Transparency Myanmar

transparency.myanmar@gmail.com

အာရှ-ပစိဖိတ် ပင်လယ်ပြင် အတွင်း နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်သော အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်းသည် ဒေသတွင်း တည်ငြိမ်မှုအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်က အောက်တိုဘာလ ၁၂ ရက်နေ့တွင် သတိပေး ပြောကြားသည်။ သို့သော် ၎င်းနှင့် ရာထူးအဆင့် တူသူ တရုတ် ကာကွယ်ရေး ဝန်ကြီးက တရုတ် စစ်အင်အား ကြီးထွားလာမှုသည် ကာကွယ်ရေး အတွက်သာ ဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် သဘာဝ သံယံဇာတ ပေါကြွယ်ဝသော သို့မဟုတ် မဟာဗျူဟာ အရ အရေးပါသော ကျွန်းများနှင့် ပတ်သက်၍ အာရှ ပစိဖိတ် ဒေသမှ နိုင်ငံ အတော် များများနှင့် သဘော မတူညီမှု၊ အငြင်းပွားမှုများ ကာလ ကြာရှည်စွာ ဖြစ်ပေါ်လျက် ရှိသည်။

"နယ်မြေ ပိုင်ဆိုင်မှုနဲ့ ပင်လယ် ရေကြောင်း အသုံးပြုမှု ဆိုင်ရာ သဘော မတူညီမှုတွေ တိုးပွား လာတာဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ သာယာ စည်ပင်ရေး အတွက် ငြိမ်းခြောက်မှု တစ်ခုပါပဲ" ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်က ဆိုသည်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပ ပြုလုပ်သော အာရှ ဒေသတွင်း ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ မိန့်ခွန်း ပြောဆိုရာ၌ ရောဘတ်ဂိတ်စ်က ဒေသတွင်း ပင်လယ် ရေကြောင်းဆိုင်ရာ သဘော မတူညီမှုများကို ဖြေရှင်းရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ချဉ်းကပ်မှုအား ထောက်ခံကြောင်း ပြောဆိုသည်။ တရုတ် ကာကွယ်ရေး ဝန်ကြီး Liang Guanglie က နိုင်ငံတကာ၏ ချဉ်းကပ် ဝင်ရောက်မှုကို ဆန့်ကျင် ကန့်ကွက်သည်။ သို့သော် အမေရိကန် ရေတပ် အနေဖြင့် ပစိဖိတ် သမုဒ္ဒရာ အတွင်း သွားလာမှု မပြုဘဲ နေမည် မဟုတ်ကြောင်း ပြောဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကာကွယ်ရေး ဝန်ကြီးများ နာမည်စဉ်အလိုက် ဆွေးနွေးခဲ့ကြပြီး တရုတ်နှင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီး နှစ်ဦးမှာ မျက်နှာချင်းဆိုင် အနေအထား ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ရေတပ် အင်အား တိုးချဲ့ထားပြီး စစ်သင်္ဘော အသစ်များနှင့် ရေငုပ်သင်္ဘော အသစ်များလည်း ပိုင်ဆိုင်ထားရာ ဆွေးနွေးပွဲတွင် ပိုမို ယုံကြည်မှု ပြည့်ဝသော ပုံစံမျိုးဖြင့် ပါဝင် ဆွေးနွေးသည်။ တောင်တရုတ် ပင်လယ်ပြင် အတွင်း အမေရိကန် စစ်သင်္ဘောများ သွားလာနေခြင်းနှင့် ပင်လယ်ဝါအတွင်း အမေရိကန်နှင့် တောင်ကိုရီးယား ရေတပ်တို့ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုများ အပေါ် မကျေနပ်ကြောင်းလည်း တရုတ် ကာကွယ်ရေး ဝန်ကြီးက ထုတ်ဖော် ပြောဆိုသည်။

တရုတ် ကာကွယ်ရေး ဝန်ကြီး Ligang "တရုတ်နိုင်ငံ၏ ကာကွယ်ရေး အင်အား ဖွံ့ဖြိုး ကောင်းမွန်လာခြင်းသည် မည်သူ တစ်ဦး တစ်ယောက်ကိုမျှ ခြိမ်းခြောက်ရန် မဟုတ်ပါကြောင်း၊ သို့သော် တရုတ်ပြည် လုံခြုံရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို မြှင့်တင်ရန် ရည်ရွယ်ပါကြောင်း" ပြောဆိုသည်။

တရုတ်နိုင်ငံသည် ရေရှည် ငြိမ်းချမ်းရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် မဟာဗျူဟာ ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ထား ပါသည်ဟုလည်း ၎င်းက ဆိုသည်။

"တရုတ်ပြည်ဟာ ကာကွယ်မှု ပြုလိုတဲ့ သဘောတရား ရှိတဲ့ ကာကွယ်ရေး မူဝါဒ တစ်ရပ်ကို ကျင့်သုံးလျက် ရှိပါတယ်" ဟု ဆွေးနွေးပွဲတွင် ပြောဆိုပြီး အရှေ့တောင် အာရှ နိုင်ငံများက ဦးဆောင် ကျင်းပသည့် ကာကွယ်ရေး ဝန်ကြီးများ ဖိုရမ်၏ ရည်မှန်းချက်များကို ထောက်ခံမှု ပြုသည်ဟု ဆိုသည်။ အဆိုပါ ဖိုရမ်သည် သဘော တူညီချက်များ တည်ဆောက်ရန် အဓိက ဦးတည်ထားသည်။

တရုတ် နိုင်ငံသည် ဒေသတွင်း လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု အပေါ် အပြုသဘော ဆောင်သည့် အမြင်ရှိကြောင်း၊ ဖိုရမ်တွင် အာဆီယံကို ဗဟိုပြု ဆွေးနွေးမှု အပေါ် ကျောထောက် နောက်ခံ ပြုပါကြောင်း ပြောကြားသည်။

အာရှဒေသတွင်း သဘောထား ကွဲလွဲမှုများ အဓိက ဖြစ်ပေါ်စေသည့် အရေးကိစ္စများမှာ ပင်လယ် ရေကြောင်း သွားလာမှု ကျပ်တည်းပြီး တရုတ်၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်တို့က သူပိုင်ထိုက် ကိုယ်ပိုင်ထိုက် အငြင်းပွားနေသော ပါရာဆဲလ် နှင့် စပါတလီ ကျွန်းစု ဒေသများပင် ဖြစ်သည်။

တရုတ်က အဆိုပါ နိုင်ငံများနှင့် တစ်ဦးချင်း အပြန်အလှန် အပေးအယူ လုပ်မည့် နည်းလမ်းကို အလိုရှိသော်လည်း အာဆီယံ နိုင်ငံများက ညီညီညွတ်ညွတ် ဖြေရှင်းမည့် နည်းလမ်းကို ရွေးချယ်ထားသည်။ အဆိုပါ အငြင်းပွားမှုများတွင် ဝါရှင်တန် အစိုးရက မည်သည့် ဘက်ကမှ ဝင်ရောက် ရပ်တည်မှု မပြုပေ။ သို့သော် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းရန် တိုက်တွန်းထားသည်။

"ပူးပေါင်း လုပ်ဆောင်မှု ပါဝင်ပြီး သံတမန် ဆန်သော လုပ်ငန်းစဉ် နဲ့ နိုင်ငံတကာ ဥပဒေ နည်းလမ်းအရ ဖြေရှင်းသင့်ပါတယ်" ဟု ရောဘတ်ဂိတ်စ်က ဆိုသည်။ အမေရိကန် မူဝါဒနှင့် ပတ်သက်၍ မစ္စတာ ရောဘတ်ဂိတ်စ်က ပြောဆိုရာတွင် တောင်တရုတ် ပင်လယ်ပြင်အတွက် လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်း စည်းကမ်းများ အပေါ် အာဆီယံ နိုင်ငံများ သဘော တူညီမှု ရရှိအောင် ကြိုးပမ်းမှုအား ချီးကျူးကြောင်း ပြောဆိုသည်။ အမေရိကန် ပြည်ထောင်စု အနေဖြင့် အဆိုပါ ဆောင်ရွက်ချက်များကို အကူအညီ ပေးရန် အသင့် အနေအထားတွင် ရှိသည်ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံ၏ စစ်ရေး အင်အား ကြီးထွားလာမှုနှင့် တောင်တရုတ် ပင်လယ်ပြင် အတွင်း နယ်နိမိတ် ပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားမှု အပေါ် တင်းမာစွာ ပြုမူဆက်နေမှုကြောင့် တစ်ချိန်က (စစ်အတွင်းက) ရန်သူတော်များ ဖြစ်ခဲ့ကြသော ဗီယက်နမ်နှင့် အမေရိကန် ချစ်ကြည် ရင်းနှီးမှုကို ပိုမို ကြီးထွားလာစေသည်။ တရုတ်နိုင်ငံ၏ အစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်ရော ဗီယက်နမ် နိုင်ငံကပါ စိုးရိမ် ထိတ်လန့်နေသည်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံများက ဖိုရမ်တွင် အကြမ်းဖက် နှိမ်နင်းရေး၊ သဘောဝ ဘေးအန္တရာယ် ကာကွယ်ရေး၊ ပင်လယ် ရေကြောင်း လုံခြုံရေး၊ ငြိမ်းချမ်းမှု ရှာဖွေရေး အစရှိသည်တို့ကို ထည့်သွင်းရန် အဆို ပြုကြသည်။ အဆိုပါ ဆွေးနွေးမှုများသည် အာဆီယံ ၁၀ နိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးများနှင့် ဒေသတွင်း မိတ်ဖက်များ ဖြစ်ကြသော တရုတ်၊ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယား နှင့် အမေရိကန် ပြည်ထောင်စု အကြား ပထမဆုံး ဆွေးနွေး ဖြစ်သည့် အကြောင်းအရာများ ဖြစ်ခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် တရုတ် နိုင်ငံတို့သည် ယခင်က စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဝါရှင်တန်က ထိုင်ဝမ်သို့ စစ်လက်နက် ရောင်းချရန် စီစဉ်လိုက်ရာ တရုတ်က ဆက်ဆံမှုများ အားလုံးကို ဖြတ်တောက်လိုက်သည်။ အမေရိကန်က ထိုင်ဝမ်သို့ ရောင်းချမည့် လက်နက်များသည် အမေရိကန် ဒေါ်လာ ၆ ဘီလီယံခန့် တန်ဖိုးရှိပြီး ဒုံးခွင်း ဒုံးကျည်များလည်း ပါဝင်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment