Transparency Myanmar

transparency.myanmar@gmail.com

AP News,10 Dec 2009

          အမေရိကန် ပြည်ထောင်စုက အကယ်၍ မြောက်ကိုရီးယားသည် ခြောက်နိုင်ငံ နျူကလီးယား စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲသို့ ပြန်လာမည်ဆိုပါက ၎င်းနှင့် တိုက်ရိုက် ဆွေးနွေးနိုင်မည့် ဆက်ဆံရေး လမ်းကြောင်းတခု ထားရှိမည်ဟု အခိုင်အမာ ပြောကြားခဲ့ပြီး အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်သည်လည်း ပြုံယမ်းသို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိကာ ရပ်ဆိုင်းနေသော နိုင်ငံတကာ ဆွေးနွေးပွဲကို ပြန်လည် စတင်နိုင်ရန် ကြိုးစားနေပါသည်။

          မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကို ဖျက်သိမ်းရေးနှင့် ပတ်သက်သော ညှိနှိုင်း ဆွေးနွေးပွဲများသို့ ပြန်လည် တက်ရောက်မည့် ပြုံယမ်း၏ ကတိကဝတ်ကို ရရှိရန် အထူးကိုယ်စားလှယ် Stephen Bosworth က တာဝန်ယူ ကြိုးစားနေပါသည်။ ပြုံယမ်းသည် အထက်ပါ ဆွေးနွေးပွဲများမှ ယခုနှစ် စောစောပိုင်းတွင် နှုတ်ထွက်သွားခဲ့ပြီး အငြင်းပွားဖွယ် နျူကလီးယားနှင့် ဒုံးပျံ အစီအစဉ်များဖြင့် စိတ်ဆွပေးခဲ့သည်။ နျူကလီးယား စမ်းသပ်မှုကိုလည်း ဆက်တိုက် ပြုလုပ်ခဲ့ပါသည်။

          Bosworth ၏ (၃) ရက်ကြာ ပြုံယမ်းခရီးစဉ်သည် သမ္မတ အိုဘားမား လက်ထက် ပထမဆုံး အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး လာရောက်ခြင်း ဖြစ်သည်။

          အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက Bosworth သည် အင်္ဂါနေ့တွင် ရောက်ရှိပြီး  ကြာသပတေးနေ့ ဆိုးလ်မှ မထွက်ခွာမီ ထိပ်ပိုင်းအဆင့် ဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည်ဟု ပြောကြားခဲ့ပြီး Bosworth နှင့် တွေ့ဆုံမည့်သူကိုမူ ဖေါ်ပြခဲ့ခြင်း မရှိပါ။

          မြောက်ကိုရီးယားသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လည် တက်ရောက်မည် ဖြစ်၍ အပြန်အလှန်အားဖြင့် အမေရိကန်အား ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် တောင်းဆိုလိမ့်မည်ဟု မှန်းဆမှုများ ရှိနေပါသည်။

          ကိုရီးယား နှစ်နိုင်ငံသည် ၁၉၅၀ - ၅၃ ခုနှစ်၌ ကိုရီးယားစစ်ပွဲ ပြီးဆုံးချိန်မှ စ၍ ငြိမ်းချမ်းရေး သဘောတူစာချုပ် မရှိဘဲ ယာယီ စစ်ပြေငြိမ်းထားကြခြင်း ဖြစ်သည်။ အမေရိကန် တပ်ဖွဲ့ဝင် (၂၈၅၀၀) သည် တောင်ကိုရီးယားနိုင်ငံတွင် တပ်စွဲထားပြီး မြောက်ကိုရီးယားက အမေရိကန်နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရာ အချိန်ကြာမြင့်စွာကပင် ကြိုးစားနေခဲ့ပါသည်။

          ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုခြင်းသည် အမေရိကန်က ရန်သူအဖြစ် သဘောထားကြောင်း သက်သေ အထောက်အထားတခု ဖြစ်၍ အကယ်၍ အမေရိကန်က တိုက်ခိုက်လာသည့် အချိန်မျိုးတွင် မိမိကိုယ်မိမိ ကာကွယ်နိုင်ရေးအတွက် နျူကလီးယားရုံးများ အောင်မြင်စွာ ထုတ်လုပ်နိုင်ရန် လိုအပ်သည်ဟု မြောက်ကိုရီးယားက ပြောကြားပါသည်။

          မြောက်ကိုရီးယားက ဘာမှ မကူညီနိုင်ပါ။ သို့သော် ငြိမ်းချမ်းရေးစာချုပ်နှင့် ပတ်သက်၍ ပြောဆိုနေခြင်းသည် ၎င်းတို့ နျူကလီးယားလက်နက် ထုတ်လုပ်ရခြင်း၏ အကြောင်းရင်း တစ်ခုအဖြစ် အကြောင်းပြနေခြင်းသာ ဖြစ်သည်ဟု ဆိုးလ်မြို့ လွတ်လပ်သော ပညာရှင်အဖွဲ့ Institute for Peace Affairs မှ လေ့လာသူ ချန်ယောင်ဆွတ်က ပြောကြားပါသည်။

          မြောက်ကိုရီးယားသို့ သွားရောက်သော Bosworth ၏ အစီအစဉ်တွင် ငြိမ်းချမ်းရေးစာချုပ်နှင့် ပတ်သက်သော ကိစ္စမပါဝင်ဟု အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားပါသည်။ သို့ရာတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် P J Crowley က အင်္ဂါနေ့တွင် ပြောကြားခဲ့ရာ၌ မြောက်ကိုရီးယားက အခြားကိစ္စများကို ရှေ့တန်းတင်လာမည့် အချက်မှာ အံ့သြစရာ မရှိပါဟု ဆိုပါသည်။

          ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ၎င်းတို့ ပြန်လာသင့်သော ကိစ္စနှင့် ၂၀၀၅ ခုနှစ်၌ လက်နက် ဖျက်သိမ်းရေး သဘောတူညီချက်အရ ၎င်းတို့ ပေးထားသော ကတိကဝတ်များကို ပြန်လည် စောင့်ထိန်းသင့်သော ကိစ္စများကို သေချာ ရှင်းလင်းအောင် ပြုလုပ်သွားမည် ဖြစ်ပြီး သို့မှသာ ၎င်းတို့နှင့် တိုက်ရိုက် ဆွေးနွေးရေးအတွက် ခိုင်မာသော ဆက်ဆံရေးလမ်းကြောင်း Robust Channel ဖြစ်ပေါ်နိုင်မည်ဟု ၎င်းက ဆိုပါသည်။

          နှစ်ဖက်စလုံးက အဆိုပါ လမ်းကြောင်းကို အသုံးပြု၍ ကျယ်ပြန့်သော ကိစ္စများကို ဆွေးနွေးနိုင်ကြမည် ဖြစ်သည်။

          ဆင်းရဲမွဲတေသော အထီးကျန် မြောက်ကိုရီးယားသည် ၎င်း၏ ရှင်သန်နိုင်မှုအတွက် အာမခံမည့် အရေးကြီးသော သော့ချက်အဖြစ်လည်းကောင်း၊ ၎င်း၏ မီးစာကုန် ဆီခမ်း စီးပွားရေးကို ပြန်လည် ထူထောင်ရန် လိုအပ်သော အကူအညီများ ရရှိရေးအတွက်လည်းကောင်း၊ အမေရိကန် ပြည်ထောင်စုနှင့် သံတမန် ဆက်ဆံရေး ထူထောင်နေပုံရပါသည်။

          မြောက်ကိုရီးယားသည် ၎င်း၏ ကျောထောက်နောက်ခံ အလှူရှင် ဆိုဗီယက်ယူနီယံကို ဆုံးရှုံးခဲ့ရခြင်းနှင့် ၁၉၉၀ ခုနှစ်များတွင် သဘာဝ ဘေးအန္တရာယ်များ ဆက်တိုက် ကျရောက်ခဲ့ခြင်း တို့ကြောင့် ခက်ခဲ ပင်ပန်းစွာ ရုန်းကန်နေရပါသည်။ ယနေ့ အချိန်တွင် အဆိုပါ ကွန်မြူနစ်နိုင်ငံသည် ၎င်း၏ ပြည်သူ (၂၄) သန်းကို ကျွေးမွေးရန်အတွက် နိုင်ငံတကာမှ အခမဲ့ လှူဒါန်းသော စားနပ်ရိက္ခာများကို မှီခိုနေရပါသည်။

          "သူတို့ရဲ့လက်ရှိ အနေအထားက ရှင်သန်နိုင်စွမ်း မရှိတော့ပါဘူး၊ ပြည်သူတွေကို အစာကျွေးဖို့တောင် ခဲခဲယဉ်းယဉ်း ရုန်းကန်နေရပါတယ်၊ နိုင်ငံရေး အကျဉ်းသားတွေ မရှိဘူးလို့ မြောက်ကိုရီးယားက အခိုင်အမာ ပြောနေပေမယ့် သူတို့ လုပ်သမျှကို ကျွန်တော်တို့ အကုန် သိနေတာပဲလေ" ဟု Crowley က ပြောကြားပါသည်။

          ကိုရီးယားကျွန်းဆွယ်တွင် လိမ်ညာ လှည့်ဖြား ခြိမ်းခြောက်မှုများ၊ တင်းမာမှု ကြီးထွားလာခြင်းများ တစ်နှစ်ခန့် ဖြစ်ပွားခဲ့ပြီးနောက် ယခု သီတင်းပတ် ဆွေးနွေးပွဲ ပေါ်ထွက်လာခဲ့ပါ သည်။ မြောက်ကိုရီးယားသည် ကုလသမဂ္ဂ နျူကလီးယား စုံစမ်း စစ်ဆေးရေး အရာရှိများကို မောင်းထုတ်ခဲ့ပြီး နျူကလီးယား အစီအစဉ်များ ပြန်လည် စတင်ခြင်း၊ တာဝေးပစ် ဒုံးကျည်နှင့် ပဲ့ထိန်းစနစ်သုံး ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်ခြင်း၊ နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ပါသည်။

          သို့ရာတွင် လက်ရှိလများအတွင်း မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယားကို မျက်နှာချင်းဆိုင်ရန် ကြိုးစားခဲ့ခြင်းနှင့် ပတ်သက်၍ လေ့လာသူများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားသည်မှာ မေလ၌ နျူကလီးယား စမ်းသပ်မှုအတွက် ဒဏ်ခတ်ရန် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းကြောင့် ခံစားရသော ဒုက္ခများကို ပြသလိုခြင်း ဖြစ်သည်ဟု ဆိုပါသည်။ သြဂုတ်လမှ စတင်၍ မြောက်ကိုရီးယားသည် ထိန်းသိမ်းထားသော အမေရိကန်နှင့် တောင်ကိုရီးယား နိုင်ငံသားများကို လွှတ်ပေးခဲ့ပြီး ယခု ဆွေးနွေးပွဲအတွက် Bosworth အား ဖိတ်ကြားခြင်း အပါအဝင် အခြား အလျော့ပေး လိုက်လျောမှုများ ပြုလုပ်ခဲ့ပါသည်။

          ယခု ခရီးစဉ်တွင် ကာကွယ်ရေးဌာနနှင့် အိမ်ဖြူတော်မှ နျူကလီးယားနှင့် အာရှရေးရာ အထူး ကျွမ်းကျင်သူ၊ အမေရိကန် နျူကလီးယား စေ့စပ် ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် Sung Kim သည်လည်း Bosworth နှင့်အတူ လိုက်ပါလာပါသည်။ အထူး ကိုယ်စားလှယ်အဖွဲ့သည် ကြာသပတေးနေ့တွင် ဆိုးလ်သို့ ထွက်ခွာမည် ဖြစ်ပြီး၊ ထို့နောက် တရုတ်၊ ဂျပန်၊ ရုရှားနိုင်ငံများသို့ သွားရောက်၍ ယခု ဆွေးနွေးမှုများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြီးမှ ဝါရှင်တန်သို့ ပြန်မည် ဖြစ်ပါသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Scoop.co.nz, 10 - Dec – 2009,

          မြန်မာနိုင်ငံရှိ လူသားမျိုးနွယ်ထုအပေါ်တွင် ကျူးလွန်နေသော ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား နယူးဇီလန် ပါလီမန် အမတ်များက ထပ်မံ တောင်းဆိုလိုက်ပါသည်။

          ယခု တောင်းဆိုမှုတွင် နယူးဇီလန် ပါလီမန် အမတ်များစွာ ပါဝင်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် စစ်အစိုးရက ၎င်း၏ ပြည်သူများ (လူသားများ) အပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် ကုလ လုံခြုံရေး ကော်မတီသို့ တောင်းဆိုခဲ့သည်ဟု လေဘာပါတီအမတ် Maryan Street က ပြောကြားပါသည်။

          မြန်မာအစိုးရအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရေးနှင့် တစ်ကမ္ဘာလုံးနှင့် အကျုံးဝင်သော လက်နက် ကုန်သွယ်မှု တားမြစ်ရေးတို့ ပြုလုပ်ရန် လုံခြုံရေးကောင်စီကို တောင်းဆိုရာတွင် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း (၂၉) နိုင်ငံမှ ပါလီမန် အမတ် (၄၀၀) ကျော် ပါဝင် ပူးပေါင်းကြမည်ဟု သိရပါသည်။

          ယနေ့သည် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်၍ လုပ်သင့်သည်မှာ ကြာနေပြီ ဖြစ်သော အဆိုပါ အရေးယူ ဆောင်ရွက်မှုကို ပြုလုပ်ရန် သင့်မြတ် လျှော်ကန်သော အချိန်ကောင်းပင် ဖြစ်သည်ဟု Cross - Party Parliamentary Group က Burma ၏ သဘာပတိ Maryan Street က ပြောကြားလိုက်ပါသည်။

          လုံခြုံရေးကောင်စီသို့ ပေးပို့မည့် စာတွင် လေဘာပါတီ ခေါင်းဆောင် Phil Goff နှင့် လေဘာပါတီ လုပ်ဖော်ကိုင်ဖက်များ ပါဝင်သော နယူးဇီလန် ပါလီမန်အမတ် (၂၃) ဦး လက်မှတ် ရေးထိုးခဲ့ပြီး ဂရင်းပါတီနှင့် မိုရီပါတီတို့ကလည်း ပါဝင် လက်မှတ်ထိုးဦးမည်ဟု သိရပါသည်။

          မြန်မာအစိုးရသည် ၎င်း၏ ပြည်သူများအပေါ် ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို ဆယ်စုနှစ်များစွာ ပြုလုပ်ခဲ့ပါသည်။ ထိုင်း - မြန်မာ နယ်စပ် လုပ်ငန်းရှင်များအသင်း၊ မြန်မာဒုက္ခသည် (ကရင်လူမျိုး) များအား အကူအညီ ပေးနေသော လူသားချင်း စာနာ ထောက်ထားသော အေဂျင်စီများနှင့် (၂၅) နှစ် ကြာမျှ နေစရာ ပျောက်နေသူများ၏ အဆိုအရ ၁၉၉၆ မှစ၍ လက်ရှိ အစိုးရက မြန်မာပြည် အရှေ့ပိုင်းတွင် ဖျက်ဆီးခဲ့သော တိုင်းရင်းသား ကျေးရွာပေါင်း (၃၅၀၀) ကျော် ရှိသည်ဟု သိရှိရပါသည်။

          လွန်ခဲ့သည့်နှစ် တစ်နှစ်တည်းတွင်ပင် လူပေါင်း (၇) သောင်းခွဲခန့် နေအိမ်များမှ အတင်းအကျပ် ဖယ်ရှားခြင်း ခံခဲ့ရပြီး လူဦးရေး (၅) သိန်းကျော်မှာ ယခုတိုင် နေစရာ မရှိ ဖြစ်နေဆဲဟု သတင်းများက ဖေါ်ပြပါသည်။

          အဆိုပါ ရာဇဝတ်မှုများနှင့် ပတ်သက်၍ တိကျသော အထောက်အထားများ ကုလသမဂ္ဂက ရရှိထားသော်လည်း ထိရောက်သော အရေးယူမှုများ ယခုတိုင် လုပ်ဆောင်ခြင်း မရှိသေးပါ။

          ယခုအချိန်သည် ကုလသမဂ္ဂက အရေးယူ ဆောင်ရွက်ရမည့် အချိန်ဖြစ်ပြီး အမြန်ဆုံး ဆောင်ရွက်သင့်သည်ဟု Maryan Street က ပြောဆိုလိုက်ပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Japan Today,9 - Dec - 2009

          ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ တာဝန်ရှိသူနှင့် မကြေညာသော တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း တာဝန်ရှိသူက ပြောပါသည်။ အဆိုပါ တွေ့ဆုံမှုမှာ နှစ်လ အတွင်း ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါသည်။

          အဆိုပါ ပုဂ္ဂိုလ်မှ ပြောကြားရာတွင် သူမ၏ နေအိမ်အနီးရှိ အစိုးရ ဧည့်ဂေဟာတွင် ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပြီး (၄၅) မိနစ်ခန့် ကြာကြောင်း ပြောကြားခဲ့ပါသည်။

          သတင်းပေးသူ တာဝန်ရှိသူက အမည် ထုတ်ဖော်ရန် မဝံ့ကြောင်း၊ မီဒီယာများသို့ တရားဝင် ပြောကြားခွင့် ပြုမထားသောကြောင့်ဟု ဆိုပါသည်။

          ပြောဆိုကြသော အကြောင်းအရာများကိုမူ ချက်ချင်း မသိရှိရပါ။

          ဗုဒ္ဓဟူးနေ့က ထုတ်ဝေသော နိုင်ငံပိုင် သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်အား မီဒီယာများကို အသုံးပြု၍ တိုင်းပြည်ခေါင်းဆောင်များကို အထင်မှားအောင် ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

From theage.com.au,By Debbie Stothard,Date: 10 - Dec - 2009

          ယနေ့သည် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်ပါသည်။ ယခုနှစ်တွင်လည်း မြန်မာ အစိုးရသည် ၎င်း၏ ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျ၊ ကျယ်ပြန့်စွာ တရားဝင်သဖွယ် ကျူးလွန်လျက် ရှိပါသည်။ ပြီးခဲ့သည့် ခြောက်လအတွင်း မြန်မာအစိုးရသည် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် ကရင်ပြည်နယ်တို့ရှိ တိုင်းရင်းသားအဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားရာ တရုတ်ပြည်သို့ အရပ်သား (၃၇၀၀၀) ခန့်နှင့် ထိုင်းနိုင်ငံသို့ (၆၀၀၀) ကျော် ထွက်ပြေးခဲ့ကြရသည်။

          ယခုနှစ် အစောပိုင်းကလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် သက်တမ်း (၁၈) လ ထပ်တိုးခဲ့ပြီး၊ အစိုးရ ဆန့်ကျင်သူ (၈၀) ကျော်ကိုလည်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပါသည်။ ဖမ်းဆီးခံရသူများတွင် ဒီမိုကရေစီ လှုပ်ရှားသူများ၊ ဘုန်းကြီးများ၊ နာဂစ် ကယ်ဆယ်ရေး လုပ်အားပေးများနှင့် သတင်းစာ ဆရာများ ပါဝင်ပါသည်။ ယခုကဲ့သို့ ဖမ်းဆီးမှုများကြောင့် နိုင်ငံရေး အကျဉ်းသားဦးရေမှာ စံချိန်တင် (၂၂၀၀) ခန့်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။

          မြန်မာပြည်သူများသည် အခြေခံ ရပိုင်ခွင့်များ တောင်းဆိုရာတွင် ဖိနှိပ်မှုများကို ကြုံတွေ့ရ သော်လည်း၊ လူအများကတော့ သူ့နည်း သူ့ဟန်နှင့် ဆက်လက် ဆန့်ကျင်နေကြဦးမည်သာ ဖြစ်ပါသည်။ ယဉ်ကျေးစွာ၊ သိက္ခာရှိစွာ ဆန့်ကျင်နေကြမည် ဖြစ်ပြီး၊ အစိုးရ၏ နှိပ်စက်မှု ခံရသူများကိုလည်း ကိုယ်ချင်းစာစိတ်ကြောင့် အစိုးရကို ဆန့်ကျင်လိုမှု ပိုမို တိုးပွားလာရသည်။ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ အားကောင်းလာရေး၊ ညီညွတ်မှုများ ရှိလာရေးနှင့် တစ်ကမ္ဘာလုံး ပါဝင်လာရေးနှင့် ပတ်သက်၍ အမြင်အမျိုးမျိုးလည်း ထွက်ပေါ်လာမည် ဖြစ်ပါသည်။

          ထို့ကြောင့် သြစတြေးလျအနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ တိုက်ပွဲဝင်နေသူများကို မည်သို့ အဓိပ္ပာယ်ရှိသော နည်းလမ်းများဖြင့် ကူညီ အားပေးသင့်သနည်းဟု မေးခွန်းထုတ်ရမည် ဖြစ်ပါသည်။ အဘယ့်ကြောင့် ၎င်းတို့အပေါ် ဖိနှိပ်နေသူများ သက်တမ်းရှည်အောင် ရပ်တည်နေနိုင်သနည်း ဆိုသည်ကိုလည်း နားလည်ရန် လိုမည် ဖြစ်ပါသည်။ မြန်မာ အာဏာရှင် အစိုးရသည် ယခုတိုင် အာဏာကို လက်ကိုင်ထားနိုင်ခြင်းမှာ ၎င်းတို့၏ သဘာဝ အရင်းအမြစ်များမှ ငွေများစွာ ရသောကြောင့် ဖြစ်ပြီး၊ ယခုအခါ အမေရိကန် ဒေါ်လာ (၅) ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းရပါသည်။ ဝင်ငွေအများစုသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့များမှ ရသောဝင်ငွေများ ဖြစ်ကြသည်။ အဆိုပါ ဝင်ငွေများဖြင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်း၊ မမှန်ကန်သော နည်းလမ်းများဖြင့် တိုင်းပြည်အပေါ် ချုပ်ကိုင်နိုင်ရေးအတွက် အသုံးပြုခြင်းတို့ကို ပြုလုပ်ပါသည်။

          သြစတြေးလျ စီးပွားရေး အသိုင်းအဝိုင်းနှင့် ကြီးကြပ်သူများသည် မြန်မာနိုင်ငံကိစ္စကို ကြည့်ပါက တွေ့ရှိရမည့် အချက်မှာ အနောက်နိုင်ငံများမှ ဝင်လာသော ငွေများသည် စစ်အာဏာပိုင်တို့၏ ကိုယ်ပိုင်အိတ်ထဲသို့ ရောက်ရှိသွားရုံမက ပြည်သူများကို ဖိနှိပ်မှုများ ကျူးလွန်ရေး ကိစ္စများတွင်ပါ အသုံးပြုခဲ့ပါသည်။ ထို့ကြောင့် ပြည်သူများသည် စားနပ်ရိက္ခာ မလုံလောက်မှုများ၊ အခြေခံ လွတ်လပ်ခွင့်များ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။

          အဆိုပါ ဖြစ်စဉ်တွင် သြစတြေးလျ၏ Twinza Oil သည် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံထားပါသည်။ မြန်မာစစ်အစိုးရသည် Twinza ၏ စီမံကိန်း တစ်ခုတည်းမှ ဝင်ငွေ အမေရိကန် ဒေါ်လာ (၂.၅) ဘီလီယံခန့် ရရှိမည် ဖြစ်ပါသည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံရာ၌ အခြေခံ အဆောက်အဦးအတွက် ပမာဏတစ်ခု အသုံးပြု ရပါသည်။ ထိုအခြေခံ အဆောက်အဦးမှ ဘေးထွက် ကောင်းကျိုးအဖြစ်၊ စိုက်ပျိုးရေးကဏ္ဍ ဈေးကွက် တိုးတက်ရေးအတွက် လမ်းများ ဖောက်လုပ်ခြင်း၊ စက်မှုကဏ္ဍတို့တွင် တိုးတက်မှုများ ရှိသင့်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ကူးသန်းရောင်းဝယ်ရေးမှာ ပြည်တွင်း၌ပင် အကန့်အသတ်များ ရှိပါသည်။ လယ်သမား အများစုသည် မိမိတို့ ကြိုက်နှစ်သက်ရာ စိုက်ခွင့်မရဘဲ၊ အစိုးရအတွက် ဝင်ငွေ ရစေမည့် သီးနှံများကို အတင်းအကျပ် စိုက်ခိုင်းပါသည်။ အချို့မှာ ချေးငွေများကို အတိုး (၇% မှ ၁၇%) အထိ အတင်းအကျပ် ပေးစေခြင်းများ ရှိပါသည်။ မြန်မာအစိုးရသည် လွန်စွာ ကံကောင်းပါသည်။ အများစုသည် လက်နက်ကို ကြောက်၍ လယ်မြေများ ဆုံးရှုံးခံလိုက်ရသည်။ အချို့မှာ အခြေခံ အဆောက်အဦး စီမံကိန်းများအတွက် အတင်းအကျပ် လုပ်အားပေးစေမှုများကို ခံနေရပါသည်။ မိန်းမများနှင့် ကလေးများသည် တောထဲသို့ သွားရပြီး လမ်းခင်းရာတွင် သုံးရန် ကျောက်များကို လက်ဖြင့် ခွဲရပါသည်။ ရွာများ၊ လယ်ယာမြေများမှာ ရေလှောင်တမံများ၊ ဓာတ်ငွေ့ပိုက်လိုင်းများ ပြုလုပ်ရန် ဖယ်ရှားပေးခဲ့ရပါသည်။

          ထို့ကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်သူများက နိုင်ငံခြား ရင်းနှီးမြှုပ်နှံများ မလာစေရန် တောင်းဆိုခြင်း ဖြစ်ပါသည်။ အရေးယူ ပိတ်ဆို့မှုများကလည်း သာမန် ပြည်သူလူထုအပေါ် သက်ရောက်မှုများ ရှိကြောင်း ဝေဖန်မှုများ ရှိပါသည်။ သို့သော် အထက်ပါ ကိစ္စရပ် များသည် မြန်မာ့စီးပွားရေး၏ အစဉ်အလာ သွင်ပြင်လက္ခဏာများနှင့် သက်ဆိုင်ခြင်း မရှိလှပါ။ ကဏ္ဍတစ်ရပ်မှာ နိုင်ငံလူဦးရေ အများစုကို ကိုယ်စားပြုပြီး ငွေအရင်းအနှီး မများသော စိုက်ပျိုးရေးကဏ္ဍကို အခြေခံကာ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနှင့် အနည်းငယ်သာ ဆက်စပ်မှု ရှိပါသည်။ အခြားကဏ္ဍတစ်ရပ်မှာ ငွေအမြောက်အမြား ရသော ကဏ္ဍများ ဖြစ်သည့် သတ္ထုတူးဖော်ရေး၊ ရေနံ၊ သစ် ထုတ်လုပ်မှု လုပ်ငန်းများ၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းများကို အစိုးရကသာ လွှမ်းမိုး လုပ်ကိုင်နေပြီး၊ နိုင်ငံတကာ ဈေးကွက်နှင့် ပတ်သက်နေပါသည်။

          မြန်မာအစိုးရ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့များမှ ဝင်ငွေများ တိုးတက်လာလေလေ၊ ပြည်သူများ၏ လူသားဆိုင်ရာ တိုးတက်မှု ညွှန်းကိန်းများ အောက်သို့ ထိုးကျလေလေ ဖြစ်ရခြင်းမှာ မတော်တဆဖြစ်ခြင်း မဟုတ်နိုင်ပေ။ မြန်မာနိုင်ငံ၏ စစ်တပ်ထဲတွင် ကလေးစစ်သား စာရင်းအရ (၇၀၀၀၀) ခန့်ရှိရာ၊ ကမ္ဘာပေါ်တွင် အများဆုံး ဖြစ်ပါသည်။ ကလေး ဆယ်ဦးတွင် တစ်ဦးသည် မမွေးခင် သေဆုံးနေပြီး၊ မွေးပြီးလျှင်လည်း ဆင်းရဲ မွဲတေလျက် ရှိနေကြပါသည်။ အချို့မှာ စစ်ရေး လှုပ်ရှားမှုများအရ မိဘမဲ့ ဖြစ်ရခြင်း၊ လူမဆန်စွာ ပြုမူခံရခြင်းများ ရှိနေပါသည်။ စစ်တပ်သည် သူပုန် အသိုင်းအဝိုင်းအား အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းကို လက်နက်သဖွယ် အသုံးပြုပါသည်။ ဤလူမဆန်သော ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများကို စစ်တပ်က တိုင်းရင်းသား ကျေးရွာ (၃၃၀၀) ကျော်အား ဖျက်ဆီးရာတွင် ကျူးလွန်ခဲ့ပါသည်။

          သြစတြေးလျနိုင်ငံသည်လည်း အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကဲ့သို့ပင် ငွေကြေးဆိုင်ရာ အရေးယူမှုများနှင့် ခရီးသွားမှု ပိတ်ပင်မှုများကို စစ်အစိုးရ အာဏာပိုင်များနှင့် ၎င်းတို့၏ စီးပွားရေး ပါတနာများအပေါ် ချမှတ်ထားခဲ့ပါသည်။ သို့သော် အကောင်အထည်ဖော်ရာတွင် လိုအပ်ချက်များ ရှိသောကြောင့် မအောင်မြင်ခဲ့ပါ။ ထို့ကြောင့် အစိုးရ၏ နိုင်ငံခြားငွေ ရှာဖွေနိုင်မှု စွမ်းအားကို ထိခိုက်အောင် ပြုလုပ်နိုင်မည့် အရေးယူ ပိတ်ဆို့မှုများ ပိုမို လိုအပ်ပါသည်။

          ယခုအချိန်သည် သြစတြေးလျအစိုးရအဖို့ မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခြင်းကို ပိုမို အားကောင်းစေရန် ပြန်လည် သုံးသပ်သင့်ပါသည်။ အထူးသဖြင့် သြစတြေးလျ၏ လက်ရှိ မြန်မာနိုင်ငံတွင်ရှိသော စီမံကိန်းများကို အခြေပြု၍ စောင့်ကြည့်ရပေမည်။ သြစတြေးလျ စီးပွားရေး အသိုင်းအဝိုင်းသည် ပူးပေါင်း တာဝန်ယူပြီး မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုကို အဆုံးသတ်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ၂၀၁၀ ခုနှစ်တွင် သြစတြေးလျသည် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပိုမို၍ အကာအကွယ်ပေးရန် ပါဝင် လှုပ်ရှားနိုင်မလား ဆိုသည်ကို မေးခွန်း ထုတ်ရလိမ့်မည် ဖြစ်ပါသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima,9 - Dec - 2009

          စင်္ကာပူနိုင်ငံ၏ BH Global Marine Limited က ၎င်းသည် မြန်မာနိုင်ငံသို့ ရေထွက်ပစ္စည်းများ တင်ပို့နိုင်ရန် မြန်မာစီးပွားရေး လုပ်ငန်းရှင်နှစ်ဦးနှင့် ဖက်စပ် သဘောတူချက်တစ်ခု ရှိထားကြောင်း ပြောကြားခဲ့ပါသည်။

          BH Global Marine Limited မှ တာဝန်ရှိသူက မဇ္ဈိမသို့ ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် ၎င်းတို့ ကုမ္ပဏီသည် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် နှစ်ဦးဖြစ်သော ရွှေဥာဏ်ဝင်းနှင့် မြင့်ဆွေသိန်းတို့ဖြင့် ဖက်စပ်သဘော တူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့သည်ဟု ဆိုပါသည်။ ၎င်းတို့ နှစ်ဦးမှာ မြန်မာနိုင်ငံတွင် ရေကြောင်းနှင့် ရေနံ သဘာဝဓာတ်ငွေ့ အင်ဂျင်နီယာလုပ်ငန်းများတွင် အင်အားကြီးသော အဖွဲ့များရှိကြောင်း ပြောသွားပါသည်။

          BH ကုမ္ပဏီ၏ အင်္ဂါနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖက်စပ် သဘောတူညီချက်အရ မိမိတို့သည် မိမိတို့၏ ပါတနာ (၂) ဦးနှင့် ဖက်စပ်ကုမ္ပဏီတစ်ခု စင်္ကာပူနိုင်ငံတွင် တည်ထောင်မည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ ရေထွက်ပစ္စည်းများနှင့် ထုတ်ကုန်များကို တင်ပို့သွားမည်ဟု ဖော်ပြပါရှိပါသည်။

          သဘောတူညီချက်အရ ကနဦး ရင်းနှီးမြှုပ်နှံငွေ စင်္ကာပူ ဒေါ်လာ သုံးသိန်း သတ်မှတ်ပြီး ရှယ်ယာအစု သုံးသိန်း သတ်မှတ်ထားပါသည်။ မြန်မာ ပါတနာနှစ်ဦးမှ တစ်ဦးလျှင် ရှယ်ယာ (၃၅%) စီ နှင့် စင်္ကာပူကုမ္ပဏီမှ ရှယ်ယာ (၃၀%) ပိုင်ဆိုင်ကြမည် ဖြစ်ပါသည်။

          ကုမ္ပဏီ ဒါရိုက်တာများက ပြောကြားရာတွင် ယခု ဖက်စပ်ကုမ္ပဏီသည် အကျိုးအမြတ် ရလိမ့်မည်ဟု ယုံကြည်ကြောင်းနှင့် မြန်မာနိုင်ငံတွင်ပါ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ဖြစ်လာလိမ့်မည်ဟု ထင်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန် အစိုးရက မြန်မာတပ်မတော် အစိုးရနှင့် တိုက်ရိုက် စေ့စပ် ညှိနှိုင်းမည်ဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြောင်းလဲမှုများ ထွက်ပေါ်မည့် အရိပ်အယောင် မတွေ့ရကြောင်း အမေရိကန် အဆင့်မြင့် သံတမန်တစ်ဦးက သုံးသပ် ပြောကြားလိုက်သည်။

အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်များအကြား နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သော တွေ့ဆုံ ဆွေးနွေးမှုများသည် သတိပေးမှု သက်သက်မျှသာ ဖြစ်ပြီး အဖြေထွက်မည့် နည်းလမ်း အနည်းငယ်ကိုသာ ဆောင်ကြဉ်းနိုင်ခဲ့ပါကြောင်း အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scot Marciel က ပြောကြားသည်။

"အဲဒီလို တွေ့ဆုံ ဆွေးနွေးမှုကြောင့် ကျွန်တော်တို့ စကားပြောခွင့်တော့ ရခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါဟာ တိုးတက်မှု ဖြစ်စဉ် မဟုတ်ပါဘူး" ဟု ၎င်းက စင်ကာပူ Think Tank တစ်ခု ဖြစ်သော Institute of Southeast Asian Studies က ကြီးမှူး ကျင်းပသည့် ဆွေးနွေးပွဲတွင် ပြောကြားသည်။

"မြန်မာပြည်ထဲမှာ ပြောင်းလဲမှုတွေ ရှိလာတဲ့အခါကျမှ တိုးတက်မှုဆိုတာ ဖြစ်ပေါ်လာမှာပါ။ အခု အချိန်ထိတော့ ဘာမှ မဖြစ်ပေါ်သေးပါဘူး" ဟု မစ္စတာ Scot Marciel က ဆိုပါသည်။ မစ္စတာ Scot Marciel သည် အာရှပစိဖိတ် ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Cambell ဦးဆောင်သော အမေရိကန် အထူးသံတမန်အဖွဲ့နှင့် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။

တိုးတက် ဖြစ်ထွန်းမှုများ နည်းပါးနေခြင်းကြောင့် ဝါရှင်တန် အစိုးရအနေဖြင့် မြန်မာနိုင်ငံ တပ်မတော် အစိုးရနှင့် တိုက်ရိုက် စေ့စပ်ညှိနှိုင်းမှု ပြုမည့် မူဝါဒကို ဆက်လက် အကောင်အထည်ဖော်ရန် ခက်ခဲလျက် ရှိကြောင်း၊ သို့သော် ဝါရှင်တန်သည် ရလဒ်ကောင်းများ ထွက်ပေါ်လာရေးအတွက် အချိန်ပေး စောင့်ဆိုင်းသွားမည်သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"မြန်မာနိုင်ငံထဲမှာ တိုးတက်မှု တစ်စုံတရာ မရှိဘဲနဲ့ ကျွန်တော်တို့ အနေနဲ့ ဒိုင်ယာလော့ခ်လုပ်ဖို့ ခက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အခု ဒိုင်ယာလော့ခ် လုပ်ဖို့ အနေအထားမှာ မရှိပါဘူး။ ကျွန်တော်ထင်တယ်…။ ကျွန်တော်ပြောခဲ့တဲ့အတိုင်း အဲဒီ မြန်မာခရီးစဉ်အတွင်း ကျွန်တော်တို့ ဘာတစ်ခုမှ အကောင်အထည် မဖော်ခဲ့နိုင်ပါဘူး။ အကောင်အထည် ဖော်နိုင်မယ်လို့လည်း ကျွန်တော်တို့ လုံးဝ မမျှော်မှန်းခဲ့ကြပါဘူး။

မြန်မာနိုင်ငံအပေါ် ပြဋ္ဌာန်းခဲ့သော စီးပွားရေး ပိတ်ဆို့ အရေးယူသည့် မူဝါဒများက အကျိုးအမြတ် တစ်စုံတရာ မထုတ်ဖော်နိုင်ခဲ့သည့် နောက် အမေရိကန် သမ္မတ ဘားရက်အိုဘားမား ဦးဆောင်သည့် အစိုးရသည် မြန်မာအစိုးရနှင့် တိုက်ရိုက် စေ့စပ်ညှိနှိုင်းမည့် မူဝါဒကို ပြောင်းလဲ ကျင့်သုံးလာခဲ့သည်။

AFP သတင်းဌာန၏ No progress on Myanmar ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

8 Dec 2009

          ရန်ကုန်မြို့လယ်ကို ဖြတ်သန်း မောင်းနှင်နေသော တက္ကစီတစ်စီးပေါ်တွင် သက်လတ်ပိုင်း အရွယ် မြန်မာလူမျိုးတစ်ဦးနှင့်အတူ စာရေးသူ ရှိနေခဲ့ပါသည်။ မိမိတို့သည် ရဲဘော် ၃ ကျိပ်မှသည် ၁၉၈၈ ဆန္ဒ ပြပွဲများအထိ မြန်မာ့သမိုင်းကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် မိမိက အမေရိကန် အာဏာပိုင်များနှင့် မြန်မာအစိုးရ၏ လက်ရှိ အဆင့်မြင့် ဆွေးနွေးမှုများ အကြောင်း ပြောဆိုခဲ့ပြီး တက္ကစီမောင်းသူက မြန်မာပြည်သူများ၏ လတ်တလော အခြေအနေများကို အကျဉ်းချုပ် ပြောပြပါသည်။

          " လူတွေက လွတ်လပ်ခွင့် လိုချင်နေကြတယ်လေ။ ယောင်္ကျားလေးတွေ၊ မိန်းကလေးတွေ အားလုံး ထမင်းဝဝ စားဖို့ အလုပ် ၂ ခု၊ ၃ ခုလောက် လုပ်ကြရတယ်။ သူတို့ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ကြရတာပါ။ မိန်ကလေးတွေဆိုရင် ပိုက်ဆံ နည်းနည်းပါးပါး သုံးနိုင်ဖို့ ကာရာအိုကေ ဘားတွေမှာ အလုပ်လုပ်ရတယ်"ဟု ၎င်းက ဆိုပါသည်။

          မြန်မာနိုင်ငံသည် ဒုက္ခရောက်နေသော နိုင်ငံတစ်ခုဟု ဆိုရာတွင် အတော်ကြီးကို လျော့လျော့ ပေါ့ပေါ့ သုံးသပ်ထားခြင်းသာ ဖြစ်သည်။ Transparency International က နောက်ဆုံး ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင် အကျင့်ပျက် ခြစားသော နိုင်ငံများ စာရင်း၌ မြန်မာက တတိယနေရာ ချိတ်ပြီး ၎င်း၏ ရှေ့တွင် အာဖဂန်နစ္စတန်နှင့် ဆိုမာလီယာ၊ ၎င်း၏ နောက်တွင် ဆူဒန်နှင့် အီရတ်တို့ ရှိနေပါသည်။ International Displacement Monitoring Centre IDMC ၏ မှန်းဆမှုအရ မြန်မာနိုင်ငံ အတွင်းရှိ လူဦးရေ ၄ သိန်းခွဲခန့်မှာ အတင်းအကျပ် နေရာရွှေ့ပြောင်းခြင်း ခံရသည်ဟု သိရှိရပါသည်။

          နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံဆိုင်ရာ ၂၀၀၈ လူ့အခွင့်အရေး အစီရင်ခံစာ၌ မြန်မာအစိုးရ ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံတွင် တရားစွဲဆိုခြင်း မရှိဘဲ မတရား ဖမ်းဆီးမှုများ၊ တိုင်းရင်းသား လူမျိုးများအပေါ် တိုက်ခိုက်မှုများ၊ အရပ်သား လွတ်လပ်ခွင့်များကို ချုပ်ချယ် ကန့်သတ်ခြင်းများ ပါဝင်သည်ဟု ဖော်ပြထားပါသည်။

          ယခင်နှစ်က မြန်မာအစိုးရ ထုတ်ပြန်သော အခြေခံဥပဒေသစ်အရ နိုင်ငံတော်အဆင့်နှင့် ပြည်နယ် အဆင့်များတွင် ဖွဲ့စည်းမည့် ဥပဒေပြုလွှတ်တော် အစိတ်အပိုင်း ၂ ရပ်ကို အကောင်အထည်ဖော်မည် ဖြစ်သည်။ အဆိုပါ လွှတ်တော် နေရာများအတွက် ရွေးကောက်ပွဲကို လာမည့်နှစ်တွင် ကျင်းပပါလိမ့်မည်။ စစ်အစိုးရ တရားဝင် ဆက်လက် အုပ်ချုပ်ခွင့် ရရန် လှည့်ကွက်တစ်ခုမျှသာ ဖြစ်သည်ဟု အများစုက ယူဆပြီး စိတ်ဝင်စားမှု မရှိကြပါ။ သို့ရာတွင် အခြေခံဥပဒေသစ်၏ စည်းမျဉ်းအချို့က အစိုးရ အဖွဲ့အတွင်း အရပ်သားများ ပါဝင်နိုင်ရန် အရေးကြီးသော အခွင့်အလမ်းများ ပေးအပ်ထားရာ အနည်းဆုံး စာရွက်ပေါ်တွင် ပါဝင်နိုင်မည့် အပေါ်ယံ အခွင့်အရေးများ ရရှိနိုင်ပါသည်။

          အရွေးကောက်ခံ အရပ်ဖက် ကိုယ်စားလှယ်များ ယခင်က မရရှိခဲ့ဖူးသော မူဝါဒအပေါ် ထိန်းချုပ်ခွင့်ကို အမျိုးသား ဥပဒေပြု လွှတ်တော်အသစ်က ခွင့်ပြုနိုင်သည့် အာဏာ ရှိပါသည်။ ဥပမာအားဖြင့် အခြေခံဥပဒေသစ် အခန်း ၉၆ အရ အမျိုးသားလွှတ်တော်သည် ကုန်သွယ်ရေး မူဝါဒများ၊ အလုပ်သမား အဖွဲ့အစည်းများ၊ အခွန်အကောက် စနစ်၊ အစိုးရ ဥပဒေနှင့် ပြစ်မှုဆိုင်ရာ ဥပဒေများကို ချုပ်ကိုင်နိုင်သည့် အာဏာ ရှိပါသည်။ သမ္မတသည် ဥပဒေ မူကြမ်းများကို မှတ်ချက်ပေးခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ခွင့် ရှိပါသည်။ သို့ဖြစ်၍ သမ္မတ ဗီတိုအာဏာ သုံးခဲ့လျှင် အခြေခံဥပဒေက ဘာမှ တတ်နိုင်မည် မဟုတ်ပါ။

          သို့ရာတွင် လွတ်တော်တွင်းရှိ ကိုယ်စားလှယ် နေရာ စုစုပေါင်း၏ ၂၅ % ကို တပ်မတော် ကိုယ်စားလှယ်များက ရယူထားသည့်အတွက် ဥပဒေပြဋ္ဌာန်းရာတွင် ပါဝင် ဆောင်ရွက်ခွင့် ရှိနေသေးသည်ဟု ဆိုရပါမည်။

          အခြေခံ အခွင့်အရေးများကို ယာယီ ရုတ်သိမ်းခွင့်၊ အပြည့်အဝ အုပ်ချုပ် စီမံခွင့်၊ ဥပဒေပြုခွင့်၊ တရား စီရင်ပိုင်ခွင့်စသော အာဏာများကို အပ်နှင်းထားသည့် နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခွင့် အပါအဝင် အရေးပါသည့် အာဏာများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက် ရယူထားဆဲ ဖြစ်သည်။

          ၂၀၀၈ အခြေခံဥပဒေအရ ကျင်းပမည့် ရွေးကောက်ပွဲတွင် သမ္မတလောင်း ၃ ဦးသာ ပါဝင် ယှဉ်ပြိုင်ခွင့် ရှိပြီး လွှတ်တော် အဖွဲ့အစည်း ၂ ရပ်က သမ္မတလောင်း တစ်ဦးစီ ရွေးချယ်မည် ဖြစ်၍ တပ်မတော်က တတိယ သမ္မတလောင်းကို ရွေးချယ်မည် ဖြစ်သည်။ သို့ရာတွင် သမ္မတလောင်း အဖြစ် ပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် အရည်အချင်း ကန့်သတ်ချက် များစွာ ရှိပါသည်။ ထောင်ကျဖူးသူများ သမ္မတလောင်း မဖြစ်နိုင်သောကြောင့် အတိုက်အခံ နိုင်ငံရေးသမား မြောက်မြားစွာ အရည်အချင်း ပြည့်မှီခြင်းမရှိ ဟု သတ်မှတ် ခံရပါလိမ့်မည်။

          ထို့အပြင် ဗုဒ္ဓဘာသာ ရဟန်းတော်များကိုလည်း လွှတ်တော် ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခွင့် မပြုပါ။ အချို့သော ဝေဖန် ဆန်းစစ်သူများက ၂၀၀၇ ရွှေဝါရောင် တောင်လှန်ရေးတွင် ပါဝင်ခဲ့သော ရဟန်းများအား မဲပေးပိုင်ခွင့် မရှိစေရန် တားဆီးမှု တစ်ခုအဖြစ် အငြင်းပွားခဲ့ကြသော်လည်း များစွာသော ဗုဒ္ဓဘာသာဝင် ပညာတတ်များကမူ ရဟန်းတော်များသည် နိုင်ငံရေးနှင့် မပတ်သက်သင့်ဟု ယူဆထားကြပါသည်။

          သတိပြုရမည့် အချက်တစ်ခုမှာ ပြည်ပ နိုင်ငံသားအဖြစ် ခံယူထားသော မိဘ၊ ဇနီး၊ ခင်ပွန်းနှင့် သားသမီးများ ရှိသူသည် ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ခွင့် မရှိသည့် အချက် ဖြစ်သည်။ ဤအချက်သည် မြန်မာနိုင်ငံ၏ ထင်ရှား ကျော်ကြားသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ရောက်မှု ရှိနေပါသည်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှ ပါမောက္ခ မိုက်ကယ် အဲရစ်နှင့် လက်ထပ်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲမှ ဘေးဖယ်ခြင်းခံရသည်ဟု အချို့ ဝေဖန် ဆန်းစစ်သူများက ပြောကြားနေသော်လည်း ဤအချက်သည် တိကျ ခိုင်မာမှု မရှိပါ။

          မိုက်ကယ်အဲရစ်သည် ၁၉၉၉ က ကွယ်လွန်သွားခဲ့ပြီ ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအချိန်တွင် ခင်ပွန်း မရှိပါ။ သို့ရာတွင် မြန်မာအာဏာပိုင်များက ၂၀၀၈ အခြေခံဥပဒေကို ဖက်တွယ်နေသမျှ ကာလပတ်လုံး သူမသည် အခြား အကြောင်းတစ်ခုခုဖြင့် အရည်အချင်း မပြည့်မှီကြောင်း ငြင်းပယ်ခံရမည်သာ ဖြစ်သည်။ သူမ၏ သားနှစ်ယောက် (Kim နှင့် Alexander) သည် UK နိုင်ငံတွင် နေထိုင်သူ ဗြိတိသျှ နိုင်ငံသားများ ဖြစ်ပါသည်။

          လွန်ခဲ့သော ဆယ်စုနှစ် ၂ စုအတွင်း အချိန် အများစု ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ ကျင်းပမည့် အချိန်တွင် နေအိမ်၌ အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်နိုင်သော်လည်း ဗဟိုတရားရုံးက သူမ၏ အယူခံလွှာကို တင်သွင်းရန် သဘောတူလိုက်ပါသည်။

          ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံ အားပေးကြခြင်းကြောင့် သူမ၏ NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း အစိုးရက အာဏာ လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ပါသည်။ ထို့အတွက် အမေရိကန်အစိုးရက တပ်မတော် အစိုးရကို ဆယ်စုနှစ် ၂ စုကြာမျှ ခွဲခြား ပစ်ပယ်ထားခဲ့သော်လည်း ရလဒ် အနည်းငယ်သာ ထွက်ပေါ်ခဲ့ပါသည်။

          သို့ဖြစ်၍ အိုဘားမား အစိုးရသစ်သည် ကွဲပြားသော နည်းပရိယာယ်ကို စမ်းသပ် ကြိုးစားသည့်အနေဖြင့် တပ်မတော်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုအား ဆီနိတ်တာ Jim Webb က စတင် လှုပ်ရှားခဲ့ပါသည်။ လတ်တလောတွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမ၏ မဟာဗျူဟာကို ပြောင်းလဲသည့် လက္ခဏာအဖြစ် အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်သည့် သူမ၏ သဘောထားကို ပြောင်းလဲခဲ့ပါသည်။

          တစ်ချိန်တည်းတွင်ပင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အဦးသည်လည်း ၂၀၁၀ ရွေးကောက်ပွဲနှင့် အချိန်ကိုက် ပြီးစီးမည်ဟု ယူဆရပါသည်။ ပြည်သူလွှတ်တော်သို့ သွားသောလမ်းကို ကြိုးစားပမ်းစား ကတ္တရာ ခင်းနေသော အလုပ်သမားများအား ယခင်လက တွေ့မြင်ခဲ့ရပါသည်။ အဆိုပါ လမ်းများသည် လက်ရှိတွင် မြေသားလမ်း အဆင့်တွင်သာ ရှိပါသေးသည်။

          အကယ်၍ လာမည့်နှစ် ရွေးကောက်ပွဲများ အပြီးတွင် လွှတ်တော်၏ အရပ်ဖက် ကိုယ်စားလှယ် အသစ်များက အထမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပြီး မြန်မာနိုင်ငံသားများ၏ အခြေအနေ ပိုမို တိုးတက် ကောင်းမွန်လာနိုင်ပါမည်လား ဆိုသည့်အချက်ကိုမူ အချိန်ကသာ စကားပြော သွားပါလိမ့်မည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အနောက်ကမ္ဘာ၏ စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားရေးအတွက် နိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံလိုပါသည် ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက်မှာ ရိုးသားဖြောင့်မတ်မှု မရှိကြောင်း မြန်မာ တပ်မတော်အစိုးရပိုင် မီဒီယာများက ရေးသား ဖော်ပြသည်။

ယခုအခါ နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအစိုးရ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် ကြိုးပမ်းခဲ့ပြီး သူမ၏ အပြုအမူသည် များစွာ မေးခွန်းထုတ်စရာ ဖြစ်နေသည်ကို တွေ့ရကြောင်း မြန်မာအစိုးရပိုင် သတင်းစာ သုံးစောင်ဖြစ်သော ကြေးမုံ၊ မြန်မာ့အလင်းနှင့် New Light of Myanmar တို့က သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ်ဖြင့် ရေးသားဖော်ပြသည်။

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်စုကြည်သည် နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာတစ်စောင် ပေးပို့ခဲ့သည်။ အဆိုပါ စာတွင် သူမအနေဖြင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားအတွက် တပ်မတော် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း ရေးသားခဲ့သည်။

ထို့အတူ စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားနိုင်ရေးအတွက် အနောက်ကမ္ဘာနိုင်ငံများနှင့် သော်လည်းကောင်း၊ မြန်မာတပ်မတော် အစိုးရနှင့် သော်လည်းကောင်း ပူးပေါင်း ဆောင်ရွက်လိုပါသည်ဟု စာတစ်စောင် ရေးသားခဲ့သေးသည်။ လေ့လာ သုံးသပ်သူများ၏ အဆိုအရ အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုမှာ တရုတ်နှင့် အိန္ဒိယတို့၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကြောင့် စစ်အစိုးရကို ဖိအားပေးနိုင်ခြင်း မရှိပေ။

"ဒေါ်အောင်ဆန်းစုကြည် ရေးသား ပေးပို့တဲ့ စာတွေဟာ သူမရဲ့ မရိုးသားမှုကို ဖော်ပြနေပါတယ်။ နောက်ပြီးတော့ အဲဒီစာတွေဟာ တပ်မတော် အစိုးရရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် အကွက်ဆင်ထားတာကို တွေ့ရပါတယ်။ အစိုးရအပေါ် အပြစ်တွေ အားလုံး ပုံချနိုင်အောင် ပုံဖော်ပေးနေပါတယ်" ဟု အဆိုပါ ဆောင်းပါးက ဆိုသည်။

ယခုကိစ္စသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ စာနှင့် ပတ်သက်၍ စစ်အစိုးရက ပထမဆုံး တုံ့ပြန်မှု ပြုလုပ်ခြင်း ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာများသို့ စာကိစ္စ ပေါက်ကြားသွားသောကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပြစ်တင် ဝေဖန်လိုက်ခြင်းလည်း ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာနှစ်စောင်ဟာ သူမရဲ့ မရိုးသားမှုကို ထင်ဟပ် ပေါ်လွင်စေပါတယ်။ နိုင်ငံနဲ့ ပြည်သူ့အကျိုးကို အမှန်တကယ် လိုလားတယ်ဆိုရင်၊ ရိုးသားပြီး စိတ်ရင်း စေတနာလည်း အမှန်တကယ် ရှိတယ်ဆိုရင် ကိုယ့်ဘက်က ရပ်တည်မှုကို ပွင့်ပွင့်လင်းလင်း တင်ပြပြီး အစိုးရကို ရိုးရိုးသားသား ချဉ်းကပ်သင့်ပါတယ်" ဟု ဆောင်းပါးက ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး ရေးသား ပေးပို့ခဲ့သော စာတွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ်နှင့် တွေ့ဆုံခွင့် ပြုသည့်အတွက် တပ်မတော် အစိုးရကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ရေးသားထားသည်။

ရိုက်တာသတင်းဌာန ၏ Myanmar Junta Labels Detained Suu Kyi Dishonest ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy ,By Simon Roughneen,9 Dec 2009

          မတည်မငြိမ်ဖြစ်နေသည့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ နယ်စပ်ရှိ အခြေအနေများကြောင့် ပိုမို ဆိုးရွားစေခဲ့ကြောင်း ဘန်ကောက် မြို့တော်ဝန် M.R.Sukhumbhand Paribatra က အင်္ဂါနေ့ညက ညစာစားပွဲ တစ်ခုတွင် ပြောကြားခဲ့ပါသည်။

          ဒီမိုကရက်ပါတီ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်းက ဘန်ကောက် Sheraton Grande Hotel တွင် ပြုလုပ်သော ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားရာ၌ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်စေသည့် အဓိက အရင်းအမြစ်မှာ မြန်မာအစိုးရ၏ စစ်တပ်တိုးတက် ချဲ့ထွင်မှုများကြောင့် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားပါသည်။ ၎င်းက ထိုင်းနိုင်ငံတွင် စစ်အင်အား ၄၃၀၀၀ သာ ရှိသော်လည်း မြန်မာနိုင်ငံတွင် ငါးသိန်းကျော် ရှိပြီး အရှေ့တောင်အာရှတွင် အင်အား အကြီးဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          မြန်မာအစိုးရ၏ စစ်တပ်ကို အဆင့်မြှင့်ခြင်းနှင့် တိုးချဲ့ခြင်းတို့နှင့် ပတ်သက်၍ မြို့တော်ဝန်က ပြောကြားရာတွင် မြန်မာအစိုးရသည် စစ်တပ်ကို ခေတ်မီအောင် လုပ်နေသည်မှာ ကြာပြီ ဖြစ်ကြောင်း၊  ထိုသို့ ပြုလုပ်ခြင်းကြောင့် ဒေသတွင်း လက်နက် ပြိုင်ဆိုင်မှုကို မီးမွှေးပေးရာ ရောက်ကြောင်း ပြောကြားခဲ့ပါသည်။

          ထိုင်းနိုင်ငံသည် ပြည်တွင်း အသားတင် ထုတ်လုပ်မှု (GDP) ၏ ၅% အောက်တွင်သာ ကာကွယ်ရေး အသုံးစရိတ် ပြုလုပ်ကြောင်း၊ နေပြည်တော်ရှိ စစ်အာဏာရှင်များကမူ GDP ၏ သုံးပုံတစ်ပုံခန့်အထိ စစ်တပ်က သုံးပြုကြောင်း ၎င်းက နှိုင်းယှဉ် ပြောကြားခဲ့ပါသည်။

          ထိုင်းနိုင်ငံသည် စစ်တပ်ကို ခေတ်မှီအောင် ပြုလုပ်ရေး အစီအစဉ်ကို စတင်နေပြီ ဖြစ်ရာ၊ ပစ္စည်းဝယ်ယူရေးနှင့် အဆင့်မြှင့်ခြင်းကို ငါးနှစ်စီမံကိန်း အဆင့်နှစ်ဆင့်ဖြင့် အခြေခံထားကြောင်း Paribatra ၏ အဆိုအရ သိရှိရပါသည်။ သို့သော် ယခုနှစ်များအတွင်း ထိုင်းနိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည် အခြား အရှေ့တောင်အာရှနိုင်ငံများနှင့် စာလျှင် GDP ၏ ရာခိုင်နှုန်း အနည်းငယ်သာ အသုံးပြုပါသည်။

          မြန်မာအစိုးရနှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံရေး ပိုမို တိုးတက်လာခြင်းကလည်း ထိုင်းနိုင်ငံကို ပိုမို စိုးရိမ်မှုများ ဖြစ်စေပါသည်။ နှစ်နိုင်ငံစလုံးသည် စစ်ရေးကိစ္စအလို့ငှာ ပူးပေါင်း ဆောင်ရွက်ကြခြင်း ဖြစ်ရာ၊ ကောလာဟလ သတင်းများအရ နေပြည်တော်အစိုးရသည် နျူကလီယာ ပိုင်ဆိုင်ရေးအတွက် ပြုံယမ်း၏ အကူအညီကို ရယူနေသည်ဟု ဆိုပါသည်။ မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီယား လက်နက် စမ်းသပ်မှုများကို ၂၀၀၉ ခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့ပါသည်။

          မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ Paribatra က ပြောကြားရာတွင် မြန်မာနိုင်ငံ၌ အမျိုးသား ပြန်လည် စည်းလုံးညီညွှတ်မှု မရှိသောကြောင့် မတည်ငြိမ်မှုများ၊ ရက်စက်စွာ ဖိနှိပ်မှုများ ဆက်လက် ဖြစ်ပွားနေကြောင်း၊ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုများ နေထိုင်ရာ နယ်စပ် ဒေသများတွင် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။ ထို့ကြောင့် အတည်တကျ နေထိုင်မှု အခြေအနေကို ပျက်ပြားစေပြီး ဒုက္ခသည်များ ထိုင်းနိုင်ငံ မြောက်ပိုင်းသို့ ပိုမို ဝင်ရောက်လာစေပါသည်။ ယခု လက်ရှိအားဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်း မြန်မာနယ်စပ်တွင် မြန်မာ ဒုက္ခသည် ၁၃၀၀၀၀ ခန့်သည် ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိပါသည်။

          ပြီးခဲ့သည့် သြဂုတ်လက မြန်မာစစ်တပ်သည် ရှမ်းပြည် မြောက်ပိုင်းတွင် ကိုးကန့် တိုင်းရင်းသားများနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒုက္ခသည် ၃၇၀၀၀ ခန့်ကို တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးစေပါသည်။ အဆိုပါ တိုက်ခိုက်မှုသည် အခြား တိုင်းရင်းသား အဖွဲ့များကိုလည်း တိုက်ခိုက်နိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်ပါသည်။

          အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့အား မြန်မာစစ်တပ်၏ လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် အမိန့်ထုတ်ထားပါသည်။ သို့သော် အများစုက သဘောမတူ ငြင်းဆန်ထားကြရာ၊ မြန်မာစစ်တပ်အနေဖြင့် လိုက်နာရန် ပျက်ကွက်သော တိုင်းရင်းသား လက်နက်ကိုင်များကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ သော်လည်းကောင်း အပြီးတွင် လည်းကောင်း တိုက်ခိုက်လိမ့်မည် ဖြစ်ကြောင်း တွက်ဆမှုများ ရှိလာခဲ့ပါသည်။

          Paribatra က မြန်မာနိုင်ငံ၏ လူများ ရွှေ့ပြောင်း ထွက်ပြေးရသည့် အခြေအနေကို ဆူဒန်နိုင်ငံ မြောက်ပိုင်း ဒါဖာဒေသ အခြေအနေနှင့် တူကြောင်း ပြောကြားခဲ့ပါသည်။ ဒါဖာဒေသတွင် ၂၀၀၃ ခုနှစ် အစောပိုင်းကတည်းက လူမျိုးတုံး သတ်ဖြတ်မှုများကို ဆူဒန်စစ်တပ်နှင့် မဟာမိတ် စစ်တပ်များက ကျူးလွန်ခဲ့ကြသည်ဟု ဆိုပါသည်။

          ထိုင်းနိုင်ငံက စိုးရိမ်သော နောက်တစ်ချက်မှာ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ရောင်းဝယ်မှု ဖြစ်သည်ဟု မြို့တော်ဝန်က ဆက်လက် ပြောကြားပါသည်။ ကုလသမဂ္ဂမှ ထုတ်ပြန်သော ကိန်းဂဏန်းများ အရ ၂၀၀၈ ခုနှစ်တွင် ဘိန်း ၄၁၀ တန်ခန့် ထုတ်လုပ်သည်ဟု ခန့်မှန်းပြီး (ဘိန်း ၄၁၀ တန်သည် ဟီရိုးအင်း တန် ၄၀ ထုတ်လုပ်နိုင်သည်)၊ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် မီသာဖက်တမင်း (Methamphetamine) အဓိက ထုတ်လုပ်သောနိုင်ငံ ဖြစ်ပြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချပါသည်။

          စိုးရိမ်မှုများ ရှိနေသော်လည်း ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံကို မချစ်သော်လည်း အောင့်ကာ နမ်းနေရပါသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးသည် လုပ်အားခ ဈေးပေါသော မြန်မာရွှေ့ပြောင်း လုပ်သား ၃ သန်းခန့်ပေါ်တွင် မူတည်နေသည်ဟု စီးပွားရေး ပညာရှင်များက ယုံကြည်ပါသည်။

          မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့သည် ထိုင်းနိုင်ငံ၏ လျှပ်စစ်မီးလိုအပ်ချက်အတွက် များစွာ အထောက်အကူရသော်လည်း မြန်မာနိုင်ငံသားများမှာ များသောအားဖြင့် မီးမရှိပဲနေထိုင်ရပါသည်။ ထို့အပြင် မြန်မာစစ်တပ်သည် ထိုင်းနိုင်ငံသို့ သွယ်တန်းထားသော ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အနီးဝန်းကျင်နေရာများကို လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ နှိပ်စက်မှုများ ပြုလုပ်ခဲ့ပါသည်။

          ထိုင်းနိုင်ငံသည် ကန့်ကွက်မှုများ ရှိနေသော သံလွင်မြစ် ရေကာတာ ဆောက်လုပ်ခြင်း လုပ်ငန်းတွင်လည်း ပါဝင်နေပါသည်။ အဆိုပါ ရေကာတာသည် ထိုင်း-မြန်မာနယ်စပ်မှ ကီလိုမီတာ ၅၀ သာ ဝေးပါသည်။ အဆိုပါ စီမံကိန်းသည် ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည် ဖြစ်ပါသည်။ ယမန်နှစ်က ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား ၂၀၀၀ မဂ္ဂါဝပ် ထပ်မံ လိုအပ်ခဲ့ရာ မြန်မာနိုင်ငံ၏ ထုတ်လုပ်နိုင်မှုထက် သာလွန်ပါသည်။

          ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒမှာ ဝိရောဓိများကို မြင်နေရပြီး၊ မဟာဗျူဟာကို တစ်ခုလုံး ခြုံကြည့်လျှင် နားလည်ရခက်သည်ကို တွေ့ရပါသည်။ စောင့်ကြည့်လေ့လာသူများ၏ အဆိုအရ မြန်မာနိုင်ငံတွင် သဘာဝသယံဇာတများ တင်ပို့ရောင်းချရငွေများကို စစ်အစိုးရသည် ၎င်းတို့ ကိုယ်ကျိုးအတွက်လည်းကောင်း၊ စစ်တပ် အသုံးစရိတ်ကိုလည်းကောင်း ကဲ့၍သုံးနေကြောင်း၊ စစ်တပ် ကြီးထွားလာမှုသည် ဘန်ကောက်အား စိုးရိမ်မှုများဖြစ်ပေါ်စေပါသည်။

          ထို့အတူပင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နယ်မြေသိမ်းပိုက်မှုများကြောင့် ထိုင်းနိုင်ငံတွင် မြန်မာဒုက္ခသည်များခံစားနေရပါသည်။

          ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်က သံလွင်ရေကာတာ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို အဖွဲ့အစည်း ၁၈၉ ဖွဲ့က လက်မှတ်ရေးထိုး၍ ထိုင်းဝန်ကြီးချုပ်ထံပေးပို့ခဲ့ပါသည်။ အဆိုပါစာတွင် ထိုင်းနိုင်ငံအနေဖြင့် လျှပ်စစ်မီး ပိုမိုရရှိသည့် အကျိုးရှိသော်လည်း၊ ထိုကရင်ပြည်နယ် ထက်ကြီး ရေလှောင်တမံ အနီးတဝိုက်ရှိ ဒေသများမှာ လူ့အခွင့်အရေး ဖိနှိပ်မှုများကြောင့် အလုံးအရင်း လိုက် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာမည့်အရေးကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ရေးသားခဲ့ပါသည်။

         

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.