The Jakata Post, 30th July 2010
ယခင် အပတ် ဟနွိုင်းတွင် ကျင်းပသည့် ၄၃ ကြိမ်မြောက် အာဆီယံ ဝန်ကြီးများ အစည်းအဝေး၏ ရလဒ်များပေါ်တွင် အခြေပြုကာ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ် ဆူဝမ်က "အာဆီယံသည် ၎င်း၏ ဗဟိုအချက်အချာကျမှုကို ပြန်လည်ရရှိခဲ့ပြီ'' ဟု ပြောကြားလိုက်သည်။ "ကမ္ဘာကြီးက အာဆီယံကို ပြန်ဦးလှည့်နေပါပြီ" ဟု ၎င်းက ဆိုသည်။
"အာဆီယံနဲ့ ဒေသတစ်ခုလုံး အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းဟာ သူတို့ရဲ့ အမြင်တွေ ဖလှယ်ဖို့အတွက်၊ သူတို့ရဲ့ တိုင်းပြည် အစီအစဉ်၊ သူတို့ရဲ့ နိုင်ငံတကာ အစီအစဉ် စတဲ့ သူတို့အတွက် အရေးကြီးတဲ့ ကိစ္စတွေအပေါ် တိုင်ပင် ဆွေးနွေးကြဖို့ အတွက် အာဆီယံ စင်မြင့်ကို ပြန်ဦးလှည့်လာကြပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။
အရှေ့ အာရှ ထိပ်သီး ညီလာခံ EAS သို့ တက်ရောက်ရန် စိတ်ဝင်စားကြောင်း အမေရိကန် ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့က ထုတ်ဖော် ပြောဆိုမှုကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ယခင် အပတ် အစည်းအဝေးတွင် ကြိုဆိုလိုက်ကြပြီး ဒေသ၏ စွမ်းဆောင်ရည် ကြီးထွားလာမှုကြောင့် ကမ္ဘာ့ အင်အားကြီး နိုင်ငံများ၏ အလေးထားမှုနှင့် ပါဝင် ပတ်သက်မှု တို့ကို ဆွဲဆောင်နိုင်သည်ကို ပြသခဲ့ကြသည်ဟု အာဆီယံ အကြီးအကဲက ဆိုသည်။
ယခင် အပတ်က ဟနွိုင်း အစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တက်ရောက်ခဲ့ပြီး အောက်တိုဘာလတွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီး ညီလာခံ သို့လည်း ထိပ်သီး ခေါင်းဆောင်များ လေ့လာသူအဖြစ် တက်ရောက်ကြမည်ဟု ဆိုသသည်။
ဟနွိုင်း အစည်းအဝေးတွင် ကနေဒါနှင့် တူရကီတို့ကလည်း အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်TAC ကို သဘောတူ လက်ခံခြင်းဖြင့် အာဆီယံနှင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားကြရန် စိတ်ဝင်စားမှုကို ပြသခဲ့ကြသည်။ TAC ကို ပြင်ဆင်သည့် တတိယ အကြိမ် ညှိနှိုင်းမှုကိုလည်း ကြိုးကြိုးစားစား ပြုလုပ်နိုင်ခဲ့ပြီး အချုပ်အချာ ပိုင်နိုင်ငံများ အဖွဲ့ဝင် အဖြစ်ပါဝင်သော ဒေသတွင်း အဖွဲ့အစည်းများ ပါဝင်လာမှုကို ခွင့်ပြုကာ ၂၀၁၀တွင် TAC သို့ ဥရောပ သမဂ္ဂ ပါဝင်လာရန် လမ်းကြောင်း ဖော်နိုင်ခဲ့သည်။
အာဆီယံ ဆိုင်ရာ အင်ဒိုနီးရှား အမြဲတမ်း ကိုယ်စားလှယ် Ngurah Swajaya က "အာဆီယံသည် ၂၀၀၈ အာဆီယံ ပဋိဥာဉ် စာတမ်း မူကြမ်း ရေးဆွဲရာတွင် အီးယူ ပါဝင်ခြင်းမှ တဆင့် အီးယူနှင့် ရင်းနှီးစွာ ဆက်ဆံမှုကို တိုးတက်စေခဲ့ပြီး၊ အတွေ့အကြုံများ၊ အကောင်းဆုံး ကျင့်သုံးမှု ပုံစံများ၊ ရရှိထားသော သင်ခန်းစာများကို မျှဝေခြင်းမှ တဆင့် အဆိုပါ ဆက်ဆံရေးကို ဆက်လက် တည်ဆောက်နိုင်ခဲ့သည်'' ဟု ပြောကြားသည်။
တစ်နှစ် ၂ ကြိမ် ပြုလုပ်မည့် အာရှ-ဥရောပ အစည်းအဝေးကို ဘရပ်ဆယ်တွင် ယခုနှစ် အောက်တိုဘာလ၌ ကျင်းပရန် စီစဉ်ထားပြီး အီးယူနှင့် အာဆီယံ အကြား ဆက်ဆံရေး အပေါ် အဓိက အာရုံစိုက် ဆွေးနွေးကြမည့် လက္ခဏာ ရှိသည်။
ယခင် အပတ်က ဟနွိုင်းတွင် ဒေသတွင်း လုံခြုံရေး အပေါ် ဆွေးနွေးကြရာတွင် ကိုးရီးယားကျွန်းဆွယ်နှင့် တောင်တရုတ် ပင်လယ် ကိစ္စများကလည်း သိသိသာသာ လွှမ်းမိုးခဲ့သည်။
"ကိုးရီးယား ကျွန်းဆွယ် တင်းမာမှုများ အပေါ် စိုးရိမ် ပူပန်မှုဟာ နိုင်ငံတိုင်းနဲ့ သက်ဆိုင်ပြီး ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေသလို ကမ္ဘာကြီး တည်ငြိမ်ရေးနဲ့လည်း အကြုံးဝင်နေပါတယ်'' ဟု ဆူရင်ပစ်က ဆိုသည်။
ယင်းကဲ့သို့ ပဋိပက္ခ ကြီးထွားမှုများက ဒေသတွင်း တည်ငြိမ်မှုနှင့် လုံခြံမှု အပေါ် မခြိမ်းခြောက်နိုင်စေရန် နိုင်ငံများအကြား တင်းမာမှုနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများ အတွက် ဖိုရမ် ကျင်းပရန် အာဆီယံ ကဲ့သို့သော အဖွဲ့အစည်းများတွင် တာဝန်ရှိသည်ဟု ၎င်းကပြောကြားခဲ့သည်။
တောင်တရုတ် ပင်လယ် စီမံခန့်ခွဲမှု ဆိုင်ရာ ဒေသတွင်း ဥပဒေ စည်းကမ်း COC ထွက်ပေါ်ရေးနှင့် သက်ဆိုင်သည့် စေ့စပ်ညှိနှိုင်းမှုများမှာလည်း ဆွေးနွေးနေဆဲ အဆင့်တွင် ရှိသည်။
အင်ဒိုနီးရှား ပိုင်နက်၏ အနောက်မြောက် စွန်းစွန်း အကျော်လေးတွင် ရှိနေသော တောင်တရုတ် ပင်လယ်တွင် အမေရိကန်နှင့် တရုတ်တို့၏ အကျိုးစီးပွားချင်း ထိပ်တိုက် တိုးမိကြသည့် အချိန်တွင် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အင်အားကြီး ၂ နိုင်င့ အကြားမှ သြဇာ လွှမ်းမိုးရေး စစ်ပွဲ အတွင်း ရုတ်တရက် ကျရောက်သွားခဲ့သည်။
၂၀၁၅ တွင် အာဆီယံ အပြည့်အဝ ပေါင်းစည်းရေး အလားအလာနှင့် ပတ်သက်၍ အကဲခတ်များက သံသယရှိ နေကြသော်လည်း ပန်းတိုင် အရောက်သွားမည့် အာဆီယံ၏ ပိုင်းဖြတ်ထားမှုကို ဆူရင်ပစ်ဆူဝမ် က ထပ်မံ အတည်ပြုလိုက်ပြီး ၂၀၀၈ ပဋိပက္ခ စာတမ်း စတင် မိတ်ဆက်ပြီးနောက်ပိုင်း ဒေသတွင်း စီးပွားရေး အောင်မြင်မှုများကို ချီးကျူး ဂုဏ်ပြုလိုက်သည်။
အာဆီယံ ခြောက်နိုင်ငံတွင် အခွန် ကောက်ခံမှု သုည အဆင့်သို့ ရောက်ရှိသော ပြုလုပ် အောင်မြင်ခဲ့မှုကို ၎င်းက ထောက်ပြခဲ့ပြီး လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများတွင် အခွန်ကောက်ခံမှု မှန်မှန် လျှော့ချနေခြင်းမှာ ကြီးမားသော ဒေသတွင်း ပေါင်းစည်းမှုကို ဦးတည်နေသည့် တိုးတက်မှု လက္ခဏာပင် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ငွေကြေး အကျပ်အတည်း ကာလအတွင်း အာဆီယံ နိုင်ငံများကို အထောက်အကူ ပေးခဲ့သည့် IMF ကဲ့သို့ အဖွဲ့အစည်းများက ၎င်းတို့၏ ပံ့ပိုးမှုအားကို လျှော့လိုက်ချိန်တွင် အာဆီယံ အတွက် ဒေါ်လာ သန်း ၇၀၀ အာမခံ ရန်ပုံငွေ တစ်ရပ် ထူထောင်နိုင်ခဲ့သည့် အတွက် ဒေသတွင်း စီးပွားရေး ကြီးမားထွားမှုကို မြှင့်တင်ရန် မျှော်လင့်နိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စမှာလည်း အာဆီယံ၏ လမ်းစဉ်တွင် ခက်ခဲသည့် အဆင့်တစ်ခု ဖြစ်နေသည်။ ယခင်အပတ် ဟနွိုင်း အစည်းအဝေးတွင် အာဆီယံ ဝန်ကြီးများက မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများ လွပ်လပ်၊ မျှတ၍ အများနှင့် သက်ဆိုင်မှုရှိ စေရန် မျှော်လင့်ထားမှုကို ထုတ်ဖော် ပြောကြားခဲ့ကြရာ အဆိုပါ ရည်မှန်းချက် အောင်မြင်ရေး အတွက် အာဆီယံ ကုလသမဂ္ဂ အဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် မြန်မာအစိုးရကို တိုက်တွန်းခဲ့ကြသည်။
သို့သော်လည်း မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများ ကျင်းပပုံကို စောင့်ကြည့် လေ့လာရေးတွင် အာဆီယံ တိုက်ရိုက်ပါဝင် ပတ်သက်မည့် မည်သည့် အစီအစဉ်ကိုမျှ ကြေညာခဲ့ခြင်းမရှိပါ။
ထို့အပြင် မြန်မာနိုင်ငံမှ လူသားချင်း စာနာသော လုပ်ငန်းများကို ယခုလကုန် နောက်ဆုံးထား၍ အဆုံးသတ်ရန် အာဆီယံ ဝန်ကြီးများက သဘောတူခဲ့ကြသည်။ ရွေးကောက်ပွဲ ကာလ မတိုင်မီ နိုင်ငံတွင်းမှ အာဆီယံ အဖွဲ့ မှန်သမျှ ဖယ်ရှားပေးရန် မြန်မာ အစိုးရက တောင်းဆိုထားခြင်းကြောင့် ဖြစ်သည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.