Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၈.၂.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. မြန်မာဆီးဂိမ်းကို သပိတ်မှောက်ရန် ဖိလစ်ပိုင်အားကစားကော်မရှင် လေလံပစ်
  2. တရုတ်၏ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုအတွက် စိန်ခေါ်မှုများ

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာဆီးဂိမ်းကို သပိတ်မှောက်ရန် ဖိလစ်ပိုင်အားကစားကော်မရှင် လေလံပစ်

(ABS –CBN News မှ 10 feb 2013 ရက်စွဲပါ “PSC hints at boycott of Myanmar SEA Games” သတင်းကို ဘာသာပြန်ဆိုပါသည်)Photo Credit by Facebook

ဖိလစ်ပိုင်အားကစားကော်မရှင်ဥက္ကဋ္ဌ ရစ်ချီဂါဆီယာ အနေဖြင့် မြန်မာတို့ ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲကျင်းပရန် ပြင်ဆင်နေသည့် နည်းလမ်းအား စိတ်ပျက်လက်ပျက် ဖြစ်မှုကို ဖုံးကွယ်ထားခြင်း မပြုနိုင်တော့ပေ။

မြန်မာနိုင်ငံသည် လာမည့်ဒီဇင်ဘာတွင် ကျင်းပမည့် ဆီးဂိမ်းအားကစားပွဲတွင် သေချာပေါက် အဆင့်မြင့်မြင့် ရနိုင်အောင် ကြိုးစားနေသည်ဟု ဖိလစ်ပိုင်အစိုးရ အားကစားဌာနအကြီးအကဲက ပြောကြားလိုက်ပါသည်။

ပြီးခဲ့သော ၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းတွင် မြန်မာနိုင်ငံ၏ အထက်မှ နံပါတ် (၆) အဆင့်ချိတ်ခဲ့သော ဖိလစ်ပိုင် အနေဖြင့် ယခုအခါ လှေကားမှပြုတ်ကျတော့မည့် ကြီးကြီးမားမားအန္တရာယ်ရှိနေပြီဟု ဂါဆီယာ ကဆိုပါသည်။

အားကစားနည်း ၆၀ ခန့်အနက် အချို့နိုင်ငံများ လက်တွေ့ကျကျ အကျွမ်းမဝင်သော အားကစားနည်း များအား မြန်မာနိုင်ငံက ထည့်သွင်းထားခြင်းအပေါ် စိတ်အနှောင့်အယှက်ဖြစ်နေသော ဂါဆီယာက “ဒီလိုသာဆိုရင် ကျွန်တော်တို့ အဆင့် (၇) နဲ့ပဲ အဆုံးသတ်ရတော့မှာပါ။ အဆင့် (၈) မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားသည်။

ထို့အပြင် ကြက်တောင်၊ မြက်ခင်းပြင်တင်းနစ်၊ သဲသောင်ပြင် ဘော်လီဘော စသော အိုလံပစ် အားကစားနည်းများကို ပယ်ဖျက်၍ ဗိုဗီနမ်နှင့် ကမ်ပိုကဲ့သို့သော သိုင်းကစားနည်းများကို ထည့်သွင်းခဲ့သည့် မြန်မာနိုင်ငံ၏ ဆုံးဖြတ်ချက်ကိုလည်း ဂါဆီယာ ကပြစ်တင်ဝေဖန်လိုက်ပါသည်။

“ပြိုင်ပွဲ၌ အိမ်ရှင်တို့ အားသာသော ရိုးရာကစားနည်းများကို ထည့်သွင်းခြင်းသည် အမှားအယွင်း တစ်ခုမဟုတ်သော်လည်း ဆုတံဆိပ်ရရှိမှုအနေအထားကို ကြီးမားစွာ ထိခိုက်စေလောက်အောင် မများသင့်” ဟု ဂါဆီယာ ကမှတ်ချက်ပေးသည်။

             ဖိလစ်ပိုင်အနေဖြင့် ပြိုင်ပွဲဝင်သည် ဆိုရုံမျှသာအားကစားအဖွဲ့ကို စေလွှတ်ရန် စဉ်းစားဖို့ကောင်းနေပြီဟု ဂါဆီယာက ပြောကြားသည်။ ၂၀၁၁ ဆီးဂိမ်းတွင် ဖိလစ်ပိုင်တို့ အနိုင်ရရှိသော အားကစားနည်း ၃၆ မျိုးအနက် ၁၆ မျိုးခန့်မှာ ၂၀၁၃ မြန်မာဆီးဂိမ်းတွင် ပါဝင်ခြင်းမရှိဟု သိရှိရသည်။

“ဆီးဂိမ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျွန်တော်တို့ ပြင်ဆင်ဖို့လိုနေပါပြီ။ ဆုတံဆိပ်ရရှိမှုဇယားကို မထိခိုက်စေမယ့် သရုပ်ပြအားကစားနည်းအချို့နဲ့ အိုလံပစ်အားကစားနည်း စစ်စစ်တွေကိုပဲ ထည့်သွင်းကျင်းပဖို့ ကျွန်တော်တို့ အခိုင်အမာတောင်းဆိုရပါလိမ့်မယ်။” ဟု၎င်းကပြောကြားသည်။

ပုံပျက်ပန်းပျက်ဖြစ်နေသော ၂၀၁၃ ဆီးဂိမ်းကို တရားဝင် ဆန္ဒပြကန့်ကွက်ရန် ဖိလစ်ပိုင်အားကစား တာဝန်ရှိသူများကို တိုက်တွန်းနေသည်ဟု သတင်းထွက်နေသူ ဂါဆီယာက “ဆုတံဆိပ်ရရှိမှုဇယားကို မထိခိုက်မယ့် ဗိုဗီနမ်သိုင်းကစားနည်းကနေ သူတို့ (မြန်မာနိုင်ငံ) တံဆိပ်များများရနိုင်ပါတယ်” ဟု ပြောကြားသည်။

“ဒီကိစ္စမှာ ကျွန်တော်တို့ ခိုင်ခိုင်မာမာ ရပ်တည်ရပါလိမ့်မယ်။ ဒီလိုလုပ်လို့ ဆီးဂိမ်းအဖွဲ့ချုပ်ကနေ ထုတ်ပယ်ခံရမယ်ဆိုရင်တောင် လုပ်ရမှာပါပဲ။ ကျွန်တော်တို့ ပြတ်ပြတ်သားသားရပ်တည်ရမယ့် အချိန်ရောက် နေပါပြီ” ဟု ဂါဆီယာက ဆက်လက်ပြောဆိုသည်။

ဖိလစ်ပိုင် အားကစားအဖွဲ့ကို ဖိလစ်ပိုင် အားကစားကော်မရှင်က ငွေကြေးထောင်ပံ့ရမည်ဖြစ်ရာ ရွှေတံဆိပ်ရနိုင်သော အခွင့်အရေးမရှိပဲ ပြည်သူ့ပိုက်ဆံကို ဖြုန်းတီးရာ ရောက်မည်ဟု ဂါဆီယာက ယူဆနေသည်။

မြန်မာနိုင်ငံသို့ အားကစားသမား ၅၀ ဝန်းကျင်ဖြင့် ကိုယ်စားလှယ်သဘောမျှသာ စေလွှတ်ရေး အကြံဥာဏ်ကို ပထမဆုံးထုတ်ဖော်သူမှာ ဂါဆီယာ ဖြစ်ပါသည်။

“ကျွန်တော်တို့ ကန့်ကွက်တယ်ဆိုတာကို ပြဖို့၊ အရာရာမအိုကေပါဘူး ဆိုတာကိုပြဖို့အတွက် ရွှေရနိုင်တဲ့ အားကစားသမား ၅၀ လောက်ကိုပဲ လွှတ်လို့ရပါတယ်။ ဒီလိုသဘောလောက်ပဲ စေလွှတ်မယ် ဆိုရင်တောင် ရွှေတံဆိပ် ၂၀ လောက်တော့ ကျွန်တော်တို့ ကံကောင်းစွာရနိုင်ပါသေးတယ်” ဟု ဂါဆီယာ ပွင့်ပွင့် လင်းလင်း ပြောဆိုသွားသည်။

မြန်မာပြည်တွင်းမှာ အကဲခတ်လေ့လာသူအချို့က “ဘက်မလိုက်တမ်း ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ဆီးဂိမ်းလိုပြိုင်ပွဲမျိုးမှာ အိုလံပစ် အားကစားနည်းမဟုတ်တဲ့ ဒေသခံကစားနည်း တွေကို ထည့်သွင်းပြီး ဆုတံဆိပ်များများရအောင် ကြိုးစားတဲ့ ကိစ္စဟာ ဂုဏ်ယူစရာ ကိစ္စမဟုတ်ပါဘူး။ ရှက်စရာကောင်းတဲ့ ကိစ္စပါ။ တစ်ချို့ အိမ်နီးချင်းနိုင်ငံတွေမှာ လုပ်နေရင်တောင် ကျွန်တော်တို့ မြန်မာနိုင်ငံက လိုက်မလုပ်ပဲ ရှောင်ရှားရမှာပါ။ မြန်မာတာဝန်ရှိသူတွေကို အချိန်မှီပြင်ဆင်သင့်ပါတယ်” ဟု သုံးသပ်ပြောကြား သည်။

“ဒါဟာ အရည်အသွေးထက် အရေအတွက်ကိုသာ ဦးစားပေးတက်တဲ့ အစိုးရဟောင်းရဲ့ အိုင်ဒီယာ အလွဲတွေပါ” ဟု ၎င်းတို့က မှတ်ချက်ပေးကြသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

တရုတ်၏ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုအတွက် စိန်ခေါ်မှုများ

(6 February 2013 ရက်စွဲပါ Financial Times မှ David Pilling ရေးသားသော Challenges to China’s influence in Myanmar ဘာသာပြန်ဆိုသည်)Photo Credit by AP

လာမည့်မေလတွင် တရုတ်နိုင်ငံ၏ ပထဝီတွင် အထူးအဆန်းဖြစ်ဦးတော့မည် ဖြစ်ပါသည်။ တိုက်ကြီး တစ်တိုက်နီးပါး ကြီးလှသော တရုတ်ပြည်သည် စွမ်းအင်နှင့် ပတ်သက်၍ တိုးတက်လှပြီး အရှေ့ဖက် ကမ်းရိုးတန်းမှ မြို့ကြီးများကိုသာ အာရုံပြုလေ့ရှိသော်လည်း ယခုအခါ အနောက်ဖက်ပင်လယ်မှ တစ်ခုခု ရရှိမည်ဖြစ်ပါသည်။

ကီလိုမီတာ ၈၀၀ ရှည်သော ဓါတ်ငွေ့ပိုက်လိုင်းသည် ဘင်္ဂလားပင်လယ်အော်မှ မြန်မာနိုင်ငံကို ဖြတ်၍ ယူနန်ပြည်နယ် မြို့တော်ကူမင်းသို့ ဆက်သွယ်ပေးမည် ဖြစ်ပါသည်။ နောက်နှစ်တွင် ထိုလမ်းကြောင်းအတိုင်း ရေနံပိုက်လိုင်းပြီးစီးမည် ဖြစ်ပါသည်။ ကားလမ်းနှင့် ရထားလမ်းလည်း ပါဝင်လာမည်ဖြစ်ပါသည်။

တရုတ်သည် အတ္တလန်တိတ် နှင့် ပစိဖိတ်နှစ်ခုစလုံးကို ရရှိထားသော အမေရိကန်နှင့် အတူတူ ဒုတိယ ကမ်းရိုးတန်းတစ်ခုကို အမှန်တကယ်ရရှိခြင်း မရှိပေ။ သို့သော် အကောင်းဆုံးအရာကိုတော့ ရရှိမည် ဖြစ်ပါ သည်။ “တရုတ်အနေနဲ့ အမေရိကန်က ကယ်လီဖိုးနီးယားကို ကိုယ့်ပြည်တွင်းက ပြည်နယ်က ပင်လယ် ထွက်ပေါက်ပိုင်ဆိုင်ထားရတာမျိုးတော့ မရပါဘူး” ဟု မြန်မာအစိုးရအကြံပေးနှင့် စာရေးဆရာ ဦးသန်းမြင့်ဦး ကပြောပါသည်။

ဦးသန်းမြင့်ဦး၏ မြန်မာနိုင်ငံ ပထဝီဝင်နိုင်ငံရေး အရေးပါမှုအကြောင်း ရေးသားသော In Where China meets India စာအုပ်တွင် ပိုက်လိုင်းသည် Beijing ၏ သမုဒ္ဒရာနှစ်ခုမူဝါဒအတွက် မှတ်တိုင်တစ်ခုဖြစ်ကြောင်း ရေးသားထားပါသည်။ ထို့အတူ သြဇာရှိသော အမေရိကန်စာရေးဆရာ Robert Kaplan ကလည်း တရုတ်၏ အိန္ဒိယသမုဒ္ဒရာတွင် ခြေချနိုင်အောင် လုပ်ဆောင်နိုင်သော အရည်အချင်းသည် ကမ္ဘာ့စစ်ရေးအရ အင်အားကြီး နိုင်ငံဖြစ်လာမည်လော သို့မဟုတ် ပစိဖိတ်တွင်ပင် ဒေသတွင်း အင်အားကြီးနိုင်ငံအဖြစ် ရှိနေမည်လော ဆိုသည်ကို အဆုံးအဖြတ်ပေးမည်ဟု ငြင်းချက်ထုတ်ပါသည်။

အနောက်ကမ္ဘာသည် နှစ်ပေါင်းများစွာ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဘောင်အတွင်းမှသာ ရှုမြင်ခဲ့ကြပါသည်။ ထိုအကြောင်းကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည် ကို စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့သည်။ နင်းပြား ဖြစ်နေသော မြန်မာလူမျိုးသန်း (၆၀) အတွက် အရေးပါလှပါသည်။ သို့သော အာရှ၏ မဟာဗျူဟာအရ အရေးပါဆုံးနိုင်ငံတစ်ခု ဖြစ်သော မြန်မာနိုင်ငံတွင် လူသိသိပ်မများသော အငြင်းပွားဖွယ် အရေးကြီးသည် ကြိုးပမ်းခဲ့ရမှုလေးများလည်း ရှိပါသည်။

အိန္ဒိယသမုဒ္ဒရာသို့လမ်းကြောင်း

တရုတ်အနေဖြင့်အိန္ဒိယ သမုဒ္ဒရာနှင့် ဆက်သွယ်၍ ပိုက်လိုင်းဆောက်လုပ်ရန် မည်သို့မည်ပုံ ဖြစ်လာရသနည်း ဆိုသည်ကို ပြန်ပြောင်းပြောရမည် ထင်ပါသည်။ မြန်မာနိုင်ငံသည် ၁၉၉၀ ခုနှစ်များက ကမ်းလွန်မှ ဓါတ်ငွေ့အချို့ကို ပြင်သစ်၏ Total မှ ဆောက်သော ပိုက်လိုင်းဖြင့် ထိုင်းနိုင်ငံသို့ စတင်ပို့လွှတ်ခဲ့ ပါသည်။ အိန္ဒိယ၊ တောင်ကိုရီးယား နှင့် တရုတ်တို့သည် နောက်ထပ်ကြီးမားသော လုပ်ကွက်ရရှိရေးအတွက် ကြိုးစားခဲ့ကြပါသည်။

၂၀၀၆ ခုနှစ်တွင် Beijing သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းများအပေါ် ရှုတ်ချမှု ဆုံးဖြတ်ချက်အား ဗီတိုဖြင့် ပယ်ချခဲ့ပါသည်။ များမကြာမီတွင် ယူနန်ပိုက်လိုင်း အတွက် သဘောတူညီချက် ရရှိခဲ့ပါသည်။

အဆိုပါ အိန္ဒိယသမုဒ္ဒရာသို့ လမ်းကြောင်းသည် ယခုရာထူးမှ ထွက်တော့မည့် သမ္မတ ဟူကျင့်တောင် ကဆိုသည့် တရုတ်၏ လိပ်ခဲတည်းလည်း ဖြစ်နေသော မလက္ကာပြဿနာ (Malacca Dilemma ) ကို အဖြေထုတ်ပေးနိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံသို့ ဝင်ရောက်သောရေနံ၏ ၈၀% သည်ယနေ့တိုင် အမေရိကန် ရေတပ်မှ ထိန်းချုပ်ထားသည့် မလေးရှားနှင့် ဆူမတ်တြားကြားရှိ မလက္ကာရေလက်ကြားကို ဖြတ်၍ ဝင်ရောက် ရပါသည်။

ရေနံပိုက်လိုင်းသစ်သည်အရှေ့လယ်ပိုင်းမှ သဘောင်္တင်လာသော ရေနံကို တင်ပို့မည်ဖြစ်၍ တရုတ်က မလက္ကာရေလက်ကြား အပေါ်မှီခိုရမှု သုံးပုံတစ်ပုံ လျှော့ချနိုင်ခဲ့ပါသည်။

ဓါတ်ငွေ့ပိုက်လိုင်းသည် တစ်နှစ်လျှင် ဓါတ်ငွေ့ (၁၂) ဘီလီယံကုဗမီတာပို့လွှတ်မည်ဖြစ်ရာ၊ လက်ရှိ တရုတ်တင်သွင်းသော ဓါတ်ငွေ့၏ ၂၈% ရှိပါသည်။

ရွှေ့ပြောင်းမှု

တရုတ်၏ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုမှာ ရှေ့ဆက်ရှိနေဦးမည်ဖြစ်ပါသည်။ သန်းနှင့် ချီသော တရုတ်လူမျိုးများမြန်မာနိုင်ငံသို့ ရွှေ့ပြောင်းလျက်ရှိရာ ဒုတိယမြို့တော် မန္တလေးတွက် များပြားစွာဝင်ရောက် ခြင်းကြောင့် တရုတ်မြို့တော်ကဲ့သို့ ခံစားရပါသည်။ ‘ဝ’ လူမျိုးများနှင့် တရုတ်နယ်စပ်တွင် ဝင်ထွက်ခြင်း အတွက် ပြဿနာမရှိသော်လည်း မြန်မာနိုင်ငံမှ ‘ဝ’ နယ်မြေသို့ဝင်ရန် စစ်တပ်စစ်ဆေးရေးဂိတ်များကို ဖြတ်သန်း ကြရပါသည်။ တရုတ်ကုမ္ပဏီများသည် သတ္တုတွင်းများနှင့် ရေလှောင်တမံများတွင် ဒေါ်လာဘီလျံချီ၍ ရင်းနှီးမြှုပ်နှံထားပါသည်။

၂၀၁၀ ခန့်တွင် မြန်မာနိုင်ငံအပေါ် Beijing ၏ သြဇာလွှမ်းမိုးမှု ကြီးမားလာရာ အမေရိကန်ဆီနိတ်တာ Jim Webb က တချိန်က ဗြိတိသျှအိန္ဒိယ၏ အစိတ်အပိုင်းဖြစ်ခဲ့သော မြန်မာနိုင်ငံသည် တရုတ်၏ ပြည်နယ် တစ်ခုဖြစ်လာရန် အန္တရာယ်ရှိလာကြောင်း သတိပေးခဲ့ပါသည်။

တရုတ်၏ လွှမ်းမိုးမှုမှာ တုန်လှုပ်ဖွယ်ဖြစ်လာခြင်းကြောင့် မြန်မာဗိုလ်ချုပ်များနှင့် ဝါရှင်တန်ကို နှစ်ဖက် ညှိနှိုင်းရန်ဖြစ်လာပါသည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အကြီးအကျယ် တံခါးဖွင့်ခဲ့ရာ အမေရိကန်က အာရှကို ဗဟိုပြု၏ရန် အလှည့်နှင့် တစ်ထပ်တည်းကျခဲ့ပါသည်။ ထိုသို့ ရုတ်တရက်အခြေအနေများ ပြောင်းသွား ခြင်းသည် ဒီမိုကရေစီကိစ္စထက်စာလျှင် ပထဝီနိုင်ငံရေး ထည့်သွင်းစဉ်းစားမှုက ဆုံးဖြတ်ချက်ကို ပိုမို ဖြစ်စေပါသည်။ ဗိုလ်ချုပ်များက အမေရိကန်နှင့် ဆက်ဆံရေးအတွက် အကြီးအကျယ်အချက်ပြခဲ့မှုမှာ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း မဟုတ်ပဲ၊ ဒေါ်လာ (၃.၆) ဘီလီယံတန် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ပါသည်။

ထို့နောက်တွင် အမေရိကန်နှင့် ဥရောပတို့သည် မြန်မာနိုင်ငံတွင် ပို၍ အခြေချလာပြီး လောလောဆယ် အကူအညီပေးရေး အေဂျင်စီများမှ တဆင့် အဓိကဝင်ရောက်လာပါသည်။ နည်းပညာ အကူအညီများလည်း ပေးခဲ့ပါသည်။

ကြွေးမြီသဘောတူညီမှုများ

ပြီးခဲ့သည့်လက အနောက်နိုင်ငံငွေချေးသူများ၏ ပါတီကလပ်သည် ချေးငွေသစ်များပေးနိုင်ရန် လမ်းခင်း ပေးသည့်အနေဖြင့် ကြွေးအဟောင်းများ အပေါ် သဘောတူညီချက်များ ပြုလုပ်ခဲ့ပါသည်။ အနောက် နိုင်ငံများနှင့် ဂျပန်ကုမ္ပဏီများသည် ကြီးမားသော ရင်းနှီးမြှုပ်နှံမှု အသစ်များပြုလုပ်ရန် ကတိကဝတ်များ မရှိသေးပေ။ သို့သော် ဂျပန်သည် ထားဝယ် ပင်လယ်ဆိပ်ကမ်းနှင့် စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ပြုကောင်းပြု နိုင်ပါသည်။ သံတမန် အဝန်းအဝိုင်းတွင်လည်း အမေရိကန်သည် ယခုနှစ်အစောပိုင်းတွင် ပြုလုပ်မည့် အမေရိကန်-ထိုင်း စစ်ရေးလေ့ကျင်းမှုတွင် မြန်မာနိုင်ငံအား လေ့လာသူအဖြစ် ခွင့်ပြုမည် ဖြစ်ပါသည်။

တရုတ်သည် ပြိုင်ဖက်၏ ကျော်တက်ခြင်းကို ခံနေရပါသည်။ မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သည့် တရုတ်တို့လုပ်ကိုင်နေသည့် မုံရွာကြေးနီစီမံကိန်းတွင် မြေသိမ်းယူမှုများ၊ ပတ်ဝန်းကျင် ပျက်စီးမှု စွပ်စွဲချက်များ အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခံနေရပါသည်။ မကြာသေးမီက ကချင်သူပုန်များနှင့် တိုက်ပွဲများ တွင် လက်နက်ကြီးများ တရုတ်နယ်မြေအတွင်း ကျရောက်မှုကြောင့် Beijing ၏ ငြိုငြင်မှုကိုခံရမည့် အန္တရာယ်ရှိ ပါသည်။

နေပြည်တော်သည် Beijing ကို စွန့်ခွာလိမ့်မည် မဟုတ်ပေ။ အရှေ့နှင့် အနောက်ကို အပြိုင်အဆိုင်ပြု နေခြင်းကြောင့် ကြီးကြီးမားမား အကျိုးရရှိနိုင်မည် မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည် သည်ပင်လျှင် လက်ရှိအခြေအနေတွင် မည်သည်က ဗျူဟာကျသည်ကို ကောင်းကောင်းသိပါသည်။ “မမေ့သင့်တဲ့အချက် တစ်ခုက တရုတ်ဟာ မြန်မာနဲ့ အိမ်နီးချင်းဖြစ်ပြီး အမေရိကန်က နဲနဲလှမ်းပါသေးတယ်” ဟု တစ်ခါက သူ ပြောဘူးပါသည်။

အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတဖြစ်လာပါက သူသည် ပထဝီနိုင်ငံရေးအရ ကစားပွဲနှင့် ဒီမိုကရေစီ ကစားပွဲကစားမည်ကို ကြည့်ရသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

***************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၁၁.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ကျန်ရှိနိုင်ငံရေးအကျဉ်းသား စီစစ်လွှတ်ပေးရေးကော်မတီ ဖွဲ့စည်းခြင်းကို အမေရိကန်ကြိုဆို
  2. ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများစီစစ်ခြင်းလုပ်ငန်းကို အချိန်ထပ်ရရန် မြန်မာမျှော်လင့်
  3. မြန်မာနိုင်ငံ အခြေခံအဆောက်အဦးစနစ်ဖွံ့ဖြိုးရေးအတွက် ADB ကူညီတော့မည်

***************************************************************

ကျန်ရှိနိုင်ငံရေးအကျဉ်းသား စီစစ်လွှတ်ပေးရေးကော်မတီ ဖွဲ့စည်းခြင်းကို အမေရိကန်ကြိုဆို

(AFP News မှ 9 feb 2013 ရက်စွဲပါ “US Welcomes Myanmar committee on dissidents” သတင်းကို ဘာသာပြန်ပါသည်)

Photo Credit by AFP

မြန်မာနိုင်ငံတွင် နောက်ဆုံးကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ စီစစ်လွှတ်ပေးရန် ကော်မတီ ဖွဲ့စည်းခြင်း ကို အမေရိကန်ပြည်ထောင်စုက သောကြာနေ့တွင် ကြိုဆိုလိုက်ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ထိန်းသိမ်းထားခြင်းကို ကာလကြာရှည် ဖုံးကွယ်ငြင်းဆို ခဲ့ပြီးနောက်၊ ၂၀၁၁ မတ်လက အာဏာရလာခဲ့သော သမ္မတဦးသိန်းစိန်လက်ထက်တွင် နိုင်ငံရေး အကျဉ်းသား များကို အရေအတွက်ရာချီ၍ လွှတ်ပေးခဲ့ပြီး၊ နိုင်ငံရေးနှင့် ပတ်သက်သော အမှုအားလုံးကို ပြန်လည်စစ်ဆေး နေသည်ဟု နိုဝင်ဘာလက ကြေညာခဲ့သည်။

ပြီးခဲ့သော ကြာသာပတေးနေ့ကမူ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်အတွက် စီစစ်ရေး ကော်မတီကို သမ္မတဦးသိန်းစိန်က ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ကြေညာခဲ့သည်။

“ကျန်ရှိနိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးနိုင်ဖို့အတွက် ပွင့်လင်းမြင်သာပြီး၊ကျယ်ကျယ် ပြန့်ပြန့် ပါဝင်တဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်း အားဖြင့် မြန်မာအစိုးရဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး  အတွက် အရေးပါတဲ့ အဆင့်ကို လုပ်ဆောင်လိုက်ပါပြီ။ ” ဟု အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနူလန် ကကြေညာချက် ထုတ်ပြန်သည်။

ပြီးခဲ့သော ၁၈ လအတွင်း နိုင်ငံရေးအကျဉ်းသား ၇၀၀ ကျော်ကို ဦးသိန်းစိန်အစိုးရက လွှတ်ပေး ခဲ့သည်ဟု ပြန်လည်ထုတ်ဖော် ပြောဆိုသော ဗစ်တိုးရီးယားနူလန်က “ဒီ လုပ်ငန်းစဉ် အကောင်အထည် ဖော်မှုကို ကူညီပံ့ပိုးပေးနိုင်ဖို့ ကျွန်မတို့လေ့လာနေပါတယ်။” ဟု ဆက်လက်ပြောကြားသည်။

နိုင်ငံပိုင် New Light Of Myanmar သတင်းစာက “ကော်မတီဝင်များကို မရွေးချယ်ရသေးသော်လည်း အစိုးရတာဝန်ရှိသူများနှင့်အတူ အရပ်ဖက်အဖွဲ့အစည်းများနှင့် အခြားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ လည်း ပါဝင်လိမ့်မည်” ဟုဖော်ပြထားသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများစီစစ်ခြင်းလုပ်ငန်းကို အချိန်ထပ်ရရန် မြန်မာမျှော်လင့်

(Bangkok Post မှ 10 feb 2013 ရက်စွဲပါ “Myanmar hopes for verification delay” သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit by Online

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား ခန့်မှန်းချေတစ်သန်းခန့်အတွက် နိုင်ငံသားစီစစ်ခြင်း လုပ်ငန်းစဉ် ဆောင်ရွက်ခြင်းကို မတ်လ ၁၆ ရက် နောက်ဆုံးသတ်မှတ်ရက်တွင် မပြီးစီးပါက ထိုင်းအစိုးရက အချိန်ပိုပေးလိမ့်မည်ဟု မြန်မာနိုင်ငံဖက်မှ မျှော်လင့်နေပါသည်။

နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ် တိုးတက်မှုကို အကဲဖြတ်ရန် ဘန်ကောက်သို့ရောက်ရှိနေသော မြန်မာ အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းက မနေ့က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လုပ်ငန်းဆောင်ရွက်မှု စရိတ်စက အရမ်းမများအောင် ထိုင်းအာဏာပိုင်များက ကြီးကြပ်ပေးပါဟုလည်း မြန်မာဝန်ကြီးက တောင်းဆိုသည်။

ထိုင်းအစိုးရက လုပ်ငန်းဆောင်ရွက်ရန် နောက်ဆုံးရက်ကို မူလက ဒီဇင်ဘာ ၁၆ ရက်တွင် သတ်မှတ် ထားသော်လည်း မတ်လ ၁၆ နေ့အထိ လုပ်ဆောင်နိုင်ရန် ပြောင်းလဲသတ်မှတ်ပေးထားခြင်း ဖြစ်ပြီး၊ မှတ်ပုံတင်ထားခြင်း မရှိသူများမှာ မြန်မာနိုင်ငံဖက်သို့ ပြန်ပို့ခံရမည် ဖြစ်သည်။

မြန်မာအလုပ်သမား ဒုဝန်ကြီးက အသက် ၁၅ နှစ်အောက် ကလေး (ရွှေ့ပြောင်းနေထိုင်သူ) ၂ သိန်းခန့် အတွက်လည်း ဗီဇာကင်းလွတ်ခွင့်နှင့် နိုင်ငံကူးလက်မှတ်ရရန် မြန်မာနိုင်ငံက တောင်းဆိုထားသည်ဟု ပြောကြားသည်။

ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမြင့်သိန်းက မြန်မာရွှေ့ပြောင်းလုပ်သား ၁.၂ သန်းခန့်မှာ စီစစ်ရေးလုပ်ငန်းပြီးစီးကာ ယာယီနိုင်ငံကူးလက်မှတ်များ ရရှိထားပြီဖြစ်သော်လည်း နောက်ထပ် ၁ သန်းခန့်မှာ မှတ်ပုံတင်ထားခြင်း မရှိသေးဟု ရှင်းလင်းပြောဆိုသည်။

“မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် ထိုကိစ္စအတွက် ဘတ်ငွေ ၁၅၀၀၀ အထိပေးရကြောင်း၊ အထောက်အထားဆိုင်ရာ ကိစ္စအတွက် မြန်မာဖက်မှ ဘတ်ငွေ ၆၆၀ ရရှိကြောင်း၊ ပတ်စပို့ သက်တမ်းလွန်သည့် ကာလအပေါ် မူတည်၍ ထိုင်းဖက်မှ ဘတ်ငွေ ၁၈၀၀ မှ ၃၀၀၀ အကြားရယူကြောင်း ” မြန်မာသံအမတ်ကြီး ဦးတင်ဝင်း ကပြောကြားသည်။ ကျန်ငွေများ ဘယ်ရောက်သွားသနည်းဆိုသည်ကိုမူ ဦးတင်ဝင်း ကပြောကြား ခြင်းမရှိပါ။

သံအမတ်ကြီး ဦးတင်ဝင်းက ဆက်လက်၍ “အလုပ်သမားများအနေဖြင့် စရိတ်စက များများမပေး ရပါက စီစစ်ရေးလုပ်ငန်းဆောင်ရွက်သူ ပိုများလာမည် ဖြစ်ကြောင်း၊ ထိုင်းအစိုးရအနေဖြင့် လက်ရှိစီစစ်ရေး စင်တာ ၁၁ ခုထက်ပို၍ ဖွင့်လှစ်ပေးပါက ကျန်ရှိ အလုပ်သမားများ မှတ်ပုံတင်ရန် ပိုမိုအဆင်ပြေမည် ဖြစ်ကြောင်း၊ အလုပ်သမားများ လက်လှမ်းမှီသည့် စရိတ်စကနှင့် သူတို့နေသည့်နေရာများတွင် စင်တာ ဖွင့်လှစ် ဆောင်ရွက်ပေးခြင်းသည် ပိုမိုလက်တွေ့ကျသော နည်းလမ်းဖြစ်ကြောင်း ” အကြံပြုပြောကြားလိုက်ပါသည်။

မြန်မာအလုပ်သမားများ ဒုတိယဝန်ကြီးက “လောလောဆယ်တွင် ကလေးများအား ယာယီနိုင်ငံကူး လက်မှတ် အစီအစဉ်တွင် ထည့်သွင်းဆောင်ရွက်ရန် အချိန်ကာလ သတ်မှတ်ပေးဖို့ ထိုင်းအစိုးရ က သဘော မတူသေးပါ” ဟု ဝန်ခံပြောကြားသည်။ ထို့အပြင် မှတ်ပုံမတင်ရသေးသူများ၏ ကလေးများကိုသာ ထည့်သွင်း မှာလား (သို့) မနှစ်က မှတ်ပုံတင်ခြင်း လုပ်ငန်းပြီးစီးသွားသူများ၏ ကလေးများကိုပါ ထည့်သွင်းပေးမှာလား ဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါ။

ရွှေ့ပြောင်းလုပ်သား အသိုင်းအဝိုင်း ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ကောင်းစွာဖြေရှင်းပေးနိုင်မည့် အစီအစဉ်တစ်ခုကို မြန်မာနိုင်ငံက လုပ်ဆောင်လျက်ရှိသည်ဟု ဒုတိယဝန်ကြီးက ပြောကြားသွားသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

မြန်မာနိုင်ငံ အခြေခံအဆောက်အဦးစနစ်ဖွံ့ဖြိုးရေးအတွက် ADB ကူညီတော့မည်

(The Gulf Today မှ 9 feb 2013 ရက်စွဲပါ “ADB to assist in Myanmar’s infrastructure development” သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit by Mizzima

အာရှဖွံ့ဖြိုးရေးဘဏ် ADB ကမြန်မာနိုင်ငံ၏ နည်းပညာ၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ စဉ်ဆက်မပြတ်စွမ်းအင်စသော အခြေခံအဆောက်အဦး ကဏ္ဍများ ဖွံ့ဖြိုးရေးကို ကူညီရန် ကတိပြုလိုက်ကြောင်း မြန်မာနိုင်ငံပိုင်မီဒီယာက သောကြာနေ့တွင် သတင်းထုတ်ပြန်သည်။

ADB ဥက္ကဋ္ဌ ဟာရူဟီကိုကူရိုဒါ နှင့် သမ္မတဦးသိန်းစိန်တို့ ကြာသာပတေးနေ့က နေပြည်တော်တွင် တွေ့ဆုံကြစဉ် ယင်းသို့ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်ဟု New Light Of Myanmar သတင်းစာက ဆိုပါသည်။

ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြရာတွင် မဟာမဲခေါင်ဒေသခွဲနိုင်ငံများ ဖွံ့ဖြိုးအောင်ကူညီရေး၊ စားနပ်ရိက္ခာအတွက် အရေးပါသော မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသဖွံ့ဖြိုးရေး၊ မြန်မာနိုင်ငံ၏ မြစ်ကြီး ၃ သွယ် နှင့် ရေအားလျှပ်စစ်တမံများမှ သန့်ရှင်းသောရေကို အသုံးပြုရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း နိုင်ငံချင်းဆက် ကားလမ်း တည်ဆောက်ရေးစသော ကိစ္စများလည်းပါဝင်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် ဇန်နဝါရီလအတွင်းက ပါရီကလပ် မြီရှင်နိုင်ငံများအဖွဲ့နှင့် အောင်မြင်စွာ ဆွေးနွေး ညှိနှိုင်းပြီးနောက်တွင် နော်ဝေနှင့်ဂျပန်ချေးငွေ အပါအဝင် နိုင်ငံတကာကြွေးမြီ ဒေါ်လာ ၆ ဘီလျံခန့်ကို လျှော့ချနိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ဆက်တွဲအဖြစ် ADB သို့ ပေးရန်အကြွေးဒေါ်လာ ၅၁၂ သန်းနှင့် ကမ္ဘာ့ဘဏ် သို့ပေးရန် အကြွေးဒေါ်လာသန်း ၄၃၀ တို့ကိုလည်း ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဘဏ် JBIC ၏ ပေါင်းကူးချေးငွေဖြင့် ဇန်နဝါရီလ ၂၅ ရက်တွင် ပြန်လည်ပေးဆပ်လိုက်ပြီဖြစ်သည်။

ထိုနေ့၌ပင်အလားတူငွေပမာဏကို ADB နှင့်ကမ္ဘာ့ဘဏ်တို့ထံမှ ချေးငွေသစ်ပြန်လည်ရရှိကာ JBIC ဘဏ်၏ ပေါင်းကူးချေးငွေကို ပြန်လည်ပေးဆပ်လိုက်ပြီ ဖြစ်သည်။

ယခုအခါ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍ၊ ကားလမ်းများ၊ ကျန်းမာရေးဌာနများ၊ နိုင်ငံတဝှမ်းကျေးရွာ ၆၄၀ မှ စာသင်ကျောင်းများ စသော အခြေခံအဆောက်အဦးစနစ် ဖွံ့ဖြိုးရေးအတွက် တစ်မျိုးသားလုံးဆိုင်ရာ လူထုအားပြု ဖွံ့ဖြိုးရေးစီမံကိန်းကို ဆောင်ရွက်ရန် ဒေါ်လာ သန်း ၈၀ ထောက်ပံ့ကူညီ သွားမည်ဟု ဘဏ္ဍာအခွန်ဝန်ကြီးဌာန အဆိုအရသိရှိရသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive