒိုနီးရှားဟာ နိုင်ငံတကာမှာ တာဝန် ယူတတ်မှုနဲ့ ပြောရဲ ဆိုရဲသည့် နည်းတူ မြန်မာနိုင်ငံ၏ စိုးရိမ်ဖွယ် ရာဇ၀တ်မှုများအပေါ် အရေးယူရေးကိုလည်း ပြောဆိုဖို့ လိုအပ်ပါတယ်" ဟု Pearson က ပြောပါသည်။ "အင်ဒိုနီးရှား ပေါ်လစီ ချမှတ်သူများ အနေဖြင့် အာရှတိုက် ပြင်ပ ကျူးလွန်မှုတွေကို ထောက်ခံ အလေးထားသည့် နည်းတူ မြန်မာနိုင်ငံက ကျူးလွန်မှုတွေ အပေါ်မှာလည်း ရှေ့တစ်လှမ်း တိုးပြီး တာဝန်ယူ ပြောဆိုသင့်ပါတယ်" ဟု ယင်းက ပြောသည်။

မြန်မာ လုံခြုံရေး တပ်ဖွဲ့များသည် အရပ်သားများအပေါ် တမင် ရည်ရွယ် တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လိင်မှုဆိုင်ရာများ ကျူးလွန်ခြင်း၊ နှိပ်စက်ခြင်း၊ ကလေး စစ်သားများ အသုံးပြုခြင်း၊ အစာရေစာများ ဖြတ်တောက်ခြင်း၊ လူများကို အတင်း ရွှေ့ပြောင်းစေခြင်း၊ မြေမြှုပ်မိုင်းများ အသုံးပြုခြင်းတို့ကို ကျူးလွန်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများသည်လည်း သတ်ဖြတ်ခြင်း၊ ကလေးစစ်သား အသုံးပြုခြင်းနှင့် မြေမြှုပ်မိုင်းများ အသုံးပြုခြင်းများတွင် တာဝန်ရှိသည်။ ထိုကျူးလွန်မှုများကို ဆယ်စုနှစ်နှင့် ချီ အရေးယူ အပြစ်ပေးခြင်း မခံရဘဲ လုပ်ကိုင် ကျူးလွန်နေကြသည်။

"နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုဟာ အရေးကြီးလှပြီး၊ မြန်မာ နိုင်ငံမှာ တရား ဥပဒေ စိုးမိုးရေး အတွက် လုပ်ပေးသင့်သည်မှာ အချိန်လွန်နေပြီ ဖြစ်ပါတယ်"ဟု Pearson က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

UPI, 13th October 2010

မြန်မာ နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲများမှ ထွက်ပေါ်လာသော မည်သည့် အစိုးရမဆို လမ်းကြောင်းသစ် တစ်ခုသို့ လျှောက်လှမ်းလိမ့်မည်ဟု ၀ါရှင်တန် အနေဖြင့် မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲများသည် အရပ်သား အစိုးရ ဦးဆောင်မည့် လမ်းကြောင်းသို့ ဦးတည်ကြောင်း မြန်မာ စစ်အာဏာပိုင်များက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် လက နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် ပါတီ (၂၀) ခုအား ဖျက်သိမ်းခဲ့ခြင်းကြောင့် မြန်မာ စစ်အစိုးရ အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။

စစ်အစိုးရသည် လာမည့် ပါလီမန်တွင် ၂၅ % သော နေရာအတွက် သေချာပြီး ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် P.J Crowley က ပြောကြားရာတွင် ၀ါရှင်တန်သည် မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများနှင့် ပတ်သက် များစွာ စိုးရိမ် ပူပန်မှုများ ရှိကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဟာ လာမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို ဖော်ပြခဲ့ပြီးပါပြီ။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတလိမ့်မယ်လို့ မယုံကြည်ပါဘူး" ဟု ယင်းက ပြောသည်။

ဥရောပ အမတ်များကလည်း လာမည့် ရွေးကောက်ပွဲပေါ် ယုံကြည်မှုများ ထားရှိမိခဲ့ပါက မှားလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးမည်ဟု ပြောခဲ့သော်လည်း ကမ္ဘာ့ ခေါင်းဆောင်များကမူ အဆိုပါ ပြောကြားမှုအား သံသယ ရှိနေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အာရှ-ပစိဖိတ် ပင်လယ်ပြင် အတွင်း နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်သော အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်းသည် ဒေသတွင်း တည်ငြိမ်မှုအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်က အောက်တိုဘာလ ၁၂ ရက်နေ့တွင် သတိပေး ပြောကြားသည်။ သို့သော် ၎င်းနှင့် ရာထူးအဆင့် တူသူ တရုတ် ကာကွယ်ရေး ဝန်ကြီးက တရုတ် စစ်အင်အား ကြီးထွားလာမှုသည် ကာကွယ်ရေး အတွက်သာ ဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် သဘာဝ သံယံဇာတ ပေါကြွယ်ဝသော သို့မဟုတ် မဟာဗျူဟာ အရ အရေးပါသော ကျွန်းများနှင့် ပတ်သက်၍ အာရှ ပစိဖိတ် ဒေသမှ နိုင်ငံ အတော် များများနှင့် သဘော မတူညီမှု၊ အငြင်းပွားမှုများ ကာလ ကြာရှည်စွာ ဖြစ်ပေါ်လျက် ရှိသည်။

"နယ်မြေ ပိုင်ဆိုင်မှုနဲ့ ပင်လယ် ရေကြောင်း အသုံးပြုမှု ဆိုင်ရာ သဘော မတူညီမှုတွေ တိုးပွား လာတာဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ သာယာ စည်ပင်ရေး အတွက် ငြိမ်းခြောက်မှု တစ်ခုပါပဲ" ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်က ဆိုသည်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပ ပြုလုပ်သော အာရှ ဒေသတွင်း ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ မိန့်ခွန်း ပြောဆိုရာ၌ ရောဘတ်ဂိတ်စ်က ဒေသတွင်း ပင်လယ် ရေကြောင်းဆိုင်ရာ သဘော မတူညီမှုများကို ဖြေရှင်းရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ချဉ်းကပ်မှုအား ထောက်ခံကြောင်း ပြောဆိုသည်။ တရုတ် ကာကွယ်ရေး ဝန်ကြီး Liang Guanglie က နိုင်ငံတကာ၏ ချဉ်းကပ် ဝင်ရောက်မှုကို ဆန့်ကျင် ကန့်ကွက်သည်။ သို့သော် အမေရိကန် ရေတပ် အနေဖြင့် ပစိဖိတ် သမုဒ္ဒရာ အတွင်း သွားလာမှု မပြုဘဲ နေမည် မဟုတ်ကြောင်း ပြောဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကာကွယ်ရေး ဝန်ကြီးများ နာမည်စဉ်အလိုက် ဆွေးနွေးခဲ့ကြပြီး တရုတ်နှင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီး နှစ်ဦးမှာ မျက်နှာချင်းဆိုင် အနေအထား ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ရေတပ် အင်အား တိုးချဲ့ထားပြီး စစ်သင်္ဘော အသစ်များနှင့် ရေငုပ်သင်္ဘော အသစ်များလည်း ပိုင်ဆိုင်ထားရာ ဆွေးနွေးပွဲတွင် ပိုမို ယုံကြည်မှု ပြည့်ဝသော ပုံစံမျိုးဖြင့် ပါဝင် ဆွေးနွေးသည်။ တောင်တရုတ် ပင်လယ်ပြင် အတွင်း အမေရိကန် စစ်သင်္ဘောများ သွားလာနေခြင်းနှင့် ပင်လယ်ဝါအတွင်း အမေရိကန်နှင့် တောင်ကိုရီးယား ရေတပ်တို့ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုများ အပေါ် မကျေနပ်ကြောင်းလည်း တရုတ် ကာကွယ်ရေး ဝန်ကြီးက ထုတ်ဖော် ပြောဆိုသည်။

တရုတ် ကာကွယ်ရေး ဝန်ကြီး Ligang "တရုတ်နိုင်ငံ၏ ကာကွယ်ရေး အင်အား ဖွံ့ဖြိုး ကောင်းမွန်လာခြင်းသည် မည်သူ တစ်ဦး တစ်ယောက်ကိုမျှ ခြိမ်းခြောက်ရန် မဟုတ်ပါကြောင်း၊ သို့သော် တရုတ်ပြည် လုံခြုံရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို မြှင့်တင်ရန် ရည်ရွယ်ပါကြောင်း" ပြောဆိုသည်။

တရုတ်နိုင်ငံသည် ရေရှည် ငြိမ်းချမ်းရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် မဟာဗျူဟာ ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ထား ပါသည်ဟုလည်း ၎င်းက ဆိုသည်။

"တရုတ်ပြည်ဟာ ကာကွယ်မှု ပြုလိုတဲ့ သဘောတရား ရှိတဲ့ ကာကွယ်ရေး မူဝါဒ တစ်ရပ်ကို ကျင့်သုံးလျက် ရှိပါတယ်" ဟု ဆွေးနွေးပွဲတွင် ပြောဆိုပြီး အရှေ့တောင် အာရှ နိုင်ငံများက ဦးဆောင် ကျင်းပသည့် ကာကွယ်ရေး ဝန်ကြီးများ ဖိုရမ်၏ ရည်မှန်းချက်များကို ထောက်ခံမှု ပြုသည်ဟု ဆိုသည်။ အဆိုပါ ဖိုရမ်သည် သဘော တူညီချက်များ တည်ဆောက်ရန် အဓိက ဦးတည်ထားသည်။

တရုတ် နိုင်ငံသည် ဒေသတွင်း လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု အပေါ် အပြုသဘော ဆောင်သည့် အမြင်ရှိကြောင်း၊ ဖိုရမ်တွင် အာဆီယံကို ဗဟိုပြု ဆွေးနွေးမှု အပေါ် ကျောထောက် နောက်ခံ ပြုပါကြောင်း ပြောကြားသည်။

အာရှဒေသတွင်း သဘောထား ကွဲလွဲမှုများ အဓိက ဖြစ်ပေါ်စေသည့် အရေးကိစ္စများမှာ ပင်လယ် ရေကြောင်း သွားလာမှု ကျပ်တည်းပြီး တရုတ်၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်တို့က သူပိုင်ထိုက် ကိုယ်ပိုင်ထိုက် အငြင်းပွားနေသော ပါရာဆဲလ် နှင့် စပါတလီ ကျွန်းစု ဒေသများပင် ဖြစ်သည်။

တရုတ်က အဆိုပါ နိုင်ငံများနှင့် တစ်ဦးချင်း အပြန်အလှန် အပေးအယူ လုပ်မည့် နည်းလမ်းကို အလိုရှိသော်လည်း အာဆီယံ နိုင်ငံများက ညီညီညွတ်ညွတ် ဖြေရှင်းမည့် နည်းလမ်းကို ရွေးချယ်ထားသည်။ အဆိုပါ အငြင်းပွားမှုများတွင် ဝါရှင်တန် အစိုးရက မည်သည့် ဘက်ကမှ ဝင်ရောက် ရပ်တည်မှု မပြုပေ။ သို့သော် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းရန် တိုက်တွန်းထားသည်။

"ပူးပေါင်း လုပ်ဆောင်မှု ပါဝင်ပြီး သံတမန် ဆန်သော လုပ်ငန်းစဉ် နဲ့ နိုင်ငံတကာ ဥပဒေ နည်းလမ်းအရ ဖြေရှင်းသင့်ပါတယ်" ဟု ရောဘတ်ဂိတ်စ်က ဆိုသည်။ အမေရိကန် မူဝါဒနှင့် ပတ်သက်၍ မစ္စတာ ရောဘတ်ဂိတ်စ်က ပြောဆိုရာတွင် တောင်တရုတ် ပင်လယ်ပြင်အတွက် လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်း စည်းကမ်းများ အပေါ် အာဆီယံ နိုင်ငံများ သဘော တူညီမှု ရရှိအောင် ကြိုးပမ်းမှုအား ချီးကျူးကြောင်း ပြောဆိုသည်။ အမေရိကန် ပြည်ထောင်စု အနေဖြင့် အဆိုပါ ဆောင်ရွက်ချက်များကို အကူအညီ ပေးရန် အသင့် အနေအထားတွင် ရှိသည်ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံ၏ စစ်ရေး အင်အား ကြီးထွားလာမှုနှင့် တောင်တရုတ် ပင်လယ်ပြင် အတွင်း နယ်နိမိတ် ပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားမှု အပေါ် တင်းမာစွာ ပြုမူဆက်နေမှုကြောင့် တစ်ချိန်က (စစ်အတွင်းက) ရန်သူတော်များ ဖြစ်ခဲ့ကြသော ဗီယက်နမ်နှင့် အမေရိကန် ချစ်ကြည် ရင်းနှီးမှုကို ပိုမို ကြီးထွားလာစေသည်။ တရုတ်နိုင်ငံ၏ အစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်ရော ဗီယက်နမ် နိုင်ငံကပါ စိုးရိမ် ထိတ်လန့်နေသည်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံများက ဖိုရမ်တွင် အကြမ်းဖက် နှိမ်နင်းရေး၊ သဘောဝ ဘေးအန္တရာယ် ကာကွယ်ရေး၊ ပင်လယ် ရေကြောင်း လုံခြုံရေး၊ ငြိမ်းချမ်းမှု ရှာဖွေရေး အစရှိသည်တို့ကို ထည့်သွင်းရန် အဆို ပြုကြသည်။ အဆိုပါ ဆွေးနွေးမှုများသည် အာဆီယံ ၁၀ နိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးများနှင့် ဒေသတွင်း မိတ်ဖက်များ ဖြစ်ကြသော တရုတ်၊ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယား နှင့် အမေရိကန် ပြည်ထောင်စု အကြား ပထမဆုံး ဆွေးနွေး ဖြစ်သည့် အကြောင်းအရာများ ဖြစ်ခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် တရုတ် နိုင်ငံတို့သည် ယခင်က စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဝါရှင်တန်က ထိုင်ဝမ်သို့ စစ်လက်နက် ရောင်းချရန် စီစဉ်လိုက်ရာ တရုတ်က ဆက်ဆံမှုများ အားလုံးကို ဖြတ်တောက်လိုက်သည်။ အမေရိကန်က ထိုင်ဝမ်သို့ ရောင်းချမည့် လက်နက်များသည် အမေရိကန် ဒေါ်လာ ၆ ဘီလီယံခန့် တန်ဖိုးရှိပြီး ဒုံးခွင်း ဒုံးကျည်များလည်း ပါဝင်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 14th October 2010

သြဂုတ်လ အတွင်း တရုတ်နိုင်ငံမှ အမေရိကန် ပြည်ထောင်စုသို့ တင်သွင်းသော ကုန်စည်များ စံချိန်တင် ၀င်ရောက်လာခဲ့ပြီး နောက်တွင် အိုဘားမား အစိုးရက ဘေဂျင်းအား ငွေကြေးမူဝါဒနှင့် ပတ်သက် ဆက်လက် ဖိအား ပေးသွားမည်ဟု အိမ်ဖြူတော်က ကြာသပတေးနေ့တွင် ပြောကြားသည်။

"သမ္မတကြီး၊ ဘဏ္ဍာရေး ၀န်ကြီးနဲ့ အခြား တာဝန်ရှိသူ တွေက တရုတ်အစိုးရ စောင့်ထိန်းရမယ့် ၀တ္တရားတွေကို လိုက်နာအောင် ဆက်လက် ဖိအား ပေးသွားမယ် ဆိုတာ သံသယ ရှိစရာ မလိုပါဘူး" ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူ Robert Gibbs က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဘဏ္ဍာရေး ၀န်ကြီး Timothy Geithne ကလည်း တောင်ကိုးရီးယားတွင် ကျင်းပမည့် စက်မှု ဖွံ့ဖြိုး တိုးတက်သော နိုင်ငံများအုပ်စု G 20 ဆွေးနွေးပွဲများတွင် တရုတ်ယွမ်ငွေ ပိုမို ဖြေလျှော့ရေး၊ တိုးတက်မှု ရရှိရန် တွန်းအား ပေးမည်ဟု ပြောကြားသည်။

အမေရိကန် လွှတ်တော် အမတ်များကလည်း "ဘေဂျင်းသည် ယင်း၏ ပို့ကုန် လုပ်ငန်းကို အထောက်အကူ ဖြစ်စေရန် အတွက် ဒေါ်လာနှင့် လဲလှယ်သည့် ယွမ်ငွေ တန်ဖိုးကို တမင်တကာ ချထားခြင်းကြောင့် အမေရိကန် အလုပ်အကိုင်များ ထိခိုက် နစ်နာရသည်" ဟု စွပ်စွဲ ပြောကြားလျက် ရှိသည်။

တရုတ် နိုင်ငံမှ တင်သွင်းသော ပစ္စည်းများ သြဂုတ်လ အတွင်း မျှော်မှန်းသည်ထက် ပိုမို များပြား ခဲ့ခြင်းကြောင့် အမေရိကန် ကုန်သွယ်ရေး လိုငွေ ပြမှု ၈.၈ % တိုးကာ ဒေါ်လာ ၄၆.၄ ဘီလျံ ရှိခဲ့သည်ဟု ကြာသပတေးနေ့ အစောပိုင်းက ထုတ်ပြန်သော ကုန်သွယ်ရေး ဌာန ကိန်းကဏန်းများက ဖော်ပြနေသည်။

ကျန် ကမ္ဘာ့ နိုင်ငံများက ယင်းတို့၏ ကုန်ပစ္စည်းများကို အမေရိကန် စားသုံးသူများက ဆက်လက် ၀ယ်ယူမည် ဆိုသည့်အပေါ် ယုံကြည်နိုင်တော့မည် မဟုတ် ဆိုသည်ကို ယခု ကိန်းဂဏန်းများက သတင်း ပေးခြင်း ဖြစ်သည်ဟု Gibbs က ဆိုသည်။

အမေရိကန် အောက်လွှတ်တော်က တရုတ် နိုင်ငံအပေါ် ယင်း၏ ငွေကြေး မူဝါဒနှင့် ပတ်သက် လတ်တလော တုန့်ပြန် အရေးယူခဲ့ပြီး ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု၏ စိုးရိမ် ပူပန်မှုများကို ဘေဂျင်းက ၀ါရှင်တန် နှင့်အတူ ဖြေရှင်းခြင်း မရှိပါက အထက် လွှတ်တော်ကလည်း မကြာမီ ဆက်လက် အရေးယူ ဆောင်ရွက်မည့် လက္ခဏာ ရှိသည်။

တရုတ် ငွေကြေးအပေါ် စိုးရိမ် ပူပန်မှုကို ပြသသည့် လတ်တလော ဥပဒေ ပြဌာန်းမှုကို ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် ၂ ပါတီ စလုံးက ပါဝင် ထောက်ခံခဲ့ကြပြီး ကွန်ကရက်နှင့် အိမ်ဖြူတော်တွင်လည်း ထောက်ခံမှု ရရှိသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 14th October 2010

သံမဏိနှင့် ဘိလပ်မြေ ထုတ်လုပ်သူများ အပါအဝင် အဓိက စက်မှု လုပ်ငန်း (၉) ခုမှ တရုတ် ကုမ္ပဏီများသည် ဘဏ္ဍာငွေ ပိုမို ရှာဖွေရေး အတွက် စီစဉ်ရန် သင့်မသင့် National Development and Retorm Commission နှင့် တိုင်ပင်ညှိနှိုင်း အကြံဥာဏ် ယူရန် လိုအပ်လိမ့်မည် ဖြစ်ကြောင်း ပြည်တွင်း မီဒီယာက သောကြာနေ့က ပြောကြားလိုက်သည်။

မြေနှင့် အိမ်ရာ အခြေပစ္စည်း ကုမ္ပဏီများသည်လည်း ဘဏ္ဍာငွေ ရှာဖွေရာတွင် မြေနှင့် သယံဇာတ ဝန်ကြီးဌာနနှင့် အကြံဥာဏ်ကို တောင်းခံရန် လိုအပ်မည် ဖြစ်ကြောင်း China Securities ဂျနယ်က သတင်း ပို့ခဲ့သည်။

အမည် မဖော်လိုသူ သတင်းရင်းမြစ် တစ်ခုက ပြောရာတွင် နည်းဥပဒေ အသစ်များ၏ သက်ရောက်မှုကို ခံရမည့် စက်မှုလုပ်ငန်း (၉) ခုတွင် သံမဏိ၊ ဘိလပ်မြေ၊ ကျောက်မီးသွေး ထုတ်လုပ်ခြင်း၊ အလျူမီနီယမ်၊ သင်္ဘော ဆောက်လုပ်ခြင်း၊ လေအား အသုံးပြု ကိရိယာများ၊ ပေါ်လီ ဆီလီကွန်နှင့် ကွန်ရည်ကျို လုပ်ငန်းများ ပါဝင်သည်ဟု ဆိုသည်။

ယခု လုပ်ဆောင်မှုသည် တရုတ် အစိုးရက ငွေဖော်နိုင်မှုကို ကန့်သတ်မှုနှင့် လျင်မြန်စွာ တိုးတက်သော စီးပွားရေးကို အေးအေးဆေးဆေး ဖြစ်စေရန် လုပ်ဆောင်မှုများ အနက် တစ်ခု ဖြစ်သည်။

အိမ်ရာ ဆောက်လုပ်သူများကို ချုပ်ကိုင် နိုင်လောက်သည့် ပါဝင် ပတ်သက်မှုများ ရှိသော ကုမ္ပဏီများသည်လည်း ၎င်းတို့ ငွေတိုးမြှင့်ရန် စီစဉ်ပါက မြေယာနှင့် သယံဇာတ ဝန်ကြီးဌာန အမြင်ကို တောင်းခံရန် လိုအပ်မည် ဖြစ်ကြောင်း အဆိုပါ သတင်းစာက ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 14th October 2010

ဝန်ကြီးချုပ် ဝမ်ကျားပေါင် ဦးဆောင်သည့် စိတ်ဝင်စားဖွယ် နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး တောင်းဆိုမှုများနှင့် အတူ တရုတ် ကွန်မြူနစ် ပါတီသည် နိုင်ငံ၏ လာမည့် ၅ နှစ် စီမံကိန်းကို ဆွေးနွေးရန် အတွက် တရုတ် ကွန်မြူနစ် ပါတီက ၎င်း၏ နှစ်လည် ညီလာခံကို သောကြာနေ့တွင် စတင် ကျင်းပမည်ဟု မျှော်လင့်ရသည်။

ဗဟို ကော်မတီဝင် ၃၀၀ ခန့် အကြမ်းဖျင်း တက်ရောက်မည့် အစည်းအဝေးကို သောကြာနေ့မှ တနင်္လာနေ့အထိ ဘေကျင်းတွင် ကျင်းပမည်ဟု နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ထားသော်လည်း အထူး လျှို့ဝှက်စွာ ကျင်းပသည့် အစဉ်အလာ ရှိပြီး အစည်းအဝေး ပြီးဆုံးမှသာ အသေးစိတ်ကို ထုတ်ပြန်လေ့ ရှိသည်။

တိုင်းပြည်၏ ၂၀၁၁-၂၀၁၅ အတွက် ၅နှစ်တာ စီးပွားရေး စီမံကိန်းမှာ အစည်းအဝေး အစီအစဉ် ထိပ်ဆုံးတွင် ရှိနေမည် ဖြစ်သော်လည်း နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး ကိစ္စက စိတ်ဝင်စားစရာ အကောင်းဆုံး ကိစ္စ ဖြစ်နိုင်သည်ဟု မှန်းဆမှု ကြီးထွားနေသည်။

နိုင်ငံတော် သမ္မတနှင့် ပါတီ ဥက္ကဋ္ဌ ဟူကျင်းတောင်ထက် သဘောထား ပိုမို ပျော့ပြောင်းသည်ဟု ကျယ်ပြန့်စွာ ရှုမြင်ထားကြသော ဝန်ကြီးချုပ် ဝမ်ကျားပေါင်က နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လိုအပ်ကြောင်းနှင့် ပတ်သက်၍ ပြောရိုးပြောစဉ် မဟုတ်သော ထိရောက်သည့် သဘောထား မှတ်ချက်များ လတ်တလော ပြောကြားခဲ့ပြီးနောက် အထက်ပါ မှန်းဆမှုများ ကြီးထွားလာခြင်း ဖြစ်သည်။

အထိန်းသိမ်းခံ တရုတ် အစိုးရ ဆန့်ကျင်သူ လူကျားပေါင်က ယခင် အပတ်က တရုတ်နိုင်ငံ၏ ပထမဆုံး  ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်လာပြီးနောက် ပြုပြင်ပြောင်းလဲရေး ငြင်းခုန်မှုများ ပြင်းထန်လာသည်ဟု ရှုမြင်ကြသည်။

ယခု ကိစ္စသည် အနောက် ဒီမိုကရေစီ  ပုံသဏ္ဍာန်များကို ခေါင်းဆောင်များက ဆွေးနွေး ငြင်းခုန်ကြမည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း ဟူကျင်းတောင် သြဇာ လွှမ်းမိုးသည့် ကွန်မြူနစ် ပါတီအတွင်း ဒီမိုကရေစီ ကင်းမဲ့သည်ဟု ယူဆကာ မကျေမနပ် ဖြစ်လာမှုကို ရောင်ပြန် ဟပ်နေသည်ဟု အကဲခတ် လေ့လာသူများက ဆိုသည်။

"ဝမ်ကျားပေါင်ရဲ့ လတ်တလော ပြောကြားမှုတွေဟာ ပါတီထဲမှာ ပြုပြင် ပြောင်းလဲမှု အမြန်ဆုံး လုပ်ဖို့ မျှော်လင့်နေတဲ့ အုပ်စုတစ်စုရဲ့ အမြင်တွေကို ကိုယ်စားပြုတာပါ။ ဒါပေမယ့် ဒီအုပ်စုဟာ လောလောဆယ် ထိထိရောက်ရောက် မလုပ်နိုင်လောက်သေးပါဘူး" ဟု Chinese University of Hong Kong မှ နိုင်ငံရေး ပညာရှင် Willy Lam က ပြောကြားသည်။

Blacked out in China ဟု အမည် ပေးထားသော ယခုလ CNN အင်တာဗျူးတွင် ဝမ်ကျားပေါင်က "ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့် အတွက် တောင်းဆိုမှုများ တားဆီးမရ ဖြစ်လာလိမ့်မည်" ဟု ပြောကြားခဲ့ပြီး အလားတူ မှတ်ချက်များကို သြဂုတ်လ အတွင်းက မိန့်ခွန်းတွင်လည်း ထည့်သွင်း ပြောကြားခဲ့သည်။

ကွန်မြူနစ် ပါတီ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်ဟောင်း ၂၃ ဦးနှင့် မီဒီယာ ဦးဆောင် ပုဂ္ဂိုလ်များ ပါဝင်သော အုပ်စုက အစိုးရထံ လွတ်လပ်စွာ ပြောဆိုခွင့် တောင်းဆိုသည့် ပေးစာတွင် ရှင်းရှင်း ဘွင်းဘွင်း စကားလုံးများ သုံးစွဲ ဖော်ပြခြင်းဖြင့် ပြုပြင် ပြောင်းလဲရေး တောင်းဆိုမှုများကို အားဖြည့်ခဲ့သည်။

ပြီးခဲ့သော အပတ်က အင်တာနက်တွင် တင်ထားသော အဆိုပါ ပေးစာတွင် "ပါတီ အနေဖြင့် ပြုပြင် ပြောင်းလဲမှုကို အချိန်မီ မပြုလုပ်ပါက သဘာဝ အလျှောက် အမှည့်လွန် သေဆုံးသွားလိမ့်မည်" ဟု သတိ ပေးထားသည်။

လာမည့် ၅ နှစ် စီမံကိန်းတွင် ပို့ကုန် ဈေးကွက်အပေါ် မှီခိုမှု လျော့ကာ ပြည်တွင်း ဝယ်လိုအား အပေါ် ပိုမို မှီခိုရန် လတ်တလော တွန်းအား ပေးနေမှုနှင့် ဆင်းရဲ နွမ်းပါးသော အောက်ခြေ အဆင့်တွင် မတည်ငြိမ်မှုကို တားဆီးရန် လူမှု စောင့်ရှောက်ရေး အစီအစဉ်များ မတည်ငြိမ်မှု တို့ဖြင့် ပြန်လည် အရောင် တင်ထားသော အနည်းငယ် အံ့သြစရာ အစီအစဉ်များ ပါဝင်လိမ့်မည်ဟု မျှော်လင့်ရသည်။

ထို့အပြင် ၂၀၁၃ တွင် ဟူကျင်းတောင်နှင့် ဝမ်ကျားပေါင် တို့ကို အသီးသီး ဆက်ခံကြမည်ဟု ယူဆရသော ဒုတိယ သမ္မတ ဇီဂျင်ပင်းနှင့် ဒုတိယ ဝန်ကြီးချုပ် လိကီကျန်းတို့၏ အာဏာ ရရေး၊ လှုပ်ရှားမှု လက္ခဏာများကိုလည်း ပညာရှင်များက လေ့လာ စောင့်ကြည့်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.