Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ တရားဝင် ပါတီအဖြစ်မှ တရားဝင် ပယ်ပျက်သွားပြီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် မြန်မာ စစ်အစိုးရ၏ တင်းကြပ်သော လုံခြုံရေး ဆောင်ရွက်ချက်များ ကြားမှ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

အဆိုပါ အာဇာနည်နေ့ အခမ်းအနားကို NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ပါတီဝင် ၃၀၀ ကျော် စုရုံးပြီး ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် NLD လူငယ်များက ရန်ကုန်မြို့၊ ရွှေတိဂုံ စေတီတော် အနီးရှိ အာဇာနည် ဗိမာန်တွင် လွမ်းသူ့ပန်းခွေ ချကာ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြု ခဲ့ကြကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၈၉ ခုနှစ် စတင် ထူထောင်ခဲ့သည့် အချိန်မှ စ၍ နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည် နေ့တိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။

NLD ပါတီကို ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း ၂၁ နှစ်ခန့် ဦးဆောင်ခဲ့သည်။  ဒေါ်စုကြည်မှာ နှစ်ပေါင်း ၁၅ နှစ်တာမျှ စစ်အစိုးရ၏ ဖမ်းဆီး ထိန်းချုပ်ခြင်း ခံခဲ့ရသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦး အဖြစ် ယနေ့အချိန် အထိ သာမက အနာဂတ် ကာလအတွက်ပါ သတ်မှတ် ခံထားရသူ ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ ဘယ်တော့အခါမှ သေဆုံးသွားမှာ မဟုတ်ပါဘူး" ဟု ဦးတင်ဦးက အခမ်းအနားတွင် ပြောဆိုသည်။

စစ်အာဏာရှင် စနစ် အုပ်စိုးသော မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ လူစုလူဝေးများ ပြုလုပ်ခြင်းကို ပိတ်ပင်ထားသည်။ သို့သော် ဇူလိုင် ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော NLD ပါတီဝင်များ၏ အာဇာနည်နေ့ အခမ်းအနားတွင် ဖမ်းဆီး ထိန်းသိမ်းမှုများ မရှိခဲ့ကြောင်း သိရသည်။

NLD သည် ပြီးခဲ့သည့် မေလ ၆ ရက်နေ့ (နိုင်ငံရေး ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ရမည့် နောက်ဆုံးရက်) တွင် တရားဝင် ပါတီ အဖြစ်မှ ပယ်ပျက်သွားပြီ ဖြစ်သည်။ အကြောင်းမှာ NLD က လာမည့် ဒီမိုကရေစီ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံမတင် ခဲ့သောကြောင့် ဖြစ်သည်။ NLD ပါတီ ဗဟို ကော်မတီက ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် စစ်အစိုးရက ကျင်းပပေးမည့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု မဲခွဲ ဆုံးဖြတ်ခဲ့သည်။ အကြောင်းမှာ အကယ်၍ NLD အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရမည် ဖြစ်၍ပင် ဖြစ်သည်။

မတ်လ အစောပိုင်းတွင် စစ်အစိုးရ ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေအရ ဖမ်းဆီး အကျဉ်းချ ခံထားရသူ အဖွဲ့ဝင်များ ရှိသည့် နိုင်ငံရေး ပါတီ အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိပေ။ ဒေါ်အောင်ဆန်းစုကြည်မှာ လက်ရှိ အချိန်ကာလတွင် နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ကျခံနေရသည်။ သို့အတွက်ကြောင့် NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ခြင်း မပြုလုပ်ဘဲ တရားဝင် ပါတီအဖြစ်မှ ပယ်ဖျက်ခံလိုက်ခြင်း ဖြစ်သည်။

Monstersandcritics.com မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, 19th July 2010

မြန်မာ အစိုးရ ဝန်ကြီး ဦးအောင်သောင်းက ကချင်ပြည်နယ် တိုးတက်ရေးပါတီ (Kachin State Progressive Party) သည် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ဆက်သွယ်မှုများ ရှိခြင်းကြောင့် ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီ အဖြစ် မှတ်ပုံတင်ရန် အကျုံးမဝင်ကြောင်း ပြောကြားခဲ့ခြင်း အပေါ် KSPP ဥက္ကဋ္ဌက အခြေအမြစ် မရှိကြောင်း ပြောဆိုခဲ့သည်။

စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက ပြီးခဲ့သည့် အပတ်က မြစ်ကြီးနားတွင် ကချင် ခေါင်းဆောင်များ၊ ကချင် လူကြီးများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းအား KSPP ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက တုန့်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်လ (၁၂) ရက်နေ့က တွေ့ဆုံရာတွင် ၎င်းက KSPP အနေဖြင့် ဒေါက်တာ တူးဂျာ ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ပြီး နာယက နေရာတွင်သာ ယူမှသာ ရွေးကောက်ပွဲ ကော်မရှင်က KSPP ကို ပါတီ အဖြစ် မှတ်ပုံတင်ခြင်းအား အသိအမှတ်ပြုမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

"သူ့ရဲ့ ပြောစကားတွေဟာ အခြေအမြစ် မရှိပါဘူး။ သူတို့ စကားကို နားမထောင်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်ကိုင်မှုတွေဟာ ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေနဲ့ ကိုက်ညီပါတယ်။ ကျွန်တော် KIO က ထွက်တယ်။ ပြီးမှ KSPP မှာ ပါဝင်ခဲ့တာပါ။ ဥပဒေနဲ့ ဆန့်ကျင်ပြီး ဘာမှလုပ်မထားပါဘူး" ဟု ဒေါက်တာ တူးဂျာက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

ဝန်ကြီးသည် ပါတီတွင်း ရာထူး ခန့်အပ်ခြင်းတွင် ဝင်ရောက် စွက်ဖက်ခြင်းသည် မှားယွင်းသည်ဟု KSPP ခေါင်းဆောင်က ပြောသည်။ ဝန်ကြီး၏ ရပ်တည်ချက်မှာ တရားမျှတမှု မရှိသည့်ပြင် အချက်အလက် ခိုင်မာမှု မရှိဟု ဆိုသည်။

"သူတို့က သူတို့ ဖြစ်ချင်တာကိုပဲ ပြောတာပါ။ ကျွန်တော်တို့ ပါတီ ဥက္ကဋ္ဌ ပြောင်းပစ်ဖို့ ပါတီရဲ့ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီပါဘူး။ ကျွန်တော်တို့ လုံးဝ ပယ်ချပါတယ်" ဟု ဒေါက်တာ တူးဂျာက ပြောသည်။

ဦးအောင်သောင်းနှင့် ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းဇော်တို့သည် ဇူလိုင်လ ၁၂ ရက်နေ့က Kachin Consultative Group နှင့် မြစ်ကြီးနားတွင် တွေ့ဆုံခဲ့သည်။ ဦးသိန်းဇော်၏ ညီအစ်ကိုတော်သူ တစ်ဦးသည် ပြိုင်ဖက် ကချင်ပါတီတွင် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦး ဖြစ်သည်။

KIO ကလည်း ဒေါက်တာ တူးဂျာသည် ၎င်းတို့အဖွဲ့မှ နုတ်ထွက် သွားခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ဒေါက်တာ တူးဂျာသည် အခြေခံ ဥပဒေ မူကြမ်းအတွက် ၁၄ နှစ်ကြာ ရေးဆွဲသော အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သူ ဖြစ်ပြီး အလယ်အလတ် သဘောထားရှိသူ ခေါင်းဆောင်တစ်ဦး အဖြစ် လူသိများသည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး သုံးသပ်သူနှင့် စောင့်ကြည့် လေ့လာသူ အောင်သူငြိမ်းက ပြောကြားရာတွင် အစိုးရသည် ဒေါက်တာ တူးဂျာ ကဲ့သို့သော လူမျိုးအား ပါတီ ဥက္ကဋ္ဌ အဖြစ် လက်မခံခြင်းမှာ နယ်ခြားစောင့်တပ် အရေးကိစ္စနှင့် ပတ်သက်လိမ့်မည်ဟု ထင်ကြောင်း ဆိုသည်။ အစိုးရသည် ငြိမ်းချမ်းရေး ယူထားသော လက်နက်ကိုင် အဖွဲ့များအား မြန်မာ စစ်တပ် လက်အောက်ခံ အဖြစ် ပြောင်းရန် သိမ်းသွင်းလျက် ရှိသည်။

"အစိုးရက အတော် ညစ်ပတ်တယ်ဗျ။ အခြေခံ ဥပဒေ ဆွဲတုန်းက ဒေါက်တာ တူးဂျာကို သုံးခဲ့တယ်။ ဒေါက်တာ တူးဂျာက မူကြမ်း ရေးဆွဲပြီး အမျိုးသား ညီလာခံကို ပေးခဲ့ရတယ်။ အဲဒီတုန်းက KIO အဖွဲ့ဝင် ဖြစ်တယ်ဆိုတာကို ဘာမှ မပြောခဲ့ဘူး။ အခုမှ KIO ကိစ္စကို ဆွဲထုတ်လာတယ်" ဟု ၎င်းက ပြောသည်။

"ဗမာတွေ အတွက် အလွန် ရှက်စရာ ကောင်းပါတယ်။ တိုင်းရင်းသားတွေရဲ့ စည်းလုံး ညီညွတ်မှုမှာလည်း အန္တရာယ် ကြီးပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောသည်။

KIO ကလည်း အစိုးရ၏ နယ်ခြား စောင့်တပ် ပြောင်းလဲရေး အစီအစဉ်ကို လက်မခံဘဲ ပယ်ချထားသည်။

သို့သော် သောကြာနေ့က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ဒေါက်တာ တူးဂျာ ခေါင်းဆောင်သော KSPP ထိပ်တန်း အဖွဲ့ဝင် ငါးဦးအား နေပြည်တော်၌ တွေ့ဆုံစဉ် ကော်မရှင်၏ ခွင့်ပြုချက် စောင့်နေစဉ် အတွင်း ပါတီ၏ လှုပ်ရှားမှုများကို ဆက်လက် လုပ်ကိုင်နိုင်ကြောင်း ပြောကြားခဲ့သည်။

မြစ်ကြီးနားတွင် ကချင်လူကြီးများက ပြောကြားရာ၌ ဦးသိန်းစိုးသည် ကော်မရှင်သို့ တင်ပြထားသည့် KSPP ကို ကန့်ကွက်ထားသော စာနှင့်ပတ်သက်၍ မြစ်ကြီးနား နှင့် တနိုင်းသို့ စုံစမ်း စစ်ဆေးရန် လာရောက်လိမ့်မည်ဟု ဆိုသည်။

အဆိုပါ ကန့်ကွက်စာတွင် KSPP သည် ငြိမ်းချမ်းရေး ယူထားသော KIO နှင့် ဆက်သွယ်မှု ရှိသည်ဟု ဖော်ပြထားသည်။

ရွေးကောက်ပွဲ ကော်မရှင်သို့ ကချင် နိုင်ငံရေးပါတီ လေးခု မှတ်ပုံတင်ရန် လျှောက်ထားခဲ့ကြရာ Unity and Democracy Party of Kachin State (UDPKS) တစ်ခုသာ ခွင့်ပြုချက် ရရှိခဲ့သည်။ UDPKS မှာ ယခင် အစိုးရ ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းမှ အဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ပါတီ ဖြစ်သည်။

အခြား ပါတီ သုံးခုမှာ လွန်ခဲ့သော သုံးလကတည်းက လျှောက်လွှာ တင်ခဲ့သော်လည်း ခွင့်ပြုမိန့် စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

UDPKS ပါတီ ဥက္ကဋ္ဌ ခက်ထိန်နန်းက ပြောကြားရာတွင် "ကျွန်တော်တို့ ပါတီဟာ ပညာရေး၊ ကျန်းမာရေးနဲ့ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွေ တိုးတက်ရေး ဆောင်ရွက်မှာပါ။ မူးယစ်ဆေးဝါး နှိမ်နင်းရေးကိုလည်း တဆင့်ပြီး တဆင့် လုပ်သွားမှာပါ" ဟု ပြောသည်။

အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော ဗဟို အလုပ်အမှုဆောင် အဖွဲ့တွင် ဒုဥက္ကဌမှာ အစိုးရ ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းဇော်၏ အစ်ကိုတော်သူ ဦးခင်မောင်လှ ဖြစ်ပြီး၊ အခြား ဒုဥက္ကဋ္ဌ တစ်ဦးမှာ ရှမ်းအမျိုးသား စိုင်းအေးကျော် ဖြစ်သည်။ အတွင်းရေးမှူးမှာ Phau La Gam Phan ဖြစ်သည်။

အဆိုပါ ပါတီသည် ပါတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ မူဝါဒနှင့် စည်းမျဉ်းများ မူကြမ်း ရေးဆွဲဆဲ ဖြစ်ပြီး၊ အဖွဲ့အစည်း လုပ်ငန်းများ မစတင်ရသေးသော အဖွဲ့ဖြစ်သည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 19th July 2010

အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများ ပါဝင်သော အာဆီယံ လုံခြုံရေး ဖိုရမ် (အာရှတိုက်၏ အကြီးဆုံး လုံခြုံရေး ဖိုရမ်) က မြန်မာနိုင်ငံတွင် လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲများ ကျင်းပစေလိုသည့် ဆန္ဒ ရှိသည်ဟု တနင်္လာနေ့က ရရှိသော ဥက္ကဋ္ဌ ကြေညာချက် မူကြမ်းအရ သိရှိရသည်။

"မြန်မာနိုင်ငံ၏ ရေရှည် တည်ငြိမ်မှုနှင့် သာယာ ဝပြောမှုကို အုတ်မြစ် ချပေးမည့် အထွေထွေ ရွေးကောက်ပွဲအား လွတ်လပ်၊ မျှတ၍ အများနှင့် သက်ဆိုင်သည့် နည်းလမ်းများဖြင့် ကျင်းပခြင်း၏ အရေးကြီးပုံကို ဝန်ကြီးများက ထပ်မံ ဖော်ပြလိုသည်" ဟု ပြောကြားထားသော ကြေညာချက် မူကြမ်းသည် သောကြာနေ့တွင် ဟနွိုင်း၌ တွေ့ဆုံမည့် အာဆီယံ ဒေသတွင်း ဖိုရမ်၏ နိုင်ငံခြားရေး ဝန်ကြီးများ အတွက် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော မြန်မာ စစ်ဖက် အုပ်ချုပ်သူများက အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို ယခုနှစ် အတွင်း ကျင်းပမည်ဟု ပြောကြားထားသော်လည်း ယခုတိုင် ရက်သတ်မှတ် ကြေညာခြင်း မရှိပါ။

ရွေးကောက်ပွဲများသည် စစ်ဖက် အစိုးရ၏ ရာစုနှစ် ထက်ဝက် အာဏာ ချုပ်ကိုင်ထားမှုကို တရားဝင်စေရန် လိမ်ညာ လှည့်ဖြားမည့် အတုအယောင် တစ်ခုသာ ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုသည်။

အာဆီယံ ဒေသတွင်း ဖိုရမ် ARF အစည်းအဝေးတွင် သဘာပတိ အဖြစ် ဆောင်ရွက်မည့် ကွန်မြူနစ် ဗီယက်နမ်က ရေးဆွဲ ပြင်ဆင်သော ကြေညာချက် မူကြမ်းတွင် "မြန်မာနိုင်ငံကို အားပေး ထောက်ခံရန် အာဆီယံ၏ အဆင်သင့်ရှိမှုကို ARF ဝန်ကြီးများက ကြိုဆိုကြပြီး မြန်မာနိုင်ငံနှင့် အပြုသဘော ဆောင်စွာ ဆက်လက် ဆွေးနွေးရန် ကတိပေးထားခြင်းကိုလည်း ထပ်မံ အတည်ပြုခဲ့ကြသည်" ဟု ဖော်ပြထားသည်။

အာဆီယံ ဒေသတွင်း ဖိုရမ် ARF သည် နိုင်ငံများအကြား ယုံကြည် စိတ်ချမှု တည်ဆောက်ခြင်း အတွက် ယန္တရား တစ်ခု ဖြစ်သည်က လွဲလျှင် ဒေသတွင်း ပဋိပက္ခ၊ ပြဿနာ များစွာ အပေါ် သက်ရောက် လွှမ်းမိုးနိုင်မှု အနည်းငယ်မျှသာ ရှိသည့် "လက်ဖက်ရည်ဆိုင် လေကန်မှု" တစ်ခုသာ ဖြစ်သည်ဟု ဆန်းစစ်သူများက ဝေဖန် ကန့်ကွက်လိုက်သည်။

ARF အတွင်းမှ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံသည် အဖွဲ့ဝင်များ၏ ပြည်တွင်းရေးကို ကြားဝင် မစွက်ဖက်ရေး မူဝါဒ ချမှတ်ထားသည်။ မြန်မာနိုင်ငံမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.business-standard.com, 19th July 2010

တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က မြန်မာနိုင်ငံသို့ သွားရောက်၍ စစ်ဖက် ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ဆွေမျိုးပေါက်ဖော် ရင်းနှီးမှုကို ခိုင်မြဲစေခဲ့ပြီးနောက် တစ်လခွဲ အကြာတွင် အဆိုပါ နိုင်ငံ၏ ထိပ်သီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိန္ဒိယနိုင်ငံသို့ ဇူလိုင် ၂၅ မှ ၂၉ အထိ ချစ်ကြည်ရေး ခရီး သွားရောက်တော့မည် ဖြစ်သည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၎င်း၏ ခရီးစဉ်ကို ဗုဒ္ဓဂါယာတွင် စတင်မည် ဖြစ်ကာ ဗုဒ္ဓ ပွင့်တော်မူခဲ့ရာ ဒေသတွင် ဘုရားဖူး၊ တရားထိုင်မည့် အစီအစဉ် ဖြစ်သည်။ ထို့နောက် ၎င်းသည် ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ခေါင်းဆောင်သော အိန္ဒိယ ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံရန် နယူးဒေလီသို့ ၂ ရက် ကြာသွားရောက်မည် ဖြစ်ကာ ထိုမှတဆင့် ဟိုက်ဒရာဘတ်သို့ သွားရောက်၍ ၎င်း၏ တိုင်းပြည် အတွက် အိန္ဒိယက ကူညီပေးစေလိုသော သတင်း နည်းပညာ (IT) ဆက်စပ် စီမံကိန်းများနှင့် ဆေးဝါး၊ ဆေးပစ္စည်း စီမံကိန်းများကို ကြည့်ရှု လေ့လာမည် ဖြစ်သည်။

နိုဝင်ဘာလ မြန်မာနိုင်ငံ ရွေးကောက်ပွဲများ မတိုင်မီ ပေါ်ထွက်လာသည့် ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်သည် ပြီးခဲ့သော ဆယ်စုနှစ် အတွင်း အိန္ဒိယနှင့် မြန်မာနိုင်ငံ အကြား အဆင့်မြင့် ခေါင်းဆောင်များ အပြန်အလှန် သွားရောက်ကြသည့် ခရီးစဉ် တသီကြီးအနက် နောက်ဆုံး ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိန္ဒိယသို့ ၂၀၀၄ ခုနှစ်တွင် သွားရောက် လည်ပတ်ခဲ့ပြီး ယခင် အိန္ဒိယ သမ္မတ အေပီဂျေ အဗ္ဗဒူကလန်က မြန်မာနိုင်ငံသို့ ၂၀၀၆ တွင်၊ ထို့နောက် မြန်မာ အစိုးရ အဖွဲ့ နံပါတ် ၂ ဗိုလ်ချုပ်ကြီး မောင်အေးက ၂၀၀၈ တွင် အိန္ဒိယ ဒုတိယ သမ္မတ ဟာမစ်အန်ဆာရီက နေပြည်တော်သို့ ၂၀၀၉ တွင် အသီးသီး အပြန်အလှန် လည်ပတ်ခဲ့ကြသည်။

နယူးဒေလီ အနေဖြင့် "ဖြစ်ချင်တာထက် ဖြစ်နေတဲ့ အတိုင်း" အိမ်နီးချင်းနိုင်ငံ အားလုံးနှင့် ဆက်ဆံရမည် ဟူသော ယုံကြည်ချက်ဖြင့် လုပ်ဆောင်ခဲ့သော "အိန္ဒိယ နိုင်ငံခြားရေး မူဝါဒ လက်တွေ့ကျကျ ပြန်လည် ထိန်းညှိမှု" ကို ယခု ခရီးစဉ်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။

Washinton Post နှင့် Newsweek တို့၏ လုပ်ငန်းခွဲ ဂုဏ်သိက္ခာကြီး "Foreign Policy" မဂ္ဂဇင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ကင်ဂျုံအီးနှင့် မူဂါဘီတို့ ပြီးလျှင် "ကမ္ဘာ့ တတိယ အဆိုးဆုံး အာဏာရှင်" အဖြစ် အဆင့် သတ်မှတ်ထားခြင်းကို အိန္ဒိယ နိုင်ငံခြားရေးဌာနက အလေးအနက် မထားသည့် သဘော သက်ရောက်သည်။

"အိန္ဒိယ ဆက်စပ် အကြမ်းဖက်မှုတွေကို အရေးယူဖို့ နှောင့်နှေးနေတဲ့ စစ်အာဏာရှင် လက်က လွတ်မြောက်စ ပါကစ္စတန်ကိုတောင် အိန္ဒိယက ဆက်ဆံနိုင်တယ်ဆိုရင် အခု အိန္ဒိယနိုင်ငံရဲ့ မဟာဗျူဟာဆိုင်ရာ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေကို လိုလိုလားလား လာကြည့်မယ့် အရှေ့ဖက်က အာဏာရှင်ကို အိန္ဒိယက သေချာပေါက် လက်ခံစကား ပြောရမှာပေါ့" ဟု အမည် မဖော်လိုသော တရားဝင် သတင်းရပ်ကွက်က ဆိုသည်။

ဒေါ်လာ သန်း ၂၀ ချေးငွေ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် တာတာ ထရပ်ကားများ ထုတ်လုပ်မှုမှသည် ရူပီငွေ ၅၃၅ ကုဋေ ကုန်ကျမည့် ကုလားတန်မြစ် ဘက်စုံ စီမံကိန်း အထိ ပါဝင်သော အိန္ဒိယ၏ "မြန်မာသို့ ခြေလှမ်းများ" သည် လက်ရှိနှစ်များ အတွင်း သိသာ ထင်ရှား များပြား လာခဲ့သည်။ ကုလားတန်မြစ် ဘက်စုံ စီမံကိန်းအရ အိန္ဒိယသည် ရခိုင် ကမ်းရိုးတန်း စစ်တွေ ဆိပ်ကမ်းကို "တည်ဆောက်၊ လုပ်ကိုင်၊ အသုံးပြု" ခွင့် ရရှိမည် ဖြစ်ပြီး မီဇိုရမ် ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ကုလားတန် မြစ်ကြောင်းကို သင်္ဘောများ သွားလာနိုင်ရန် ပြုပြင်မည် ဖြစ်သည်။

၂၀၁၃ တွင် အဆင်သင့်ဖြစ်ရန် မျှော်လင့်ထားသော ကုလားတန်မြစ် စီမံကိန်းသည် ဘင်္ဂလား ပင်လယ်အော်တွင် အိန္ဒိယ၏ ရပ်တည်မှုကို ဖြစ်ပေါ်စေမည် ဖြစ်သလို ဘင်္ဂလားဒေ့ရှ် ရိုတ်ဟက်ဆီနာ အစိုးရကလည်း စစ်တကောင်း ဆိပ်ကမ်း ဖွံ့ဖြိုးရေး စီမံကိန်းကို အိန္ဒိယအား လုပ်ကိုင်ခွင့် ပေးခဲ့ရာ ၎င်းဒေသရှိ အိန္ဒိယနိုင်ငံ၏ ရပ်တည်မှု တိုးတက် မြင့်မားလာမည့် အလားအလာ ရှိနေသည်။

အိန္ဒိယနိုင်ငံရှိ ဓာတ်ငွေ့ စီမံကိန်း မှန်သမျှထက် ကြီးမားသည့် ရွှေ ဓာတ်ငွေ့ စီမံကိန်းမှ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမည့် အစီအစဉ်ကို ၂၀၀၄ တွင် ဘင်္ဂလားဒေ့ရှ်က ဖြတ်သန်းခွင့် ငြင်းပယ်ခဲ့မှုကြောင့် တရုတ်နိုင်ငံထံ လက်လွှတ် ဆုံးရှုံးခဲ့ရသည်။ ထို့နောက် မြန်မာနိုင်ငံက တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီသို့ အနှစ် ၃၀ သွယ်တန်း ဝယ်ယူခွင့် ပေးခဲ့ရာ အိန္ဒိယ ONOC က ယခုအခါ ၎င်းစီမံကိန်းတွင် ၃၀ % ပါဝင် ရင်းနှီး မြှုပ်နှံလျက် ရှိသည်။

"အိန္ဒိယ၊ မြန်မာ၊ တရုတ် အကြားက ဆက်ဆံရေးဟာ တစ်ယောက်တည်း နိုင်တဲ့ ကစားပွဲ မဟုတ်ပါဘူး" ဟု နိုင်ငံခြားရေး ဌာန အရာရှိက ထောက်ပြသည်။ ရွှေဓာတ်ငွေ့ကိစ္စတွင် အိန္ဒိယ ရှုံးနိမ့်ခဲ့သည်ဟု ၎င်းက ဝန်ခံ ပြောကြားသော်လည်း "ရွှေစီမံကိန်းက ဓာတ်ငွေ့ကို ဘင်္ဂလား ပင်လယ်အော် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းက တဆင့် တရုတ် ယူနန်ပြည်နယ်ကို စလွှတ်ပြီဆိုရင် တစ်နှစ်ကို ကုဗမီတာ ၁၂ ဘီလျံလောက် ပို့မှာပါ။ ONGC က တဆင့် ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံထားတဲ့ အိန္ဒိယနိုင်ငံက သေချာပေါက် အမြတ်ရမှာပါ" ဟု ထောက်ပြ သုံးသပ်သည်။

၎င်းက ပြုံးလိုက်ပြီးမှ ဆက်လက်၍ "တကယ်လို့ မြန်မာဟာ အိန္ဒိယ "အရှေ့မျှော် မူဝါဒ" ရဲ့ ဝင်ပေါက် ဖြစ်မယ်ဆိုရင်၊ တကယ်လို့ သန်းရွှေရဲ့ ခရီးစဉ်ဟာ တရုတ်ကို ချိန်ခွင်လျှာ ထိန်းဖို့ အိန္ဒိယကို အသုံးချတဲ့ မြန်မာရဲ့ အကျိုးစီးပွား တစ်ခု ဖြစ်နေတယ်ဆိုရင်၊ အိန္ဒိယနဲ့ တရုတ်တို့ ဆုံနိုင်မယ့် "win-win partnership" မှာ မြန်မာလည်း ညီတူမျှတူ ပါဝင်တာပဲပေါ့ဗျာ"  ဟု ပြောဆိုသည်။

တဖန် ချင်းတွင်းမြစ်ပေါ်မှ ထမံသီ ရေအား လျှပ်စစ် စီမံကိန်း တည်ဆောက်ရန် အိန္ဒိယအား ကမ်းလှမ်းပြီးမှ မြန်မာက ရုတ်သိမ်းခဲ့ခြင်းမှာ အိန္ဒိယ NHPC ၏ အလွန်အမင်း ကြန့်ကြာမှုကြောင့်သာ ဖြစ်သည်။ ထို့နောက် မြန်မာက ဆွစ်ဇလန်နှင့် တောင်ကိုရီးယားတို့ကို ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့က ငြင်းပယ်လိုက်ပြီးနောက် NHPC ကို မနှစ်က ပြန်လည် ကမ်းလှမ်းခဲ့ရာ စီမံကိန်း အသေးစိတ် အစီရင်ခံစာကို ၁၂ လ ခန့် ကြာမှသာ တင်ပြနိုင်လိမ့်မည် ဖြစ်သည်။

ထို့အပြင် နယူးဒေလီသည် မီဇိုရမ်နှင့် နာဂနယ်မြေ အကြား ပို့ဆောင်ရေး လမ်းကြောင်းများ တည်ဆောက်ရန် ဆက်လက် တွန်းအား ပေးနေသေးသည်။ (ကလေးမြို့ကို ဖြတ်၍ တမူး-ကလေးဝလမ်း အပြင် ရိဒ်-ဖလမ်၊ ရိဒ်-တီးတိန်လမ်းများ ပါဝင်သည်။) မန္တလေးမှ ရန်ကုန်သို့ ဖန်မျှင်နန်းကြိုး ဆက်ကြောင်းကိုလည်း သွယ်တန်း ပြီးခဲ့၍ နောက်ဆုံး IT Centre ထူထောင်ထားသော ကာလကတ္တားသို့ ဆက်လက် သွယ်တန်းမည် ဖြစ်သည်။

ပြောရန် ကျန်သေးသည်မှာ အိန္ဒိယ-မြန်မာ နှင့် မြန်မာ-အိန္ဒိယ အကြား ရှေးဟောင်း ဆက်ဆံရေး လမ်းကြောင်း အကွာအဝေးကို ပေါင်းကူး ဆက်သွယ်ပေးခဲ့သည့် မုံရွာတွင် တာတာ ထရပ်ကားများ ထုတ်လုပ်ရန် စက်ရုံတစ်ခု တည်ဆောက်နေခြင်း ဖြစ်သည်။

လက်ရှိ ဆယ်စုနှစ်များ အတွင်း တရုတ်လုပ် ထရပ်ကားများ လွှမ်းမိုးခဲ့သည့် မြန်မာ ပို့ဆောင်ရေးကဏ္ဍ (စစ်တပ်တွင်သာ အသုံးပြု၍ ပြင်ပတွင် သိပ်မသုံးပါ) တွင် ပထမဆုံး အကြိမ် အဖြစ် အိန္ဒိယလုပ် ထရပ်ကားများ ဝင်ရောက်လာတော့မည် ဖြစ်သည်။

ပြီးခဲ့သော ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ တံခါးဖွင့်ထားခြင်းကို အားသာချက် အဖြစ် ရယူရန် အစိုးရက ပျက်ကွက်ခဲ့သည်ဟု အိန္ဒိယ အရာရှိများက ဝန်ခံခဲ့သော်လည်း "လုံးဝ မလုပ်တာထက် နောက်ကျတာက တော်သေးတာပေါ့" ဟု ခုခံ ပြောကြားခဲ့ကြသည်။

တစ်ချိန်တည်းတွင် နိုင်ငံတကာ အစိုးရများ နည်းတူ နယူးဒေလီက မြန်မာနိုင်ငံ၏ နိုဝင်ဘာလ ရွေးကောက်ပွဲများကို အနီးကပ် စောင့်ကြည့်နေခြင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး မောင်အေးတို့ နှစ်ဦး အနားယူမည်ဟု သတင်ပြန့်နေခြင်းကြောင့် သာမကပဲ SPDC အတွင်းမှ အပြောင်းအလဲများက အနာဂါတ် အာဏာပိုင်မည့် သူများကို ညွှန်ပြနေခြင်းကြောင့်လည်း ဖြစ်သည်။

International Crisis Group ၏ အရှေ့တောင် အာရှ စီမံကိန်း ဒါရိုက်တာ Jim Della Giacoma က "ရွေးကောက်ပွဲ ရလဒ်များ အပြစ် ပြောစရာ အလွန်များလိမ့်မည်" ဟူသော အချက်ကို သဘောတူသော်လည်း "အနှစ် ၂၀ လောက် တိတ်ဆိတ် ရပ်တန့်နေတဲ့ တိုင်းပြည် အတွက်တော့ ရွေးကောက်ပွဲ လုံးဝ မရှိတာထက် ခပ်ညံ့ညံ့ ရွေးကောက်ပွဲ တစ်ခု ရှိတာက တော်သေးတာပေါ့" ဟု ထောက်ပြ သုံးသပ်လိုက်သည်။ "ဘယ်သူ အာဏာရမှာလဲ ဆိုတာကို မစဉ်းစားပဲ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ရွေးကောက်ပွဲကို အားသာချက်အဖြစ် ယူနိုင်ဖို့ အဆင်သင့် ဖြစ်ရပါမယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ကိစ္စကို နယူးဒေလီက တိကျ မှန်ကန်စွာ လုပ်ဆောင်နေသည်ဟု အိန္ဒိယ အရာရှိများက ဆိုသည်။ လွန်ခဲ့သည့် အနှစ် ၂၀ က ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အနိုင်ရသည့်အခါ သူမနှင့် ပါတီကို ဘေးဖယ်ထားရန် စစ်ခေါင်းဆောင်များက ဆုံးဖြတ်ကာ သူမအား နေအိမ်တွင် အကျယ်ချုပ် ဖမ်းဆီးထားခဲ့သော်လည်း နိုင်ငံတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့အနက် ၁၇ ဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရယူနိုင်ခဲ့ကြသည်။ ၎င်း သူပုန် အများစုမှာ အိန္ဒိယနိုင်ငံတွင်လည်း နေထိုင်ကြသည်။

"အိန္ဒိယလိုပဲ မြန်မာနိုင်ငံဟာလည်း နယ်စပ်ဒေသ ပြဿနာတွေ ရှိနေပါတယ်။ သူတို့ လုပ်တာကို ကျွန်တော်တို့ နားလည်ပေးနိုင်ပါတယ်" ဟု အိန္ဒိယ အရာရှိများက ဖြည့်စွက် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Inter Press service News Agency, By Marwaan Macan-Markar, 19th July 2010

ယခုအပတ် ဟနွိုင်းတွင် ကျင်းပပြုလုပ်မည့် အရှေ့တောင် အာရှနိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ နှစ်ပတ်လည် လုံခြုံရေး ဆိုင်ရာ အစည်းအဝေးတွင် ဒေသတွင်း ဒုက္ခ အပေးဆုံး နိုင်ငံဖြစ်သည့် စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များ ဆိုင်ရာ သတင်းများနှင့် ပတ်သက်၍ စုံစမ်း မေးမြန်း ကြဖွယ်ရာ ရှိသည်။

ပြီးခဲ့သည့် ဇွန်လဆန်းက အော်စလို အခြေစိုက် မြန်မာ သတင်းစာဆရာများ ထုတ်လွှင့်လျက် ရှိသော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) အသံလွှင့်ဋ္ဌာနက မြန်မာ အစိုးရ၏ နျူကလီယာ အဆောက်အဦးများ ဆောက်လုပ်မှုနှင့် ပတ်သက်၍ လွှင့်ထုတ်ခဲ့ရာ အရှေ့တောင်အာရှ နိုင်ငံများ၏ မြို့တော်များတွင် အချက်ပေး ခေါင်းလောင်း မြည်ခဲ့သည်။

အာဆီယံတွင် အကြီးဆုံး တိုင်းပြည် ဖြစ်သော အင်ဒိုနီးရှားသည် ယခု ဟနွိုင်းတွင် ဇူလိုင်လ ၂၀-၂၃ ၌ ပြုလုပ်မည့် အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ဖြေရှင်းချက် တောင်းခံရန် မျှော်လင့်ထားသော နိုင်ငံများတွင် တစ်ခု အပါအဝင် ဖြစ်သည်။

"ဂျာကာတာက အဲဒီကိစ္စအပေါ် အတော် စိုးရိမ် ပူပန်ပါတယ်'' ဟု အရှေ့တောင်အာရှ သံတမန် သတင်း တစ်ရပ်က ဆိုသည်။

မြန်မာနိုင်ငံသည် ဖိလစ်ပိုင်ထံမှလည်း ထိုသို့ စုံစမ်း မေးမြန်းမှုများ ပြုလုပ်လာနိုင်ကြောင်း မျှော်လင့်ထားပုံ ရသည်။ ဖိလစ်ပိုင် ကိုယ်စားလှယ် Libran Cabactulan သည် ပြီးခဲ့သည့် မေလက နယူးယောက်ရှိ ကုလသမဂ္ဂ ဋ္ဌာနချုပ်တွင် ပြုလုပ်သည့် ၂၀၁၀ နျူကလီယာ မပြန့်ပွားရေး စာချုပ် ပြန်လှန် သုံးသပ်ခြင်း ကွန်ဖရင့်တွင် သဘာပတိ တာဝန်ယူ ခဲ့သည်။

အဆိုပါ ပြန်လှန် သုံးသပ် အစည်းအဝေးတွင်  Cabactulan က ကိုယ်စားလှယ်များအား စာချုပ်၏ ရည်မှန်းချက်များ ဖြစ်သော လက်နက် ဖျက်သိမ်းရေး၊ နျူကလီယာ လက်နက် မပြန့်ပွားရေးနှင့် နျူကလီယာ နည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြု ပိုင်ခွင့် ကိစ္စများကို အကောင်အထည် ဖော်ကြရန် တိုက်တွန်းခဲ့သည်။

အဆိုပါ စာချုပ်သည် ၁၉၇၀ မှ စတင် အသက်ဝင်ခဲ့သော်လည်း ကမ္ဘာလုံးဆိုင်ရာ နျူကလီယာ မပြန့်ပွားရေး အစိုးရများ ဖြစ်ပေါ်ရေး အဆောက်အအုံ အတွက် အရေးကြီးသော ကဏ္ဍမှ ပါဝင်နေဆဲ ဖြစ်သည်။

အာဆီယံတွင်လည်း နျူကလီယာ လက်နက် ကင်းမဲ့ဇုန် ဖြစ်ရေး သဘောတူညီချက် ရှိထားသည်။

အရှေ့တောင်အာရှ နျူကလီယာ လက်နက် ကင်းမဲ့ဇုန် စာချုပ် (The South-east Asian Nuclear Weapon Treaty) သည် ၁၉၉၇ ခုနှစ်မှ စတင် အသက်ဝင်ခဲ့သည်။ ယင်းနှစ်တွင်ပင် မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာကာ အစိုးရ၏ ဖိနှိပ်မှုများ အတွက် နိုင်ငံတကာ ဝေဖန်မှုများကို အာဆီယံက အကာအကွယ် ပေးခဲ့သဖြင့် အကျိုးကျေးဇူး များစွာ ရသည်။ မြန်မာနိုင်ငံသည် ဒေသတွင်း နျူကလီယာ လက်နက် ရပ်ဆိုင်းရေး စာချုပ်ကို ၁၉၉၅ ဘန်ကောက်တွင် ပြုလုပ်သော အစည်းအဝေးတွင် လက်မှတ် ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံ၏ နျူကလီယာ အစီအစဉ်များနှင့် ပတ်သက်သော သတင်းများကြောင့် အာဆီယံ၏ နျူကလီယာ လက်နက် စုဆောင်းခြင်းနှင့် ဆောက်လုပ်ခြင်း တားမြစ်ချက်များသည် ယခုအခါ အလေးအနက် ပြုရမည့် စိန်ခေါ်မှုကို ကြုံတွေ့နေရပြီ ဖြစ်သည်။ "ဒီကိစ္စနဲ့ ပတ်သက်၍ ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ ရဖို့ ခက်ပေမဲ့ ဒီအစည်းအဝေးမှာ ဆွေးနွေးရမယ့် ကိစ္စတစ်ရပ် ဖြစ်လာပါလိမ့်မယ်။ ဒီကိစ္စဟာ ရည်ရွယ်ချက်တွေ ရှိတဲ့ကိစ္စပါ'' ဟု ထိုင်းနိုင်ငံ၏ The Nation သတင်းစာမှ ကော်လံစား သတင်းထောက် Kavi Chongkittavorn က ပြောကြားခဲ့သည်။

မီဒီယာ သတင်းများအရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hilary Clinton လည်း အာဆီယံ လုံခြုံရေးဆိုင်ရာ ဖိုရမ်သို့ လာရောက်မည်ဟု သိရှိရပြီး၊ မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းချက်များ အတွက် မျှော်လင့်နေပုံ ရသည်။ ဝါရှင်တန်သည် မြန်မာနိုင်ငံ၏ မြောက်ကိုးရီးယားနှင့် နီးကပ်သော ဆက်နွယ်မှုများအတွက် စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ပြီး ဖြစ်သည်။

မြောက်ကိုးရီးယား၏ မြေအောက် နျူကလီယာ စမ်းသပ်မှုများ အပြီးတွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ ကို ချမှတ်ခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် မြောက်ကိုးရီးယား ကုန်တင် သင်္ဘောများကို ရှာဖွေရန် တောင်းဆိုခဲ့သည်။ သို့သော် မြန်မာနိုင်ငံကမူ လိုက်နာခြင်း မရှိပေ။

DVB ၏ မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များ စုံစမ်း စစ်ဆေးချက် အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် စစ်ရေးအတွက် အသုံးပြုရန် မြန်မာနှင့် မြောက်ကိုးရီးယား ပူးပေါင်း တည်ဆောက်နေသော ဥမင်လိုဏ် ကွန်ရက်များ  ကိစ္စကို အကျယ်ချဲ့ ပြောပြထားသည်။

အဆိုပါ အစီရင်ခံစာကြောင့် ဗီယင်နာ အခြေစိုက် IAEA အား မြန်မာအစိုးရထံ စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် စာပေးပို့ရန် ဖြစ်လာခဲ့သည်။ မြန်မာ အစိုးရက DVB ၏ တွေ့ရှိချက်များ မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့သည်။ ထို့အပြင် မြန်မာ အစိုးရသည် ၎င်းတွင် နျူကလီယာ ရည်မှန်းချက်များ မရှိကြောင်း ကြေညာချက် နှစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

သို့သော် အစိုးရ၏ ငြင်းဆိုမှုမှာ သိပ်အရာ မရောက်လှပေ။ အဆိုပါ အရေးကိစ္စတွင် ကျွမ်းကျင်သူ ပညာရှင်များက ဝင်ရောက်လာပြီး မကြာသေးမီက The Nation သတင်းစာတွင် "မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များသည် သိသိသာသာ မှန်ကန်ပြီး၊ အချက်ပေး ခေါင်းလောင်းသံပင် ဖြစ်သည်'' ဟု ခေါင်းစဉ်ဖြင့် ဝေဖန်ချက် ဆောင်းပါး ထည့်သွင်း ဖော်ပြခဲ့သည်။

"မြန်မာနိုင်ငံ၏ နျူကလီယာ လက်နက်အတွက် ကြိုးပမ်းမှုများသည် ကောလာဟလ အဖြစ် ထွက်ပေါ်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း၊ ယခု  DVB ၏ သတင်း မှတ်တမ်းတွင် မြန်မာနိုင်ငံမှ မကြာသေးမီက ထွက်ပြေးလာသူ၏ ဓါတ်ပုံများ၊ အထောက်အထားများနှင့် စစ်တပ် အတွင်းမှ လူများ၏ အမြင်များဖြင့် သတင်းအချက်အလက် အသစ်များ ပါဝင်ရာ မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက် သံသယမှာ ရှင်းလင်းသွားပါသည်'' ဟု IAEA မှ အငြိမ်းစား ဒါရိုက်တာ Robert Kelly က အဆိုပါ ဆောင်းပါးတွင် ရေးသားထားသည်။

"သက်သေ အထောက်အထားများတွင် ယူရေနီယံ သတ္တုကို ဓာတုပစ္စည်းများဖြင့် သန့်စင်စေသော လုပ်ငန်းများ၊ ဓာတ်ပေါင်းဖိုနှင့် ဗုံးများတွင် အသုံးပြုရန်များ ပါဝင်သည်။ ထိုအကြောင်းအရာများကို ပေါင်းသော် ယူရေနီယံကို ပြောင်းလဲရေး အစီအစဉ်မှာ နျူကလီယာ လက်နက် အတွက် သုံးရန် ဟု ကောက်ချက် ဆွဲနိုင်သည်'' ဟု Kelly က ရေးသားထားသည်။

မြန်မာနိုင်ငံ၏ အဆိုပါ အရေးကိစ္စသည် အာဆီယံ အတွက် နောက်ဆုံး ဒုက္ခ အသစ် ဖြစ်စေပြီး အနောက် နိုင်ငံများနှင့် လူ့အခွင့်အရေး အဖွဲ့များ၏ ဖိအားပေးမှုများ ပိုမိုလာပြီး၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ လွတ်လပ်၍ တရား မျှတစေရန် တိုက်တွန်းမှုများပါ ရှိလာသည်။

အာဆီယံသည် မြန်မာနိုင်ငံ၌ ခွဲထွက်ရေး သူပုန်များကို တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသော ထောင်ပေါင်းများစွာသော ဒုက္ခသည်များ ကိစ္စနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် တိုင်းပြည်၏ ဆိုးဝါးသော စီးပွားရေး အခြေအနေကြောင့် နှစ်သန်းခန့်သော ရွှေ့ပြောင်းလုပ်သားများ အရေးကလည်း ရှိနေပြန်သေးသည်။

အာဆီယံ အနေဖြင့် ထွက်ပြေးလာသော ဒုက္ခသည်များ ကိစ္စမှာ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်သော ကိစ္စဟု မမြင်ပေ။ သို့သော် ယခု နျူကလီယာ ကိစ္စကြောင့် မြန်မာနိုင်ငံအပေါ် နှုတ်ဆိတ်နေမှု၊ ပူးပေါင်း ဆောင်ရွက်မှုများကို ရပ်သွားစေနိုင်သည်ဟု ဝေဖန်သူများက ပြေသည်။

"ဆယ်စုနှစ်များစွာကပင် မြန်မာနိုင်ငံမှာအစိုးရသည် ပြည်သူလူထု အတွက် အန္တရာယ်ကောင် အဖြစ်သာ ဖြစ်ခဲ့သည်။ သို့သော် ယခု မကြာခင်က သတင်းများအရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ ပထမဆုံး နျူကလီယာ နိုင်ငံ ဖြစ်ရန် ဆန္ဒရှိနေကြောင်း အတည်ပြုရမည် ဖြစ်ပြီး၊ ဒေသတွင်း တွင်ပါ အန္တရယ်ကောင် အဖြစ် ခြိမ်းခြောက် ထွက်ပေါ်လာနေပြီ ဖြစ်သည်'' ဟု ဧရာဝတီမှ အယ်ဒီတာ အောင်ဇော်က Bangkok Post သတင်းစာတွင် တနင်္လာနေ့က ရေးသားခဲ့သည်။

"မြန်မာနိုင်ငံသည် မြောက်ကိုးရီးယား မဟုတ်ပေ။ သို့သော် မြန်မာနိုင်ငံမှ စစ်သား အုပ်ချုပ်သူများသည် ပြုံးယမ်းရှိ အာဏာရှင်များထက် မလျော့သော စွမ်းဆောင်ရည်များ ရှိသည်။ ၎င်းတို့၏ ရှင်သန်မှု အတွက် မသေချာသော တစ်နေ့တွင် အိမ်နီးချင်းနိုင်ငံများကို ငွေနှင့် ခြိမ်းခြောက် အသုံးပြုနိုင်သည်။ ယခုအခါ ၎င်းတို့၏ နျူကလီယာ အိပ်မက် အတွက် ပထမခြေလှမ်း လှမ်းပြီးပြီ ဖြစ်ရာ၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မိမိတို့ အတွက် နျူကလီယာ အိပ်မက်ဆိုးကြီး ဖြစ်မလာအောင် ကာကွယ်ရတော့မည် ဖြစ်သည်'' ဟု အောင်ဇော်က ရေးသားထားသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.radiorustrialianews.net, 20th July 2010

မြောက်ကိုးရီးယားက တောင်ကိုးရီးယား သင်္ဘောကို နစ်မြုပ်ခြင်း ကိစ္စနှင့် မြန်မာ ရွေးကောက်ပွဲ ကိစ္စတို့သည် ဟနွိုင်းတွင် ပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ အစီအစဉ်တွင် ထိပ်ဆုံးက ပါဝင်နေသည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ကိုးရီးယား ၂ နိုင်ငံအကြား တင်းမာမှုများ အထူးသဖြင့် တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှုကို ဖော်ပြသည့် ကြေညာချက်ကို ထုတ်ပြန်ရန် စဉ်းစား နေကြရာ အခင်း ဖြစ်ပွားမှု အတွက် မြောက်ကိုးရီးယားကို အပြစ်တင်ရန် ရှောင်ရှားသည့် သဘောဟု ဆိုရလိမ့်မည်။

မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးလည်း ဟနွိုင်း အစည်းအဝေးသို့ လေ့လာသူ အဖြစ် တက်ရောက်မည်ဟု မျှော်လင့်ရသဖြင့် ဟနွိုင်း ARF  အစည်းအဝေးသည် တောင်နှင့်မြောက် နိုင်ငံရေး ခေါင်းဆောင်များ တွေ့ဆုံနိုင်သည့် အစည်းအဝေး အနည်းငယ် အနက်မှ တစ်ခုဖြစ်လာသည်။

ဒေသတွင်း ပိုမို သန်စွမ်း မာကြောသည့် အနေအထားဖြင့် မည်သို့ ရပ်တည်နိုင်မည်ကို စဉ်းစားနေရသည့် အာဆီယံအဖွဲ့ အတွက် တောင်တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ကိုယ်ထင်ပြမှု ကြီးထွားလာခြင်းမှာလည်း နောက်ထပ် ပြဿနာ တစ်ခုပင် ဖြစ်သည်။

အာဆီယံနှင့် ၎င်း၏ ဆွေးနွေးဖက် နိုင်ငံများသည် ယခု သီတင်းပတ်ကုန်တွင် အာဆီယံ ဒေသတွင်း ဖိုရမ် ၂၇ နိုင်ငံ အဖြစ် တွေ့ဆုံကာ လုံခြုံရေး ကိစ္စများကို ဆွေးနွေးကြလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.