Transparency Myanmar

transparency.myanmar@gmail.com

The New Kerala, 1st October 2010

အန်ဒမန် ပင်လယ်တွင် ပိုင်နက် ကျူးကျော် ငါးဖမ်းသော မြန်မာ ရေလုပ်သား ၁၀ ဦးကျော်နှင့် ငါးဖမ်းစက်လှေ ၂ စင်းကို အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

ပင်လယ်ပြင်တွင် ပြီးခဲ့သော တနင်္ဂနွေနေ့ကပင် ဆက်တိုက် ကင်းလှည့်နေသော ကမ်းခြေစောင့် သင်္ဘော Durga Bai Deshmukh က အဆိုပါ စက်လှေ ၂ စင်းကို ကြာသပတေးနေ့ သန်းခေါင်ယံတွင် ရေဒါ၌ ထောက်လှမ်းမိခြင်း ဖြစ်သည်။

ကမ်းခြေစောင့် သင်္ဘောကို မြင်သည်နှင့် အဆိုပါ ငါးဖမ်းစက်လှေ ၂ စင်းက ဆန့်ကျင်ဖက် လားရာ ၂ ဖက်ဆီသို့ ဦးတည်ကာ မောင်းနှင် ထွက်ပြေးကြသည်။ တစ်စင်းက အရှေ့ဖက်ကျွန်း ရေတိမ်ပိုင်းသို့ ဦးတည် ခုတ်မောင်းရန် ကြိုးစားခဲ့ပြီးနောက် တစ်စင်းက မြန်မာ ရေပိုင်နက်ဆီသို့ ဦးတည်ကာ ပြန်လှည့် မောင်းပြေးခဲ့သည်။ ရေတိမ်ပိုင်း ရေပြင်တွင် သင်္ဘောကို သတိကြီးစွာ ထား၍ ခုတ်မောင်း လိုက်လံ ဖမ်းဆီးခဲ့ရာ စက်လှေ ၂ စင်းနှင့် ရေလုပ်သား ၁၀ ဦးကို ဖမ်းဆီး ရမိခဲ့သည်ဟု အင်ဒါမန်နှင့် နီကိုးဘား ကျွန်းစု ကမ်းခြေစောင့်တပ်မှ ပြန်ကြားရေး အရာရှိက ပြောကြားသည်။

ယခု ဖမ်းဆီးမှုသည် အောက်တိုဘာလ အတွင်း ပထမဆုံး ဖမ်းဆီးမှု ဖြစ်ပြီး ယခင်လက မြောက်ပိုင်း ကျွန်းစုများတွင် ငါးခိုးဖမ်းသူ ရေလုပ်သား ၁၄၀ နှင့် ငါးဖမ်းစက်လှေ ၁၁ စင်း ဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။

"ဒီငါးဖမ်း စက်လှေတွေ အားလုံးကို အိန္ဒိယ ရေပိုင်နက် ရေနက်ပိုင်းမှာ ဖမ်းမိတာပါ။ ဒါ့အပြင် ရေကြောင်း ရဲတပ်ဖွဲ့ကလည်း ဒီရေတော ချောင်းတွေထဲမှာ ငါးခိုးဖမ်းသူတွေ ကိုလည်း ဖမ်းဆီးထားပါတယ်" ဟု အဆိုပါ အရာရှိက ပြောကြားသည်။

"ကမ်းခြေစောင့် တပ်ဖွဲ့နဲ့ ရေကြောင်း ရဲတပ်ဖွဲ့ဟာ နီးနီးကပ်ကပ် စစ်ဆင်ရေး ပူးပေါင်း ညှိနှိုင်းမှုကို လုပ်ဆောင်နေကြပါတယ်။ အထူးသဖြင့် ကမ်းခြေစောင့် သင်္ဘောတွေ ရေစူး မလွှတ်လို့ မဝင်နိုင်တဲ့ ရေတိမ်ပိုင်းတွေ၊ ချောင်းတွေ၊ မြောင်းတွေထဲကို ငါးဖမ်း စက်လှေတွေ ဝင်ပြေးတဲ့ အချိန်မှာပါ'' ဟု ၎င်းက ဆက်လက် ပြောသည်။

ဖမ်းဆီးမိထားသော စက်လှေ ၂ စင်းနှင့် ရေလုပ်သားများကို Diglipur သို့ ပို့ဆောင်ပြီး ဥပဒေကြောင်းအရ တရား စွဲဆိုရန်အတွက် ရဲများထံ အပ်နှံမည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment