Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Wai Moe, 22nd December 2009

          အကယ်၍ ဝါရှင်တန်၏ မြန်မာအစိုးရနှင့် တိုက်ရိုက် ဆက်ဆံရေး မူဝါဒသစ်သည် ရလဒ်များ ထွက်ပေါ်လာခြင်း မရှိပါက မြန်မာအစိုးရ အနေဖြင့် အမေရိကန်၏ ပိုမို တင်းကြပ်သော ငွေကြေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများကို ရင်ဆိုင်ရနိုင်ပါသည်ဟု ဝါရှင်တန်မှ ဥပဒေ ရေးဆွဲသူများနှင့် အာရှတိုက်ရှိ အမေရိကန် သံတမန်များက မကြာသေးမီက မှတ်ချက် ပြုခဲ့ကြပါသည်။

          အိုဘားမား အစိုးရအနေဖြင့် မြန်မာအစိုးရနှင့် စကားပြောခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ ပေါ်ထွက်လာခြင်း မရှိပါက ၎င်းတို့တွင် ပါဝါကြီးသော စီးပွားရေး လက်နက်ကောင်း ရှိကြောင်း၊ ဘဏ်များကို မြန်မာအစိုးရနှင့် စီးပွားရေး မလုပ်ရန် ဖိအားပေးနိုင်ကြောင်း AP သတင်းထောက်၏ အစီရင်ခံစာတွင် မီးမောင်းထိုး ဖော်ပြထားပါသည်။

          အမေရိကန် အစိုးရအနေဖြင့် ဘဏ်များကို မြန်မာနိုင်ငံနှင့် စီးပွားရေး မလုပ်ရန် တားဆီးနိုင်သည့် အခွင့်အာဏာအား အမေရိကန် ကွန်ဂရက်က အတည်ပြုပြီး ဖြစ်သည်ဟု အေဂျင်စီ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒသစ်သည် အရေးယူ ပိတ်ဆို့မှုအပြင် တိုက်ရိုက် ဆက်ဆံမှုကိုပါ ချိတ်ဆက်ထားသော မူဝါဒ ဖြစ်ပါသည်။ နှစ်နိုင်ငံကြား ဆက်ဆံမှုကြောင့် မည်သည့် တိုးတက်မှု ရလဒ်မျှ ထွက်ပေါ်လာခြင်း မရှိပါက အရေးယူမှုများ ဆက်လက် တည်ရှိမည် ဖြစ်ကြောင်း မြန်မာအစိုးရကို အသိပေးထားပြီး ဖြစ်ပါသည်။

          ယခု မုန့်ဝေရေး အစီအစဉ်နှင့် တုတ်ဝေရေး အစီအစဉ်ကို အရှေ့တောင် အာရှနိုင်ငံများရှိ အမေရိကန် သံတမန်များ ကြားတွင် ကျယ်ပြန့်စွာ ဆွေးနွေးပြီးမှ ချမှတ်ထားခြင်း ဖြစ်ပါသည်။ ဒေသတွင်းရှိ ဝါရင့်အမေရိကန် သံတမန်အချို့က မကြာသေးမီက ဧရာဝတီသို့ ပြောကြားရာတွင် ဝါရှင်တန်၏ ဆက်ဆံရေးကို မြန်မာ ဗိုလ်ချုပ်များက ၎င်းတို့ကို တရားဝင် အမှတ်ပြုရာ ရောက်ကြောင်း ထင်မြင်ပါက၊ လုံးဝ မှားယွင်းလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့ပါသည်။

          သံတမန် တစ်ဦး၏ အဆိုအရ အကယ်၍ ဆက်ဆံရေး မူဝါဒသစ်သည် တစ်နှစ်အတွင်း မည်သည့် ရလဒ်မျှ ပေါ်ထွက်ခြင်း မရှိပါက နောက်ထပ် အမေရိကန်တို့၏ အရေးယူမှုများ ထွက်ပေါ်လာနိုင်ကြောင်း သိရှိရပါသည်။

          မူဝါဒ အသစ်အပေါ် အချို့ ဝေဖန်သုံးသပ်သူများက မှတ်ချက်ပြု ထောက်ပြရာတွင် ယခု ချဉ်းကပ်မှုမျိုးကို အမေရိကန်တို့ လွန်ခဲ့သော ၁၅ နှစ်ကတည်းက မြောက်ကိုရီးယားနှင့် ရှိခဲ့ဖူးသော်လည်း ပြုံးယမ်း၏ နျူကလီးယား အစီအစဉ်များကို တားဆီးနိုင်ခဲ့ခြင်း မရှိကြောင်း ဆိုပါသည်။

          အမေရိကန် သံတမန် တစ်ဦးက ပြောကြားရာတွင် ယခု မြန်မာအရေးကိစ္စမှာ မြောက်ကိုရီးယား ကိစ္စနှင့် အတော်အတန် ခြားနားကြောင်း၊ ရလဒ်ကောင်းများ မရရှိဘဲ မြန်မာအစိုးရနှင့် ဆက်ဆံရန် မဖြစ်နိုင်ကြောင်း ဝါရှင်တန်က ကောင်းစွာ သိရှိကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

          ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က အမေရိကန် တို့သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒ ပြန်လည် သုံးသပ်မှုအတွက် ထုတ်ပြန် ကြေညာခဲ့ပါသည်။ ယင်းနေ့တွင်ပင် အမေရိကန် အရှေ့အာရှ ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell သည် ဦးသောင်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပါသည်။ ဦးသောင်းသည် အမေရိကန်တွင် မြန်မာသံအမတ်ကြီး တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး၊ ယခုအခါ အစိုးရ ဝန်ကြီးတစ်ဦး ဖြစ်ပါသည်။

          တဖန် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းက Campbell သည် မြန်မာနိုင်ငံသို့ သွားရောက်ပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အတိုက်အခံများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။

          အမေရိကန်တို့သည် စစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံနေချိန်တွင် တစ်ဖက်မှလည်း ၎င်းနှင့် စီးပွားရေး ဆက်သွယ် ထိတွေ့မှုများကိုလည်း သေချာစွာ စောင့်ကြည့်နေခဲ့ပါသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့က အမေရိကန် ငွေတိုက်ဌာနသည် Swiss ဘဏ်ကြီးတစ်ခု ဖြစ်သော Credit Suisse AG ကို မြန်မာနိုင်ငံ အပါအဝင် အမေရိကန် စီးပွားရေးအရ ပိတ်ဆို့ထားသော နိုင်ငံများကို ငွေကြေးကိစ္စများ လုပ်ဆောင်ပေးသည့်အတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၃၆ သန်း ချမှတ်ခဲ့ပါသည်။ အဆိုပါ ဒဏ်ငွေသည် နိုင်ငံခြားသား ပိုင်ဆိုင်မှုများ ထိန်းချုပ်ဌာန သမိုင်းတွင် အများဆုံး ဖြစ်ပါသည်။

          အဆိုပါဘဏ် ငွေသွင်းငွေထုတ် အများဆုံးတွင် အီရန် ပါဝင်ပြီး၊ အမေရိကန် အရေးယူ ထားသော ဆူဒန်၊ လစ်ဗျား၊ မြန်မာ၊ ကျူးဘားနှင့် လိုက်ဘေးရီးယား အစိုးရဟောင်းမှ Charles Taylor တို့လည်း ငွေသွင်းငွေထုတ် စာရင်းတွင် တွေ့ရှိရကြောင်း အမေရိကန် ငွေတိုက်ဌာနက ကြေညာပါသည်။

          စက်တင်ဘာလက အမေရိကန် အခြေစိုက် စောင့်ကြည့်ရေး အဖွဲ့တစ်ခု ဖြစ်သော Earthrights International က စင်္ကာပူ အခြေစိုက်ဘဏ်နှစ်ခု ဖြစ်သည့် Overseas Chinese Banking Cooperation (OCBC) နှင့် DBS အုပ်စု (ယခင်က Development Bank of Singapore) တို့အား မြန်မာစစ်အစိုးရက ရတနာဓာတ်ငွေ့ စီမံကိန်းမှ ရရှိသော ငွေများကို ထည့်သွင်းထားကြောင်း စွပ်စွဲခဲ့ပါသည်။ မြန်မာအစိုးရသည် အဆိုပါ စီမံကိန်းမှ အနည်းဆုံး အမေရိကန် ဒေါ်လာ ၅ ဘီလီယံခန့် ရရှိသည်ဟု ခန့်မှန်းရပါသည်။

          မြန်မာနိုင်ငံအား လေ့လာနေသူများက သံသယ ရှိနေကြသော အချက် တစ်ခုမှာ မြန်မာဗိုလ်ချုပ်များနှင့် ၎င်းတို့၏ အခွင့်ထူးခံ ကုန်သည်ကြီးများသည် ၎င်းတို့၏ သန်းနှင့် ချီသော ဒေါ်လာငွေများကို စင်္ကာပူ၊ ရှန်ဟိုင်း၊ ဟောင်ကောင်နှင့် ဒူဘိုင်းရှိ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများတွင် ထားရှိကြသည်ဟူသော အချက်ပင် ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment