Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Wai Moe, 22nd December 2009

          အကယ်၍ ဝါရှင်တန်၏ မြန်မာအစိုးရနှင့် တိုက်ရိုက် ဆက်ဆံရေး မူဝါဒသစ်သည် ရလဒ်များ ထွက်ပေါ်လာခြင်း မရှိပါက မြန်မာအစိုးရ အနေဖြင့် အမေရိကန်၏ ပိုမို တင်းကြပ်သော ငွေကြေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများကို ရင်ဆိုင်ရနိုင်ပါသည်ဟု ဝါရှင်တန်မှ ဥပဒေ ရေးဆွဲသူများနှင့် အာရှတိုက်ရှိ အမေရိကန် သံတမန်များက မကြာသေးမီက မှတ်ချက် ပြုခဲ့ကြပါသည်။

          အိုဘားမား အစိုးရအနေဖြင့် မြန်မာအစိုးရနှင့် စကားပြောခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ ပေါ်ထွက်လာခြင်း မရှိပါက ၎င်းတို့တွင် ပါဝါကြီးသော စီးပွားရေး လက်နက်ကောင်း ရှိကြောင်း၊ ဘဏ်များကို မြန်မာအစိုးရနှင့် စီးပွားရေး မလုပ်ရန် ဖိအားပေးနိုင်ကြောင်း AP သတင်းထောက်၏ အစီရင်ခံစာတွင် မီးမောင်းထိုး ဖော်ပြထားပါသည်။

          အမေရိကန် အစိုးရအနေဖြင့် ဘဏ်များကို မြန်မာနိုင်ငံနှင့် စီးပွားရေး မလုပ်ရန် တားဆီးနိုင်သည့် အခွင့်အာဏာအား အမေရိကန် ကွန်ဂရက်က အတည်ပြုပြီး ဖြစ်သည်ဟု အေဂျင်စီ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒသစ်သည် အရေးယူ ပိတ်ဆို့မှုအပြင် တိုက်ရိုက် ဆက်ဆံမှုကိုပါ ချိတ်ဆက်ထားသော မူဝါဒ ဖြစ်ပါသည်။ နှစ်နိုင်ငံကြား ဆက်ဆံမှုကြောင့် မည်သည့် တိုးတက်မှု ရလဒ်မျှ ထွက်ပေါ်လာခြင်း မရှိပါက အရေးယူမှုများ ဆက်လက် တည်ရှိမည် ဖြစ်ကြောင်း မြန်မာအစိုးရကို အသိပေးထားပြီး ဖြစ်ပါသည်။

          ယခု မုန့်ဝေရေး အစီအစဉ်နှင့် တုတ်ဝေရေး အစီအစဉ်ကို အရှေ့တောင် အာရှနိုင်ငံများရှိ အမေရိကန် သံတမန်များ ကြားတွင် ကျယ်ပြန့်စွာ ဆွေးနွေးပြီးမှ ချမှတ်ထားခြင်း ဖြစ်ပါသည်။ ဒေသတွင်းရှိ ဝါရင့်အမေရိကန် သံတမန်အချို့က မကြာသေးမီက ဧရာဝတီသို့ ပြောကြားရာတွင် ဝါရှင်တန်၏ ဆက်ဆံရေးကို မြန်မာ ဗိုလ်ချုပ်များက ၎င်းတို့ကို တရားဝင် အမှတ်ပြုရာ ရောက်ကြောင်း ထင်မြင်ပါက၊ လုံးဝ မှားယွင်းလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့ပါသည်။

          သံတမန် တစ်ဦး၏ အဆိုအရ အကယ်၍ ဆက်ဆံရေး မူဝါဒသစ်သည် တစ်နှစ်အတွင်း မည်သည့် ရလဒ်မျှ ပေါ်ထွက်ခြင်း မရှိပါက နောက်ထပ် အမေရိကန်တို့၏ အရေးယူမှုများ ထွက်ပေါ်လာနိုင်ကြောင်း သိရှိရပါသည်။

          မူဝါဒ အသစ်အပေါ် အချို့ ဝေဖန်သုံးသပ်သူများက မှတ်ချက်ပြု ထောက်ပြရာတွင် ယခု ချဉ်းကပ်မှုမျိုးကို အမေရိကန်တို့ လွန်ခဲ့သော ၁၅ နှစ်ကတည်းက မြောက်ကိုရီးယားနှင့် ရှိခဲ့ဖူးသော်လည်း ပြုံးယမ်း၏ နျူကလီးယား အစီအစဉ်များကို တားဆီးနိုင်ခဲ့ခြင်း မရှိကြောင်း ဆိုပါသည်။

          အမေရိကန် သံတမန် တစ်ဦးက ပြောကြားရာတွင် ယခု မြန်မာအရေးကိစ္စမှာ မြောက်ကိုရီးယား ကိစ္စနှင့် အတော်အတန် ခြားနားကြောင်း၊ ရလဒ်ကောင်းများ မရရှိဘဲ မြန်မာအစိုးရနှင့် ဆက်ဆံရန် မဖြစ်နိုင်ကြောင်း ဝါရှင်တန်က ကောင်းစွာ သိရှိကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

          ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က အမေရိကန် တို့သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒ ပြန်လည် သုံးသပ်မှုအတွက် ထုတ်ပြန် ကြေညာခဲ့ပါသည်။ ယင်းနေ့တွင်ပင် အမေရိကန် အရှေ့အာရှ ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell သည် ဦးသောင်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပါသည်။ ဦးသောင်းသည် အမေရိကန်တွင် မြန်မာသံအမတ်ကြီး တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး၊ ယခုအခါ အစိုးရ ဝန်ကြီးတစ်ဦး ဖြစ်ပါသည်။

          တဖန် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းက Campbell သည် မြန်မာနိုင်ငံသို့ သွားရောက်ပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အတိုက်အခံများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။

          အမေရိကန်တို့သည် စစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံနေချိန်တွင် တစ်ဖက်မှလည်း ၎င်းနှင့် စီးပွားရေး ဆက်သွယ် ထိတွေ့မှုများကိုလည်း သေချာစွာ စောင့်ကြည့်နေခဲ့ပါသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့က အမေရိကန် ငွေတိုက်ဌာနသည် Swiss ဘဏ်ကြီးတစ်ခု ဖြစ်သော Credit Suisse AG ကို မြန်မာနိုင်ငံ အပါအဝင် အမေရိကန် စီးပွားရေးအရ ပိတ်ဆို့ထားသော နိုင်ငံများကို ငွေကြေးကိစ္စများ လုပ်ဆောင်ပေးသည့်အတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၃၆ သန်း ချမှတ်ခဲ့ပါသည်။ အဆိုပါ ဒဏ်ငွေသည် နိုင်ငံခြားသား ပိုင်ဆိုင်မှုများ ထိန်းချုပ်ဌာန သမိုင်းတွင် အများဆုံး ဖြစ်ပါသည်။

          အဆိုပါဘဏ် ငွေသွင်းငွေထုတ် အများဆုံးတွင် အီရန် ပါဝင်ပြီး၊ အမေရိကန် အရေးယူ ထားသော ဆူဒန်၊ လစ်ဗျား၊ မြန်မာ၊ ကျူးဘားနှင့် လိုက်ဘေးရီးယား အစိုးရဟောင်းမှ Charles Taylor တို့လည်း ငွေသွင်းငွေထုတ် စာရင်းတွင် တွေ့ရှိရကြောင်း အမေရိကန် ငွေတိုက်ဌာနက ကြေညာပါသည်။

          စက်တင်ဘာလက အမေရိကန် အခြေစိုက် စောင့်ကြည့်ရေး အဖွဲ့တစ်ခု ဖြစ်သော Earthrights International က စင်္ကာပူ အခြေစိုက်ဘဏ်နှစ်ခု ဖြစ်သည့် Overseas Chinese Banking Cooperation (OCBC) နှင့် DBS အုပ်စု (ယခင်က Development Bank of Singapore) တို့အား မြန်မာစစ်အစိုးရက ရတနာဓာတ်ငွေ့ စီမံကိန်းမှ ရရှိသော ငွေများကို ထည့်သွင်းထားကြောင်း စွပ်စွဲခဲ့ပါသည်။ မြန်မာအစိုးရသည် အဆိုပါ စီမံကိန်းမှ အနည်းဆုံး အမေရိကန် ဒေါ်လာ ၅ ဘီလီယံခန့် ရရှိသည်ဟု ခန့်မှန်းရပါသည်။

          မြန်မာနိုင်ငံအား လေ့လာနေသူများက သံသယ ရှိနေကြသော အချက် တစ်ခုမှာ မြန်မာဗိုလ်ချုပ်များနှင့် ၎င်းတို့၏ အခွင့်ထူးခံ ကုန်သည်ကြီးများသည် ၎င်းတို့၏ သန်းနှင့် ချီသော ဒေါ်လာငွေများကို စင်္ကာပူ၊ ရှန်ဟိုင်း၊ ဟောင်ကောင်နှင့် ဒူဘိုင်းရှိ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများတွင် ထားရှိကြသည်ဟူသော အချက်ပင် ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP News, 21st December 2009

          ယခုလအတွင်း ဖမ်းဆီးရမိသော မြောက်ကိုရီးယားမှ တင်ဆောင်လာသော လေယာဉ်စီးလုံးပြည့် လက်နက်များသည် အီရန်နိုင်ငံအတွက် ဖြစ်ကြောင်း တနင်္လာနေ့က သတင်းစာများတွင် ဖော်ပြထားပါသည်။ လက်နက် ရောင်းဝယ်မှုဆိုင်ရာ ကျွမ်းကျင်သူများ လက်ဝယ်တွင် ရရှိသော အထောက်အထားများအရ အီရန်သို့ ပိုဆောင်မည့် လက်နက်များ ဖြစ်ကြောင်း ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။

          အမေရိကန် အမျိုးသား ထောက်လှမ်းရေး အဖွဲ့မှ ဒါရိုက်တာ Dennis Blair က ပြီးခဲ့သည့် အပတ်က ပြောကြားရာတွင် ၃၅ တန်ခန့် ရှိသော လက်နက်များသည် ကုလသမဂ္ဂမှ အရေးယူထားသော ပြုံးယမ်းမှ တင်ဆောင်လျက် အရှေ့အလယ်ပိုင်းရှိ နေရာအတိအကျ မသတ်မှတ်နိုင်သေးသော နေရာသို့ သွားရောက် ပို့ဆောင်မည်ဟု ဆိုခဲ့ပါသည်။

          သုတေသန ပြုသူများ၏ လက်ဝယ်တွင် ရရှိထားသော လေယာဉ် ပျံသန်းရေး အစီအစဉ်ကို ကိုးကား၍ The Wall Street Journal က ပြောကြားရာတွင် တီဟီရန်တွင် ပစ္စည်းမချမီ လေယာဉ်သည် ဆီဖြည့်ရန် သီရိလင်္ကာ UAE နှင့် ယူကရိန်းတို့တွင် ရပ်နားရန် စီစဉ်ထားခဲ့သည်ဟု ဆိုပါသည်။

          အဆိုပါ သတင်း အချက်အလက်သစ်မှာ ချီကာဂို အခြေစိုက် Transarms နှင့် Antwerp ရှိ International Peace Information Service (IPIS) တို့၏ ပူးတွဲ အစီရင်ခံစာ မူကြမ်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

          ဘန်ကောက် လေယာဉ်ကွင်းတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က ဆီဖြည့်ရန် ဆင်းသက်လာသော  I lyushin - 76 လေယာဉ်ကို အမေရိကန်တို့၏ သတင်းပေးမှုအရ ဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင် တို့က ပြောကြားခဲ့ပြီး၊ အဆိုပါ လေယာဉ်ပေါ်တွင် ပခုံးဖြင့် ထမ်း၍ ပစ်နိုင်သော ဒုံးကျည်များ၊ ဒုံးပစ် လောင်ချာတပ် ဗုံးသီးများ တင်ဆောင်လာသည်ဟု ဆိုပါသည်။

          ကာဇက်စတန် လေယာဉ်မှူး လေးဦးနှင့် ဘီလာရုစ် လေယာဉ်မှူး တစ်ဦးကို ဖမ်းဆီးခဲ့ပါသည်။

          အဆိုပါ လေယာဉ်သည် လွန်ခဲ့သော နှစ်ပတ်က ဘန်ကောက်မှတဆင့် ပြုံးယမ်းသို့ သွား ရောက်ခဲ့ခြင်း ဖြစ်ပြီး၊ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပစ္စည်းများ တင်ပြီး ဘန်ကောက်သို့ ဆီဖြည့်ရန် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ထိုင်းအာဏာပိုင်တို့က ဆိုပါသည်။

          လေယာဉ် အမှုထမ်းများကမူ ၎င်းတို့သည် ရေနံတူးသည့် ကိရိယာပစ္စည်းများ တင်ဆောင်လာသည်ဟု ထင်ကြောင်း ပြောကြားခဲ့ကြပါသည်။ The Wall Street Journal က သုတေသန ပြုသူတစ်ဦး ၏ အဆိုကို ကိုးကား၍ ပြောကြားရာ၌ လေယာဉ် အမှုထမ်းများသည် အမှန်တကယ် ဘာမျှ သိပုံ မပေါ်ကြောင်း၊ Transarms နှင့် IPIS တို့ လက်ဝယ်ရှိ ပျံသန်းရေးဆိုင်ရာ စာရွက်စာတမ်းများတွင် ရေနံတူး လုပ်ငန်း အပိုပစ္စည်း ကိရိယာများ (Oil Industry Spare parts) ဟုဖော်ပြထားသည်ဟု ဆိုပါသည်။

          Journal မှ ဆက်လက် ဖော်ပြရာတွင် ပစ္စည်း တင်ပို့သူများသည် ၎င်းတို့၏ အမည်များကို ဖျောက်ထားပြီး ကုမ္ပဏီတစ်ခု ဖြစ်သော Air West အနေဖြင့် မှတ်တင်ပုံထားပြီး နိုဝင်ဘာလ ၅ ရက်နေ့က နယူဇီလန်တွင် မှတ်ပုံတင်ထားသော SP Trading သို့ ငှားရမ်းထားပါသည်။ အမှန်တကယ်တွင် SP Trading သည် ဘန်းပြထားသော အခွံသာ ရှိသော ကုမ္ပဏီ ဖြစ်ကြောင်း Journal တွင် ဖော်ပြထားပါသည်။

          ဒီဇင်ဘာ ၄ ရက် နေ့စွဲ တပ်ထားသော အခြားစာချုပ်တစ်ခုတွင် SP Trading သည် ဟောင်ကောင် အခြေစိုက် ကုမ္ပဏီသို့ ငှားရမ်းထားပါသည်။

          ကုမ္ပဏီ မှတ်ပုံတင် စာရွက်စာတမ်းများကို ကိုးကား၍ Journal က ပြောရာတွင် ဟောင်ကောင် ကုမ္ပဏီကို ဒုတိယ ဟောင်ကောင်အဖွဲ့ တစ်ခုက ပိုင်ဆိုင်ပြီး၊ တဖန် ၎င်းတို့ကို British Virgin Islands တွင် အခြေစိုက်သော တတိယအဖွဲ့ တစ်ခုက ပိုင်ဆိုင်သည်ဟု ဆိုပါသည်။

          အဆိုပါ ကုမ္ပဏီများသည် လေယာဉ်ပေါ်ပါ ပစ္စည်းများကို စီမံ ခန့်ခွဲကြသည်ဟု ဆိုပါသည်။

          အမှန်တကယ်တွင်မူ လေယာဉ်ကို UAE ရှိ Sharjah အခြေစိုက် Overseas Cargo FZE ကုမ္ပဏီက ပိုင်ဆိုင်သည်ဟု သုတေသန ပညာရှင်များ၏ အစီအရင်ခံစာ မူကြမ်းကို ကြည့်၍ သတင်းစာက ဆိုပါသည်။

          ကုမ္ပဏီ၏ အစုရှယ်ယာ စာရင်းတွင် ဖော်ပြထားသော ရှယ်ယာရှင်၏ လိပ်စာမှာ ကာဇက်စတန် ဖြစ်ပြီး၊ လေယာဉ် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မေးမြန်းမှုအား ဖြေဆိုရန် ငြင်းဆန်ခဲ့ပါသည်။

          မြောက်ကိုရီးယား၏ နောက်ဆုံး နျူကလီးယား စမ်းသပ်မှုများကြောင့် ကုလသမဂ္ဂသည် မြောက်ကိုရီးယား၏ လက်နက် တင်ပို့မှုကို ပြင်းထန်သော ဆုံးဖြတ်ချက်များဖြင့် ပြီးခဲ့သည့် ဇွန်လက တားမြစ် ပိတ်ပင်ခဲ့ပါသည်။

          ယခုဘန်ကောက်တွင် လက်နက်များ ဖမ်းမိသော ကိစ္စမှာ ထိုအချိန်မှ စ၍ ပြုံးယမ်းမှ လေကြောင်းဖြင့် ပထမဆုံး လက်နက်တင်ပို့မှု ဖြစ်လိမ့်မည်ဟု ယုံကြည်ရပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သက်ကြီးပိုင်း ခေါင်းဆောင်များနှင့် ပထမဆုံး တွေ့ဆုံ ဂါရဝပြုခွင့် ရခဲ့ပါသည်။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တစ်ဦးလည်း ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အား အာဏာပိုင်များက ရန်ကုန်မြို့ရှိ သူမ၏ နေအိမ်မှ နိုင်ငံတော် ဧည့်ဂေဟာသို့ ခေါ်ဆောင်သွားကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ အဖွဲ့ဝင် တို့သုံးဦးနှင့် တွေ့ဆုံ ဂါရဝပြုခဲ့ခြင်း ဖြစ်သည်။

သတင်း ပေးပို့ချက်များအရ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းသို့ နိုင်ငံတော် ဧည့်ဂေဟာ၌ တွေ့ဆုံ ဆွေးနွေးစဉ်အတွင်း အဆိုပါ NLD သက်ကြီးပိုင်း ခေါင်းဆောင်များအား ပါတီတွင်း ပြောင်းလဲ ဖွဲ့စည်းမှုများ ပြုလုပ်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုသည် ဒေါ်အောင်ဆန်းစုကြည်က အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေးအတွက် မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုပါသည်ဟု အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးသား ပေးပို့မှုများ ပြုလုပ်ပြီးနောက် နောက်ဆုံးသော တိုးတက် ပြောင်းလဲမှု တစ်ခုဟု ဆိုနိုင်ပါသည်။

အမေရိကန်အစိုးရကလည်း ယခု နောက်ဆုံး တွေ့ဆုံ ဆွေးနွေးမှုကို လှိုက်လှဲစွာ ကြိုဆိုခဲ့သည်။ အမေရိကန်သည် မြန်မာအစိုးရနှင့် အတိုက်အခံ ပါတီများ၊ တိုင်းရင်းသား လူမျိုးများ အကြား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် ကာလကြာရှည်စွာ တိုက်တွန်းခဲ့သူ ဖြစ်သည်။

ထို့ပြင် အမေရိကန်သည် မြန်မာစစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ် ခေါင်းဆောင်များ အကြား စစ်မှန်သော စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်နိုင်အောင် ဆက်လက် အားပေးအားမြှောက် ပြုလုပ်သွားမည်ဟု သိရသည်။

အမေရိကန်သည် မြန်မာပြည်သူ လူထုအတွက် ကောင်းမွန်သော လမ်းစဉ်များ ဖော်ထုတ်နိုင်ရေးအတွက် အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန်လည်း ကြိုးစားလျက် ရှိသည်။ မည်သို့ပင် ဆိုစေ စစ်အစိုးရက နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမှု၊ အတိုက်အခံများ၊ တိုင်းရင်းသားလူမျိုးစုများ အားလုံးနှင့် အရေးကြီးသော စေ့စပ်ညှိနှိုင်းမှု အစရှိသည့် ပဓာနကျသော ကိစ္စများကို မပြုလုပ်သေးသရွေ့ ပိတ်ဆို့ အရေးယူမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

VOA သတင်းဌာနမှ Movement In Burma? ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP,22 Dec 2009

          အကယ်၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေးအတွက် မြန်မာနိုင်ငံနှင့် ဆွေးနွေးမှု မအောင်မြင်ခဲ့ပါက အသုံးပြုနိုင်မည့် အင်အားကြီး စီးပွားရေး လက်နက်တစ်ခု အိုဘားမားအစိုးရတွင် အဆင်သင့်ရှိနေပြီး ၎င်းလက်နက်မှာ နိုင်ငံ၏ စစ်ဖက်အုပ်ချုပ်သူများနှင့် စီးပွာားရေး လုပ်ဆောင်ခြင်း မပြုရန် ဘဏ်များကို ဖိအားပေးမည့် အစီအစဉ်ဖြစ်ပါသည်။

          နျူကလီးယားလက်နက် စွန့်လွှတ်စေရန် မြောက်ကိုရီးယားကို ဖိအားပေးရာတွင် အလားတူနည်းလမ်းကို အသုံးပြုခဲ့ပါသည်။  ယခု မြန်မာနိုင်ငံ ကိစ္စတွင် ပစ်မှတ်ထားသော နိုင်ငံတကာ ဘဏ်များက တပ်မတော်အစိုးရ သဘာဝဓါတ်ငွေ့ ရောင်းချရာမှ ရရှိသော ငွေမြောက်မြားစွာကို ထုတ်ယူ သုံးစွဲခြင်း မပြုနိုင်အောင် ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။

          အမေရိကန် အောက်လွှတ်တော်ကလည်း ဘဏ်များကို ချုပ်ကိုင်ရန် အာဏာကို အပ်နှင်းပြီး ဖြစ်ပါသည်။  သမ္မတအိုဘားမား အနေဖြင့် အထက်ပါ နည်းဗျူဟာကို မကြာမှီအတွင်း ကျင့်သုံးရန် (သို့) အနည်းဆုံး တိုက်ရိုက်ဆွေးနွေးမှုများ မအောင်မြင်သည့် အချိန်တွင် ကျင့်သုံးရန် လူ့အခွင့်အရေးအဖွဲ့ အချို့က လိုလားနေပါသည်။

          သို့ရာတွင် ယခုအချိန်အထိ ယင်းကဲ့သို့ပြုလုပ်ရန် အမေရိကအစိုးရက တုန့်ဆိုင်းနေဆဲ ဖြစ်ပါသည်။  မျက်နှာချင်းဆိုင် စေ့စပ်ညှိနှိုင်းမှုများကို စတင်ကာစရှိသေးသည့် အတွက်ရလဒ်များထွက် ပေါ်လာရန် မြန်မာအစိုးရကို အချိန်ပိုပေးလိုပုံရပါသည်။  ဘဏ်လုပ်ငန်းဆိုင်ရာ အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းသည် တန်ဖိုးကြီးမားပြီး အချိန်ကုန်ပါသည်။  ထို့အပြင် အာဖဂန်နစ္စတန် နှင့်အီရန် အရေးကိစ္စများပါဝင်နေသော များပြားထူထပ်လှသည့် နိုင်ငံခြားရေးရာမူဝါဒအစီအစဉ်များတွင် မြန်မာနိုင်ငံအရေးသည် ထိပ်တန်းဦးစားပေးမဟုတ်ပါ။

          မြန်မာအစိုးရ အပေါ်တင်းကြပ်သည့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်မည့်အစီအစဉ်ကို အသုံးပြု သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရန် ၎င်းအားထောက်ခံသူ နိုင်ငံ များက တုန့်ပြန် ဆောင်ရွက်ရေးကိုလည်း ကြိုးစားသွားမည်ဟု အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ ထိပ်တန်းသံတမန် kurt Campbell က လွှတ်တော်အမတ်များအား စက်တင်ဘာလတွင် ပြောကြား ခဲ့ပါသည်။

          ကမ္ဘာပေါ်ရှိ အရက်စက်ဆုံး အစိုးရများတွင် မြန်မာအစိုးရလည်း ပါဝင်နေပြီး မြန်မာနိုင်ငံတွင် ၁၉၆၂ မှစ၍ စစ်တပ်က အာဏာကိုထိန်းချုပ်ထားခဲ့ပါသည်။  တိုင်ပြည်အတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အတင်းအကျပ် ဖိအားပေးသည့် အနေဖြင့် အရေးယူ ပိတ်ဆို့မှုများဖြင့် အမေရိကန်က တွန်းအား ပေးခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်မျှ သာရရှိခဲ့ ပါသည်။  ယခင် သမ္မတ ဂျော့ဘွတ်ရှ် အစိုးရသည် မြန်မာနိုင်ငံအား ရှောင်ဖယ်ထားခြင်းကို ပြုလုပ်ခဲ့ကြပြီး ဘွတ်ရှ်၏ ဇနီးလော်ရာနှင့် လွှတ်တော်အမတ် မြောက်မြားစွာသည် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီသည် အစပျိုးရန် လှုပ်ရှားမှုများကို အကြီးအကျယ် ထောက်ခံသူများဖြစ်ပါသည်။

          ယခု အိုဘားမားအစိုးရ ကမူ ပစ်ပယ်ရေး မူဝါဒကို ပြောင်းပြန်လှန်၍ ညှိနှိုင်း ဆွေးနွေးရေးကို ဦးစားပေးခဲ့ပါသည်။  အတိုင်အခံ ပါတီများနှင့် တိုင်းရင်းသား လူမျိုးစုများအား ပိုမိုကြီးမားသော လွတ်လပ်ခွင့်များ ပေးရန်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် မြန်မာတပ်မတော်ခေါင်း ဆောင်များကို စည်းရုံး ဆွဲဆောင်နိုင်လိမ့်မည်ဟု လည်းမျှော်လင့်ထားပါသည်။

          ထိုအချိန်မှစ၍ မြန်မာအစိုးရကလည်း သဘောကောင်းမှု အရိပ်အယောင် အနည်းငယ်ကို ပြသခဲ့ပါသည်။  ဥပမာအားဖြင့် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Kurt Campbell နှင့်တွေ့ဆုံခွင့်ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားအချို့ကို လွှတ်ပေးခြင်း စသည်တို့ ဖြစ်ပါသည်။  တစ်ချိန်ထဲမှာပင် တိုင်းရင်းသား လူမျိုးများ၊ စာနယ်ဇင်း သတင်းထောက်များနှင့် ကျောင်းသားလှုပ်ရှားကို ဆက်လက်နှိပ်ကွပ်ခဲ့ပါသည်။

          အိုဘားမားကလည်း မြန်မာနိုင်ငံတွင် ဖြစ်နိုင်သမျှ အရေးပါသည့် အနေအထား ရယူမည့်ဆန္ဒအား ၎င်း၏ ငြိမ်းချမ်းရေး နိုဗယ်ဆုရရှိသည့် မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။  မြန်မာ နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ သံတမန်ဆိုင်ရာကြိုးစားမှုများ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်သော် လည်း အဆိုပါအရာများ မအောင်မြင်ခဲ့ပါက အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ၎င်းကဆို ပါသည်။

          အဆိုပါ အကျိုးဆက်များတွင် နိုင်ငံတကာ ဘဏ်လုပ်ငန်းစနစ်ကို အသုံးပြုနိုင်မည့် မြန်မာ အစိုးရ၏ အခွင့်အလမ်းကို ဟန့်တားရန် ရည်ရွယ်သော ဘဏ္ဍာရေး ပိတ်ဆို့ ဆောင်ရွက်မှုများအား အမေရိကန် ပြည်ထောင်စုက အသုံးပြုခွင့် ရရှိစေမည့် ဥပဒေတစ်ရပ် ချမှတ်ကျင့်သုံးရေး ကိစ္စလည်း ပါဝင်သင့်သည်ဟု ဒီမိုကရေစီ လှုပ်ရှားသူများက ပြောကြားပါသည်။

          မြန်မာအစိုးရ အရေးတကြီး တန်ဖိုးထား သည့်ကိစ္စမှာ ပြင်ပကမ္ဘာနှင့် ကုန်သွယ်ရေးမဟုတ်ဘဲ ထိုကုန်သွယ်ရေးမှ ရရှိသည့် ငွေကြေး အကျိုးအမြတ်များသာ ဖြစ်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့မှ Tom Malinowski ပြောပါသည်။  မြန်မာအစိုးရသည် ၎င်း၏ ဘဏ်စာရင်းတွင် ချက်လက်မှတ်များ တင်သွင်းလိုက်သည့် အချိန်တွင် နိုင်ငံတကာ ဘဏ်လုပ်ငန်း စနစ်အတွင်း ၎င်းငွေများ ထုတ်ယူသုံးစွဲခွင့်ကို တားဆီးရန် အမေရိကန် ပြည်ထောင်စုအနေဖြင့် အခွင့်အရေးများစွာ ရရှိသွားမည် ဟု ဆိုပါသည်။

          အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ်တွင် အရေးယူ ပိတ်ဆို့မှုများစွာကို ချမှတ် ထားခဲ့ပြီး ဖြစ်ပါသည်။  ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှု ကာလတွင် ဆန္ဒပြသူများအား မြန်မာအစိုးရ ဖမ်းဆီး သတ်ဖြတ်ခဲ့ချိန်မှစ၍ အမေရိကန်အစိုးရ ဘဏ္ဍာရေးဌာန အရာရှိများသည် လူပုဂ္ဂိုလ် ၄၀ နှင့် ပုဂ္ဂလိက အဖွဲ့အစည်း ၄၄ခု တို့ကို ပစ်မှတ်ထား ရွေးချယ်ခဲ့ပါသည်။  ၎င်းတို့ကို ပိတ်ဆို့မှုစာရင်း သို့ သွင်းလိုက်ခြင်းအားဖြင့် ကမ္ဘာ့အကြီးဆုံး စီးပွားရေးဖြစ်သော အမေရိကန် ဘဏ်လုပ်ငန်းစနစ်အတွင်း စီးပွားရေး လုပ်ကိုင် ဆောင်ရွက်ခွင့်ကို တားဆီးလိုက်ခြင်း ဖြစ်သည်။

          ၂၀၀၈ ဥပဒေအရ ခွင့်ပြုခဲ့သော ထပ်မံ ပိတ်ဆို့မှုများအရ အမေရိကန် ငွေတိုက်ဌာနက ဘဏ်လုပ်ငန်း ဆက်ဆံရေးနှင့် ပတ်သက်သော အခြေအနေများကို ပြစ်ဒဏ် ချမှတ်ခွင့် ရရှိ ထားပါသည်။  အနာဂတ် မူဝါဒ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များက မှတ်ချက် မပေးသေးပါ။  သို့ရာတွင် လက်ရှိပြဿနာကို ဖြေရှင်းရာတွင် အကောင်းဆုံး တိတိကျကျ အသုံးချ နိုင်ရန်အတွက် ဘဏ်လုပ်ငန်း စည်းကမ်းများ အပါအဝင် ဖြစ်နိုင်ချေရှိသော အရေးယူမှု နည်းလမ်းများ အားလုံးကို လေ့လာနေသည်ဟု အမေရိကန် ငွေတိုက်ဌာနက ပြောကြားပါသည်။

          မြန်မာနိုင်ငံနှင့် ၎င်း၏ အိမ်နီးခြင်းများ၊ ဥရောပကုပ္မဏီများ၊ အမေရိကန်ကုမ္မဏီများ ဆောင်ရွက် လုပ်ကိုင်နေသော အမြတ်အစွန်းကြီးမားသည့် သဘာဝဓါတ်ငွေ့ ရှာဖွေရေး သဘောတူ စာချုပ်များကို အမေရိကန် ပြည်ထောင်စုအနေဖြင့် အလွယ်တကူ ပိတ်ဆို့နိုင်မည် မဟုတ်ပါ။  သို့ရာတွင် နိုင်ငံခြားဘဏ် များသည် ၎င်းတို့နှင့် မြန်မာအစိုးရပိုက်ဆံများ ပတ်သက်နေမှုကို အမေရိကန်က စိုးရိမ်ပူပန်နေခြင်း၊ ၎င်းတို့နှင့် အမေရိကန် ဘဏ္ဍာရေး အဆောက်အအုံများ ဆက်ဆံမှုကို သတိထား စောင့်ကြည့်နေခြင်း စသောကိစ္စများကို စိုးရိမ်ပူပန်မှုများ ရှင်းလင်းပြီးသည့် တိုင်အောင် ဘဏ်လုပ်ငန်း ဆိုင်ရာအရေးယူမှု အစီစဉ်များကြောင့် သိရှိသွားကြပြီ ဖြစ်သည်ဟု US Campaign for Burma မှ ဝါဒဖြန့်ချီရေး ဒါရိုက်တာ Jennifer Quigley က ပြောကြားပါသည်။

          အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားကို နိုင်ငံတကာ ဘဏ်စနစ် အပြင်သို့ ရောက်အောင် ထိရောက်စွာ ပိတ်ဆို့နိုင်ခဲ့ပြီး ခေါင်းဆောင်ကြီး ကင်ဂျုံအီကို ထိခိုက်စေခဲ့သည်ဟု မကြာခဏ ထကြွတတ်သူ မြောက်ကိုရီးယားအား ဘဏ်လုပ်ငန်းဆိုင်ရာ အရေးယူမှုကို ထောက်ခံသူ များက ပြောကြားပါသည်။

          လောလောဆယ်တွင်မူ မြန်မာအစိုးရနှင့် ဆွေးနွေးညှိနှိုင်းရန် ကြိုးစားဆောင်ရွက်နေဆဲဖြစ်၍ စိတ်ရှည်သီးခံကြရန် အိုဘားမားအစိုးရက တိုက်တွန်းနေပါသည်။

          လာမည့်နှစ် ရွေးကောက်ပွဲများသည် တပ်မတော်အစိုးရ၏ ရည်ရွယ်ချက်များကို ကောင်းစွာ မြင်တွေ့ခွင့် ရစေပါလိမ့်မည်။ အမေရိကန် မြန်မာထိပ်ပိုင်း အဆင့် ဆွေးနွေးပွဲများ၏ ရလဒ်သည် အတိုက်အခံ အဖွဲ့များနှင့် တိုင်းရင်းသားများ အမှန်တကယ် ပါဝင်ခွင့်ကို အစိုးရက ခွင့်ပြုခြင်းလား(သို့) တပ်မတော် ခေါင်းဆောင်များ အာဏာ စုစည်းခွင့် ရရှိသွားခြင်းလား ဆိုသည့် အချက်မှာမူ အရေးကြီး သည့် မေးခွန်းတစ်ခု ဖြစ်နေပါသည်။    

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

သြစတြေးလျ အခြေစိုက် နိုင်ငံတကာ အန်ဂျီအိုတစ်ခု ဖြစ်သော Cartias က နာဂစ် ဆိုင်ကလုန်းဒဏ် ခံခဲ့ရသူများနှင့် ၎င်းတို့အနေဖြင့် အနာဂတ်ကာလတွင် သဘာဝ ဘေးအန္တရာယ်ဆိုးကြီးများကို ရင်ဆိုင်နိုင်ရန် အရေးပေါ် အကူအညီများ ပေးမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ နာဂစ် ဆိုင်ကလုန်း တိုက်ခတ်သွားခဲ့သည်မှာ လပေါင်း ၁၉ လကျော် ရှိသွားပြီ ဖြစ်သော်လည်း ဆိုင်ကလုန်း ဒဏ်သင့်သူများ၏ လူမှုဘဝအခြေအနေများမှာ ဆိုးရွားလျက်ရှိပြီး အကူအညီအထောက်အပံ့များ လိုအပ်နေဆဲ ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် အကယ်၍ နာဂစ်ကဲသို့ သဘာဝ ဘေးအန္တရာယ်ဆိုးများကို ကြိုတင် ပြင်ဆင် ကာကွယ်နိုင်ရန်လည်း လိုအပ်နေကြောင်း၊ သို့အတွက်ကြောင့် အရေးပေါ် အကူအညီများ ပေးအပ်မည့် အစီအစဉ်ကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း Cartias က သတင်းထုတ်ပြန်သည်။

Cartias ၏ အစီအစဉ်အရ လာမည့် ၂၀၁၀ ပြည့်နှစ်တွင် နာဂစ် ဆိုင်ကလုန်းဒဏ်သင့် မြန်မာပြည်သူ ၈၅၀၀၀ အတွက် အလှူငွေ အမေရိကန် ဒေါ်လာ ၂၆၃၃၆၀၇ ကို တစ်နှစ်တာ အစီအစဉ်အဖြစ် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Cartias သည် ယနေ့အချိန်အထိ နာဂစ်အလွန် ပြန်လည် ထူထောင်ရေးနှင့် အိုးအိမ်နှင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိသည်။

ယခု အစီအစဉ်သစ်တွင် လယ်သမားများအတွက် စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ ထုတ်ပေးရေး၊ မိသားစုဝင်များ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် အကူအညီပေးရေး၊ ငါးဖမ်းသမားများအတွက် လိုအပ်သော လှေနှင့် ငါးဖမ်းပစ္စည်းများ ထောက်ပံ့ ပေးအပ်ရေးတို့ အဓိက ပါဝင်သည်။

အခြားသော အစီအစဉ်များအဖြစ် ကျန်းမာရေး စောင့်ရှောက်မှု၊ HIV/AIDS အသိပညာ ပို့ချမှု၊ ကလေးသူငယ်များ အခွင့်အရေးအတွက် ထောက်ပံ့မှု နှင့် သဘာဝ ဘေးအန္တရာယ်ဆိုးများအတွက် ကြိုတင် ပြင်ဆင်မှုတို့လည်း ပါဝင်သည်။

နာဂစ် ဆိုင်ကလုန်းတွင် လူပေါင်း တစ်သိန်းလေးသောင်းကျော် သေဆုံးခဲ့ပြီး အိုးအိမ်၊ စာသင်ကျောင်း၊ ရေတွင်း၊ ရေကန်၊ ကျွဲနွားတိရိစ္ဆာန် အပါအဝင် အခြေခံ အဆောက်အအုံများစွာလည်း ပျက်စီးခဲ့သည်။ ယင်းသို့ ကျွဲနွားတိရိစ္ဆာန် ပျက်စီး ဆုံးရှုံးခဲ့သူများကို Caritas က ချေးငွေများ ထုတ်ချေးမည် ဖြစ်သည်။

ယခု ၂၀၁၀ အစီအစဉ်သည် နာဂစ်ဒဏ် သင့်သူများအတွက် ဝင်ငွေ လည်ပတ်ရေးကို မြှင့်တင်နိုင်မည့် ဆောင်ရွက်ချက်များ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း Cartias က ဆိုသည်။

 

Relief Web မှ New Caritas Programme for Myanmar ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

strategypage.com, 19th – December - 2009

မြန်မာနိုင်ငံတွင် မြောက်ဘက်နှင့် အရှေ့ဘက်ရှိ တိုင်းရင်းသား သူပုန်များသည် ဘိန်းနှင့် ဟီးရိုးအင်း ထုတ်လုပ်မှုများ လုပ်ကိုင်နေသည်ဟု ယူဆရပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အဆိုပါ ဒေသများတွင် ကိုယ်ပိုင် လွတ်လပ်စွာ ရပ်တည်လိုသော်လည်း အစိုးရက ၎င်း၏ ချုပ်ကိုင်မှုအောက်သို့ သွတ်သွင်း နေသောကြောင့် စစ်ရေးအရ ထိပ်တိုက် ရင်ဆိုင်မှုများ ရှိလာသောကြောင့် ဖြစ်ပါသည်။ တိုင်းရင်းသားများသည် ရာစုနှင့် ချီ၍ တိုက်ခိုက်လျက် ရှိရာ လွန်ခဲ့သော ဆယ်နှစ်ကျော်က အစိုးရသည် တိုင်းရင်းသား အများစုနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရယူခဲ့ပါသည်။ အစိုးရအား ဆက်လက် ဆန့်ကျင်လျက် ရှိသော အဓိက အဖွဲ့တစ်ခုသည် ရှမ်း ဖြစ်ပြီး၊ Shan State Army (SSA) အင်အား တစ်သောင်းရှိသော တပ် ဖြစ်ပါသည်။ ရှမ်းတို့သည် ဆယ်စုနှစ်ပေါင်းများစွာ ၎င်းတို့၏ တော်လှန်မှုအတွက် ဘိန်း ထုတ်လုပ်၍ ငွေကြေး ထောက်ပံ့မှုကို ရယူခဲ့ပါသည်။ လွန်ခဲ့သော ဆယ်နှစ်က ၎င်းတို့သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို စွန့်လွှတ်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းသို့ ကြေညာရခြင်းမှာ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့သော အဖွဲ့များသည် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေကြသောကြောင့် ဖြစ်ပါသည်။ စစ်တပ်မှ စစ်ဆင်ရေးများဖြင့် ထိုင်းနယ်စပ်သို့ ရောက်သည်အထိ တိုက်ခိုက်ခဲ့ပါသည်။ ရှမ်းတို့သည် တစ်ခုတည်းသော အစိုးရကို ဆန့်ကျင်သည့် အဓိက အဖွဲ့အဖြစ် ထီးထီးကြီး ရှိနေသောအခါ စစ်တပ်၏ အဓိက ပစ်မှတ် ဖြစ်လာခဲ့ပါသည်။ အစိုးရသည် ဝတပ် (UWSA) ၏ အကူအညီကိုလည်း ရယူခဲ့ရာ နောက်ဆုံးတွင် တိုက်ခိုက်မှု ရပ်ဆိုင်းရန် ရှမ်းတို့ သဘောတူခဲ့ရပါသည်။

မကြာသေးမီကပင် မြန်မာစစ်တပ်သည် အင်အား (၁၅၀၀) ရှိ ကိုးကန့်တပ်ကို နှိမ်နင်းခဲ့ပါသည်။ ဆယ်စုနှစ် များစွာကပင် ကိုးကန့်တို့သည် မူးယစ်ဆေးဝါးမှ အမြတ်ငွေများစွာ ရရှိရာ လက်နက်များ ဝယ်ခြင်း၊ စစ်သားများ ငှားရမ်းခြင်းနှင့် မြန်မာ အာဏာပိုင်များအား လာဘ် ထိုးခြင်းများ ပြုလုပ်ခဲ့ပါသည်။ တိုက်ခိုက်မှုကြောင့် ကိုးကန့် ပြည်သူများ တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေး ကြရပါသည်။ ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် သဘော မတွေ့ခဲ့ပါ။ သို့သော် ကိုးကန့်ဒေသသည် တရုတ် တောင်ပိုင်းဒေသအတွက် ဟီးရိုးအင်းနှင့် အခြား မူးယစ်ဆေးဝါး ထုတ်လုပ်ရာ ဒေသတစ်ခု အဖြစ် ဆက်လက် မရှိနိုင်တော့သည်မှာ ကောင်းသော အကျိုးဆက် ဖြစ်ပါသည်။ တရုတ် တောင်ပိုင်းဒေသသည် မူးယစ်ဆေး စွဲပြီး၊ မူးယစ်ဆေးနှင့် ပတ်သက်သော ရာဇဝတ်မှုများဖြင့် ကာလရှည်ကြာ ပြဿနာ ဖြစ်နေသော ဒေသ ဖြစ်ပါသည်။

တရုတ်နယ်စပ်ရှိ အခြား သူပုန်အုပ်စု နှစ်စု ဖြစ်သော ဝ နှင့် ကချင်တို့သည် အစိုးရကို တိုက်ခိုက်ရန် နှစ်ဦး ပူးပေါင်းထားကြပြီး ကိုးကန့်နှင့်ပါ သဘောတူထားသော အဖွဲ့များ ဖြစ်ပါသည်။ သို့သော် ကချင်တို့သည် အင်အားကြီးသော တိုင်းရင်းသားအဖွဲ့ ဖြစ်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် လုံးဝ ပတ်သက်မှု မရှိချေ။ ယခုအခါ မြန်မာစစ်တပ်သည် ကိုးကန့်နယ်မြေအတွင်း ဝ နှင့် ကချင် စစ်သားများကို မောင်းထုတ်ခဲ့ပြီး၊ ဝ၊ ကချင်တို့နှင့် လမ်းကြောင်းအား ဖြတ်တောက်ခဲ့သည်။

ယခုအခါ ဝ တို့သည် မြန်မာစစ်တပ်၏ ပစ်မှတ် ဖြစ်လာပါသည်။ ဝ တို့အား နှိမ်နင်းလိမ့်မည်ဟု ယူဆရပါသည်။ သို့မှသာ ရွှေတြိဂံ နယ်မြေတွင် ဟီးရိုးအင်း ရောင်းဝယ်မှု အဆုံးသတ်လိမ့်မည် ဖြစ်ပါသည်။ အမှန်တကယ်တွင်မူ ဟီးရိုးအင်း လုပ်ငန်းသည် လွန်ခဲ့သော အနှစ် နှစ်ဆယ်ကတည်းက စ၍ ဒုက္ခတွေ့ခဲ့ရပြီး ဖြစ်ပါသည်။ ရွှေတြိဂံဒေသသည် ၁၉၅၀ ခုနှစ်ကတည်းက ကမ္ဘာ့ဟီးရိုးအင်း ဈေးကွက်ကို လွှမ်းမိုးထားခဲ့ရာ လွန်ခဲ့သော ဆယ်နှစ်ကမှ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်ပါသည်။ အစိုးရ စစ်တပ်မှ ဖိအားများ ရောက်ရှိလာခြင်းနှင့် အာဖဂန်နစ္စတန်မှ ဈေးပေါသော ထုတ်ကုန်များ ထွက်ပေါ်လာသောကြောင့် ဖြစ်ပါသည်။

အာဖဂန်နစ္စတန် ခေါင်းဆောင်များသည် ရွှေတြိဂံ၏ ဟီးရိုးအင်း သမိုင်းကို သိကြပါသည်။ မူးယစ်ဆေးဝါးသည် လုပ်ကိုင်သည့် အဖွဲ့များကို ၎င်းတို့အား တိုက်ခိုက်မည့် စစ်တပ်များအား ခုခံရန် လုံလောက်သည့် အင်အားကို ရရှိစေနိုင်သည်။ ရွှေတြိဂံနယ်မှ ဘိန်းထုတ်လုပ်မှုသည် ရာစုနှစ်နှင့် ချီ၍ ရှိနေပြီ ဖြစ်ပါသည်။ သို့သော် ဒုတိယ ကမ္ဘာစစ်အပြီး စီးပွားရေး တိုးတက်လာသောအခါ ရွှေတြိဂံနယ်နှင့် အနီးရှိ နိုင်ငံများသည် ဘိန်းနှင့် ဟီးရိုးအင်း စတင် သုံးစွဲလာပြီးနောက် တစ်ကမ္ဘာလုံး သုံးစွဲလာကြသည်။ ထို့ကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု ရပ်ဆိုင်းသွားရေးအတွက် ပိုမို အားစိုက် ကြိုးစားလာကြရသည်။

ယခုအခါ အခြေအနေသည် ပိုမို၍ အန္တရာယ်ကြီးသော အခြေအနေသို့ ရောက်ရှိလာနေပြီ ဖြစ်ပါသည်။ တရုတ်နိုင်ငံမှ တရားမဝင် ရွေ့ပြောင်းလာသူများသည် နယ်စပ်ဒေသများတွင် ငွေပုံအော၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက် ရှိနေကြပါသည်။ ထိုဒေသမှ ဝ နှင့် အခြား မြန်မာတိုင်းရင်းသားများမှာ တရုတ်သွေးပါကြသည်။ တရုတ်အစိုးရက စစ်ရေးအရ ဝင်ရောက် စွက်ဖက်မှု မရှိသောကြောင့် တရုတ်ငွေများ၊ တရုတ်လူမျိုး နှင့် လက်နက် အပါအဝင် တရုတ် ပစ္စည်းများသည် နယ်စပ်ကို ဖြတ်၍ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်သည် ဖြစ်ရာ၊ မြန်မာအစိုးရအတွက် နယ်စပ်ရှိ တိုင်းရင်းသားများကို နှိမ်နင်းရေးအတွက် အခက်အခဲများ ဖြစ်စေပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Inter Press Services, by Stanislaus Jude Chan, 21st December 2009

မြန်မာစစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်နေသော နိုင်ငံရေး လှုပ်ရှားသူများက မည်သည့်အရာကိုမျှ လေးစား လိုက်နာခြင်း မရှိသော စစ်အစိုးရနှင့် ဆက်ဆံရေး မှန်သမျှ ဘာမျှ ဖြစ်မလာသည်ကို တွေ့ရလိမ့်မည်ဟု ဆိုကြပါသည်။ သို့သော် ၂၀၀၁ ခုနှစ် နိုဘယ်ဆုရှင် Josepth Stiglitz ကမူ ဆင်းရဲ မွဲတေမှုနှင့် ဖိနှိပ်မှုများဖြင့် နာမည်ကြီးသော တိုင်းပြည်အတွက် အခွင့်အရေး တံခါးပေါက်တစ်ခု ဖြစ်လိမ့်မည် ဖြစ်ပါသည်။

တနင်္လာနေ့က ESCAP က ကြီးမှူး ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် Stiglitz သည် မြန်မာနိုင်ငံ၏ ကျေးလက် စီးပွားရေးနှင့် ပတ်သက်၍ ပြောင်းလဲမှု အလားအလာများကို အကောင်းဘက်မှ ရှုမြင်ပုံအား ဖော်ပြခဲ့ပါသည်။ ခြုံ၍ ပြောရလျှင် မြန်မာနိုင်ငံတွင် ပြောင်းလဲမှုအတွက် မျှော်လင့်ချက်များ ရှိကြောင်း Stiglitz က ပြောကြားခဲ့ပါသည်။

၎င်းသည် ကမ္ဘာ့ဘဏ်၏ စီးပွားရေး အရာရှိချုပ်ဟောင်း ဖြစ်ပြီး ပြီးခဲ့သည့် အပတ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦးနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဦးစိုးသာတို့နှင့် တွေ့ဆုံခဲ့ပါသည်။ Stiglitz သည် ESCAP မှ စီစဉ်သော မစ်ရှင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စီးပွားရေးကို အကဲဖြတ်၍ ဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်ပါသည်။

ESCAP သည် မြန်မာနိုင်ငံနှင့် တိုင်းပြည်၏ စိုက်ပျိုးရေးကဏ္ဍ တိုးမြှင့်ပေးရေးအတွက် ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ပြီး ဖြစ်ရာ ယခင်က ဖြစ်ခဲ့ဖူးသော အာရှတိုက်၏ ဆန်အိုးကြီးနေရာကို ပြန်လည် ရရှိရန် ကူညီမည် ဖြစ်ပါသည်။ မျှော်လင့်ချက်များ ရရှိခဲ့ကြောင်း Stiglitz က ဆိုပါသည်။

ယခုအချိန်သည် တိုင်းပြည်အတွက် ပြောင်းလဲမှု အချိန် ဖြစ်ကြောင်း၊ ယခုအချိန်ကို အမိအရ အသုံးမချ နိုင်ခဲ့လျှင် အမှားကျူးလွန်သည်နှင့် အတူတူ ဖြစ်လိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောပါသည်။

နှိပ်စက်မှုများ ရက်စက်မှုများဖြင့် နာမည်ဆိုးသော စစ်တပ် အုပ်ချုပ်သော တိုင်းပြည်သို့ ပြောင်းလဲမှုများ ပြုလုပ်ပေးနိုင်လိမ့်မည်ဟု Stiglitz နှင့် ESCAP တို့၏ မျှော်လင့်နေမှုကို အချို့က သံသယ ရှိနေဆဲ ဖြစ်ပါသည်။ သတင်းစာ ရှင်းလင်းပွဲ အပြီးတွင် စိတ်ဆိုးနေဟန်တူသူ တစ်ဦးသည် Stiglitz ထံသို့ ထလာပြီး စွပ်စွဲ ပြောကြားခဲ့ရာတွင် "အရင်အတိုင်းပဲ စစ်အစိုးရရဲ့ ငါးမျှားချိတ်က ငါးစာ ဖြစ်ပြန်ပြီ" ဟု ပြောကြားခဲ့ပါသည်။ ဆိုလိုရင်းမှာ မသိ နားမလည်သူများကို ညာဦးမည့် စီမံကိန်း ဖြစ်ကြောင်း ဖြစ်ပါသည်။

သို့သော် အချို့ စောင့်ကြည့်နေသူများကမူ ESCAP ၏ ထိပ်တိုက် တွေ့ဆုံခြင်း မရှိဘဲ ပျော့ပြောင်းသော ချဉ်းကပ်မှုသည် မြန်မာနိုင်ငံ၏ ဆင်းရဲ မွဲတေနေသော ကျေးလက်ဒေသ၏ စီးပွားရေး အခြေအနေကို တိုးတက်လာရေးအတွက် ဦးတည်ပေးနိုင်ခဲ့သည်ဟု ဆိုပါသည်။ တိုင်းပြည်၏ (၅၇) သန်းသော လူဦးရေ၏ (၇၅ %) သည် ကျေးလက် ဒေသများတွင် နေထိုင်ကြပြီး တိုင်းပြည်၏ ဆင်းရဲမှုတွင် အဓိက အခန်းမှ ပါဝင်ပါသည်။ အာဟာရ ချို့တဲ့မှုသည် မြန်မာနိုင်ငံတွင် အဆိုးရွားဆုံး ဖြစ်ပေါ်လျက်ရှိရာ၊ တိုင်းပြည်၏ ကလေးငယ်များ၏ သုံးပုံတစ်ပုံသည် အာဟာရ ချို့တဲ့မှုဒဏ်ကို ခံစားနေရသည်။

မြန်မာနိုင်ငံတွင် ယခုထိ နာဂစ်မုန်တိုင်း၏ အကျိုးဆက်များကို ခံစားနေရဆဲ ဖြစ်ပါသည်။

ဆိုင်ကလုန်း၏ အကျိုးဆက် သက်ရောက်မှုများသည် ကာလ ကြာရှည်တတ်သည်ဟု Stiglitz က ပြောပါသည်။ အဆိုပါ သဘာဝ ဘေးဒဏ်သည် မြန်မာနိုင်ငံတွင် ငွေချေးမှု အစီအစဉ်ကို ပျက်စီးသွားစေခဲ့ကြောင်း၊ ဓာတ်မြေသြဇာ ဖြည့်ဆည်းရေးကိုလည်း ထိခိုက်ကြောင်း၊ တိရစ္ဆာန် မွေးမြူရေးကိုလည်း ဖျက်ဆီးပစ်ခဲ့ကြောင်း Stiglitz က ထည့်သွင်း ပြောကြားခဲ့ပါသည်။

သဘာဝ ဘေးအန္တရာယ်၏ ကာလရှည်ကြာ သက်ရောက်မှုများအပြင် ကမ္ဘာ့စီးပွားရေးကပ်၏ သက်ရောက်မှုများနှင့် ရာသီဥတု ပြောင်းလဲမှုများ၏ သက်ရောက်မှုများ ပေါင်းလိုက်သောအခါ မြန်မာနိုင်ငံကို အန္တရာယ်ကြီးသော အခြေအနေသို့ တွန်းပို့ခဲ့လေသည်။ ထို့ကြောင်း Stiglitz က ယခုအချိန်သည် ကုလသမဂ္ဂ ဒေသတွင်း အဖွဲ့အနေဖြင့် တိုင်းပြည်၏ တိုးတက်မှုအတွက် Dr. Noelleen Heyzer ဦးဆောင်ပြီး အာရှ၏ အဖိနှိပ်ဆုံး အစိုးရနှင့် ဆက်နွယ်ပြီး ဆောင်ရွက်ရန် အသင့်တော်ဆုံး အချိန် ဖြစ်သည်ဟု ယုံကြည်နေပါသည်။

ကမ္ဘာ့စီးပွားရေးနှင့် တစ်သီးတစ်ခြား ဖြစ်နေသော နိုင်ငံသည်ပင် ကမ္ဘာ့စီးပွားရေးကပ်၏ ရိုက်ခတ်မှုကို ခံရမည် ဖြစ်သည်ဟု Stiglitz က ဆိုပါသည်။ မြန်မာ အစိုးရအတွင်းတွင် ကမ္ဘာကြီးက ပြောင်းလဲနေသဖြင့် မိမိတို့လည်း လိုက်ပါ ပြောင်းလဲရမည် ဖြစ်ကြောင်း သဘောပေါက်မှုများ တိုးပွားလာလျက် ရှိကြောင်း Stiglitz က ထည့်သွင်း ပြောကြားခဲ့ပါသည်။

မိမိတို့ ယခုခွဲခြမ်း စိတ်ဖြာထားမှုများနှင့် အကြံဥာဏ်များသည် မူဝါဒ ဆွေးနွေးမှုများနှင့် ဖွံ့ဖြိုးရေးအတွက် ပိုမို နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်မှုများအတွက် ကဏ္ဍသစ် တစ်ရပ် ဖွင့်လှစ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း နေပြည်တော်၌ ကျင်းပသော အစည်းအဝေး၌ Dr. Noelleen Heyzer က ပြောကြားခဲ့ပါသည်။

ယခု ဖွံ့ဖြိုး တိုးတက်ရေးအတွက် ချမှတ်ထားသော ဦးတည်ချက်များသည် ပြည်တွင်း ပညာရှင်များနှင့် လက်တွေ့ဖြစ်ပျက်နေသည်များကို သိသော ပြည်သူများ အောင်မြင်စွာ ဆက်သွယ် ဆောင်ရွက်နိုင်မှသာ အောင်မြင်မှု ရလိမ့်မည် ဖြစ်သည်ဟု သူမက ပြောပါသည်။ မြန်မာအစိုးရ အဆိုပြုသော ဖွံ့ဖြိုး တိုးတက်မှု ပါတနာရှင်သည် ထင်ရှားသော နိုင်ငံတကာ ပညာရှင်များ၊ ပြည်တွင်းသုတေသန ပညာရှင်များနှင့် အစိုးရ အေဂျင်စီများ၊ အရပ်သား အဖွဲ့အစည်းများကြား အတွေ့အကြုံများ ဖလှယ်ကြမည့် အစီအစဉ်များကိုလည်း ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါသည်။

Stiglitz သည် ၎င်း၏ ခရီးစဉ်အတွင်း လယ်သမားများနှင့် တွေ့ဆုံရာမှ မြန်မာနိုင်ငံအတွက် အခက်အခဲတစ်ခုကို ထောက်ပြရာတွင် ကျေးလက်ဒေသများတွင် ငွေချေးယူမှုများအတွက် ပေးဆပ်ရမှု မြင့်မားပုံကို ပြောကြားသွားပါသည်။ ငွေချေး ယူရာတွင် အတိုးငွေ တစ်လလျှင် အနည်း ဆုံး (၁၀ %) ပေးနေရခြင်းကို ထောက်ပြခဲ့ပါသည်။

ထုတ်လုပ်မှု တိုးတက်စေမည့် ဆည်မြောင်းများ တိုးပွားလာကြောင်း၊ သို့သော် အများစုမှာ ဓာတ်မြေသြဇာ ဝယ်ရန်နှင့် ရေအားလျှပ်စစ်အတွက် ငွေချေး၍ မရကြကြောင်း၊ ထို့ကြောင့် ထုတ်လုပ်မှု အပြည့်အဝ မရနိုင်ကြောင်း ၎င်းက ထောက်ပြသွားပါသေးသည်။

ထို့ကြောင့် ၎င်းက မြန်မာအစိုးရကို စိုက်ပျိုးရေးနှင့် ပတ်သက်သော ငွေကြေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ရန် အကြံပြုခဲ့ပါသည်။ မျိုးစေ့များ၊ ဓာတ်မြေသြဇာများ ရရှိနိုင်ရန် ဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့် ပညာရေးတွင်လည်း သုံးစွဲပေးရန်၊ ဝင်ငွေမြင့်လာပြီး ပိုမိုသုံးစွဲလာနိုင်ရန် ကျေးလက် အခြေခံ အဆောက်အဦး တည်ဆောက်ရေး လုပ်ငန်းများတွင် လစာကောင်းကောင်း ပေးနိုင်သော အလုပ်များ ချဲ့ထွင်နိုင်ရန် တိုက်တွန်းခဲ့ပါသည်။

အကယ်၍ လူသား အရင်းအမြစ် အရင်းအနှီးကို အမြဲတမ်း အသက်ဝင်အောင် လုပ်မထားပါက တဖြည်းဖြည်း တန်ဖိုးလျော့သွားမည် ဖြစ်ကြောင်း၊ တိုင်းပြည်၏ လစ်ဟာနေသော ပညာရေးအတွက် တံတားထိုး ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ပါသည်။

Stiglitz က အခြေခံ အဖွဲ့အစည်း အဆောက်အအုံများ ကောင်းစွာ လုပ်ဆောင်နိုင်မှုကလည်း အောင်မြင်မှုအတွက် အသက်ပင် ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အခြား သယံဇာတ ပေါသော တိုင်းပြည်များ၏ အမှားများကို သင်ခန်းစာ ယူရမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့ပါသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိသော ဝင်ငွေများသည် ကောင်းစွာ အသုံးပြုခဲ့မည် ဆိုပါက ခေတ်သစ်တစ်ခုကို ရရှိနိုင်မည် ဖြစ်ကြောင်း၊ မဟုတ်လျှင်မူ တန်ဖိုးကြီးသော အခွင့်အရေးကို အလဟဿ အဆုံးခံလိုက်ရမည် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့် နိုင်ငံရေးသည် ခွဲခြား၍ မရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ အလယ်တွင် ဝင်ဆန့်ရေးနှင့် မှန်ကန်သော လုံခြုံမှုနှင့် တည်ငြိမ်မှု ရရှိရန် အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သော လုပ်ငန်းစဉ် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအတွက် ဤလမ်းမှာ တစ်ခုတည်းသော ရှေ့ဆက်ရမည့် လမ်းကြောင်းပင် ဖြစ်ကြောင်း Stiglitz က ထည့်သွင်း ပြောကြားသွားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကမ္ဘာကြီး ပူနွေးမှု၏ အကျိုးဆက် ဖြစ်သော ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုကြောင့် တစ်ချိန်က အာရှ ဆန်အိုးကြီးဟု တင်စား ခေါ်ဆိုခံခဲ့ရသော မြန်မာနိုင်ငံတွင် ဆန်စပါး ထွက်ရှိမှု ကျဆင်းလာကြောင်း လယ်ယာလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။

ကမ္ဘာ့ ပင်လယ်ပြင် အပူချိန် မြင့်တက်လာမှုကြောင့်လည်း ငါးဖမ်းဆီး ရရှိမှုနှုန်းလည်း ကျဆင်းလာကြောင်း ၎င်းက ပြောဆိုသည်။

"စပါး စိုက်ပျိုးတဲ့ တချို့လယ်မြေတွေ ပျက်စီးသွားပြီး ဆန်စပါးထွက်ရှိမှုလည်း ကျဆင်းသွားပါတယ်။ စပါးပင်တွေသာ များတာပါ၊ ဒါပေမဲ့ သီးနှံထွက်ရှိမှု မရှိပါဘူး။ စပါးမသီးဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ် မိုးကုန်တာ စောလို့ပါ" ဟု ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် နေထိုင်သော လယ်သမားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင်လည်း အလားတူ ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ဟု ကြားသိရကြောင်း၊ ဆောင်းနှင့် နွေရာသီ ကာလ တစ်လျှောက်လုံးတွင်ပါ မိုးများ ရွာသွန်းကြောင်း ၎င်းက ဆိုသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် နေထိုင်သော မိသားစုဝင် ၆၀ ရာခိုင်နှုန်းမှာ လယ်ယာစိုက်ပျိုးမှုကို အဓိက မှီခိုလျက် ရှိသည်။ အဆိုပါ မြစ်ဝကျွန်းပေါ် ဒေသသည် ပြီးခဲ့သည့် ၂၀၀၈ မေလက ကျရောက်ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးကို ယနေ့ အချိန်အထိ ခံစားနေရဆဲ ဖြစ်သည်။ လယ်ယာမြေ စုစုပေါင်း ဟက်တာ ရှစ်သိန်းခန့်မှာလည်း ပျက်စီးသွားခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၆၀ ပြည့်နှစ် မတိုင်မီ ကာလများအတွင်း နိုင်ငံတကာ ဆန်ဈေးကွက်ကို ဦးဆောင်သော နိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ် စစ်အုပ်ချုပ်ရေး စတင်သည့် အချိန်မှစ၍ ပျက်ယွင်းသွားခဲ့သည်။

၁၉၃၀ ပြည့်နှစ်များတွင် တစ်နှစ်လျှင် ဆန်တန်ချိန် ၂ သန်းခန့် ထွက်ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်တွင် ၀ ဒဿမ ၀၃ သန်းခန့်သာ ထွက်ရှိတော့သည်။

ရာသီဥတု စောင့်ကြည့်ရေးဆိုင်ရာ ဂျာမန်အဖွဲ့တစ်ခုက ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အန္တရာယ် အစီရင်ခံစာ တစ်ရပ်အရ မြန်မာနိုင်ငံသည် ၁၉၉၀ မှ ၂၀၀၈ ခုနှစ်အတွင်း ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ဒုတိယ အဆိုးရွားဆုံး ခံစားခဲ့ရသော နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံတွင်း ရာသီဥတုနှင့် ပတ်သက်သော သတင်း ပေးပို့မှုများ၊ သတိပေးစနစ်များ တိုးမြှင့် လုပ်ဆောင်ပေးမည်ဟု စစ်အစိုးရက ကတိပြု ခဲ့သော်လည်း လပ္ပတ္တာမြို့နယ်အတွင်း နေထိုင်သူများမှာ သဘာဝအလျောက် သိရှိနိုင်သော ရာသီဥတု ခန့်မှန်းချက်များကိုသာ မှီခိုနေကြရသည်။

"တကယ်လို့ ကဏန်းတွေက ကုန်းမြေမြင့်ဘက်ကို တက်ပြေးလာပြီဆိုရင် အဲဒါ ရေကြီးတော့မယ့် အရိပ်လက္ခဏာပါပဲ၊ ပင်လယ်ဇင်ယော်တွေ မြစ်အတွင်းပိုင်းထဲကို ဝင်လာပြီဆိုရင်တော့ မုန်တိုင်းလာတော့မယ့် လက္ခဏာပါပဲ။ ကျွန်တော်တို့မှာ အဲဒီလို အကြောင်း ကိစ္စတွေကို ကြည့်ပြီး ရာသီဥတုကို ခန့်မှန်းနိုင်တဲ့ အသိ ရှိပါတယ်" ဟု ၎င်းက ပြောသည်။

DVB သတင်းဌာန၏ Global warming causing low rice yields ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.