Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ တရားဝင် ပါတီအဖြစ်မှ တရားဝင် ပယ်ပျက်သွားပြီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် မြန်မာ စစ်အစိုးရ၏ တင်းကြပ်သော လုံခြုံရေး ဆောင်ရွက်ချက်များ ကြားမှ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

အဆိုပါ အာဇာနည်နေ့ အခမ်းအနားကို NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ပါတီဝင် ၃၀၀ ကျော် စုရုံးပြီး ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် NLD လူငယ်များက ရန်ကုန်မြို့၊ ရွှေတိဂုံ စေတီတော် အနီးရှိ အာဇာနည် ဗိမာန်တွင် လွမ်းသူ့ပန်းခွေ ချကာ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြု ခဲ့ကြကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၈၉ ခုနှစ် စတင် ထူထောင်ခဲ့သည့် အချိန်မှ စ၍ နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည် နေ့တိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။

NLD ပါတီကို ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း ၂၁ နှစ်ခန့် ဦးဆောင်ခဲ့သည်။  ဒေါ်စုကြည်မှာ နှစ်ပေါင်း ၁၅ နှစ်တာမျှ စစ်အစိုးရ၏ ဖမ်းဆီး ထိန်းချုပ်ခြင်း ခံခဲ့ရသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦး အဖြစ် ယနေ့အချိန် အထိ သာမက အနာဂတ် ကာလအတွက်ပါ သတ်မှတ် ခံထားရသူ ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ ဘယ်တော့အခါမှ သေဆုံးသွားမှာ မဟုတ်ပါဘူး" ဟု ဦးတင်ဦးက အခမ်းအနားတွင် ပြောဆိုသည်။

စစ်အာဏာရှင် စနစ် အုပ်စိုးသော မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ လူစုလူဝေးများ ပြုလုပ်ခြင်းကို ပိတ်ပင်ထားသည်။ သို့သော် ဇူလိုင် ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော NLD ပါတီဝင်များ၏ အာဇာနည်နေ့ အခမ်းအနားတွင် ဖမ်းဆီး ထိန်းသိမ်းမှုများ မရှိခဲ့ကြောင်း သိရသည်။

NLD သည် ပြီးခဲ့သည့် မေလ ၆ ရက်နေ့ (နိုင်ငံရေး ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ရမည့် နောက်ဆုံးရက်) တွင် တရားဝင် ပါတီ အဖြစ်မှ ပယ်ပျက်သွားပြီ ဖြစ်သည်။ အကြောင်းမှာ NLD က လာမည့် ဒီမိုကရေစီ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံမတင် ခဲ့သောကြောင့် ဖြစ်သည်။ NLD ပါတီ ဗဟို ကော်မတီက ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် စစ်အစိုးရက ကျင်းပပေးမည့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု မဲခွဲ ဆုံးဖြတ်ခဲ့သည်။ အကြောင်းမှာ အကယ်၍ NLD အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရမည် ဖြစ်၍ပင် ဖြစ်သည်။

မတ်လ အစောပိုင်းတွင် စစ်အစိုးရ ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေအရ ဖမ်းဆီး အကျဉ်းချ ခံထားရသူ အဖွဲ့ဝင်များ ရှိသည့် နိုင်ငံရေး ပါတီ အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိပေ။ ဒေါ်အောင်ဆန်းစုကြည်မှာ လက်ရှိ အချိန်ကာလတွင် နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ကျခံနေရသည်။ သို့အတွက်ကြောင့် NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ခြင်း မပြုလုပ်ဘဲ တရားဝင် ပါတီအဖြစ်မှ ပယ်ဖျက်ခံလိုက်ခြင်း ဖြစ်သည်။

Monstersandcritics.com မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment