Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၇.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. သြစတြေးလျားနှင့် နယူးဇီလန်ခရီးစဉ်ကို မြန်မာသမ္မတ ပယ်ဖျက်

(The West Australian News မှ 6 December 2012 ရက်စွဲပါ “Burmese President cancels Australian visit” သတင်းကို ဘာသာပြန်ဆိုသည်)

  1. Intel က မြန်မာနိုင်ငံတွင် ဖြန့်ချီရေးကွန်ယက် ဖွဲ့စည်း

(Bangkok Post မှ 6 Dec 2012 ရက်စွဲပါ “Intel Myanmar distribution” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်ဂျပန်အကြီးစား ကော်ပရေးရှင်းလေ့လာ

(Xinhua News မှ 6 Dec 2012 ရက်စွဲပါ “Japanese Conglomerate eyes to invest in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

သြစတြေးလျားနှင့် နယူးဇီလန်ခရီးစဉ်ကို မြန်မာသမ္မတ ပယ်ဖျက်

(The West Australian News မှ 6 December 2012 ရက်စွဲပါ “Burmese President cancels Australian visit” သတင်းကို ဘာသာပြန်ဆိုသည်)

သြစတြေးလျနိုင်ငံသို့ နောက်အပတ်တွင် လာရောက်မည့်အစီအစဉ်ကို မြန်မာသမ္မတက ပယ်ဖျက်လိုက်ပါသည်။

မြန်မာပြုပြင်ပြောင်းလဲရေးဝါဒီ သမ္မတဦးသိန်းစိန်သည် သြစတြေးလျအစိုးရ၏ ဖိတ်ကြားမှုကြောင့် လာမည့်တနလာင်္၊ အင်္ဂါတွင် ဘင်ဘရာနှင့် ဆစ်ဒနီသို့ အလည်အပတ်လာရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော်လည်း ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ မြန်မာခေါင်းဆောင်သည် ၎င်းခရီးစဉ်ကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်ဟု သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလတ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မြန်မာသမ္မတသည် ပြည်တွင်း၌ဆောင်ရွက်ရန် တာဝန်ဝတ္တရားများ ရှိနေသောကြောင့် သြစတြေးလျခရီးစဉ်ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မနေ့ ညက သြစတြေးလျအစိုးရထံ အကြောင်းကြားခဲ့သည်ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ဆိုပါသည်။

လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဖက်စလုံး အဆင်ပြေတဲ့အချိန်မှာ သြစတြေးလျကိုရောက်လာမယ့် မြန်မာသမ္မတကိုကြိုဆိုဖို့ ကျွန်တော်တို့ အားတက်သရော မျှော်လင့်နေကြပါတယ်ဟု ၎င်းကပြောကြားသည်။

အလားတူပင် နယူးဇီလန်ခရီးစဉ်ကိုလည်း မြန်မာသမ္မတက ဆိုင်းငံ့ထားကြောင်း၊ အကြောင်းရင်းကို မသိရသော်လည်း နောက်ထပ်ရက် သတ်မှတ်ဖို့ကြိုးစားရန် နှစ်နိုင်ငံတာဝန်ရှိသူများ အတူတကွညှိနှိုင်းဆောင်ရွက် နေကြကြောင်း နယူးဇီလန်ဝန်ကြီးချုပ်ဂျွန်ကီး၏ ပြောရေးဆိုခွင့်ရှိသူကပြော ကြားသည်။

                                                        **************************************

Intel က မြန်မာနိုင်ငံတွင် ဖြန့်ချီရေးကွန်ယက် ဖွဲ့စည်း

(Bangkok Post မှ 6 Dec 2012 ရက်စွဲပါ “Intel Myanmar distribution” သတင်းကို ဘာသာပြန်ဆိုသည်)

ကမ္ဘာကျော် Intel သည် အမေရိကန်အရေးယူဒဏ်ခတ်မှု Sanctions များဖြေလျှော့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ဝင်လာမည့် နောက်ထပ်အကြီး စားအမေရိကန်ကော်ပရေးရှင်း ဖြစ်လာသည်။

ဆယ်မီးကွန်ဒတ်တာထုတ်လုပ်သူ Intel ၏ microprocessors နှင့် hard drives များသည် အမေရိကန်ဈေးကွက် ရှာဖွေရေးအုပ်စု Ingram Micro Inc နှင့်မြန်မာပြည်တွင်း အေးဂျင့် KMD တို့အကြား ဖြန့်ချီရေးသဘောတူညီချက်အရ ယခင်တံခါးပိတ်ထားသော နိုင်ငံသို့ ယခုရောက်ရှိလာတော့ မည်ဟု ကြာသာပတေးနေ့ကရန်ကုန်တွင် ထုတ်ပြန်ကြေညာသည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း Intel ထုတ်ကုန်များသည်တရားမဝင်လမ်းကြောင်းများဖြင့်သာမြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည်ဟု Wall Street Journal ကဆိုထားရာ မြန်မာနိုင်ငံမှလူထုနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများသည် ၎င်းတို့၏အိုင်တီ အခြေခံစနစ်ကို ခေတ်မှီတိုးတက်အောင် မြှင့်တင်နိုင်မှု မရှိခဲ့ခြင်းကို ပြသနေသည်။

ထို့အပြင် Intel သည် မြန်မာနိုင်ငံမှ ဆရာများအား ယင်းတို့ကျောင်းများတွင် တစ်ကိုယ်ရေသုံးကွန်ပျူတာ PC များ တပ်ဆင်လုပ်ကိုင်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်အသိပညာ တိုးတက်စေရန်အတွက် လေ့ကျင့်သင်တန်းပေးအစီအစဉ် ဆောင်ရွက်နိုင်မည့် အလားအလာ ဖြစ်နိုင်ချေကိုလည်း လေ့လာဦးမည် ဖြစ်သည်။

Intel ၏ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံတွင် အမြဲတမ်းရုံးစိုက်ရန် အစီအစဉ် မရှိသေးသော်လည်း ပြင်ပဖြန့်ချီရေး အေးဂျင်များမှတဆင့် စီးပွားရေးလုပ်ငန်း ထူထောင်ဖွဲ့စည်းရေးကို အာရုံစိုက်ဆောင်ရွက်မည်ဟု ပြောကြားသွားသည်။

                                                            *********************************

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်ဂျပန်အကြီးစား ကော်ပရေးရှင်းလေ့လာ

(Xinhua News မှ 6 Dec 2012 ရက်စွဲပါ “Japanese Conglomerate eyes to invest in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

ဂျပန်ဆူမီတိုမို ကော်ပရေးရှင်းသည် မြန်မာနိုင်ငံမှ တသီတတန်းစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ထိုနိုင်ငံတွင်ရထားသော နေရာကို အားဖြည့်ရန် ကြိုးစားနေကြောင်း ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံပိုင်မီဒီယာ သတင်းအရသိရှိရသည်။

အကြီးတန်းအကြံပေး မိုတိုယူကီအိုကာဦးဆောင်သော ဆူမီတိမို ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်နှင့် အင်္ဂါနေ့က နေပြည်တော်တွင်တွေ့ဆုံကာ သံနှင့်သံမဏိလုပ်ငန်း၊ ပလပ်စတစ်နှင့် လူသုံးကုန်လုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်း၊ ရေလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်းများနှင့် ဆက်စပ်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု News Light Of Myanmar အင်္ဂလိပ်ဘာသာ မြန်မာသတင်းစာကဆိုသည်။

ဂျပန်တို့ဘက်မှလည်း မြန်မာနိုင်ငံနှင့် အနာဂါတ်ရေရှည်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ မော်တော်ယာဉ် ထုတ်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံလိုသည့် ၎င်းတို့၏ဆန္ဒများကို ထုတ်ဖော်တင်ပြခဲ့ကြသည်ဟု သိရှိရသည်။

ဆူမီတိုမိုကော်ပရေးရှင်းသည် ၁၉၅၄ ခုနှစ်ကပင် ရန်ကုန်တွင်ရုံးဖွင့်ကာ မြန်မာနိုင်ငံ၌ပထမဆုံးခြေချခဲ့ပြီး သံလမ်းသွားကားများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးစက်ကိရိယာများ၊ မော်တော်ယာဉ်များ၊ အခြေခံဓါတုပစ္စည်းများ စသည်တို့နှင့်ဆက်စပ်သော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သော ကုမ္ပဏီကြီးဖြစ်သည်။

ကုမ္ပဏီရုံးခန်းကို Sumitomo Corporation Asia ၏ ရန်ကုန်ရုံးအဖြစ် လက်ရှိ ဖွင့်လှစ်ထားသည်။

ယခုနှစ်ဂျူလိုင် ၁၀ ရက်နေ့က ရန်ကုန်အနောက်မြောက်ပိုင်း ရွာမဓါတ်အားပေးစက်ရုံအား အလုံးစုံပြင်ဆင်ရေး အမေရိကန်ဒေါ်လာ ၃.၈ သန်းတန် ကန်ထရိုက်လုပ်ငန်းကို ဂျပန်မာရူဘီနီ ကော်ပရေးရှင်းက ရရှိသွားပါသည်။

ဂျပန်နိုင်ငံသည် သီလဝါဆိပ်ကမ်းနှင့် ရေနက်ဆိပ်ကမ်းများတည်ဆောက်ရေး မြန်မာနိုင်ငံနယ်စပ်ဒေသ တိုင်းရင်းသားများဖွံ့ဖြိုးရေး အစီအစဉ်များ အတွက် ယန်းငွေ ၅၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၆၀၂ သန်းခန့်  ထပ်မံချေးငှားရန် မြန်မာနိုင်ငံအား ကမ်းလှမ်း ထားသည်။

မြန်မာနိုင်ငံအား အများဆုံးငွေချေးသူ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံဆပ်ရန်ရှိသည့် သက်တမ်းလွန်အကြွေး ယန်းငွေ ၅၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့်)ကိုလျော်ပေးပြီး လာမည့်နှစ်ဆန်းတွင် စတင်မည်ဟုမျှော်လင့်ရသော ယန်းငွေဘီလီယံနှင့်ချီသည့် အထူးချေးငွေ အစီအစဉ်ကို ပြန်လည်စတင်မည်ဟု ပြီးခဲ့သောအောက်တိုဘာလအတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။

******************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၇.၁၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံရေးအပွင့်၊ လူထုလှုပ်ရှားမှုဒီရေအတက်  

*************************************************************************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံရေးအပွင့်၊ လူထုလှုပ်ရှားမှုဒီရေအတက်

အယ်ဒီတာအာဘော်

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲ အရပ်ရပ်၏ ကြုံတွေ့လာရသည့်၊ ကြုံတွေ့လာနိုင်ဖွယှ်ိ သည့် ပြဿနာများကို ဖြေရှင်းရာတွင် အစိုးရရော၊ ပြည်သူများပါ ယခုအချိန်ထိတိုင် စိတ်လှုပ်ရှားမှုကဲသည့် တုံ့ပြန်မှုမျိုးကို ပြုတတ်ကြသည်။ လူထုလှုပ်ရှားမှုအားကောင်းသည့်သမိုင်း မှတ်တိုင်များရှိခဲ့ဖူးသော မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုမှာ ယခု၂၀၁၀အလွန် ဒီမိုကရေစီခရီးလမ်း၏ အချိုးအကွေ့တိုင်းတွင်လည်း အစဉ်အလာအတိုင်းကို လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့သည်။  ပြုပြင် ပြောင်းလဲမှုများတွင် ကြုံတွေ့ရသည့် အခက်အခဲများအပေါ် အစိုးရ၏ ဖြေရှင်းနည်း အားနည်းချက် ရှိရာမှ ပြည်သူများအစာမကြေမှုဆီသို့ ကူးပြောင်းသွားပြီး ဆန္ဒပြတောင်းဆိုပွဲများ တစ်ပွဲပြီး တစ်ပွဲ ဆက်တိုက်ဆိုသလို နွဲလျက်ရှိနေကြသည်။

ပြည်သူများအနေဖြင့် ယခင် အာဏာပိုင်စနစ်တွင် မိမိတို့၏ ရပိုင်ခွင့်များကို တောင်းဆိုနိုင်သည့်လမ်းကြောင်း ပေးအပ်ထားခြင်းမရှိသည့်အတွက် မြိုသိပ်ထားကြရာမှသီးမခံနိုင်သည့်အဆုံးမှအုံကြွတော်လှန်ကြလေသည်။ ပြည်သူများ၏ အဆိုပါ နိုင်ငံရေးအပြုအမူမှာ ယခုဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးလမ်းကြောင်းပေါ်တွင် ဒီရေမြင့်တက်လာသည်ဟု သုံးသပ်ရပေမည်။ သို့သော် အပြောင်းအလဲကို ရှိသည့်အားနှင့် မနိုင်ဝန်ထမ်းနေရသည့်အစိုးရ အဖို့မှာလည်း ပြဿနာများအပေါ် တည်တည်ငြိမ်ငြိမ်ဖြင့် ဖြေရှင်းနိုင်ဖို့ လိုအပ်ချက်များရှိနေသေးသည်ဖြစ်ရာ မြင့်တက်လာသည့်ဆန္ဒပြတောင်းဆိုမှု တိုင်းကိုလိုက်လျောနိုင်ဖို့ ခဲယဉ်းပေမည်။

အပြောင်းအလဲမှာ မြန်သည်၊ နှေးသည်ဟူသော သုံးသပ်ချက်များဖြင့် စိုးရိမ်မှုများ၊ အားမရစိတ်များ ထားရှိနေကြဖို့ထက် ထိရောက်ပြီး စွမ်းဆောင်ရည်ပြည့်သည့် အပြောင်းအလဲမျိုးဖြစ်အောင် နိုင်ငံရေးအင်အားစု အားလုံးမှ လက်တွေ့ကျကျဆောင်ရွက်ဖို့လိုသည်။ အောင်မြင်သည့်လူမှု လှုပ်ရှားမှုမှာ မည်သို့ရှိသည်၊ မည်သည့် frame များဖြင့် တစ်ဆင့်ပြီး တစ်ဆင့်ဆောင်ရွက်သွား၍ အောင်မြင်မှုရရှိသွားကြသည်ကို အဆိုပါအကြောင်းကို လေ့လာဖူးသည့် လူမှုရေးသိပ္ပံပညာရှင်များက ပိုမို၍ နားလည်ပါလိမ့်မည်။ နိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲ ဖော်ဆောင်မှုတွင် စတုတ္ထမဏ္ဍိုင်၏ အခန်းကဏ္ဍမှ တာဝန်ထမ်းရွက်နေသည့် Yangon Chronicle အနေဖြင့် လူထုလှုပ်ရှားမှုများ ဟုန်သွားလျှင်လည်း နောက်ကြောင်းပြန်နိုင်သည့် အန္တရာယ်လမ်းကြောင်းရှိနိုင်သည်ကို အသိပေးချင်သလို လူထုလှုပ်ရှားမှုများဖြင့် ပို၍ကောင်းသည့် မူဝါဒများ အစိုးရမှ ချမှတ်စေဖို့ ဦးတည်သွားနိုင်သည်ဟု မျှော်လင့်ပါကြောင်း….။

***************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၇.၁၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. Obama ၏ မြန်မာနိုင်ငံကိုယ်စားလှယ် ယခုအပတ်တွင်အိန္ဒိယသို့ သွားရောက်မည်

(6 December 2012 ရက်စွဲပါ the Statesman မှ Obama’s pointman on Myanamr to travel to India this week ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုအတွက် ခရီးကြမ်း

(7 December 2012 ရက်စွဲပါ The Diplomat မှ Luke Hunt ရေးသားသော A rough road for inform in Burma ကို ဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းမျာ

Obama ၏ မြန်မာနိုင်ငံကိုယ်စားလှယ် ယခုအပတ်တွင်အိန္ဒိယသို့ သွားရောက်မည်

(6 December 2012 ရက်စွဲပါ the Statesman မှ Obama’s pointman on Myanamr to travel to India this week ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအတွက် အမေရိကန်ထိပ်တန်း တာဝန်ရှိသူတစ်ဦးသည် ယခုအပတ်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်မည် ဖြစ်ပါသည်။ ၎င်းသည် မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေးမည် ဖြစ်ပါသည်။

ခေတ္တအမေရိကန် အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံအတွက် မူဝါဒညှိနှိုင်းရေးမှူး Patrick Murphy သည်ဒီဇင်ဘာ ၇-၈ တွင် နယူးဒေလီသို့ သွားရောက်မည်ဖြစ်ပြီး ၎င်း၏နှစ်ပတ်ကြာ ခရီးစဉ်တွင် ဘရပ်ဆဲ၊ လန်ဒန်၊ ရန်ကုန်နှင့် Beijing တို့သို့လည်း သွားရောက်မည်ဖြစ်ပါသည်။

“၎င်းသည် အကြီးတန်းအစိုးရတာဝန်ရှိသူများ၊ NGO များ၊ ဥာဏ်ကြီးရှင်အဖွဲ့များ၊ ပညာရှင်များ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သော အမေရိကန်မူဝါဒ၊ မြန်မာနိုင်ငံမှပြုပြင် ပြောင်းလဲရေးနှင့် ပြန်လည်စည်းလုံး ညီညွတ်ရေးကြိုးပမ်းမှုများ အားကောင်းရေးအတွက် ထောက်ခံပံ့ပိုးရန်များကို ဆွေးနွေးမည်ဖြစ်သည်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Murphy သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၂ မှ ၁၈ ထိသွားရောက်မည်ဖြစ်ရာ ရန်ကုန်နှင့်နေပြည်တော်တွင် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ တိုင်းရင်းသားနှင့် လူထုအခြေပြု အဖွဲ့အစည်းခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဖြစ်ပါသည်။

၎င်းသည် အမေရိကန်သံအမတ်ကြီး Derek Mitchell နှင့်အတူ လူကုန်ကုးမှုတားဆီးရေးအတွက် MTV အစီအစဉ်ဖြစ်သော End Explaitation and Trafficking (EXIT) တွင်ပါဝင်ဆင်နွှဲမည် ဖြစ်ပါသည်။

                                                        **************************************

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုအတွက် ခရီးကြမ်း

(7 December 2012 ရက်စွဲပါ The Diplomat မှ Luke Hunt ရေးသားသော A rough road for inform in Burma ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ရိုလာကိုစတာ စီးရသကဲ့သို့ရှိသည့် ပြုပြင်ပြောင်းလဲရေးသည် ပြင်ပကမ္ဘာသို့ စဉ်းစားရကြပ်သည့် လက္ခဏာများ ပေးနေပြန်ပြီ ဖြစ်ပါ သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် အကြီးတန်းကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက အိုးမဲ့အိမ်မဲ့ဖြစ်နေရသူ မူဆလင်ရိုဟင်ဂျာများအတွက် အခြေအနေ ဆိုးရွားစွာထားရှိမှုကို ဝေဖန်ခြင်းခံခဲ့ရပါသည်။ ၂၀၀၇ ခုနှစ် ဆန္ဒပြစဉ်က ခေါင်းဆောင်တစ်ဦးကိုလည်း ပြန်လည်ဖမ်းဆီးခဲ့ပါသည်။ သမ္မတ ဦးသိန်းစိန်သည် ပြည်တွင်းတွင် စိုးရိမ်ပူပန်ဖွယ်များ ရှိခြင်းကြောင့် သြစတြေးလျနှင့် နယူးဇီလန်ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပါသည်။

အဆိုပါ လုပ်ဆောင်ချက်များသည် လွန်ခဲ့သောနှစ်ပတ်ကမှ သမ္မတ Obama လာရောက်ခြင်းကြောင့် သံတမန်လောကအလယ်တွင် မျက်နှာပန်းလှခဲ့ခြင်း ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသော အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် အများ၏အာရုံစိုက်မှု ခံရခြင်းများနှင့် သိသာစွာ ခြားနားသောအပြုအမူများ ဖြစ်ပါသည်။

Obama က တောင်းဆိုမှုကြောင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့စဉ်က ချီူးကျူးမှုများရရှိခဲ့ပါသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားညီညွတ်ရေး မျက်နှာစာကိုပြသနိုင်ခဲ့ပြီး နိုင်ငံတကာစင်မြင့်တွင် လုပ်နိုင်စွမ်းရှိသော နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း သက်သေပြခဲ့ပါသည်။

သို့သော်ခေါင်းမာသော ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာများကြား ပဋိပက္ခများကိုကိုင်တွယ်ရာတွင် မစွမ်းဆောင်နိုင်မှုသည် ၎င်း၏ဂုဏ်သိက္ခာကို ထိခိုက်စေပါသည်။ ခြောက်လအတွင်း လူပေါင်း(၁၃၅၀၀၀)ခန့်နေအိမ်များ စွန့်ခွာထွက်ပြေးခဲ့ကြရရာ ၎င်းတို့၏ စခန်းများသည် အခြေအနေဆိုးရွားကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်လက်အောက်မှ လူသားချင်းစာနာသောကိစ္စရပ်များနှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valerie Amos ကဖော်ပြခဲ့ပါသည်။

ထို့အပြင် Amos က မြန်မာနိုင်ငံတွင် ကုလသမဂ္ဂသည် ရန်ပုံငွေမလုံလောက်မှု ပြဿနာကို ကြုံတွေ့နေရကြောင်း ဗီဇာမှန်မှန် ရရှိမှုတွင်လည်း ပြဿနာရှိကြောင်း၊ စခန်းများသို့ သွားရောက်ရန်လည်း မလွယ်ကြောင်း ဝေဖန်ခဲ့ပါသည်။

Amos ၏မှတ်ချက်များတွင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင်ဦးဆောင်ခဲ့သူ ဦးဂမ္ဘီရမှာပျောက်ဆုံးနေပြီး ကြေးနီစီမံကိန်း ဆန္ဒပြသူများအား ထောက်ခံပံ့ပိုးပေးမှုဖြင့် အဖမ်းခံရကြောင်း သံသယများရှိနေကြောင်း ပါဝင်ပါသည်။

၎င်း၏မိသားစုက သတင်းထောက်များသို့ ပြောကြားရာတွင် ရဲများသည်၎င်းအား သူ၏ယောက်ဖနေအိမ်မှ စနေနေ့ညတွင် ဖမ်းဆီးခဲ့ကြောင်း ဆိုပါသည်။ ရဲများက ၎င်း၏မိသားစုများကို ပြောကြားရာတွင် အင်းစိန်ထောင်သို့ပို့မည်ဖြစ်ကြောင်း ဆိုခဲ့သော်လည်း ထောင်တာဝန်ရှိသူများက အင်းစိန် ထောင်တွင်မရှိကြောင်း ငြင်းဆိုခဲ့ပါသည်။

ဦးဂမ္ဘီရမှာ ပြီးခဲ့သည့် ဇန်နဝါရီလက ဦးသိန်းစိန်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရာပေါင်းများစွာ ထောင်မှလွှတ်ပေးခဲ့ရာတွင် ပါဝင်သူ ဖြစ်ပါသည်။ ထိုသို့လွှတ်ပေးခြင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုခဲ့ကြပါသည်။

ထို့အပြင် ယခုဦးသိန်းစိန်သည် သြစတြေးလျနှင့် နယူးဇီလန်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရာတွင် မည်သည့်အတွက်ကြောင့်ဟု အဓိက အကြောင်းအရင်း ပေးခဲ့ခြင်းမရှိပေ။ အဆိုပါ နှစ်နိုင်ငံသည် ခရီးသွားလာရေး ကန့်သတ်ချက်များနှင့် စီးပွားရေးအရ အရေးယူမှုများကို ရုတ်သိမ်းပေးခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် ကင်ဘာရာသည် မြန်မာအစိုးရနှစ်သက်သည့် ‘Myanmar’ ဆိုသည့်အမည်ကို အသိအမှတ်ပြုခဲ့ပါသည်။

သို့သော် ဦးသိန်းစိန်တွင် ချက်ချင်းကိုင်တွယ်ဆောင်ရွက်ရမည့် ကိစ္စများရှိနေသည်မှာ အထင်အရှားဖြစ်ပါသည်။ လာမည့်နှစ်တွင် ၎င်း၏ပြုပြင် ပြောင်းလဲရေးများသည် ပို၍အရေးပါလာမည်ဖြစ်ပြီး ၎င်း၏ ပြဿနာများလှသောတိုင်းပြည်ကို အများကပိုမိုလက်ခံလာရန် လိုအပ်လှပါသည်။ သို့မဟုတ်ပါက ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဌတာဝန်ကို ပထမဦးဆုံးအကြိမ်အဖြစ် တာဝန်ယူရာတွင် အခက်ခဲဆုံးအချိန်များ ဖြစ်လာလိမ့်မည် ဖြစ်ပါသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive