Editorial, The Nation, 2nd October 2010
ကာလ ရှည်ကြာ ငြိမ်းချမ်းရေး ယူထားသော မြန်မာ စစ်တပ်နှင့် တိုင်းရင်းသား သူပုန်များ ကြားတွင် ဖြစ်ပေါ်လာသော အက်ကြောင်းသည် ထိုင်းနိုင်ငံအတွက် ဒုက္ခသည် အမြောက်အများ ပြေးဝင် လာဦးမည် ဆိုသော သဘောပင် ဖြစ်သည်။
နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေတြိဂံ နယ်မြေ၏ မြန်မာနိုင်ငံဖက် အပိုင်းကို ကမ္ဘာက အာရုံ စိုက်လာကြ ရပြန်ပြီ ဖြစ်သည်။ သွေးထွက် သံယိုကိန်း ဖြစ်ပြီး ထိုင်းနှင့် တရုတ်တို့အတွက် ခေါင်းခဲစရာ ကိစ္စ ဖြစ်သည်။
အကယ်၍ မြန်မာ စစ်တပ်သည် "၀"ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်း ရေးကို ဖျက်၍ စစ်တိုက်ခဲ့လျှင် ထွက်ပေါ်လာမည့် စစ်ပြေး ဒုက္ခသည် (100000) ခန့်အတွက် နယ်စပ်ရှိ ထိုင်းနှင့် တရုတ် အာဏာပိုင်များသည် တစ်ခုခု လုပ်ရန် ပြင်ဆင်လျက် ရှိသည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာ အစိုးရကြား ၁၉၉၈ ခုနှစ်က သဘော တူထားသော ငြိမ်းချမ်းရေး သဘော တူညီမှုမှာ ပြီးခဲ့သည့်နှစ်က ကိုးကန့်ကို နှိမ်နှင်း အပြီးတွင် သိသာစွာ ပျက်ယွင်းသွားခဲ့သည်။ ထိုနောက်ပိုင်းတွင် မြန်မာ အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်များအား ယင်းတို့ လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင် ပြောင်းရန် ဖိအားတိုး၍ ပေးခဲ့သည်။
"၀" (USWA)၊ ကချင် စသည် တိုင်းရင်းသား လက်နက်ကိုင်များသည် လွန်ခဲ့သည့် အနှစ် ၂၀ က ဗမာပြည် ကွန်မြူနစ်ပါတီ ကျဆုံးသွားခြင်းကြောင့် အစိုးရနှင့် ငြိမ်းချမ်းရေး စာချုပ် သဘောတူခဲ့ခြင်း ဖြစ်ပြီး ယခု နယ်ခြားစောင့်တပ် အစီအစဉ်ကြောင့် ယင်းတို့သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှု အပါအ၀င် စီးပွားရေး ကိစ္စများရော ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ရပ်တည်မှုများပါ ရှိတော့မည် မဟုတ်ပေ။
မြန်မာ အစိုးရဖက်မှ ကာကွယ် ပြောဆိုမည့်သူများ အနေဖြင့်မူ တိုင်းရင်းသား လက်နက်ကိုင်များကို ကိုယ်ပိုင် လွတ်လပ်ခွင့် ပေးထားမှု ရပ်ဆိုင်းလိုက်ခြင်းသည် မူးယစ်ဆေးဝါး လုပ်ငန်းကြီး ရပ်သွားလိမ့်မည်ဟု ငြင်းချက် ထုတ်နိုင်ပေသည်။
သို့သော် မကြာမီက ထုတ်ပြန်သော ရှမ်းသံတော်ဆင့် သတင်း (SHAN) ၏ အစီရင်ခံစာအရ အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်ခံခဲ့သော အုပ်စုများသည် "၀" (USWA) လုပ်ခဲ့သော မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှုကို လုပ်ကိုင်နေကြပြီဟု သိရှိရသည်။
ယင်းတို့သည် မကြာမီကမှ ရရှိသော အခွင့်အရေး သစ်များနှင့်အတူ အဆိုပါ တရားမ၀င် လုပ်ငန်းများကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရှမ်းပြည် မြောက်ပိုင်း တစ်ခုတည်းတွင်ပင် လက်နက်ကိုင် အုပ်စု (၄ဝဝ) ခန့် ရှိကြောင်း ရှမ်းသံတော်ဆင့်က ခန့်မှန်းထားသည်။ ယင်းတို့၏ ခေါင်းဆောင်များမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထိုင်းနှင့် အမေရိကန် ဖက်ဒရယ် တရားရုံးများက အလို ရှိနေသူများ ဖြစ်သည်။
ထို့အပြင် အားလုံး သိသော လျှို့ဝှက်ချက်မှာ တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်၍ ရသော ငွေများဖြင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးမှုများတွင် သုံးခြင်း၊ မြို့များ တည်ဆောက်ခြင်းနှင့် မြန်မာ ထိပ်တန်း ဗိုလ်ချုပ်များကို ဆက်သရခြင်းများတွင် အသုံးပြုသည်။
အပတ်စဉ် အခြေခံ တွက်ချက်မှုများအရ ထိုင်းနိုင်ငံရှိ မြို့များ၊ လမ်းများသို့ အဆိုပါ တောင်ပေါ် ဒေသမှ မက်သာဖက်တမင်း ဆေးပြား သန်းနှင့် ချီ၍ ၀င်ရောက်လာသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ၏ အဆိုပါ ဆိုးရွားသော အခြေအနေသည် မြန်မာနိုင်ငံ၏ ထိပ်တန်းအရေး မဟုတ်ဟု ငြင်းချက် ထုတ်ကောင်း ထုတ်နိုင်မည် ဖြစ်သည်။ မြန်မာ နိုင်ငံ၏ အမြဲတမ်း ဦးစားပေးမှာ လုံခြုံရေးသာ ဖြစ်သည်။
တရုတ် အစိုးရသည် မြန်မာ အစိုးရအား နိုင်ငံရေး နည်းလမ်းကို ရွေးချယ်ရန် လက်မလျှော့သင့်ကြောင်း အကြံပြုခဲ့သော်လည်း မြန်မာ အစိုးရကမူ ယခုအထိ စိတ်ဝင်စားပုံ မရပေ။ နှစ်ပေါင်း ကြာမြင့်သော ကာလ ကတည်းက မြန်မာနိုင်ငံအပေါ် တရုတ်သြဇာ ညောင်းသည်ဟု လက်ခံလာကြသော်လည်း ကိုးကန့်ကို မြန်မာ အစိုးရက နှိမ်နှင်းပြီးကတည်းက ထိုယုံကြည်ချက်ကို စွန့်လွှတ်ရမလို ဖြစ်ခဲ့ရသည်။
မြန်မာ နိုင်ငံဘက်မှ တရားမျှတစွာ ပြောရလျှင် မည်သည့် နိုင်ငံမဆို နယ်စပ် လုံခြုံရေးကို အလိုရှိ ကြမည်သာ ဖြစ်သည်။ ဆိုလိုသည်မှာ နယ်စပ် တစ်လျှောက် မိမိ အချုပ်အခြာ နယ်မြေအတွင်း မည်သည့် သူပုန်တပ်မျှ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် မပြုနိုင် ဆိုသည့် သဘော ဖြစ်သည်။
နောက်ထပ် ငြင်းချက် ထုတ်နိုင်သည့် အရာတစ်ခုမှာ မူးယစ်ဆေးဝါးနှင့် သူပုန်ထမှုသည် ခေါင်းနှင့် ပန်းလို တွဲလျက် ရှိနေသည်ဟု ဆိုရမည် ဖြစ်သည်။ တစ်နည်း ပြောရလျှင် သူပုန်များနှင့် ပတ်သက်၍ ပြည့်စုံသော အဖြေ မထုတ်နိုင်မခြင်း မည်သည့် မူးယစ်ဆေးဝါး ပပျောက်ရေး မူဝါဒများမဆို မအောင်မြင်နိုင် ဟူ၍ ဖြစ်သည်။
ထိုင်းနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများမှ ဒုက္ခသည်များကို လက်ခံရသည့် ရှည်လျားသော သမိုင်းကြောင်း ရှိသည်။ လက်ရှိအားဖြင့် ထိုင်း-မြန်မာ နယ်စပ်တွင် ဒုက္ခသည် စခန်းပေါင်း များစွာ ရှိပြီး၊ မြန်မာ နိုင်ငံမှ ဒုက္ခသည်များ သိန်းနှင့်ချီ၍ နေနေကြသည်။ အဆိုပါ ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် အစီအစဉ် မှန်သမျှကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြင်းထန်စွာ ကန့်ကွက်လျက် ရှိနေ၍ ထိုင်းနိုင်ငံ အနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် ပါဝင်နေရာ၊ ထိုသို့ မလုပ်သင့်ဘဲ ဒုက္ခသည်များ၏ မူရင်း အရပ်ဒေသသည် လုံခြုံပြီ ဆိုမှသာ ပြန်ပို့သင့်သည်။
သို့သော် နောက်ဆုံး အခြေအနေအရ နယ်စပ်တစ်လျှောက်ရှိ စစ်တပ် တာဝန်ရှိသူများ ပြောကြားရာတွင် နယ်စပ်တစ်ခုလုံး မီးခိုးလွှမ်းနိုင်ကြောင်း ဆိုသည်။ ယင်းတို့က လက်ရှိ အစိုးရတပ်များနှင့် တိုင်းရင်းသား တပ်များ၏ တင်းမာမှုကို ညွှန်းဆိုကြသည်။ တိုင်းရင်းသား လက်နက်ကိုင်များက လက်ရှိ အဖြေ မထွက်သော အခြအနေတွင် ဆက်နေလိုပြီး လက်နက် ချလိုက်ခြင်းသည် ယင်းတို့၏ ခွဲထွက်လိုသော အိပ်မက် ပျက်ပြယ်မည် ဖြစ်ပြီး ငွေရလွယ်သော မူးယစ်ဆေးဝါး လုပ်ငန်း ရပ်ဆိုင်းသွားမည်ကို စိုးရိမ်ကြသည်။
ထိုင်းနိုင်ငံ အနေဖြင့်မူ ခက်ခက်ခဲခဲ ရှည်ရှည်လျားလျား စဉ်းစားရတော့မည် ဖြစ်သည်။ ဒုက္ခသည်ပေါင်း များစွာ အတွက် အထူးသဖြင့် စားဝတ်နေရေး ပြဿနာ စိန်ခေါ်မှုများ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ 1970 ခုနှစ်က အိမ်နီးချင်းကောင်း မူဝါဒအရ အင်ဒိုချိုင်းနားမှ ဒုက္ခသည်များ သိန်းနှင့်ချီ၍ လက်ခံ ခွင့်ပြုခဲ့ရခြင်းကို ပြန်လည် သုံးသပ်၍ လုပ်ပေးရမည့် ကိစ္စကိုတော့ လုပ်ရပေတော့မည်ဟု ညှိနှိုင်း လက်ခံရတော့မည် ဖြစ်သည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.