Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၁၁.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ပြည်ထောင်စုနေ့အခမ်းအနား KIO တက်ရောက်မည်မပာုတ်
  2. တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မှန်စေရန် စတုတ္ထမဏ္ဍိုင်၏ အကူအညီကို ရယူမည်
  3. နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတွင် AAPP ပူးပေါင်းပါဝင်မည်
  4. ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ကချင်ခရီးစဉ်တွင် ငြိမ်းချမ်းရေးကိစ္စ အဓိကဖြေရှင်းရန်တောင်းဆို

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ပြည်ထောင်စုနေ့အခမ်းအနား KIO တက်ရောက်မည်မပာုတ်

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၆၆)ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရန် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အပါအဝင် အခြားလက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အားလုံးကို နိုင်ငံတော်သမ္မတရုံးမှ ဖိတ်ကြားထားသော်လည်း  KIO အနေဖြင့် တက်ရောက်လိမ့်မည် မပာုတ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့တို့မှ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်၍ နှစ်ဦးသဘောတူငြိမ်းချမ်းရေးဆက်လက် ဆွေးနွေးရန်သာ သဘောတူညီထားသော်လည်း အပစ်အခတ်ရပ်စဲထားခြင်း မရှိသေးသည့်အတွက် KIO အနေဖြင့် လုံခြုံရေးအရ သွားရောက်နိုင်လိမ့်မည် မပာုတ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ စည်းဝေးပွဲတွင် အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် KIO တို့စစ်ရှိန်လျှော့ချနိုင်ရန် သဘောတူညီမှုရရှိခဲ့သော်လည်း လက်ရှိလိုင်ဇာအနီးတွင် တပ်မတော်နှင့် KIO တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားလျက်ရှိသည်ဟု KIO  ငြိမ်းချမ်းရေးကော်မတီခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ပြောကြားခဲ့သည်။

အစိုးရ၏ ဖိတ်ခေါ်ချက်အရ ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ(SSPP)၊ ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်(DKBA)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCM)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)အပါအဝင် အခြားလက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း  စုစုပေါင်း ၁၉ ဖွဲ့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုနေ့အခမ်းနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေခြောက်နာရီတွင် နေပြည်တော်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါအခမ်းနားသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများ အပါအဝင် ပါတီများ၊ လွှတ်တော်အမတ်များကိုလည်း ဖိတ်ကြားထားပြီး အခမ်းအနား ကျင်းပပုံများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နေပြည်တော် မြန်မာ့အသံ၊ MRTV-4၊ Skynet (up to date) နှင့် မြဝတီရုပ်မြင်သံကြားတို့မှ တိုက်ရိုက် ထုတ်လွှင့် ပသသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

YC

                                                        **************************************************************

တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မှန်စေရန် စတုတ္ထမဏ္ဍိုင်၏ အကူအညီကို ရယူမည်

အုပ်ချုပ်ရေးပိုင်းမှ လွှမ်းမိုးလျက်ရှိသည်ဟု အဝေဖန်ခံနေရသော မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်အား ရာနှုန်းပြည့်မပာုတ်သော်လည်း အဖြောင့်မှန်ဆုံး ဖြစ်နိုင်စေရန် မြို့နယ်တရားရုံးများတွင် တရားရုံးသတင်းထောက်များထားရှိကာ စောင့်ကြည့်စေခြင်းဖြင့် စတုတ္ထမဏ္ဍိုင်၏ အကူအညီကို ရယူသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

မြို့နယ်တရားရုံးများတွင် စောင့်ကြည့်ရန်အတွက် သတင်းထောက်များဖွဲ့စည်းရာတွင် တရားစီရင်ရေးမဏ္ဍိုင်အား ထိခိုက်မှုမရှိသည့် လွတ်လပ်သော လှုပ်ရှားမှုအားလုံးကို လုပ်ကိုင်နိုင်စေရန် စီစဉ်ပေးမည်ဖြစ်ပြီး တစ်မြို့နယ်လျှင် သတင်းထောက် နှစ်ယောက်မှ သုံးယောက်အထိ ခန့်ထားမည်ဖြစ်ကြောင်း ယင်းကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားသည့် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ ပြည်သူများ၏နစ်နာမှုများအတွက်  အမှုပေါင်း ၂၀၀၀ ခန့်  တိုင်ကြားထားသော်လည်း အမှု ၁၀၀၀ ခန့်ကိုသာ စုံစမ်းမှုများပြုလုပ်ခဲ့ပြီး တရားမမှုများကိုမူ ပြန်လည်စစ်ဆေးခြင်း လုံးဝမရှိကြောင်းသိရသည်။

လက်ရှိ ပြင်ပတွင် နာမည်ဆိုးများဖြင့် ကျော်ကြားလျက်ရှိသော တရားစီရင်ရေးမဏ္ဍိုင်အား အမြန်ဆုံးပြုပြင်ရန် လိုအပ်သည့်အပြင် အစိုးရ၏ အုပ်ချုပ်ရေးပိုင်းမှ တရားစီရင်ရေးမဏ္ဍိုင်အပေါ်တွင် လုံးဝအလွှမ်းမိုးမခံသင့်ကြောင်း သူရဦးအောင်ကို တိုက်တွန်းပြောကြားခဲ့သည်။

YC

                                                        *****************************************************************

နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတွင် AAPP ပူးပေါင်းပါဝင်မည်

အစိုးရမှဖွဲ့စည်းမည့် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီတွင် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှအဖွဲ့ဝင်များကိုပါ ပူးပေါင်းပါဝင် ဆောင်ရွက်စေမည်ဖြစ်ကြောင်း အဆိုပါအသင်း၏ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောကြားသည်။

ယခင် တပ်မတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားမရှိကြောင်း နိုင်ငံတကာသို့ငြင်းပယ် ပြောဆိုခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာခဲ့သည့် နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အမြောက်အမြားကို လွှတ်ပေးခဲ့သည့်အပြင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်တော်တွင်းသို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝင်ရောက်ခွင့်ပြုခဲ့သည်။

AAPP သည် နိုင်ငံရေးအကျဉ်းသားများကို ကူညီခြင်း၊ နိုင်ငံရေးအကျဉ်းသား စာရင်းကောက်ခံကာ ထုတ်ပြန်ကြေညာခြင်း၊ အကျဉ်းထောင်များ၏ အခြေအနေကို စောင့်ကြည့်လေ့လာခြင်း၊ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများအား ကူညီပေးခြင်းစသည့်ကိစ္စရပ်များအား ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။။

လက်ရှိ မြန်မာနိုင်ငံ၏ အကျဉ်းထောင်များအတွင်း ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ယုံကြည်ချက်ကြောင့် ထောင်သွင်း အကျဉ်းကျခံနေရသူ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၂၂၂ ဦးရှိနေသေးကြောင်း သိရသည်။

YC

                                 *****************************************

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ကချင်ခရီးစဉ်တွင် ငြိမ်းချမ်းရေးကိစ္စ အဓိကဖြေရှင်းရန်တောင်းဆို

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖေဖော်ဝါရီ ၉ ရက်နေ့  ပထမဆုံးအကြိမ်ကချင်ခရီးစဉ်တွင် ကချင်ဒေသခံ ပြည်သူများက ကချင် ပြည်နယ်အတွင်း အမြန်ဆုံးငြိမ်းချမ်းရေးရရှိနိုင်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ကိစ္စရပ်များဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ်သို့ လာရောက်၍ ပြည်သူ့အသံနားထောင်ခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့တော်ခန်းမတွင် လူထုနှင့်တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောကြားခဲ့ကြောင်း မြစ်ကြီးနား ဒေသခံ ဒေါ်ဂျာဆိုင်းခွန်က ပြောကြားခဲ့သည်။

ထို့အပြင် သမ္မတဦးသိန်းစိန်မှ ဇန်န၀ါရီ ၁၉ ရက်နေ့က ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်စေရေးအတွက် တပ်မတော်မှ ထိုးစစ်ဆင်နေမှုများကိုရပ်တန့်ရန် ထုတ်ပြန်ကြေညာခဲ့သော်လည်း လက်ရှိအချိန်တွင် တပ်မတော်နှင့် KIO တိုက်ပွဲများ အပြင်းအထန် ဆက်လက် ဖြစ်ပွားနေသည့်အပြင် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အဖွဲ့နှစ်ခုမှအတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း၊ ပစ္စည်း လုယူခြင်း၊ ရွာများအားမီးရှို့ခြင်းနှင့် လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိသည့်အတွက် သက်ဆိုင်သူများအား ဥပဒေ ခုံရုံးများတွင်  ထိုက်သင့်သော ပြစ်ဒဏ် ပေးရန်တောင်းဆိုခဲ့သည် ဟု ဒေါ်ဂျာဆိုင်းခွန်မှ ထပ်မံ ပြောကြားခဲ့သည်။

သူရဦးရွှေမန်း၏ အဆိုပါခရီးစဉ်တွင် မိုးကောင်းနှင့် ဖားကန့်ဒေသတွင် ကြားဖြတ်ရွေးကော်ပွဲလုပ်ရန် ရှိ၊ မရှိ မိုးညှင်းမြို့ ဒေသခံအချို့၏ မေးမြန်းမှုကို သူရဦးရွှေမန်းက လုပ်ပေးရန်မရှိကြောင်းနှင့် ဒေသခံများက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ လျှပ်စစ်မီးအပြည့်အဝ ရရှိရေး၊ ပညာရေး ကဏ္ဍ တိုးတက်ကောင်းမွန် လာစေရေးအတွက် တောင်းဆိုမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းကာ ကြိုးပမ်းပေးမည်ဟု သူရဦးရွှေမန်းက ပြန်လည် ဖြေကြားခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဖေဖော်ဝါရီ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် ပူတာအိုမြို့၊၊ သူကြီးရပ်ကွက်ရှိ ကန်မိုင်ကောင်း ကယ်ဆယ်ရေးစခန်းနှင့် ဆွတ်ငိုင်တောင် နှစ်ခြင်းအသင်းများသို့ သွားရောက်ခဲ့ကာ လူထုတွေ့ဆုံပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

                                  *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment