Transparency Myanmar

transparency.myanmar@gmail.com

တောင်အာဖရိက နိုင်ငံတွင် ကျင်းပသော ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် မြောက်ကိုရီးယား အသင်း ကောင်းမွန်စွာ ခြေစွမ်း မပြနိုင်ခဲ့သောကြောင့် ပြုံးယမ်း ကွန်မြူနစ် အစိုးရက အသင်းနည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ Kim Jong-hun အား နည်းပြရာထူးမှ ထုတ်ပယ် လိုက်ရုံသာမက အလုပ်သမားပါတီမှပါ ထုတ်ပယ်ကာ ဆောက်လုပ်ရေး အလုပ်ကြမ်းသမား အဖြစ် လုပ်ကိုင်စေခဲ့ကြောင်း စုံစမ်းသိရှိရသည်။ Kim Jong-hun ကို လူသိရှင်ကြား ကဲ့ရဲ့ ရှုတ်ချပြီး ယင်းသို့ အလုပ်ကြမ်း သမားအဖြစ် လုပ်ကိုင်ရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထိုမျှ မကသေးဘဲ မစ္စတာ Kim Jong-hun သည် မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ သားအဖြစ် ရိုးတိုးရိပ်တိတ် ပြောဆိုခံရသူ ဗိုလ်ချုပ်ကြီး Kim Jong-un အပေါ် သစ္စာဖောက်သူအဖြစ် စွပ်စွဲ ပြောဆိုခံထားရသည့် အတွက် ကွပ်မျက်ခံရကောင်း ခံရနိုင်သည် ဟူ၍ စိုးရိမ် မကင်းမှုများ ဖြစ်ပေါ်လျက် ရှိသည်။

Daily Express သတင်းစာ အဆိုအရ မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရသည် လတ်တလော ကာလများအတွင်း ထိပ်ပိုင်း ခေါင်းဆောင် နှစ်ဦးကို ကွပ်မျက် သုတ်သင်ခဲ့သည်ဟု သိရသည်။ ကွပ်မျက်ခံရသူ တစ်ဦးမှာ လွဲမှားသော ငွေကြေးပြုပြင် ပြောင်းလဲမှု ပေါ်လစီ ချမှတ်ခဲ့သူ ဖြစ်ပြီး ကျန်တစ်ဦးမှာ တောင်ကိုရီးယား နိုင်ငံနှင့် သံတမန်အရ ဆွေးနွေးမှုများ ပြုလုပ်ရာတွင် တာဝန်ရှိသူ ဖြစ်သည်။

မြောက်ကိုရီးယား အသင်းသည် ၂၀၁၀ ကမ္ဘာ့ဖလား အုပ်စု ပတ်လည် ပြိုင်ပွဲများ အတွင်း ဘရာဇီးအသင်းကို ၂ ဂိုး ၁ ဂိုး ဖြင့်ရှုံးနိမ့်ခဲ့စဉ်က စိတ်ဓာတ် ကြံ့ခိုင်သော အသင်းအဖြစ် ချီးမွမ်း ပြောဆိုခံခဲ့ရသည်။ အဆိုပါ ဘရာဇီးအသင်းနှင့် ယှဉ်ပြိုင်ရာတွင် ပြသခဲ့သော စိတ်ဓာတ် ကြံ့ခိုင်မှုကို ထောက်ခံ အားပေးသည့် အနေဖြင့် သက်ဦးဆံပိုင် ဆန်သော ကွန်မြူနစ် ခေါင်းဆောင် အစိုးရက အုပ်စုပတ်လည် ဒုတိယမြောက်ပွဲဖြစ်သည့် ပေါ်တူဂီအသင်းနှင့် ယှဉ်ပြိုင်သည့် ပွဲစဉ်ကို တိုက်ရိုက် ထုတ်လွှင့်ပြသ ခဲ့ပေးခဲ့သည်။

သို့သော် ကံမကောင်း အကြောင်း မလှစွာပင် မြောက်ကိုရီးယား အသင်းသည် ပေါ်တူဂီအသင်းကို ၇ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည်။ နောက်တစ်နေ့ထုတ် သတင်းစာများတွင်
မြောက်ကိုရီးယားက ပေါ်တူဂီအပေါ် ရှုံးနိမ့်ခဲ့ရသည့် သတင်းများ ရေးသားခြင်း လုံးဝ မရှိခဲ့ပေ။

မြောက်ကိုရီးယား အသင်းမှာ နောက်ဆုံးပွဲစဉ် ဖြစ်သော အိုင်ဗရီကို့စ်နှင့် ယှဉ်ပြိုင်သည့် ပွဲတွင် သုံးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက် ကမ္ဘာ့ဖလားမှ ထွက်ခဲ့ရသည်။ အုပ်စုပွဲမျှနှင့် ရှုံနိမ့်ကာ အိမ်ပြန်လာသော မြောက်ကိုရီးယား အမျိုးသား ဘောလုံးအသင်းသား များမှာ ပြည်သူ့ယဉ်ကျေးမှု ဇာတ်ရုံ စင်မြင့်ပေါ်တွင် ခြောက်နာရီ တာမျှ မတ်တပ်ရပ် ခိုင်းစေ ခံခဲ့ရရုံသာမက ကွန်မြူနစ် ပါတီအရာရှိများ၊ အားကစား သမားများ၊ ကျောင်းသားများ ပါဝင်သည့် ပရိသတ် ၄၀၀ ခန့်၏ လှောင်ပြောင် သရော် ရှုတ်ချခြင်းလည်း ခံခဲ့ရသည်။

www.newkerala.com မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment